မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၂

ယေဟောဝါဘုရားကို ပျော်စေချင်တဲ့ ရေဗက္ကာ

ယေဟောဝါဘုရားကို ပျော်စေချင်တဲ့ ရေဗက္ကာ

ရေဗက္ကာဟာ ယေဟော​ဝါ​ဘုရားကို​ချစ်တဲ့ မိန်းကလေး​ပါ။ သူ့​ယောက်ျား​ရဲ့​နာမည်က အိဇက်လို့​ခေါ်တယ်။ အိဇက်​လည်း ယေဟော​ဝါ​ဘုရားကို ချစ်တယ်။ ရေဗက္ကာနဲ့ အိဇက် ဘယ်လို​တွေ့ခဲ့​ကြသလဲ။ ယေဟော​ဝါ​ဘုရား ပျော်​အောင် ရေဗက္ကာ ဘာလုပ်ခဲ့သလဲ။ သူ့​အကြောင်း ထပ်​လေ့လာ​ကြည့်ရအောင်။

အိဇက်​ရဲ့​အဖေ​က အာဗြဟံ၊ အမေက စာရာ​ဖြစ်တယ်။ ခါနန်​ပြည်မှာ သူတို့ နေကြတယ်။ ခါနန်​ပြည်​ကလူ​တွေဟာ ယေဟော​ဝါ​ဘုရားကို မကိုးကွယ်​ကြဘူး။ အာဗြဟံ​က ယေဟော​ဝါ​ဘုရားကို ကိုးကွယ်တဲ့ မိန်းကလေး​နဲ့​ပဲ သားကို လက်ထပ်​စေချင်တယ်။ ဒါနဲ့​ ဆွေမျိုးတွေ​နေတဲ့ ခါရန်​ပြည်​ကို ကျွန်​တစ်ယောက် လွှတ်​ပြီး အိဇက်​အတွက် မိန်းမ​ရှာ​လာ​ခိုင်း​တယ်။ အဲဒီ​ကျွန်ဟာ ဧလျာဇာ​ဖြစ်နိုင်တယ်။

ကုလားအုတ်တွေ​သောက်ဖို့ ရေခပ်​ပေး​ရတာ ပင်ပန်း​တဲ့​အလုပ်​ဖြစ်ပေမဲ့ ရေဗက္ကာ မညည်းမညူ​လုပ်ပေး​ခဲ့

ဒါနဲ့ ဧလျာဇာ​က တခြား​ကျွန်တွေ​နဲ့အတူ ခရီးထွက်​သွားတယ်။ ခရီး​က အဝေးကြီး​ပဲ။ သူတို့ဟာ စားစရာတွေ၊ လက်ဆောင်​တွေ​ကို ကုလားအုတ် ၁၀ ကောင်​ပေါ်​တင်ပြီး ယူသွား​ကြတယ်။ အိဇက်​အတွက် မိန်းမကို ဧလျာဇာ ဘယ်လို​ရှာ​ပေး​ရမလဲ။ ခါရန်​ပြည်​ကို ရောက်တဲ့အခါ ရေတွင်း​တစ်​တွင်း​နား​မှာ နား​လိုက်ကြတယ်။ ဘာဖြစ်လို့လဲ​ဆိုတော့ ဒီနေရာ​ကို မိန်း​ကလေးတွေ ရေ​လာ​ခပ်​ကြ​တော့​မယ်​ဆိုတာ ဧလျာဇာ​သိလို့ပေါ့။ ဧလျာဇာ​က ယေဟော​ဝါ​ဘုရားဆီ ခုလို​ဆုတောင်း​လိုက်တယ်– ‘မိန်းကလေး​တစ်ယောက်ကို ရေတောင်းတဲ့​အခါ ကျွန်တော့်​အတွက်​ရော ကုလားအုတ်တွေ​အတွက်​ပါ သောက်ဖို့​ရေခပ်​ပေးတယ်ဆိုရင် အဲဒီ​မိန်းကလေး​ဟာ ဘုရား​ရွေးချယ်​တဲ့​သူ​ဖြစ်မယ်လို့ ကျွန်တော်​ယူမှတ်​မယ်။’

အဲဒီအချိန်မှာ မိန်းကလေး ရေဗက္ကာဟာ ရေတွင်းနား ရောက်လာတယ်။ သူက လှပတဲ့​မိန်းကလေး​လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဧလျာဇာ​က သောက်စရာ​ရေ တောင်း​တော့ ရေဗက္ကာ​က ‘ရ​ပါတယ်၊ ယူ​သောက်​ပါ။ ကုလားအုတ်တွေ​သောက်ဖို့​လည်း ရေခပ်​ပေး​ပါ့​မယ်’ လို့​ပြောတယ်။ စဉ်းစားကြည့်ပါ​ဦး။ ရေ​ဆာ​နေတဲ့ ကုလားအုတ်တွေ​က ရေ​အများကြီး​သောက်​တာ​။ ရေဗက္ကာ​ခမျာ ရေ​သွား​ခပ်​လိုက်၊ ပြန်လာ​လိုက်​နဲ့ မော​နေ​ရှာ​မှာ​ပဲ။ အလုပ်​ကြိုးစား​တဲ့ ရေဗက္ကာကို ရုပ်ပုံ​ထဲမှာ ကလေးတို့ တွေ့​လား။— ဆုတောင်းတဲ့​အတိုင်း ယေဟော​ဝါ​ဘုရား အဖြေပေး​လိုက်​တော့ ဧလျာဇာ အရမ်း​အံ့သြ​သွားတယ်။

ဧလျာဇာ​ဟာ ရေဗက္ကာကို လက်ဆောင်​အများကြီး ပေးလိုက်တယ်။ ရေဗက္ကာ​လည်း သူတို့ကို အိမ်လို​က်​ခဲ့​ဖို့ ခေါ်တယ်။ အိမ်​ရောက်တော့ ဧလျာဇာ​က သူ့ကို အာဗြဟံ​လွှတ်လိုက်​တဲ့​အကြောင်း၊ ယေဟော​ဝါ​ဘုရားက သူ့​ဆုတောင်းချက်ကို ဘယ်လို​အဖြေပေး​တဲ့​အကြောင်း ပြောပြ​လိုက်တယ်။ ဒါနဲ့ မိသားစုကလည်း ရေဗက္ကာကို အိဇက်​နဲ့​လက်ထပ်​ပေးဖို့ သဘောတူ​လိုက်တယ်။

ရေဗက္ကာဟာ ခါနန်ပြည်ကို ဧလျာဇာ​နဲ့ လိုက်သွား​ပြီး အိဇက်​နဲ့ လက်ထပ်​ခဲ့

ဒါပေမဲ့  အိဇက်​ကို  ရေဗက္ကာ  လက်ထပ်​ချင်​ပါ့မ​လား။— ဧလျာဇာ​ကို ယေဟော​ဝါ​ဘုရား လွှတ်လိုက်တယ်​ဆိုတာ ရေဗက္ကာ သိတယ်။ ဒါကြောင့် ခါနန်ပြည်ကို လိုက်သွား​ပြီး အိဇက်​နဲ့ လက်ထပ်​မလားလို့ မိသားစုက မေးတဲ့အခါ ‘ဟုတ်ကဲ့၊ ကျွန်မ​လိုက်သွား​မယ်’ လို့ ရေဗက္ကာ ပြန်​ဖြေတယ်။ ဒါနဲ့​ ချက်ချင်းပဲ ဧလျာဇာ​နဲ့ လိုက်​သွားတော့တယ်။ ခါနန်ပြည်ကို ရောက်တဲ့အခါ အိဇက်​နဲ့ လက်ထပ်​လိုက်တယ်။

ယေဟော​ဝါ​ဘုရား ဖြစ်စေချင်တဲ့​အတိုင်း ရေဗက္ကာ လုပ်ခဲ့တဲ့​အတွက် ကောင်းချီး​ရခဲ့တယ်။ နှစ်ပေါင်း​များစွာ​ကြာ​ပြီးတဲ့နောက် သူ့ရဲ့​မျိုးဆက်​က​နေ ယေရှု မွေးဖွား​လာတယ်။ ကလေးတို့လည်း ရေဗက္ကာလို ယေဟော​ဝါ​ဘုရားကို ပျော်​အောင် လုပ်​မယ်​ဆိုရင် ကောင်းချီး​ရလိမ့်မယ်။

ကျမ်းစာက​နေ ဖတ်ကြည့်ပါ