တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ဘုရားပညတ်က ခေတ်ရှေ့ပြေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ခန့်က အစ္စရေးလူမျိုး ကတိထားရာပြည်ထဲ မဝင်ခင် အီဂျစ်ပြည်မှာ သူတို့မြင်ခဲ့ရတဲ့ “ရောဂါဆိုးတွေ” ကနေ ကာကွယ်ပေးမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ (တရားဟောရာ ၇:၁၅) ကာကွယ်ပေးတဲ့နည်း တစ်နည်းကတော့ ရောဂါ မပြန့်ပွားစေဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းဖို့ အသေးစိတ် ညွှန်ကြားချက်တွေ ပေးခြင်းပါပဲ။ ဥပမာ–
ပညတ်တရားထဲမှာ ရေချိုးဖို့၊ အဝတ်လျှော်ဖွပ်ဖို့ တောင်းဆိုထားတယ်။—ဝတ်ပြုရာ ၁၅:၄-၂၇။
လူ့အညစ်အကြေးတွေနဲ့ပတ်သက်ပြီး ဘုရား ဒီလိုမိန့်မှာတယ်– “မစင်စွန့်တဲ့နေရာကို တပ်စခန်းအပြင်ဘက်မှာ ထားရမယ်။ အဲဒီကို သွားပြီး မစင်စွန့်ရမယ်။ လက်နက်တွေနဲ့အတူ တူးရွင်းကိုလည်း ဆောင်ထားရမယ်။ တပ်စခန်းအပြင်မှာ မစင်စွန့်တဲ့အခါ အဲဒီတူးရွင်းနဲ့ တွင်းတူးရမယ်။ ပြီးရင် မစင်ကို ပြန်ဖုံးရမယ်။”—တရားဟောရာ ၂၃:၁၂၊ ၁၃။
ကူးစက်ရောဂါရှိသူကို အချိန်ကာလတစ်ခုအထိ သီးသန့်ထားရတယ်။ ပြန်ကျန်းမာလာပြီး အိမ်မပြန်ခင် အဝတ်အစားတွေ လျှော်ဖွပ်ရတယ်၊ ရေချိုးရတယ်၊ ပြီးမှ “သန့်ရှင်း” သူအဖြစ် သတ်မှတ်ခံရတယ်။—ဝတ်ပြုရာ ၁၄:၈၊ ၉။
အသေကောင်ကို ထိမိကိုင်မိသူအတွက် သီးသန့်နေရမယ့်အချိန် သတ်မှတ်ပေးထားတယ်။—ဝတ်ပြုရာ ၅:၂၊ ၃။ တောလည်ရာ ၁၉:၁၆။
အစ္စရေးလူမျိုးရဲ့ ဆေးပညာ အယူအဆ၊ မိလ္လာစနစ်တွေဟာ တစ်ခေတ်တည်းသားတွေထက် ခေတ်ရှေ့ပြေးခဲ့တယ်။
တခြားလူမျိုးတွေရဲ့ ရှေးခေတ် တစ်ကိုယ်ရေ သန့်ရှင်းရေး စံနှုန်းတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ–
အမှိုက်တွေကို လမ်းတွေမှာ ပစ်ကြတယ်။ ညစ်ညမ်းတဲ့ရေ၊ မသန့်ရှင်းတဲ့ အစားအစာနဲ့ တခြားစွန့်ပစ်ပစ္စည်းတွေက ရောဂါဖြစ်ပွားနှုန်း၊ ကလေးငယ် သေဆုံးမှုနှုန်း တိုးပွားစေတယ်။
ရှေးခေတ်က ဆရာဝန်တွေဟာ ရောဂါပိုးမွှားတွေအကြောင်း မသိကြဘူး။ အီဂျစ်တွေက ပုတ်သင်သွေး၊ ဝန်ပိုငှက်ချေး၊ ကြွက်သေ၊ ကျင်ငယ်ရေ၊ မှိုတက်နေတဲ့ ပေါင်မုန့် စတာတွေကို “ဆေးမြီးတို” အဖြစ် သုံးခဲ့ကြတယ်။ ဆေးကုထုံးတွေထဲမှာ တိရစ္ဆာန်မစင်၊ လူ့မစင်တွေကို အသုံးပြုခဲ့ကြတယ်။
ညစ်ညမ်းနေတဲ့ နိုင်းမြစ်ရေ၊ ဆည်မြောင်းရေထဲက ကပ်ပါးပိုးအမျိုးမျိုးကြောင့် အီဂျစ်တွေ ဖျားနာခဲ့ကြတယ်။ မသန့်ရှင်းတဲ့ အစားအစာကြောင့် အီဂျစ်ကလေးငယ်များစွာ ဝမ်းပျက်ဝမ်းလျှော သေဆုံးကြရသလို ဝမ်းရောဂါတွေ ခံစားကြရတယ်။
ဒါပေမဲ့ အစ္စရေးလူမျိုးဟာ ဘုရားသခင့်ပညတ်ကျမ်းမှာ ချမှတ်ထားတဲ့ စံနှုန်းတွေအတိုင်း နေထိုင်ကြတဲ့အတွက် တခြားလူမျိုးနဲ့ယှဉ်ရင် ကျန်းမာကြတယ်။