ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ
သတင်းကောင်း ဟောပြောသူ ပိုလိုအပ်တဲ့နေရာတွေမှာ အမှုဆောင်နေသူ အများစုဟာ တစ်ကိုယ်ရေ ညီအစ်မတွေ ဖြစ်ကြတယ်။ တချို့က တိုင်းတစ်ပါးမှာ အမှုဆောင်နေတာ ဆယ်စုနှစ်တွေ ရှိနေပြီ။ တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ သူတို့ကို ဘာက ကူညီပေးခဲ့သလဲ။ တိုင်းတစ်ပါးမှာ အမှုဆောင်ခြင်းကနေ ဘာသင်ယူခဲ့ကြသလဲ။ သူတို့ရဲ့ အသက်တာ ဘယ်လို ပြောင်းလဲသွားသလဲ။ အတွေ့အကြုံရှိတဲ့ ညီအစ်မတချို့ကို လူတွေ့မေးမြန်းထားပါတယ်။ သင်ဟာ ကျေနပ်မှုပေးတဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချင်စိတ်ပြင်းပြနေတဲ့ တစ်ကိုယ်ရေ ညီအစ်မ ဖြစ်မယ်ဆိုရင် သူတို့ရဲ့ မှတ်ချက်တွေကနေ အကျိုးရရှိမှာ သေချာပါတယ်။ တကယ်တော့ သူတို့ရဲ့ ပုံသက်သေကနေ ဘုရားသခင့် လူမျိုးအားလုံး အကျိုးရရှိနိုင်တယ်။
စိုးရိမ်ပူပန်မှုတွေကို ကျော်လွှားခြင်း
တစ်ကိုယ်ရေ ရှေ့ဆောင်အဖြစ် တိုင်းတစ်ပါးမှာ အောင်မြင်နိုင်ပါ့မလားလို့ တွေးပူမိသလား။ အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ အယ်နီတာဟာ ကိုယ့်အစွမ်းအစနဲ့ပတ်သက်ပြီး အတော့်ကို စိုးရိမ်ပူပန်ခဲ့တယ်။ အင်္ဂလန်မှာ ကြီးပြင်းလာပြီး အသက် ၁၈ နှစ်မှာ ရှေ့ဆောင် စလုပ်ခဲ့တယ်။ “လူတွေကို ယေဟောဝါအကြောင်း ပြောပြရတာ ကြိုက်ပေမဲ့ တိုင်းတစ်ပါးမှာ အမှုဆောင်မယ်လို့ တစ်ခါမှ မတွေးခဲ့ဘူး။ ဘာသာခြားစကား မသင်ယူခဲ့ဖူးတဲ့အပြင် သင်ယူနိုင်မယ်လို့လည်း မထင်ခဲ့ဘူး။ ဒါကြောင့် ဂိလဒ်သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ ထိတ်လန့်အံ့ဩသွားခဲ့တယ်။ ကျွန်မလို ဘာမဟုတ်တဲ့သူကိုမှ ဖိတ်ခေါ်ရသလားဆိုပြီး အံ့ဩမိတယ်။ ဒါပေမဲ့ ‘ငါလုပ်နိုင်မယ်လို့ ယေဟောဝါ ထင်နေမှတော့ ကြိုးစားကြည့်ရမှာပေါ့’ လို့တွေးမိတယ်။ အဲဒါ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကပေါ့။ အဲဒီအချိန်ကစပြီး ဂျပန်နိုင်ငံမှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။ တစ်ခါတလေ ညီအစ်မငယ်တွေကို ‘ကျောပိုးအိတ် လွယ်ပြီး စွန့်စားလိုက်စမ်းပါ’ လို့ အားပေးလေ့ရှိတယ်။ အများစု အဲဒီအတိုင်း လုပ်ခဲ့ကြလို့ ဝမ်းသာစရာပါပဲ” လို့ အယ်နီတာ ပြောတယ်။
သတ္တိမွေးခြင်း
တိုင်းတစ်ပါးမှာ အမှုဆောင်နေတဲ့ ညီအစ်မများစွာဟာ အစပိုင်းမှာတော့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ တွန့်ဆုတ်ခဲ့ကြတယ်။ သူတို့ ဘယ်လို သတ္တိမွေးခဲ့ကြသလဲ။
“ကြီးလာတဲ့အခါ တခြားသူတွေကို ကူညီပေးတဲ့၊ အဓိပ္ပာယ်ရှိတဲ့ အသက်တာမျိုး လိုချင်တယ်” လို့ အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ မော်ရင်း ပြောခဲ့တယ်။ သူဟာ အသက် ၂၀ ပြည့်တဲ့အခါ ရှေ့ဆောင် ပိုလိုအပ်နေတဲ့ ကနေဒါနိုင်ငံ၊ ကွီဘက်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ “နောက်ပိုင်း ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒါပေမဲ့ မိတ်ဆွေတွေ မပါဘဲ နယ်မြေသစ်ကို မသွားရဲဘူး။ လူမမာအဖေ့ကို ပြုစုနေရတဲ့ အမေ့ကို ထားခဲ့ရမှာလည်း စိတ်မချဘူး။ ဒီအကြောင်းတွေကို ညပေါင်းများစွာ ယေဟောဝါဆီ မျက်ရည်ကျပြီး ဆုတောင်းခဲ့တယ်။ မိဘတွေကို ပြောပြတော့ ဖိတ်ခေါ်စာကို လက်ခံဖို့ တိုက်တွန်းကြတယ်။ ဒေသခံအသင်းတော်ကလည်း မိဘတွေကို ကူညီပေး
တယ်။ ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို မြင်ရတဲ့အခါ ကျွန်မကိုလည်း ဂရုစိုက်ပေးမယ်ဆိုတာ စိတ်ချလာတယ်။ ဒီလိုနဲ့ သွားဖို့ အသင့်ဖြစ်လာတယ်” လို့ မော်ရင်း ပြောတယ်။ ၁၉၇၉ ခုနှစ်ကစပြီး အနောက်အာဖရိကမှာ သာသနာပြုအဖြစ် အမှုဆောင်နေတာ နှစ်ပေါင်း ၃၀ ကျော် ကြာနေပြီ။ အခုတော့ ကနေဒါမှာ အမေ့ကို ပြုစုရင်း အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတုန်းပဲ။ တိုင်းတစ်ပါးမှာ အမှုဆောင်ခဲ့တဲ့နှစ်တွေကို ပြန်တွေးရင်း “ကျွန်မ လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ ယေဟောဝါ အမြဲပေးခဲ့တယ်” လို့ မော်ရင်း ပြောတယ်။အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဝင်ဒီဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဩစတြေးလျမှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။ “ကျွန်မက ရှက်တတ်တော့ သူစိမ်းတွေကို စကားပြောဖို့ ခက်တယ်။ ရှေ့ဆောင်လုပ်ငန်းကြောင့် လူအမျိုးမျိုးနဲ့ စကားစမြည် ပြောတတ်လာပြီး ယုံကြည်စိတ်ချမှု ရှိလာတယ်။ မပြောရဲမဆိုရဲတာမျိုး မရှိတော့ဘူး။ ယေဟောဝါကို အားကိုးတတ်ဖို့ ရှေ့ဆောင်လုပ်ငန်းက သင်ပေးတယ်။ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ပိုစိတ်ချလက်ချ ဖြစ်လာတယ်။ ဂျပန်မှာ သာသနာပြုအဖြစ် နှစ်ပေါင်း ၃၀ ကျော် အမှုဆောင်ခဲ့တဲ့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက်က ဂျပန်မှာ သုံးလလောက် လာအမှုဆောင်ကြည့်ဖို့ ဖိတ်ခေါ်တယ်။ သူနဲ့အတူ အမှုဆောင်ရင်း တိုင်းတစ်ပါးကို ပြောင်းရွှေ့ချင်စိတ် တိုးများလာတယ်” လို့ ဝင်ဒီ ပြောတယ်။ ၁၉၈၅ ခုနှစ်လောက်မှာ ဝင်ဒီဟာ ဩစတြေးလျအရှေ့ဘက် မိုင် ၁,၁၀၀ လောက်ဝေးတဲ့ ဗန်ဝါတူကျွန်းကို ပြောင်းရွှေ့သွားတယ်။
ဝင်ဒီဟာ အခုထိ ဗန်ဝါတူမှာ ရှိနေသေးတယ်။ အခု ဘာသာပြန်ရုံးခွဲမှာ အမှုဆောင်နေတယ်။ “ဝေးလံတဲ့ဒေသတွေမှာ အုပ်စုတွေ၊ အသင်းတော်တွေ ဖြစ်လာတာကို မြင်ရတာ အပျော်ရွှင်ရဆုံးပဲ။ ဒီကျွန်းတွေမှာ လုပ်ဆောင်နေတဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ရတာ ဖော်မပြနိုင်လောက်တဲ့ အခွင့်ထူးပါပဲ” လို့ပြောတယ်။
အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ ကူမီကိုဟာ ဂျပန်နိုင်ငံမှာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေတုန်း ရှေ့ဆောင်အဖော်က နီပေါနိုင်ငံကို ပြောင်းရွှေ့ဖို့ ပြောတယ်။ “ခဏခဏ ပြောပေမဲ့ အမြဲ ငြင်းမိတယ်။ ဘာသာစကားသစ် သင်ရမှာ၊ အခြေအနေသစ်နဲ့ နေသားကျအောင် လုပ်ရမှာကို စိုးရိမ်တယ်။ ပြောင်းရွှေ့စရိတ်လည်း လိုသေးတယ်။ အဲဒါတွေကို တွေးပူနေတုန်း မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဆေးရုံရောက်သွားတယ်။ အဲဒီတော့မှ ‘ရှေ့မှာ ဘာဖြစ်ဦးမလဲဆိုတာ ဘယ်သူမှ မသိဘူး။ အသည်းအသန် ဖျားနာပြီး တိုင်းတစ်ပါးမှာ ရှေ့ဆောင်လုပ်ဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် အနည်းဆုံး တစ်နှစ်လောက် တိုင်းတစ်ပါးမှာ ရှေ့ဆောင် မလုပ်ကြည့်နိုင်ဘူးလား’ လို့စဉ်းစားမိတယ်။ ကူညီပေးဖို့ ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းခဲ့တယ်။” ကူမီကို ဆေးရုံက ဆင်းတော့ နီပေါကို သွားလည်ပြီး နောက်ပိုင်းမှာ ရှေ့ဆောင်အဖော်နဲ့အတူ အဲဒီကို ပြောင်းရွှေ့သွားခဲ့တယ်။
နီပေါမှာ ဆယ်နှစ်နီးပါး အမှုဆောင်ပြီးနောက် ကူမီကို ဒီလိုပြောတယ်– “ကျွန်မ စိုးရိမ်တဲ့ ပြဿနာတွေဟာ ပင်လယ်နီ နှစ်ခြမ်းကွဲ
သလို ကွဲပျောက်ကုန်တယ်။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ရွေးချယ်ခဲ့လို့ ပျော်ရွှင်မိတယ်။ အိမ်တစ်အိမ်မှာ ကျမ်းစာအကြောင်း ဟောရင် အိမ်နီးချင်း ငါးယောက်ခြောက်ယောက်လောက် ဝိုင်းနားထောင်တတ်ကြတယ်။ ကလေးငယ်တွေတောင် ကျမ်းစာဝေစာတွေ လာတောင်းကြတယ်။ တုံ့ပြန်မှုကောင်းတဲ့ ရပ်ကွက်မှာ ဟောပြောရတာ ပျော်ရွှင်စရာပါပဲ။”အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းခြင်း
ကျွန်တော်တို့ လူတွေ့မေးမြန်းခဲ့တဲ့ သတ္တိခဲ တစ်ကိုယ်ရေ ညီအစ်မတွေဟာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ကြပါတယ်။ ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။
အခု အသက် ၆၂ နှစ်ရှိပြီး အိုင်ဗရီကို့စ် (ကို့ဒီဗွား) မှာ အနှစ် ၂၀ လောက် သာသနာပြုအဖြစ် အမှုဆောင်ခဲ့တဲ့ ကနေဒါနိုင်ငံသူ ဒိုင်ယန်း အခုလို ပြောတယ်– “ပထမတော့ မိသားစုနဲ့ ဝေးနေလို့ တော်တော်ခက်တယ်။ ဒါပေမဲ့ ကိုယ်တာဝန်ကျရာမှာ လူတွေကို ချစ်တတ်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ ‘ကိုယ်တာဝန်ကျရာဒေသရဲ့ အခြေအနေ၊ အထူးသဖြင့် ဆင်းရဲမွဲတေမှုကြောင့် အစပိုင်းမှာ စိတ်ပျက်ပြီး လန့်တောင်လန့်သွားနိုင်တယ်။ ဒါပေမဲ့ ဆင်းရဲတာကို မကြည့်နဲ့။ လူတွေကို ကြည့်၊ သူတို့ရဲ့ မျက်နှာ၊ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်ပါ။ ကျမ်းစာအမှန်တရားကို ကြားတဲ့အခါ ဘယ်လို တုံ့ပြန်သလဲဆိုတာကို ကြည့်ပါ’ လို့ ဂိလဒ်သင်တန်းမှူး ညီအစ်ကို ဂျက် ရက်ဖော့ဒ် ပြောခဲ့တယ်။ အဲဒီအတိုင်း လုပ်ခဲ့လို့ ကောင်းချီးခံစားခဲ့ရတယ်။ နှစ်သိမ့်မှုပေးတဲ့ နိုင်ငံတော်သတင်း ဟောပြောတဲ့အခါ လူတွေရဲ့ မျက်လုံး တောက်ပလာတာကို မြင်တွေ့ရတယ်။” တိုင်းတစ်ပါးမှာ အမှုဆောင်နိုင်အောင် ဘာက ဒိုင်ယန်းကို ထပ်ဆင့် ကူညီပေးသလဲ။ “ကျမ်းစာသင်သားတွေနဲ့ ရင်းနှီးလာတယ်။ သူတို့ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေ ဖြစ်လာတာကို မြင်တွေ့ရတဲ့အခါ ဝမ်းသာအားရ ဖြစ်မိတယ်။ ကိုယ်တာဝန်ကျတဲ့နေရာက ကိုယ့်အိမ်လို ဖြစ်လာတယ်။ ယေရှု ကတိပေးခဲ့သလို ခရစ်ယာန်အသင်းတော်မှာ မိဘ၊ မောင်နှမတွေ ရရှိခဲ့တယ်” လို့ပြောတယ်။—မာ. ၁၀:၂၉၊ ၃၀။
အခု အသက် ၄၆ နှစ်ရှိတဲ့ အန်းက ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ကန့်သတ်ထားတဲ့ အာရှနိုင်ငံတစ်ခုမှာ အမှုဆောင်နေတယ်။ သူ ဒီလိုပြောတယ်- “တိုင်းတစ်ပါးနယ်မြေ အသီးသီးမှာ အမှုဆောင်ခဲ့တဲ့ နှစ်တွေတစ်လျှောက် နောက်ခံ၊ စရိုက်အမျိုးမျိုးရှိတဲ့ ညီအစ်မတွေနဲ့ နေခဲ့ရတယ်။ အဲဒီအတွက် တစ်ခါတလေ နားလည်မှု လွဲတာတွေ၊ စိတ်ထိခိုက်တာတွေ ဖြစ်ခဲ့တယ်။ အဲဒီလို ဖြစ်တဲ့အခါ တစ်အိမ်တည်း နေတဲ့သူတွေနဲ့ ပိုရင်းနှီးအောင်၊ သူတို့ရဲ့ ယဉ်ကျေးမှုကို ပိုနားလည်အောင် ကြိုးစားခဲ့တယ်။ ပိုမေတ္တာထားတတ်အောင်၊ အကျိုးသင့်အကြောင်းသင့်ရှိအောင်လည်း ကြိုးစားခဲ့ရတယ်။ ရလဒ်ကောင်းတွေ ရခဲ့တယ်။ တာဝန်ကျရာမှာ ဆက်အမှုဆောင်နိုင်အောင် ကူညီပေးတဲ့ မိတ်ဆွေကောင်းတွေ ရခဲ့တယ်။”
အခု အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဂျာမနီနိုင်ငံသူ ဦးတာဟာ ၁၉၉၃ ခုနှစ်မှာ မာဒါဂတ်စကာမှာ သာသနာပြုအဖြစ် အမှုဆောင်ဖို့
တာဝန်ခန့်အပ်ခံရတယ်။ သူ ဒီလိုပြောတယ်– “အစပိုင်းမှာတော့ ဒေသခံ ဘာသာစကားကို သင်ယူဖို့၊ စိုစွတ်တဲ့ ရာသီဥတုဒဏ်၊ ငှက်ဖျားဒဏ်၊ ရောဂါပိုးမွှားဒဏ်တွေ ခံနိုင်ဖို့ မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အကူအညီတွေ ရရှိခဲ့တယ်။ ဒေသခံ ညီအစ်မတွေ၊ သူတို့ရဲ့ ကလေးတွေနဲ့ ကျမ်းစာသင်သားတွေက ဘာသာစကား ကျွမ်းကျင်လာအောင် စိတ်ရှည်ရှည် ကူညီပေးကြတယ်။ ကျွန်မရဲ့ သာသနာပြုအဖော်ကလည်း ဖျားနာချိန်တွေမှာ ပြုစုပေးတယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါ ကူညီပေးတယ်။ စိုးရိမ်ပူပန်မှုတွေကို မှန်မှန် ဆုတောင်းပြောပြတယ်။ အဲဒီနောက် အဖြေရဖို့ ရက်တွေ၊ လတွေ စိတ်ရှည်ရှည် စောင့်ခဲ့တယ်။ ပြဿနာတိုင်းကို ယေဟောဝါ ဖြေရှင်းပေးခဲ့တယ်။” ဦးတာဟာ မာဒါဂတ်စကာမှာ အမှုဆောင်နေတာ ၂၃ နှစ်လောက် ရှိနေပြီ။ကြွယ်ဝစွာ ဆုချခံရတဲ့ အသက်တာများ
ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်တဲ့သူတွေလိုပဲ တိုင်းတစ်ပါးမှာ အမှုဆောင်နေတဲ့ တစ်ကိုယ်ရေ ညီအစ်မတွေလည်း ကြွယ်ဝတဲ့အသက်တာအကြောင်း ပြောလေ့ရှိကြတယ်။ ဘယ်ကောင်းချီးတွေ ရရှိနေကြသလဲ။
အခု အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဂျာမနီနိုင်ငံသူ ဟိုင်းဒီဟာ ၁၉၆၈ ခုနှစ်ကစပြီး အိုင်ဗရီကို့စ် (ကို့ဒီဗွား) မှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။ “အကြီးမားဆုံး ရွှင်လန်းမှုကတော့ ခရစ်ယာန်အသင်းတော်မှာ သားသမီးတွေ ‘အမှန်တရားအတိုင်း လိုက်လျှောက်နေ’ တာကို မြင်ရတာပဲ။ ကျွန်မရဲ့ ကျမ်းစာသင်သားတချို့ဟာ အခု ရှေ့ဆောင်တွေ၊ အကြီးအကဲတွေ ဖြစ်နေကြပြီ။ အများစုက ကျွန်မကို အမေ၊ အဘွားလို့ ခေါ်ကြတယ်။ အကြီးအကဲမိသားစု တစ်စုဆိုရင် ကျွန်မကို သူတို့ရဲ့ မိသားစုဝင်အဖြစ် သတ်မှတ်ထားတယ်။ ယေဟောဝါက ကျွန်မကို သားတစ်ယောက်၊ ချွေးမတစ်ယောက်၊ မြေးသုံးယောက် ပေးထားတယ်” လို့ပြောတယ်။—၃ ယော. ၄။
အခု အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသူ ကာရင်ဟာ အနောက်အာဖရိကမှာ အမှုဆောင်နေတာ အနှစ် ၂၀ ကျော်ပြီ။ “သာသနာပြုဘဝက ကိုယ်ကျိုးစွန့်တတ်အောင်၊ မေတ္တာထားတတ်အောင်၊ စိတ်ရှည်တတ်အောင် သင်ပေးတယ်။ လူမျိုးပေါင်းစုံရှိတဲ့ လုပ်ဖော်ဆောင်ဖက်တွေကြောင့် အမြင်ကျယ်လာတယ်။ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နိုင်မှန်း သိလာတယ်။ ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေ ရှိနေတာ ကောင်းချီးတစ်ခုပဲ။ တာဝန်တွေ၊ ဘဝတွေ ပြောင်းလဲသွားပေမဲ့ ခင်မင်ရင်းနှီးမှုတွေကတော့ ပြောင်းလဲမသွားပါဘူး” လို့ပြောတယ်။
အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်သူ မာဂရက်ဟာ လာအိုနိုင်ငံမှာ သာသနာပြုအဖြစ် အမှုဆောင်ခဲ့တယ်။ “တိုင်းတစ်ပါးမှာ အမှုဆောင်ရင်း လူမျိုးနောက်ခံ အသီးသီးက လူတွေကို အဖွဲ့အစည်းထဲ ယေဟောဝါ ဘယ်လို ဆွဲဆောင်မှန်း ကိုယ်တွေ့ မြင်ခဲ့ရတယ်။ အဲဒါက ကျွန်မရဲ့ ယုံကြည်ခြင်းကို အကြီးအကျယ် ခိုင်မာစေတယ်။ အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေပြီး ကိုယ်တော့် ရည်ရွယ်ချက် ပြည့်စုံလာမယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချစေတယ်” လို့ပြောတယ်။
တိုင်းတစ်ပါးမှာ အမှုဆောင်နေတဲ့ တစ်ကိုယ်ရေ ညီအစ်မတွေဟာ ခရစ်ယာန်လုပ်ငန်းမှာ ထူးခြားတဲ့မှတ်တိုင် ထူခဲ့တာ ထင်ရှားပါတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသင့်ပါတယ်။ (သူကြီး. ၁၁:၄၀) တိုင်းတစ်ပါးမှာ အမှုဆောင်တဲ့ တစ်ကိုယ်ရေ ညီအစ်မအရေအတွက် တိုးများလာနေတယ်။ (ဆာ. ၆၈:၁၁) ဒီဆောင်းပါးမှာ လူတွေ့မေးမြန်းထားတဲ့ စိတ်ထက်သန်တဲ့ ညီအစ်မတွေရဲ့ ခြေရာကို လိုက်လျှောက်ဖို့ သင့်အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်မလား။ ပြောင်းလဲနိုင်မယ်ဆိုရင် ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းပြီး သိမှတ်’ နိုင်မှာ မလွဲဧကန်ပါပဲ။—ဆာ. ၃၄:၈။