မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်​ဆက်​တွဲ

ကွာရှင်းခြင်း၊ ခွဲနေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှုထောင့်

ကွာရှင်းခြင်း၊ ခွဲနေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှုထောင့်

ယေဟောဝါ​ဟာ အိမ်​ထောင်​သည်​တွေ​ကို အိမ်​ထောင်​ရေး သစ္စာ​ကတိ​ တည်​စေ​ချင်​တယ်။ ပထ​မယောက်ျား​နဲ့ မိန်း​မကို လက်​ထပ်​ထိမ်း​မြား​ပေး​ချိန်​မှာ “ယောက်ျား​က. . . ဇနီး​နဲ့ မခွဲ​အတူ နေ​လိမ့်​မယ်။ သူတို့​ဟာ တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​လိမ့်​မယ်” လို့ ယေဟောဝါ ပြော​တယ်။ နောက်​ပိုင်း​မှာ ယေရှု​ခ​ရစ်​က အဲဒီ​စကား​ကို ပြန်​ပြော​ပြီး​နောက် “ဘု​ရား​သခင် တွဲ​ဖက်​ထား​သူ​တွေ​ကို ဘယ်​သူ​မှ မခွဲ​ကြ​နဲ့” လို့​ပြော​တယ်။ (ကမ္ဘာဦး ၂:၂၄။ မဿဲ ၁၉:၃-၆) ယေဟောဝါ​နဲ့ ယေရှု​ဟာ အိမ်​ထောင်​မင်္ဂ​လာ​ကို ရာ​သက်​ပန် နှောင်​ကြိုး​အဖြစ် ရှု​မြင်​တယ်။ အိမ်​ထောင်​ဖက်​တစ်ဦး သေဆုံး​မှ​သာ ဒီ​နှောင်​ကြိုး ပြတ်​သွား​တယ်။ (၁ ကော​ရိန္သု ၇:၃၉) အိမ်​ထောင်​ပြု​တာ​ဟာ မြင့်​မြတ်​တဲ့ အစီ​အစဉ် ဖြစ်​လို့ ကွာ​ရှင်း​တာ​ကို ပေါ့​ပေါ့​တန်​တန် သဘော​မထား​သင့်​ဘူး။ ကျမ်း​စာ​အခြေ​ခံ အကြောင်း​ပြချက် မရှိ​ဘဲ ကွာ​ရှင်း​တာ​ကို ယေဟောဝါ မုန်း​တယ်။​—မာလခိ ၂:၁၅၊ ၁၆

ကွာ​ရှင်း​ဖို့ ကျမ်း​စာ​အခြေ​ခံ အကြောင်း​ပြချက်​က ဘာ​လဲ။ ယေဟောဝါ​ဟာ အိမ်​ထောင်​ရေး ဖောက်​ပြန်​ခြင်း​နဲ့ လိင်​အကျင့်​ယို​ယွင်း​ခြင်း​ကို ရွံ​မုန်း​တယ်။ (ကမ္ဘာဦး ၃၉:၉။ ၂ ရှ​မွေ​လ ၁၁:၂၆၊ ၂၇။ ဆာလံ ၅၁:၄) လိင်​အကျင့်​ယို​ယွင်း​ခြင်း​ကို အလွန်​စက်​ဆုပ်​ရွံ​ရှာ​တဲ့​အတွက် ကွာ​ရှင်း​ဖို့ အကြောင်း​ပြချက်​အဖြစ် ခွင့်​ပြု​ထား​တယ်။ (လိင်​အကျင့်​ယို​ယွင်း​ခြင်း​မှာ ဘာ​တွေ ပါ​ဝင်​သလဲ​ဆို​တာ ရှင်း​ပြထား​တဲ့ အခန်း ၉၊ အပိုဒ် ၇ ကို​ကြည့်​ပါ။) ဖောက်​ပြန်​တဲ့​အိမ်​ထောင်​ဖက်​နဲ့ ဆက်​ပေါင်း​မလား၊ ကွာ​ရှင်း​မလား​ဆို​တာ အပြစ်​မရှိ​တဲ့ အိမ်​ထောင်​ဖက်​ကို ယေဟောဝါ ဆုံး​ဖြတ်​ခွင့်​ပြု​တယ်။ (မဿဲ ၁၉:၉) ဒါ​ကြောင့် အပြစ်​မရှိ​တဲ့ အိမ်​ထောင်​ဖက်​ဟာ ကွာ​ရှင်း​ဖို့ ဆုံး​ဖြတ်​မယ်​ဆို​ရင် အဲဒီ​လုပ်​ရပ်​ကို ယေဟောဝါ ရွံ​မုန်း​မှာ မဟုတ်​ဘူး။ ဒါ​ပေမဲ့ ခ​ရစ်​ယာန်​အသင်း​တော်​ဟာ ကွာ​ရှင်း​ဖို့​တော့ ဘယ်​သူ့​ကို​မှ အား​မပေး​ဘူး။ အပြစ်​မရှိ​တဲ့ အိမ်​ထောင်​ဖက်​ဟာ ဖောက်​ပြန်​သူ​နဲ့ ဆက်​ပေါင်း​ရ​မယ့် အခြေ​အနေ​တ​ချို့ ရှိ​နိုင်​တယ်။ အထူး​သဖြင့် ဖောက်​ပြန်​သူ​ဟာ စစ်​မှန်​တဲ့​နောင်​တ ရ​တဲ့​အခါ​မှာ ဖြစ်​တယ်။ ဘယ်​လို​ပဲ​ဖြစ်​ဖြစ် ကွာ​ရှင်း​ဖို့ ကျမ်း​စာ​အခြေ​ခံ အကြောင်း​ပြချက်​ရှိ​သူ​တွေ​ဟာ ကိုယ်​ပိုင် ဆုံး​ဖြတ်​ချက်​ချ​ရ​မှာ ဖြစ်​ပြီး အကျိုး​ဆက်​မှန်​သမျှ​ကို လက်ခံ​ရ​မယ်။​—ဂလာ​တိ ၆:၅

အိမ်​ထောင်​ဖက် မဖောက်​ပြန်​ပေမဲ့ အလွန်​ဆိုး​ရွား​တဲ့ အခြေ​အနေ​တွေ​မှာ ခွဲ​နေ​ဖို့ ဒါ​မှ​မဟုတ် ကွာ​ရှင်း​ဖို့ ခ​ရစ်​ယာန်​တ​ချို့ ဆုံး​ဖြတ်​ကြ​တယ်။ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ ခွဲ​နေ​သူ​ဟာ “နောက်​အိမ်​ထောင်​ မပြု​ဘဲ နေ​ရ​မယ်။ ဒါ​မှ​မဟုတ် ကိုယ့်​ခင်​ပွန်း​နဲ့ ပြန်​ပေါင်း​ရ​မယ်” လို့ ကျမ်း​စာ ပြော​တယ်။ (၁ ကော​ရိန္သု ၇:၁၁) အဲဒီ​လို​ခွဲ​နေ​တဲ့ ခရစ်​ယာန်​ဟာ နောက်​အိမ်​ထောင်​ပြု​ခွင့် မရှိ​ဘူး။ (မဿဲ ၅:၃၂) ခွဲ​နေ​ဖို့ အကြောင်း​ပြချက်​အဖြစ် တ​ချို့​ရှု​မြင်​တဲ့ ခြွင်း​ချက် အခြေ​အနေ​တ​ချို့​ကို သုံးသပ်​ကြည့်​ပါ။

တ​မင်​သက်​သက် မထောက်ပံ့​ဘဲ​နေ​ခြင်း။ လင်​ယောက်ျား​ဟာ ထောက်ပံ့​ကျွေး​မွေး​နိုင်​လျက်​နဲ့ မထောက်ပံ့​ဘဲ​နေ​တဲ့​အတွက် မိသား​စု​ဟာ ဘဝ​လို​အပ်​ရာ​တွေ မရှိ​ဘဲ ဆင်း​ရဲ​နေ​မယ်။ “ကိုယ့်​မိသား​စု​ဝင်​တွေ​ကို မထောက်ပံ့​ဘူး​ဆို​ရင် အဲဒီ​လူ​ဟာ ယုံ​ကြည်​ခြင်း​တ​ရား​ကို ငြင်း​ပယ်​တဲ့​သူ​ပဲ၊ မယုံ​ကြည်​သူ​ထက်​တောင် ဆိုး​ရွား​တယ်​” လို့ ကျမ်း​စာ ပြော​တယ်။ (၁ တိမောသေ ၅:၈) သူ မပြောင်း​လဲ​ဘူး​ဆို​ရင် ဇနီး​ဖြစ်​သူ​အနေ​နဲ့ ကိုယ်​တိုင်​ရော သား​သမီး​တွေရဲ့ အကျိုး​အတွက်​ပါ တ​ရား​ဝင် ခွဲ​နေ​သင့်​မသင့် ဆုံး​ဖြတ်​ရ​မယ်။ ခ​ရစ်​ယာန်​တစ်ဦး​ဟာ မိသား​စု​ကို မထောက်ပံ့​ဘူး​ဆို​တဲ့ စွပ်​စွဲ​ချက်​ကို အကြီး​အကဲ​တွေ အသေအချာ သုံးသပ်​ဖို့ လို​တယ်။ ကိုယ့်​မိသား​စု​ကို မထောက်ပံ့​တဲ့​သူ​ဟာ အသင်း​တော်​က​နေ နှင်​ထုတ်​ခံ​ရ​နိုင်​တယ်။

အလွန်​အမင်း ရိုက်​နှက်​နှိပ်​စက်​ခြင်း။ အလွန်​အမင်း ရိုက်​နှက်​နှိပ်​စက်​ခံ​ရ​တဲ့ အိမ်​ထောင်​ဖက်​ဟာ ကျန်း​မာ​ရေး​ထိ​ခိုက်​ပြီး အသက်​အန္တရာယ်​တောင် ကြုံရ​နိုင်​တယ်။ ရိုက်​နှက်​နှိပ်​စက်​သူ​ဟာ ခ​ရစ်​ယာန်​တစ်ဦး ဖြစ်​မယ်​ဆို​ရင် အသင်း​တော် အကြီး​အကဲ​တွေ​က အဲဒီ​စွပ်​စွဲ​ချက် မှန်​မမှန် စုံ​စမ်း​သင့်​တယ်။ ဒေါသ​ပေါက်​ကွဲ​ပြီး အကြမ်း​ဖက်​တတ်​တဲ့​အကျင့်​ရှိ​သူ​ကို အသင်း​တော်​က​နေ နှင်​ထုတ်​နိုင်​တယ်။​—ဂလာ​တိ ၅:၁၉-၂၁

စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​မှာ မပါ​ဝင်​ဖို့ လုံးလုံး​တား​ဆီး​ခြင်း။ အိမ်​ထောင်​ဖက်​တစ်ဦး​ဟာ စစ်​မှန်​တဲ့​ဝတ်​ပြု​ရေး​မှာ မပါ​ဝင်​နိုင်​ဖို့ အမြဲတား​ဆီး​နေ​မယ် ဒါ​မှ​မဟုတ် ဘု​ရားရဲ့​အမိန့်​ကို တစ်​နည်း​နည်း​နဲ့ ချိုး​ဖောက်​ဖို့ အတင်း​အကျပ် ပြု​ကောင်း​ပြု​မယ်။ အဲဒီ​လို​အခြေ​အနေ​မျိုး​မှာ ခြိမ်း​ခြောက်​ခံ​ရ​တဲ့ အိမ်​ထောင်​ဖက်​ဟာ “လူ့​စကား​ထက် အုပ်​စိုး​ရှင် ဘု​ရား​သခင်​ရဲ့​စကား​ကို နား​ထောင်” နိုင်​မယ့် တစ်​ခု​တည်း​သော နည်း​လမ်း​အဖြစ် တ​ရား​ဝင်​ခွဲ​နေ​ဖို့ လို​မလို ဆုံး​ဖြတ်​ရ​မယ်။​—တမန်​တော် ၅:၂၉

အထက်​မှာ ဆွေး​နွေးခဲ့​တဲ့ အလွန်​ဆိုး​ရွား​တဲ့ အခြေ​အနေ​တွေ​မှာ ခွဲ​နေ​ဖို့ ဒါ​မှ​မဟုတ် ဆက်​ပေါင်း​ဖို့ အပြစ်​မရှိ​တဲ့​အိမ်​ထောင်​ဖက်​ကို ဘယ်​သူ​မှ ဖိ​အား မပေး​သင့်​ဘူး။ ရင့်​ကျက်​တဲ့ မိတ်ဆွေ​တွေ၊ အကြီး​အကဲ​တွေ​က အကူ​အညီ​နဲ့ ကျမ်း​စာ​အခြေ​ပြု အကြံ​ဉာဏ်​တွေ ပေး​နိုင်​တယ်။ ဒါ​ပေမဲ့ လင်​နဲ့​မယား​စပ်​ကြား အခြေ​အနေ​မှန်​သမျှ​ကို သူတို့ မသိ​နိုင်​ဘူး။ ယေဟောဝါ​ပဲ သိ​နိုင်​တယ်။ ခ​ရစ်​ယာန်​ဇနီး ဒါ​မှ​မဟုတ် ခ​ရစ်​ယာန်​လင်​ယောက်ျား​ဟာ အိမ်​ထောင်​ဖက်​နဲ့ ခွဲ​နေ​ချင်​လို့ အခြေ​အနေ​မှန်​ကို ပုံ​ကြီး​ချဲ့​ပြော​ရင် ဘု​ရား​သခင်​ကို​ဖြစ်​စေ၊ အိမ်​ထောင်​ရေး အစီ​အစဉ်​ကို​ဖြစ်​စေ ဂုဏ်​တင်​ရာရောက်​မှာ မဟုတ်​ဘူး။ ခွဲ​နေ​ဖို့ သူ​ကြံ​စည်​သမျှ​ကို ယေဟောဝါ သိ​တယ်။ ဖုံး​ကွယ်​လို့ မရ​ဘူး။ မှန်​ပါ​တယ်၊ “ကျွန်​တော်​တို့ ဖြေရှင်း​ချက်​ပေး​ရ​မယ့်​အရှင်​ရဲ့ ရှေ့​မှာ အရာ​အားလုံး​ဟာ ဖုံး​ကွယ်​မနေ​ဘဲ အထင်​အရှား မြင်​နေ​ရ​တယ်။” (ဟီ​ဘ​ရူး ၄:၁၃)ဒါ​ပေမဲ့ အလွန်​ဆိုး​ရွား​တဲ့​အခြေ​အနေ ရှိ​မြဲရှိ​နေ​မယ်​ဆို​ရင် ကြံ​ရာ​မရ​တဲ့​အဆုံး ခွဲ​နေ​ဖို့ ရွေး​ချယ်​တဲ့ ခရစ်​ယာန်​တစ်ဦး​ကို အပြစ်​မတင်​သင့်​ဘူး။ တစ်​နေ့​ကျ​ရင် “အားလုံး​ဟာ ဘု​ရား​သခင်​ရဲ့ တ​ရား​ပလ္လင်​ရှေ့​ကို ရောက်ရ​မယ့်​သူ​တွေ​ချည်း​ပါ​ပဲ။​”​—ရော​မ ၁၄:၁၀-၁၂