မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်ဒိုနီးရှားနိုင်ငံ

အနောက်ဂျာဗားမှာ သီးပွင့်ဖြစ်ထွန်း

အနောက်ဂျာဗားမှာ သီးပွင့်ဖြစ်ထွန်း

သီအိုဒိုရပ်စ် ရာတူ

၁၉၃၃ ခုနှစ်မှာ ညီအစ်ကိုဖရန့်ဟာ မြောက်ပိုင်းဆူလာဝေစီ တိုင်းရင်းသားဖြစ်တဲ့ သီအိုဒိုရပ်စ် ရာတူကို ဂျကာတာမြို့က စာအုပ်ဂိုဒေါင်မှာ ကူညီပေးဖို့ ခေါ်လိုက်တယ်။ သီအို အခုလိုပြောတယ်– “မြင့်မြတ်တဲ့ နိုင်ငံတော်လုပ်ငန်းကို ကျွန်တော် အရမ်းစိတ်ဝင်စားလာပြီး ညီအစ်ကိုဖရန့်နဲ့အတူ ဟောပြောခဲ့တယ်။ နောက်ပိုင်းမှာ ဘီလ် ဟန်တာနဲ့အတူ ဂျာဗားကျွန်းဟောပြောခြင်းခရီးစဉ်မှာ လိုက်သွားတယ်။ အလင်းဆောင်သူ ရွက်သင်္ဘောနဲ့ ဆူမားတြားကျွန်းကို လိုက်သွားသေးတယ်။” သီအိုက အင်ဒိုနီးရှားနိုင်ငံမှာ အမှန်တရားကို ဦးဆုံးလက်ခံသူပါ။ ဂျာဗားကျွန်း၊ မြောက်ပိုင်းဆူလာဝေစီနဲ့ ဆူမားတြားကျွန်းမှာ ဆယ်စုနှစ်ချီ ရှေ့ဆောင်လုပ်ခဲ့တယ်။

နောက်နှစ်မှာ ဘီလ် ဟန်တာက သေဆုံးသွားတဲ့သူတွေ ဘယ်နေရာမှာရှိနေကြသလဲ စာအုပ်ငယ်ကို ဂျကာတာမြို့က ကျောင်းသား ဖီးလဇ်တန်ကို ဝေငှခဲ့တယ်။ ဖီးလဇ်က အနောက်ဂျာဗား၊ ဗန်ဒွန်းမြို့က မိသားစုဆီပြန်တဲ့အခါ သူ့ညီ ဒိုဒိုကို အဲဒီစာအုပ် ပေးဖတ်တယ်။ ပထမလူသား အာဒံမှာ မသေနိုင်တဲ့ဝိညာဉ် မရှိဘူးဆိုတာ သိလိုက်ရလို့ နှစ်ယောက်စလုံး အံ့ဩသွားကြတယ်။ (က. ၂:၇) အမှန်တရားကို ပိုသိချင်လာတာကြောင့် ဗန်ဒွန်းမြို့က စာအုပ်အဟောင်းဆိုင်တွေမှာ ကင်းမျှော်စင်အသင်းထုတ် စာစောင်တွေကို လိုက်ရှာကြတယ်။ သိလာတာတွေကိုလည်း မိသားစုကို ပြန်ပြောပြတယ်။ ရှာလို့ရသမျှစာအုပ်တွေကို အကုန်ဖတ်ပြီးနောက် ဂျကာတာမြို့က စာအုပ်ဂိုဒေါင်ဆီ စာရေးကြတယ်။ ဒါနဲ့ ညီအစ်ကိုဖရန့်က သူတို့ဆီ လည်ပတ်အားပေးပြီး စာအုပ်သစ်တွေလည်း ပေးခဲ့တယ်။

ဖီးလဇ်တန်တို့ မိသားစု

ညီအစ်ကိုဖရန့်ပြန်သွားပြီး မကြာခင်မှာ ကြင်စဦးမောင်နှံ ကလယ်မ်နဲ့ ဂျန် ဒေးရှမ်တို့ ဗန်ဒွန်းကို ၁၅ ရက်ကြာ လာလည်ပတ်တယ်။ ဖီးလဇ် အခုလိုပြောတယ်– “ညီအစ်ကိုကလယ်မ်က နှစ်ခြင်းခံချင်သလားလို့ ကျွန်တော်တို့မိသားစုကို မေးတယ်။ ကျွန်တော့်အမေ ကန်နီရို၊ ကျွန်တော်၊ ဒိုဒိုနဲ့ ညီမလေး ဂျိုစဖင်း (ပင်နီရို) တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံခဲ့ကြတယ်။” * နှစ်ခြင်းခံပြီးနောက် သူတို့မိသားစုဟာ ကလယ်မ်တို့ဇနီးမောင်နှံနဲ့အတူ ကိုးရက်ကြာ ဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ခဲ့တယ်။ ကလယ်မ်က သတင်းကောင်းကို ဘာသာစကားသုံးမျိုးနဲ့ ရိုးရိုးရှင်းရှင်းရေးထားတဲ့ သက်သေခံကတ်ပြားသုံးပြီး ဘယ်လိုဟောရမယ်ဆိုတာ ပြပေးတယ်။ မကြာခင် ဗန်ဒွန်းမြို့က အုပ်စုလေးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဒုတိယမြောက်အသင်းတော် ဖြစ်လာတယ်။

ပုပ်ရဟန်းမင်း ဦးထုပ်

ဟောပြောခြင်းလုပ်ငန်း အရှိန်ရလာတာနဲ့အမျှ အမည်ခံခရစ်ယာန်ဘုန်းကြီးတွေက သက်သေခံတွေကို သတိထားမိလာတယ်။ သူတို့နဲ့အပေါင်းပါတွေက သက်သေခံတွေရဲ့ ယုံကြည်ချက်နဲ့ လုပ်ငန်းအကြောင်း တိုက်ခိုက်တဲ့ဆောင်းပါးတွေ ရေးကြတယ်။ ဒီဆောင်းပါးတွေကြောင့် သာသနာရေးဌာန အရာရှိတွေက ညီအစ်ကိုဖရန့်ကိုခေါ်ပြီး စစ်ဆေးမေးမြန်းတယ်။ သူ့အဖြေကို ကျေနပ်သွားတော့ လုပ်ငန်းကို ဆက်လုပ်ခွင့်ပြုတယ်။ *

၁၉၃၀ ပြည့်လွန်နှစ်တွေအစောပိုင်းအတွင်း ကိုလိုနီအရာရှိအများစုက ဟောပြောခြင်းလုပ်ငန်းကို ခွင့်ပြုထားကြတယ်။ ဥရောပမှာ နာဇီဂျာမနီ အာဏာရလာတဲ့အခါမှာတော့ အရာရှိတချို့၊ အထူးသဖြင့် ကက်သလစ်ဘာသာဝင် အရာရှိတွေက သက်သေခံတွေကို စပြီးဆန့်ကျင်လာတယ်။ ညီအစ်ကိုကလယ်မ် အခုလိုပြောပြတယ်– “ကက်သလစ် အကောက်ခွန်အရာရှိတစ်ယောက်က ကျွန်တော်တို့တင်သွင်းတဲ့ စာပေတွေမှာ နာဇီဝါဒ မလိုလားတဲ့အကြောင်းအရာတွေ ပါတယ်လို့ စွပ်စွဲပြီး သိမ်းလိုက်တယ်။ ဒါနဲ့ အကောက်ခွန်ရုံးကို ဖုန်းဆက်ကြည့်တော့ အဲဒီအရာရှိ ခွင့်ယူထားတယ်တဲ့။ သူ့နေရာမှာ အစားဝင်တဲ့အရာရှိက သဘောကောင်းပြီး ကက်သလစ်လည်းမဟုတ်တော့ စာအုပ်တွေကို ထုတ်ပေးပြီး ‘ဟိုလူမရှိတုန်း အားလုံးပြန်ယူသွားလိုက်’ လို့ပြောတယ်။”

ညီအစ်မဂျန် အခုလိုပြောပြတယ်– “နောက်တစ်ခါမှာတော့ အရာရှိတွေက ရန်သူများ စာအုပ်ထဲက ရုပ်ပုံနှစ်ပုံကို ဖျက်ပစ်ရမယ်တဲ့။ မြွေ (စာတန်) ပုံနဲ့ ယစ်မူးနေတဲ့ ပြည့်တန်ဆာ (အယူမှားဘာသာရေး) ပုံကို သူတို့မကြိုက်ဘူး။ နှစ်ပုံစလုံးမှာ ပုပ်ရဟန်းမင်း ဦးထုပ် (ခေါင်းဆောင်း) * ဆောင်းထားလို့လေ။ ကျွန်မတို့က စာအုပ်ကိုဝေငှဖို့ ဆုံးဖြတ်ပြီးသားဆိုတော့ ပူလောင်မွန်းကြပ်တဲ့ ဂိုဒေါင်ထဲမှာ သုံးယောက်သားထိုင်ပြီး ထောင်နဲ့ချီတဲ့စာအုပ်တွေထဲက ပုပ်ရဟန်းမင်း ဦးထုပ်ပုံကို ဖျက်ကြတယ်။”

ရန်သူများ စာအုပ်ထဲက အာဏာပိုင်တွေ ဖျက်ပစ်ခိုင်းတဲ့ ရုပ်ပုံနှစ်ပုံ

စစ်ကြီးမှာ ဥရောပနိုင်ငံတွေ ပါဝင်လာတာနဲ့အမျှ အဖွဲ့အစည်းစာပေတွေမှာ အမည်ခံခရစ်ယာန်တွေရဲ့ အရေခြုံဟန်ဆောင်မှု၊ နိုင်ငံရေးမှာစွက်ဖက်မှုကို သတ္တိရှိရှိ ဖော်ထုတ်ခဲ့တယ်။ ဘုန်းကြီးတွေကလည်း သက်သေခံတွေရဲ့လုပ်ငန်းကို တားဆီးဖို့၊ စာပေတွေကိုပိတ်ပင်ဖို့ အာဏာပိုင်တွေကို ပိုဖိအားပေးလာကြတယ်။

ညီအစ်ကိုတွေကတော့ လုပ်ငန်းကို ရှေ့ဆက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဩစတြေးလျကနေရတဲ့ ပုံနှိပ်စက်ကို ကောင်းကောင်းအသုံးချခဲ့တယ်။ (တ. ၄:၂၀) သူတို့သုံးခဲ့တဲ့ နည်းလမ်းတစ်ခုအကြောင်း ညီအစ်မဂျန် အခုလိုပြောပြတယ်– “စာအုပ်ငယ် ဒါမှမဟုတ် မဂ္ဂဇင်းသစ်တစ်အုပ် ပုံနှိပ်ပြီးပြီဆိုရင် ခွင့်ပြုချက်ရဖို့ အာဏာပိုင်တွေဆီ တင်ရတယ်။ ကျွန်မတို့က သီတင်းပတ်အစောပိုင်းကတည်းက စာပေကို ဖြန့်ဝေလိုက်တယ်။ သီတင်းပတ်အကုန်ကျမှ နိုင်ငံတော်ရှေ့နေချုပ်ရုံးဆီ သွားတင်တယ်။ တကယ်လို့ အဲဒီစာပေကို ဖြန့်ဝေခွင့်မရဘူးဆိုရင် စိတ်မကောင်းစွာနဲ့ပဲ ပြန်လာပြီး နောက်စာပေအသစ် ပုံနှိပ်ကြတယ်။”

တားမြစ်စာပေတွေကို ဝေငှတဲ့ ညီအစ်ကိုညီအစ်မတွေဟာ ရဲတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရသလိုပဲ။ ဥပမာ၊ အရှေ့ဂျာဗား၊ ကဒီရီမြို့မှာ ချားလ် ဟားရစ်ခ်ဟောနေတုန်း ရဲအရာရှိနဲ့ ပက်ပင်းတိုးပါလေရော။

ရဲအရာရှိက “ခင်ဗျားကို တစ်နေ့လုံးရှာနေတာ။ ဒီမှာခဏစောင့်အုံး၊ တားမြစ်စာအုပ်စာရင်း သွားယူလိုက်အုံးမယ်” လို့ပြောတယ်။

ချားလ် ဒီလိုပြောပြတယ်– “ရဲအရာရှိက အိမ်ထဲဝင်ပြီး စာရင်းရှာနေတုန်း ကျွန်တော်က တားမြစ်စာပေကို ကုတ်အင်္ကျီအတွင်းအိတ်ထဲမှာ ဝှက်လိုက်တယ်။ သူပြန်လာတဲ့အခါ ခွင့်ပြုထားတဲ့ စာအုပ်ငယ် ၁၅ အုပ် ပေးလိုက်တော့ အလှူငွေ မထည့်ချင်ထည့်ချင်နဲ့ ထည့်လိုက်သေးတယ်။ ဒီနောက် ကျွန်တော်လည်း တားမြစ်စာပေကို လမ်းသွားရင်းနဲ့ ဝေလိုက်တယ်။”

အခက်အခဲတွေကြားမှာ ပုံနှိပ်ခြင်း

ဥရောပမှာ ဒုတိယကမ္ဘာစစ်ဖြစ်လာတဲ့အခါ နယ်သာလန်ကနေ အင်ဒိုနီးရှားကို စာပေတင်ပို့တာ ရပ်သွားတယ်။ ဒီလိုအခက်အခဲကြုံနိုင်မှန်း ညီအစ်ကိုတွေ ကြိုသိထားလို့ မဂ္ဂဇင်းတွေကို ဂျကာတာမြို့က ပုဂ္ဂလိကပုံနှိပ်တိုက်မှာ ပုံနှိပ်ဖို့ အမြော်အမြင်ရှိရှိ ကြိုတင်စီစဉ်ခဲ့တယ်။ ၁၉၃၉၊ ဇန်နဝါရီလမှာ နှစ်သိမ့်မှု (အခု နိုးလော့!) ကို ဦးဆုံးပုံနှိပ်ထုတ်ဝေခဲ့ပြီး သိပ်မကြာခင်မှာ အင်ဒိုနီးရှားစကားနဲ့ ကင်းမျှော်စင် ထွက်လာတယ်။ ဒီနောက် ညီအစ်ကိုတွေက ပုံနှိပ်စက်အသေးလေးတစ်လုံး ဝယ်ယူပြီး မဂ္ဂဇင်းတွေကို ကိုယ့်ဘာသာကိုယ် ပုံနှိပ်တယ်။ ၁၉၄၀ ပြည့်နှစ်မှာ ဩစတြေးလျကနေ ပုံနှိပ်စက်ကြီးတစ်လုံး ပို့ပေးတာမို့ စာအုပ်ငယ်နဲ့မဂ္ဂဇင်းတွေကို အင်ဒိုနီးရှားစကား၊ ဒတ်ခ်ျစကားနဲ့ ပုံနှိပ်ခဲ့ကြတယ်။ ကုန်ကျစရိတ်အတွက် သူတို့ရဲ့ကိုယ်ပိုင်ငွေကို သုံးခဲ့ကြတယ်။

ဂျကာတာမြို့က စာအုပ်ဂိုဒေါင်ဆီ ဦးဆုံးပုံနှိပ်စက် ရောက်လာ

၁၉၄၁၊ ဇူလိုင် ၂၈ ရက်မှာတော့ အစိုးရက ကင်းမျှော်စင်အသင်းထုတ်စာပေအားလုံးကို ပိတ်ပင်လိုက်တယ်။ ညီအစ်မဂျန် အခုလိုပြောပြတယ်– “တစ်မနက်၊ ရုံးခန်းမှာ စာရိုက်နေတုန်း တံခါးပွင့်လာပြီး ရဲသုံးယောက်နဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့ ဒတ်ခ်ျအရာရှိကြီးတစ်ယောက် ဝင်လာတယ်။ သူ့အင်္ကျီမှာ ဆုတံဆိပ်တွေနဲ့။ အဖြူရောင်လက်အိပ်စွပ်ပြီး ဓားရှည်လွယ်ထားတယ်။ ငှက်မွေးဦးထုပ် ဆောင်းထားတယ်။ သူတို့ကိုတွေ့ရလို့ မအံ့သြပါဘူး။ စာပေတွေ အပိတ်ခံရတော့မယ်ဆိုတဲ့သတင်းကို လွန်ခဲ့တဲ့သုံးရက်ကတည်းက ကြားထားပြီးသားပဲလေ။ အရာရှိက အမိန့်စာကို ဟိတ်ဟန်အပြည့်နဲ့ ဖတ်ပြတယ်။ ပြီးတော့ ပုံနှိပ်စက်ကို ချိတ်ပိတ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မယောက်ျားက ပုံနှိပ်စက်မရှိတော့ဘူးလို့ ပြောလိုက်တယ်။ မနေ့ကတည်းက ပုံနှိပ်စက်ကို ရောင်းလိုက်ပြီ။”

ကျမ်းစာကိုတော့ မပိတ်ပင်တဲ့အတွက် ညီအစ်ကိုတွေက ကျမ်းစာပဲသုံးပြီး တစ်အိမ်တက်ဆင်း ဆက်ဟောကြတယ်။ သင်အံမှုတွေ လုပ်ကြတယ်။ ဒါပေမဲ့ အာရှမှာလည်း စစ်ရိပ်သန်းလာတာမို့ နိုင်ငံခြားသားရှေ့ဆောင်တွေကို ဩစတြေးလျပြန်ဖို့ ညွှန်ကြားခဲ့တယ်။

^ စာပိုဒ်၊ 1 နောက်ပိုင်းမှာ ဖီးလဇ်ရဲ့အဖေနဲ့ ညီသုံးယောက်လည်း သက်သေခံဖြစ်လာတယ်။ သူ့ညီမ ဂျိုစဖင်းက အန်ဒရေ အီလီယက်စ်နဲ့ လက်ထပ်ပြီး ဂိလဒ်ကျောင်း တက်ရောက်ခဲ့တယ်။ သူ့ရဲ့ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၉၊ စက်တင်ဘာလထုတ် နိုးလော့! မှာဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 1 ညီအစ်ကို ဖရန့်ဟာ ဒုတိယကမ္ဘာစစ်ပြီးနောက် ဩစတြေးလျကို ပြန်သွားပြီး မိသားစုဘဝ တည်ဆောက်ခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ သူ့မြေကြီးအသက်တာ ကုန်ဆုံးသွားတယ်။

^ စာပိုဒ်၊ 3 ဒီပုံတွေက ဗျာဒိတ် ၁၂:၉ နဲ့ ၁၇:၃-၆ ကို အခြေခံထားတယ်။