စစ်မှန်တဲ့ စည်းစိမ်ကို ရှာဖွေခြင်း
“မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။”—လု. ၁၆:၉။
၁၊ ၂။ ဒီလောကစနစ်မှာ ဘာကြောင့် ဆင်းရဲသားတွေ အမြဲရှိနေမလဲ။
ဒီနေ့ စီးပွားရေးလောကဟာ ကြမ်းတမ်းတယ်၊ မတရားဘူး။ လူငယ်တွေ အလုပ်ရှာရခက်တယ်။ လူများစွာဟာ ချမ်းသာတဲ့ နိုင်ငံတွေကို စွန့်စွန့်စားစား ပြောင်းရွှေ့ကြတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာတောင် ဆင်းရဲမွဲတေမှု ရှိနေတယ်။ ဆင်းရဲချမ်းသာ ပိုကွာဟလာတယ်။ မကြာသေးခင် ခန့်မှန်းချက်အရ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုက ကျန်တဲ့ ၉၉ ရာခိုင်နှုန်းရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုထက် ပိုများနေတယ်။ အဲဒီကိန်းဂဏန်းက အတည်ပြုဖို့တော့ ခက်တယ်။ တချို့သူတွေမှာ ဆယ်သက်မက စားမကုန်တဲ့ စည်းစိမ်တွေ ပိုင်ဆိုင်ထားပေမဲ့ လူသန်းထောင်နဲ့ချီကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေနေကြတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး “ဆင်းရဲသားတွေက ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမှာပဲ” လို့ ယေရှု ပြောခဲ့တယ်။ (မာ. ၁၄:၇) ဘာကြောင့် ဒီလိုမမျှမတ ဖြစ်ရသလဲ။
၂ ဘုရားနိုင်ငံတော် မလာမချင်း လက်ရှိစီးပွားရေးစနစ် ပြောင်းလဲမှာ မဟုတ်မှန်း ယေရှု သိထားတယ်။ နိုင်ငံရေး၊ ဘာသာရေး အုပ်စုတွေနဲ့အတူ ဗျာဒိတ် ၁၈:၃ မှာ “ကုန်သည်တွေ” လို့ဖော်ပြထားတဲ့ အမြတ်ကြီးစား စီးပွားရေးစနစ်ဟာ စာတန့်လောကရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။ ဘုရားလူမျိုးဟာ နိုင်ငံရေး၊ မှားယွင်းတဲ့ ဘာသာရေးနဲ့ ပြတ်ပြတ်သားသား သီးခြားနေလို့ ရပေမဲ့ စာတန့်လောကရဲ့ အစိတ်အပိုင်း စီးပွားရေးစနစ်နဲ့တော့ မကင်းနိုင်ကြဘူး။
၃။ ဘယ်မေးခွန်းတွေကို ဆွေးနွေးသုံးသပ်ကြမလဲ။
၃ ကျွန်တော်တို့ ခရစ်ယာန်တွေဟာ လက်ရှိစီးပွားရေးစနစ်အပေါ် ကိုယ့်အမြင်ကို ဆန်းစစ်ဖို့ ဒီလိုမေးခွန်းတွေ မေးသင့်တယ်– ‘ဘုရားအပေါ် သစ္စာရှိကြောင်းပြဖို့ ငါ့ရဲ့ဥစ္စာပစ္စည်းတွေကို ဘယ်လို အသုံးပြုနေသလဲ။ စီးပွားရေးလောကမှာ ပါဝင်မှုကို ဘယ်လို လျှော့ချနိုင်မလဲ။ ခက်ခဲတဲ့အခြေအနေမှာ ဘုရားလူမျိုးဟာ ဘုရားကို အပြည့်အဝ ယုံကြည်ကိုးစားကြောင်း ဘယ်အတွေ့အကြုံတွေက ဖော်ပြသလဲ။’
မရိုးသားတဲ့ ဘဏ္ဍာစိုး ပုံဥပမာ
၄၊ ၅။ (က) ယေရှုရဲ့ ပုံဥပမာထဲက ဘဏ္ဍာစိုး ဘယ်အခြေအနေ ကြုံခဲ့ရသလဲ။ (ခ) နောက်လိုက်တွေကို ယေရှု ဘယ်လို သတိပေးခဲ့သလဲ။
၄ လုကာ ၁၆:၁-၉ ကိုဖတ်ပါ။ မရိုးသားတဲ့ ဘဏ္ဍာစိုးအကြောင်း ယေရှုရဲ့ ပုံဥပမာဟာ စဉ်းစားစရာပါပဲ။ ဖြုန်းတီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်ထုတ်ခံလိုက်ရတော့ ကူညီပေးမယ့်သူတွေကို “မိတ်ဖွဲ့ထား” ဖို့ “အမြော်အမြင်ရှိရှိ လုပ်ဆောင်” ခဲ့တယ်။ * ဒီလောကမှာ ဆက်ရှင်သန်နိုင်အောင် မရိုးမသားပြုမူဖို့ တပည့်တွေကို ယေရှု အားပေးနေတာ မဟုတ်ဘူး။ ဒီနည်းက “ဒီလောကစနစ်မှာရှိတဲ့ လူတွေ” ရဲ့ အပြုအမူလို့ ယေရှု ပြောခဲ့တယ်။ ဒါပေမဲ့ ဒီပုံဥပမာကို သုံးပြီး အရေးကြီးတဲ့ သင်ခန်းစာ သင်ပေးခဲ့တယ်။
၅ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘဏ္ဍာစိုးလိုပဲ ယေရှုရဲ့ နောက်လိုက်အများစုလည်း မတရားတဲ့ စီးပွားရေးလောကမှာ စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ရမယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ဒီလိုတိုက်တွန်းခဲ့တယ်– “ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့ [ယေဟောဝါနဲ့ ယေရှု] က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။” ယေရှုရဲ့ သွန်သင်ချက်ကနေ ဘာသင်ယူနိုင်သလဲ။
၆။ ဒီနေ့ စီးပွားရေးစနစ်ဟာ ဘုရားရည်ရွယ်ချက်မှာ မပါဝင်ကြောင်း ဘယ်လို သိရသလဲ။
၆ စည်းစိမ်ဥစ္စာကို “မဖြောင့်မတ်” တဲ့အရာလို့ ယေရှု ဘာကြောင့် ခေါ်မှန်း မရှင်းပြခဲ့ဘူး။ စီးပွားရေးစနစ်ဟာ ဘုရားရည်ရွယ်ချက်မှာ မပါဝင်ဘူးဆိုတာကိုတော့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အာဒံနဲ့ ဧဝအတွက် လိုအပ်ရာတွေကို ဧဒင်ဥယျာဉ်မှာ ယေဟောဝါ အလျှံပယ် ပြင်ဆင်ပေးထားတယ်။ (က. ၂:၁၅၊ ၁၆) နောက်ပိုင်း ပထမရာစု ဘိသိက်ခံတွေရဲ့ အသင်းတော်မှာ သန့်ရှင်းသော စွမ်းအားတော် လှုပ်ရှားလာတဲ့အခါ “ဘယ်သူမှ သူ့ပစ္စည်း ငါ့ပစ္စည်း မခွဲခြားတော့ဘဲ ရှိတာတွေကို ဝေမျှသုံးစွဲကြတယ်။” (တ. ၄:၃၂) လူသားအားလုံး ကမ္ဘာ့သယံဇာတတွေကနေ အကျိုးအပြည့်အဝ ခံစားရမယ့်အချိန်အကြောင်း ဟေရှာယ ကြိုဟောခဲ့တယ်။ (ဟေရှာ. ၂၅:၆-၉။ ၆၅:၂၁၊ ၂၂) အခုချိန်မှာတော့ ယေရှုရဲ့ နောက်လိုက်တွေဟာ ဘုရားနှစ်သက်မှုရဖို့ ကြိုးစားရင်း လောကရဲ့ “မဖြောင့်မတ်တဲ့ စည်းစိမ်” ကို သုံးပြီး အသက်မွေးရာမှာ “အမြော်အမြင်” ရှိဖို့ လိုတယ်။
မဖြောင့်မတ်တဲ့ စည်းစိမ်ကို ပညာရှိရှိ အသုံးပြုခြင်း
၇။ လုကာ ၁၆:၁၀-၁၃ မှာ ဘယ်အကြံပြုချက် တွေ့ရသလဲ။
၇ လုကာ ၁၆:၁၀-၁၃ ကိုဖတ်ပါ။ ယေရှုရဲ့ ပုံဥပမာထဲက ဘဏ္ဍာစိုးဟာ ကိုယ်ကျိုးအတွက် မိတ်ဖွဲ့ခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့ ယေရှုကတော့ မိမိနောက်လိုက်တွေကို ကိုယ်ကျိုးမပါတဲ့ ရည်ရွယ်ချက်အတွက် ကောင်းကင်မှာ မိတ်ဖွဲ့ဖို့ တိုက်တွန်းခဲ့တယ်။ ပုံဥပမာ ပြောပြီးတဲ့နောက် ယေရှုက “မဖြောင့်မတ်တဲ့ စည်းစိမ်” အသုံးပြုခြင်းနဲ့ ဘုရားအပေါ် သစ္စာရှိခြင်းကို ဆက်စပ်ထားတယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ကို အသုံးပြုပြီး ဘုရားအပေါ် ‘သစ္စာရှိ’ ကြောင်း ပြနိုင်မှန်း ယေရှု ဆိုလိုတယ်။ ဘယ်လိုနည်းနဲ့လဲ။
၈၊ ၉။ မဖြောင့်မတ်တဲ့ စည်းစိမ် အသုံးပြုရာမှာ သစ္စာရှိကြောင်း တချို့သူတွေ ဘယ်လို ဖော်ပြကြသလဲ။
၈ ပစ္စည်းဥစ္စာ သုံးပြီး သစ္စာရှိကြောင်း ပြနိုင်တဲ့ နည်းလမ်းမ. ၂၄:၁၄) အိန္ဒိယနိုင်ငံက မိန်းကလေးတစ်ယောက် စုဘူးတစ်ဘူး လုပ်ပြီး အကြွေစေ့တွေ စုတယ်။ အရုပ်တွေတောင် မဝယ်တော့ဘူး။ စုဘူး ပြည့်သွားတဲ့အခါ ဟောပြောခြင်းလုပ်ငန်းမှာ သုံးဖို့ ပေးလိုက်တယ်။ အိန္ဒိယနိုင်ငံက အုန်းခြံပိုင်တဲ့ ညီအစ်ကိုတစ်ယောက် မာလာယလမ် ဘာသာပြန်ရုံးခွဲကို အုန်းသီးတွေ အများကြီးလှူတယ်။ ရုံးမှာ အုန်းသီးတွေ လိုမှာပဲ လို့တွေးပြီး ငွေပေးမယ့်အစား အုန်းသီးပဲ တိုက်ရိုက်ပေးလိုက်တယ်။ ဒါဟာ အမြော်အမြင်ရှိတာပဲ။ အဲဒီလိုပဲ ဂရိနိုင်ငံက ညီအစ်ကိုတွေလည်း ဗေသလမိသားစုအတွက် သံလွင်ဆီ၊ ဒိန်ခဲနဲ့ တခြားစားစရာတွေ ပုံမှန် လှူကြတယ်။
တစ်ခုက ယေရှု ကြိုဟောထားတဲ့ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်ခြင်းပါပဲ။ (၉ နိုင်ငံခြား ရောက်နေတဲ့ သီရိလင်္ကာနိုင်ငံက ညီအစ်ကိုတစ်ယောက်ဟာ အစည်းအဝေးတွေ၊ အစည်းအဝေးပွဲတွေ ကျင်းပဖို့၊ အချိန်ပြည့် အမှုဆောင်သူတွေ နေထိုင်ဖို့ သူ့အိမ်ကို ပေးထားတယ်။ ညီအစ်ကိုအတွက် ငွေကြေး နစ်နာဆုံးၡုံးပေမဲ့ ဆင်းရဲတဲ့ ဒေသခံ ကြေညာသူတွေအတွက်တော့ တကယ့်အကူအညီပါပဲ။ အမှုဆောင်လုပ်ငန်း ပိတ်ပင်ထားတဲ့ နိုင်ငံတစ်ခုမှာ ညီအစ်ကိုတွေက သူတို့ရဲ့အိမ်ကို နိုင်ငံတော်ခန်းမအဖြစ် အသုံးပြုခွင့် ပေးကြတယ်။ ဒါကြောင့် ငွေကြေး မတတ်နိုင်တဲ့ ရှေ့ဆောင်တွေနဲ့ တခြားသူတွေ ငွေမကုန်ဘဲ စည်းဝေးဖို့ နေရာ ရစေတယ်။
၁၀။ ရက်ရောတဲ့အခါ ဘယ်ကောင်းချီးတွေ ခံစားရသလဲ။
၁၀ ဖော်ပြခဲ့တဲ့ နမူနာတွေမှာ ဘုရားလူမျိုးဟာ စစ်မှန်တဲ့ စည်းစိမ်လောက် တန်ဖိုးမရှိတဲ့ ပစ္စည်းဥစ္စာတွေကို အသုံးပြုခြင်းအားဖြင့် “အသေးအမွှားကိစ္စတွေမှာ သစ္စာ” ရှိကြောင်း ပြနေကြတယ်။ (လု. ၁၆:၁၀) ဒီလိုကိုယ်ကျိုးစွန့်လို့ ယေဟောဝါရဲ့ မိတ်ဆွေတွေ ဘယ်လို ခံစားရသလဲ။ ရက်ရောခြင်းက “စစ်မှန်တဲ့စည်းစိမ်” ရရှိစေတဲ့ နည်းလမ်းဆိုတာ သူတို့ နားလည်ကြတယ်။ (လု. ၁၆:၁၁) နိုင်ငံတော်လုပ်ငန်းအတွက် ပုံမှန်အလှူငွေ ထည့်ဝင်တဲ့ ညီအစ်မတစ်ယောက်က ရရှိတဲ့ ကောင်းချီးအကြောင်း ဒီလိုပြောတယ်– “ရုပ်ပစ္စည်းပိုင်းမှာ ရက်ရောလို့ နှစ်တွေတစ်လျှောက် ထူးထူးခြားခြား ပြောင်းလဲလာတယ်။ ရုပ်ပစ္စည်းမှာ ပိုရက်ရောလေ ပေးချင်ကမ်းချင်စိတ် ပိုများလာလေပဲ။ ပိုခွင့်လွှတ်တတ်လာတယ်။ ပိုစိတ်ရှည်လာတယ်။ စိတ်ပျက်စရာတွေ၊ အကြံပြုချက်တွေကို လက်ခံရ ပိုလွယ်လာတယ်။” ရက်ရောခြင်းက ဘုရားရေးရာဘက်မှာလည်း ပိုကြွယ်ဝစေကြောင်း လူများစွာ သိလာကြပြီ။—ဆာ. ၁၁၂:၅။ ပညာ. ၂၂:၉။
၁၁။ (က) စေတနာအလျောက် ပေးကမ်းခြင်းက “အမြော်အမြင်ရှိ” ကြောင်း ဘယ်လို ဖော်ပြသလဲ။ (ခ) ဘုရားလူမျိုးအလယ်မှာ ငွေကြေးအရ ဘယ်လို သာတူညီမျှ ဖြစ်နေသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၁၁ အမှုဆောင်လုပ်ငန်းမှာ တခြားသူတွေကို ကူညီဖို့ ကျွန်တော်တို့ရဲ့ ရုပ်ပစ္စည်းတွေကို အသုံးပြုခြင်းက “အမြော်အမြင်ရှိ” ကြောင်း ဖော်ပြတဲ့ နောက်ထပ်နည်းလမ်းတစ်ခု ဖြစ်တယ်။ လောကစည်းစိမ် ပိုင်ဆိုင်ထားပြီး အချိန်ပြည့်လုပ်ငန်းမှာ မပါဝင်နိုင်သူတွေ၊ တိုင်းတစ်ပါးကို မပြောင်းရွှေ့နိုင်သူတွေဟာ မိမိတို့အလှူငွေတွေက တခြားသူတွေရဲ့ အမှုဆောင်လုပ်ငန်းကို ထောက်ပံ့ပေးကြောင်း သိရလို့ ကျေနပ်မှု ခံစားနိုင်ပါတယ်။ (ပညာ. ၁၉:၁၇) ဆင်းရဲပေမဲ့ ဘုရားရေးရာမှာ တိုးတက်နေတဲ့ ဒေသတွေမှာ စာပေတွေ ရဖို့၊ ဟောပြောဖို့ အလှူငွေတွေက အထောက်အကူ ပြုပါတယ်။ နှစ်တွေတစ်လျှောက် ကွန်ဂို၊ မာဒါဂတ်စကာ၊ ရဝမ်ဒါနိုင်ငံက ညီအစ်ကိုတွေဟာ မိသားစုအတွက် စားစရာ ဝယ်မလား၊ ကျမ်းစာ ဝယ်မလား ရွေးချယ်ခဲ့ရတယ်။ ကျမ်းစာတစ်အုပ်က တစ်ပတ်စာ၊ တစ်လစာ လုပ်ခနဲ့ ညီတယ်။ အခုတော့ လူများစွာရဲ့ အလှူငွေတွေကြောင့် “သာတူညီမျှ ဖြစ်” လာလို့ ယေဟောဝါရဲ့ အဖွဲ့အစည်းက ကျမ်းစာ ဘာသာပြန်ခြင်း၊ ဖြန့်ဝေခြင်းကို လုပ်ဆောင်ပေးပြီး မိသားစုဝင်တိုင်း၊ ကျမ်းစာသင်သားတိုင်း ကျမ်းစာ ရနိုင်ပြီ။ (၂ ကောရိန္သု ၈:၁၃-၁၅ ကိုဖတ်ပါ။) ဒါကြောင့် ယေဟောဝါနဲ့ မိတ်ဖွဲ့ခြင်းကနေ ပေးကမ်းသူရော ရယူသူပါ အကျိုးခံစားရတယ်။
“စီးပွားရေး လုပ်ငန်းတွေမှာ” ပါဝင်မှုကို လျှော့ချခြင်း
၁၂။ ဘုရားကို ယုံကြည်ကိုးစားကြောင်း အာဗြဟံ ဘယ်လို တင်ပြခဲ့သလဲ။
၁၂ ယေဟောဝါနဲ့ မိတ်ဖွဲ့နိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့ စီးပွားရေးလောကမှာ ပါဝင်မှုကို လျှော့ချခြင်း၊ “စစ်မှန်တဲ့” စည်းစိမ် ရှာဖွေဖို့ ကိုယ့်အခြေအနေတွေကို အသုံးပြုခြင်းပါပဲ။ ရှေးခေတ်က သစ္စာရှိအမျိုးသား အာဗြဟံဟာ ချမ်းသာကြွယ်ဝတဲ့ ဥရမြို့ကနေ နာခံမှုရှိရှိ ထွက်လာပြီး ယေဟောဝါနဲ့ မိတ်ဖွဲ့ဖို့ တဲနဲ့ နေထိုင်ခဲ့တယ်။ (ဟီ. ၁၁:၈-၁၀) စစ်မှန်တဲ့ စည်းစိမ်အတွက် ယေဟောဝါကို အမြဲ ယုံကြည်ကိုးစားခဲ့ပြီး ယုံကြည်ခြင်း ကင်းမဲ့ကြောင်း ဖော်ပြတဲ့ ရုပ်ပစ္စည်း ရှာဖွေတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ဘူး။ (က. ၁၄:၂၂၊ ၂၃) ချမ်းသာတဲ့လူငယ်ကို အဲဒီလိုယုံကြည်ခြင်းမျိုး ရှိဖို့ ယေရှုပြောခဲ့တယ်- “ပြည့်ဝစုံလင်သူ ဖြစ်ချင်ရင် ခင်ဗျားရဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ။ ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်။ ပြီးမှ ကျွန်တော့်နောက်လိုက် လုပ်ပါ။” (မ. ၁၉:၂၁) ဒီလူငယ်မှာ အာဗြဟံလို ယုံကြည်ခြင်းမျိုး မရှိခဲ့ပေမဲ့ တခြားသူတွေကတော့ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြောင်း တင်ပြခဲ့ကြတယ်။
၁၃။ (က) တိမောသေကို ပေါလု ဘယ်လို သတိပေးခဲ့သလဲ။ (ခ) ပေါလုရဲ့ သတိပေးချက်ကို ဒီနေ့ ဘယ်လို ကျင့်သုံးနိုင်သလဲ။
၁၃ တိမောသေဟာ ယုံကြည်ခြင်းရှိသူ ဖြစ်တယ်။ တိမောသေကို “ခရစ်တော်ရဲ့ စစ်သားကောင်းတစ်ဦး” လို့ခေါ်ပြီးနောက်မှာ “စစ်မှုထမ်းနေတဲ့သူက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်မှာ မဟုတ်ဘူး။ စစ်သည်အဖြစ် စာရင်းသွင်းပေးတဲ့သူကို စိတ်ကျေနပ်စေချင်တာကိုး” လို့ ပေါလု ပြောခဲ့တယ်။ (၂ တိ. ၂:၃၊ ၄) အချိန်ပြည့် အမှုဆောင်သူ တစ်သန်းကျော် အပါအဝင် ယနေ့ ယေရှုရဲ့ နောက်လိုက်တွေဟာ အခြေအနေ ခွင့်ပြုသရွေ့ ပေါလုရဲ့ အကြံပြုချက်ကို လိုက်နာကြတယ်။ ကြော်ငြာတွေ၊ ပတ်ဝန်းကျင် ဖိအားတွေကို တွန်းလှန်ရင်း “ချေးငှားယူသူဟာ ချေးငှားပေးသူရဲ့ ကျွန်ပဲ” ဆိုတဲ့ မူကို သတိရကြတယ်။ (ပညာ. ၂၂:၇) ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား ရှိသမျှ သုံးပြီး စီးပွားရေးလောကရဲ့ ကျွန်ဖြစ်ဖို့ စာတန် အလိုရှိတယ်။ ဆုံးဖြတ်ချက်တချို့ကြောင့် နှစ်ရှည်လများ အကြွေးဆပ်နေရတာ ဖြစ်နိုင်တယ်။ အိမ်ဝယ်ဖို့၊ ပညာသင်ဖို့၊ ကားဝယ်ဖို့၊ ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ ငွေချေးတာက ငွေကြေးအခက်အခဲ ဖြစ်စေနိုင်တယ်။ ဘဝကို ရိုးရှင်းစေပြီး အကြွေးတွေ၊ အသုံးစရိတ်တွေ လျှော့ချခြင်းအားဖြင့် အမြော်အမြင်ရှိကြောင်း ပြကြတယ်။ ဒီလိုနည်းနဲ့ ဒီနေ့ စီးပွားရေးစနစ်ရဲ့ ကျွန်ဖြစ်မယ့်အစား ဘုရားကို လွတ်လွတ်လပ်လပ် အမှုဆောင်ကြတယ်။—၁ တိ. ၆:၁၀။
၁၄။ ဘယ်ဆုံးဖြတ်ချက်မျိုး ချဖို့ လိုသလဲ။ ဥပမာ ပေးပါ။
၁၄ ဘဝကို ရိုးရှင်းစေခြင်းမှာ ဦးစားထားရာ မှန်ကန်ခြင်းလည်း ပါတယ်။ မောင်နှံတစ်စုံဟာ အမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ အချိန်ပြည့် အမှုဆောင်လုပ်ငန်းမှာ ပြန်ပါဝင်ချင်လို့ လုပ်ငန်း၊ ရွက်လှေ၊ တခြားပစ္စည်းတွေကို ရောင်းချလိုက်တယ်။ ပြီးတဲ့နောက် နယူးယောက်၊ ဝေါဝစ် ကမ္ဘာ့ဌာနချုပ် ဆောက်လုပ်ရေး စီမံကိန်းမှာ လုပ်အားပေးကြတယ်။ အထူးကောင်းချီးအနေနဲ့ သမီး၊ သမက်တို့နဲ့အတူ ဗေသလမှာ အပတ်အနည်းငယ် အမှုဆောင်ခွင့် ရတယ်။ ဝေါဝစ်စီမံကိန်းမှာ ယောက်ျားဘက်က မိဘတွေနဲ့အတူ လုပ်ဆောင်ခွင့် ရတယ်။ အမေရိကန်၊ ကော်လိုရာဒိုက ရှေ့ဆောင် ညီအစ်မတစ်ယောက်ဟာ ဘဏ်တစ်ခုမှာ အချိန်ပိုင်းအလုပ် လုပ်တယ်။ အလုပ်ရှင်က လုပ်ရည်ကိုင်ရည်ကို သဘောကျလို့ အချိန်ပြည့်လုပ်ရင် လစာ သုံးဆတိုးပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီ
အလုပ်က အမှုဆောင်လုပ်ငန်းမှာ ပါဝင်ချိန်နည်းသွားစေလို့ ငြင်းလိုက်တယ်။ ဒါက ယေဟောဝါရဲ့ ကိုယ်ကျိုးစွန့်သူ ကျေးကျွန်များစွာထဲက နမူနာ အနည်းငယ်သာ ဖြစ်တယ်။ နိုင်ငံတော်ကို ဦးစားထားတဲ့ ဒီဆုံးဖြတ်ချက်တွေက ဒီနေ့ စီးပွားရေးလောက ကမ်းလှမ်းတာတွေထက် ဘုရားနဲ့ မိတ်ဖွဲ့ခွင့်နဲ့ စစ်မှန်တဲ့ စည်းစိမ်ကို ပိုတန်ဖိုးထားကြောင်း ဖော်ပြတယ်။စည်းစိမ်ဥစ္စာ ကုန်သွားတဲ့အခါ
၁၅။ ဘယ်စည်းစိမ်က အကြီးမားဆုံး ကျေနပ်မှု ခံစားရစေသလဲ။
၁၅ စည်းစိမ်ဥစ္စာဟာ ဘုရားကောင်းချီးခံစားရတယ်ဆိုတဲ့ အထောက်အထား မဟုတ်ပါဘူး။ “မွန်မြတ်တဲ့လုပ်ရပ်တွေ အများကြီး လုပ်ဆောင်” သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်။ (၁ တိမောသေ ၆:၁၇-၁၉ ကိုဖတ်ပါ။) ဥပမာ၊ အယ်လ်ဘေးနီးယားနိုင်ငံမှာ အမှုဆောင်သူတွေ လိုအပ်နေမှန်း ညီအစ်မ လူစီယာ * သိတော့ ၁၉၉၃ ခုနှစ်မှာ အထောက်အပံ့ မရှိဘဲ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပြီး အီတလီကနေ ပြောင်းရွှေ့သွားတယ်။ အယ်လ်ဘေးနီးယားစကား တတ်ကျွမ်းလာပြီး လူ ၆၀ ကို နှစ်ခြင်းခံနိုင်အောင် ကူညီပေးခဲ့ပြီ။ ဘုရားလူမျိုးအများစုက အဲဒီလိုသီးပွင့်ဖြစ်ထွန်းတဲ့ နယ်မြေတွေမှာ မဟောပြောကြပေမဲ့ အသက်လမ်း ရှာတွေ့ဖို့၊ အသက်လမ်းမှာ ဆက်လျှောက်နိုင်ဖို့ အထောက်အကူပြုမယ့် ဘာကိုမဆို လုပ်ဆောင်ကြတယ်။ အဲဒါကို ကျွန်တော်တို့ရော သူတို့ပါ ထာဝစဉ် တန်ဖိုးထားကြပါမယ်။—မ. ၆:၂၀။
၁၆။ (က) ဒီနေ့ စီးပွားရေးစနစ် ဘာဖြစ်သွားမလဲ။ (ခ) အနာဂတ်အကြောင်း သိထားခြင်းက စည်းစိမ်ဥစ္စာကို ဘယ်လို ရှုမြင်စေသင့်သလဲ။
၁၆ ‘[မဖြောင့်မတ်တဲ့] စည်းစိမ် ကုန်သွားရင်’ လို့မပြောဘဲ ‘ကုန်သွားတဲ့အခါ’ လို့ ယေရှု ပြောတယ်။ (လု. ၁၆:၉) ဒီနောက်ဆုံးကာလမှာ ဘဏ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုလဲနေတယ်။ အနာဂတ်မှာ ဒီ့ထက် ပိုဆိုးလာနိုင်တယ်။ စာတန့်စနစ်တစ်ခုလုံး နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးတို့ ပျက်စီးရတော့မယ်။ စီးပွားရေးလောကရဲ့ အရေးကြီးရာ ရွှေငွေတွေ တန်ဖိုးမဲ့သွားမယ်လို့ ပရောဖက် ယေဇကျေလ၊ ဇေဖနိတို့ ကြိုဟောခဲ့တယ်။ (ယေဇ. ၇:၁၉။ ဇေ. ၁:၁၈) အသက် ဆုံးခါနီးကျမှ တစ်ဘဝလုံး စစ်မှန်တဲ့ စည်းစိမ်ကို မဟုတ်ဘဲ ဒီလောကရဲ့ “မဖြောင့်မတ်တဲ့ စည်းစိမ်” ကို သဲသဲမဲမဲ ရှာဖွေခဲ့ပြီး အဲဒီစည်းစိမ်တွေ တန်ဖိုး မရှိတော့ပါလားလို့ သိလိုက်ရတဲ့အခါ ဘယ်လို ခံစားရမလဲ။ တစ်ဘဝလုံး စုဆောင်းခဲ့တဲ့ ငွေတွေ အတုဖြစ်နေမှန်း သိလိုက်ရတဲ့သူလို ခံစားရနိုင်တယ်။ (ပညာ. ၁၈:၁၁) အဲဒီစည်းစိမ်ဥစ္စာတွေ လုံးလုံး ပျက်စီးသွားမယ်။ ဒါကြောင့် ကောင်းကင်မှာ ‘မိတ်ဖွဲ့’ ဖို့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ ယေဟောဝါရဲ့ နိုင်ငံတော် လုပ်ငန်း တိုးတက်ဖို့ လုပ်ဆောင်သမျှဟာ ကျွန်တော်တို့ကို စစ်မှန်တဲ့ စည်းစိမ် ရရှိစေတယ်။
၁၇၊ ၁၈။ ဘုရားရဲ့ မိတ်ဆွေတွေကို ဘာစောင့်ကြိုနေသလဲ။
၁၇ ဘုရားနိုင်ငံတော် ရောက်လာတဲ့အခါ ချေးငှားတာတွေ မရှိတော့ဘူး။ စားစရာတွေ အခမဲ့၊ အလျှံပယ် ရမယ်။ ကျန်းမာရေးစရိတ်တွေ မလိုတော့ဘူး။ ယေဟောဝါရဲ့ မြေကြီးဆိုင်ရာ မိသားစုဟာ မြေကြီးကပေးတဲ့ အကောင်းဆုံးအရာတွေကို မွေ့လျော်ခံစားရမယ်။ ရွှေငွေကျောက်သံပတ္တမြားတွေက ရင်းနှီးမြှုပ်နှံ၊ စုဆောင်းဖို့ မဟုတ်ဘဲ အလှဆင်ဖို့ ဖြစ်သွားမယ်။ လှပတဲ့အိမ်တွေ ဆောက်ဖို့ အရည်အသွေးမြင့် သစ်၊ ကျောက်၊ သတ္တုတွေ အခမဲ့ ရမယ်။ မိတ်ဆွေတွေက ငွေအတွက် မဟုတ်ဘဲ စေတနာနဲ့ ကူညီပေးကြမယ်။ မြေကြီးသယံဇာတတွေကို အတူမျှဝေ သုံးစွဲကြရမယ်။
၁၈ ဒါက ကောင်းကင်မှာ မိတ်ဖွဲ့သူတွေ ရရှိမယ့်၊ တန်ဖိုးမဖြတ်နိုင်မယ့် အမွေထဲက တချို့သာဖြစ်တယ်။ ယေဟောဝါရဲ့ မြေကြီးဆိုင်ရာ ကိုးကွယ်သူတွေဟာ “အဖဘုရားဆီက ကောင်းချီးကို ခံစားရသူတို့၊ လူ့လောကအစပြုချိန် ကတည်းက မင်းတို့အတွက် ပြင်ဆင်ထားတဲ့နိုင်ငံကို လာပြီး အမွေခံကြ” ဆိုတဲ့ ယေရှုရဲ့စကားကို ကြားတဲ့အခါ အကန့်အသတ်မဲ့ ပျော်ရွှင်ဝမ်းမြောက်ကြပါမယ်။—မ. ၂၅:၃၄။
^ စာပိုဒ်၊ 4 စွပ်စွဲချက် မှားသလား၊ မှန်သလား ယေရှု မပြောခဲ့ဘူး။ လုကာ ၁၆:၁ မှာ “စွပ်စွဲ” ဆိုတဲ့ ဂရိစကားလုံးက ဘဏ္ဍာစိုးအကြောင်း မမှန်မကန် ပြောဆိုတယ်ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဒါပေမဲ့ အလုပ်ထုတ်ခံရတဲ့ အကြောင်းရင်းတွေကို မဟုတ်ဘဲ ဘဏ္ဍာစိုးရဲ့ တုံ့ပြန်ပုံကို ယေရှု အဓိက ပြောခဲ့တယ်။
^ စာပိုဒ်၊ 15 ၂၀၀၃၊ ဇွန် ၂၂ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၈-၂၂ [အင်္ဂလိပ်] မှာ လူစီယာ မူဆန်နက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။