သင် သိပါသလား
ရှေးအခါက မီးကို ဘယ်လို သယ်ဆောင်ကြသလဲ။
ကမ္ဘာဦး ၂၂:၆ မှာ အာဗြဟံဟာ အဝေးတစ်နေရာမှာ ယဇ်ပူဇော်ဖို့ ပြင်ဆင်တဲ့အခါ “ယဇ်ရှို့စရာထင်းကို ယူ၍၊ သားဣဇာက်အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ဓားကို မိမိလက်၌ ကိုင်လျက် နှစ်ယောက်အတူ သွားကြ၏” လို့ဆိုထားတယ်။
ရှေးခေတ်မှာ မီးမွေးဖို့ ဘယ်နည်းကို အသုံးပြုကြသလဲဆိုတာ ကျမ်းစာမှာ မဖော်ပြထားဘူး။ အထက်ပါကျမ်းမှတ်တမ်းနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက်က အာဗြဟံနဲ့ ဣဇာက်တို့ “သွားခဲ့တဲ့လမ်းတစ်လျှောက် မီးမငြိမ်းအောင်လုပ်ဖို့ မဖြစ်နိုင်ဘူး” လို့ပြောတယ်။ ဒါကြောင့် မီးမဟုတ်ဘဲ မီးမွေးဖို့ လိုအပ်တဲ့ပစ္စည်းကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ တချို့ကလည်း ရှေးခေတ်မှာ မီးမွေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုကြတယ်။ ကိုယ့်ဘာသာကိုယ် မီးမွေးမယ့်အစား အိမ်နီးချင်းတွေဆီကနေ မီးခဲတောင်းလိုက်တာ ပိုလွယ်တယ်။ ဒါကြောင့် အာဗြဟံ သယ်ဆောင်သွားတာဟာ လက်ကိုင်ကြိုးပါတဲ့ အိုး ဖြစ်နိုင်တယ်လို့ ကျမ်းပညာရှင်တွေ ယူဆကြတယ်။ အိုးထဲမှာ မီးခဲတွေ ပါတယ်။ (ဟေရှာ. ၃၀:၁၄) အဲဒီလို သယ်ဆောင်သွားတဲ့ မီးခဲတွေကို ခရီးစဉ်ရဲ့ ဘယ်နေရာမှာမဆို ထင်းနဲ့ မီးမွေးဖို့ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။