ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—မြန်မာ
“စပါးရိတ်စရာ အများကြီးရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်။ ဒါကြောင့် လုပ်သားတွေ စေလွှတ်ပေးဖို့ စပါးရှင်ဆီ ဆုတောင်းကြပါ။” (လု. ၁၀:၂) လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်က ယေရှုပြောခဲ့တဲ့ ဒီစကားတွေဟာ မြန်မာပြည်ရဲ့ အခြေအနေကို ကောင်းစွာဖော်ပြတယ်။ လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာပြည်မှာ သတင်းကောင်း ဟောပြောသူ ၄,၂၀၀ ပဲရှိတယ်။
ဒါပေမဲ့ “စပါးရှင်” ယေဟောဝါရဲ့ လှုံ့ဆော်မှုကြောင့် တိုင်းတစ်ပါး ညီအစ်ကို/မတွေဟာ အရှေ့တောင်အာရှထဲက ဒီနိုင်ငံရဲ့ ရိတ်သိမ်းခြင်းမှာ လာကူညီပေးနေကြတယ်။ ကိုယ့်နေရင်းဒေသကို သူတို့ ဘာကြောင့် ထားရစ်ခဲ့ကြသလဲ။ မြန်မာပြည်ကို ပြောင်းရွှေ့ဖို့ ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ ဘာကောင်းချီးတွေ ခံစားနေရသလဲ။ ကြည့်ကြစို့။
“လာပါ၊ ရှေ့ဆောင်တွေ လိုနေတယ်”
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျပန်နိုင်ငံက ရှေ့ဆောင် ကာဇူဟီရိုဟာ အတက်ရောဂါကြောင့် သတိလစ်ပြီး ဆေးရုံရောက်သွားတယ်။ နှစ်နှစ် ကားမမောင်းဖို့ ဆရာဝန်ပြောတယ်။ ‘ရှေ့ဆောင် ဘယ်လို ဆက်လုပ်ရမလဲ’ လို့ သူတွေးမိတယ်။ ရှေ့ဆောင် ဆက်လုပ်နိုင်အောင် လမ်းဖွင့်ပေးပါလို့ ယေဟောဝါဆီ ထက်ထက်သန်သန် ဆုတောင်းခဲ့တယ်။
ကာဇူဟီရို ပြောပြတယ်– “တစ်လကြာပြီးနောက် မြန်မာပြည်မှာ အမှုဆောင်နေတဲ့ သူငယ်ချင်းက ကျွန်တော့်အကြောင်း ကြားပြီး ဆက်သွယ်လာတယ်။ ‘မြန်မာပြည်မှာ ဘတ်စကားကိုပဲ အဓိကသုံးလို့ ကိုယ်ပိုင်ကား မလိုဘဲ အမှုဆောင်နိုင်တယ်’ တဲ့။ ဒါနဲ့ မြန်မာပြည် သွားလို့ရမရ ဆရာဝန်ကို မေးကြည့်တော့ ‘မြန်မာပြည်က ဦးနှောက်အထူးကု ဆရာဝန်တစ်ယောက် အခု ဂျပန်ကို ရောက်နေတယ်။ မိတ်ဆက်ပေးမယ်။ ဟိုမှာ ရောဂါပြန်ဖြစ်ရင် သူကုပေးနိုင်တယ်’ လို့ ပြောတဲ့အတွက် အံ့သြသွားတယ်။ ဒါ ယေဟောဝါဆီက အဖြေပဲလို့ ယူမှတ်လိုက်တယ်။”
ဒါနဲ့ ရှေ့ဆောင်အဖြစ် လာအမှုဆောင်ချင်ကြောင်း မြန်မာနိုင်ငံ ဌာနခွဲဆီ ချက်ချင်း အီးမေးလ် ပို့လိုက်တယ်။ ငါးရက်ကြာပြီးနောက် “လာပါ၊ ရှေ့ဆောင်တွေ လိုနေတယ်” လို့ ပြန်စာ ရတယ်။ ကာဇူဟီရိုနဲ့ ဇနီး မာရိလည်း ကားတွေ ရောင်း၊ ဗီဇာယူပြီး လေယာဉ်လက်မှတ် ဝယ်လိုက်တယ်။ အခု မန္တလေး လက်သင်္ကေတပြ အုပ်စုမှာ ပျော်ရွှင်စွာ အမှုဆောင်နေပြီ။ “‘မင်းတို့ရဲ့လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်’ ဆိုတဲ့ ဆာလံ ၃၇:၅ ပါ ဘုရားကတိကို ပိုယုံကြည်လာတယ်” လို့ ကာဇူဟီရို ပြောတယ်။
ယေဟောဝါ လမ်းဖွင့်ပေး
၂၀၁၄ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ယေဟောဝါသက်သေတွေ အထူးအစည်းအဝေး ကျင်းပခွင့်ရခဲ့တယ်။ တိုင်းတစ်ပါးက ကိုယ်စားလှယ် အတော်များများ လာကြတယ်။ တစ်ယောက်ကတော့ အမေရိကန်နိုင်ငံက အသက် ၃၄ နှစ်အရွယ် မိုနစ် ဖြစ်တယ်။ “အစည်းအဝေးကြီးကနေ ပြန်လာပြီးနောက် ဘာဆက်လုပ်ရမလဲဆိုတာ ယေဟောဝါဆီ ဆုတောင်းတယ်။ မိဘတွေနဲ့လည်း တိုင်ပင်တယ်။ မြန်မာပြည်ကို ပြန်သွားဖို့ အားလုံး သဘောတူပေမဲ့ ပန်းတိုင် ရောက်ဖို့ တော်တော်ဆုတောင်းပြီး အချိန်ယူခဲ့ရတယ်” လို့ သူပြောတယ်။ ဘာကြောင့်လဲ။
“‘ကုန်ကျစရိတ်ကို တွက်ချက်’ ဖို့ နောက်လိုက်တွေကို ယေရှု အားပေးခဲ့တယ်။ ဒါကြောင့် ‘ငါပြောင်းရွှေ့နိုင်မလား။ လောကအလုပ် သိပ်မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်မလား’ လို့ မေးခဲ့တယ်။ ပြောင်းရွှေ့ဖို့ ငွေအလုံအလောက် မရှိမှန်း သိလိုက်ရတယ်။” ဒါဆို ဘယ်လိုလုပ် ပြောင်းရွှေ့နိုင်ခဲ့သလဲ။—လု. ၁၄:၂၈။
“တစ်နေ့၊ အလုပ်ရှင် ခေါ်တွေ့တော့ အလုပ်ဖြုတ်ခံရမလားလို့ စိုးရိမ်သွားတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားလို့ ကျေးဇူးတင်ကြောင်းပြောဖို့ ခေါ်တာ။ ဆုကြေးငွေလည်း ပေးမယ်တဲ့။ အဲဒါ ကျွန်မလိုနေတဲ့ငွေ အတိအကျပဲ” လို့ မိုနစ် ပြောတယ်။
မိုနစ်ဟာ ၂၀၁၄၊ ဒီဇင်ဘာလကတည်းက မြန်မာပြည်မှာ အမှုဆောင်နေတယ်။ ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်နေတာနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။ “ဒီမှာ အမှုဆောင်ရတာ သိပ်ပျော်တယ်။ ကျမ်းစာသင်အံမှု သုံးခုရှိတယ်။ တစ်ယောက်က အသက် ၆၇ နှစ်။ သူက အမြဲပြုံးပြုံးလေးနဲ့ ဖက်လဲတကင်း နှုတ်ဆက်တယ်။ ဘုရားနာမည် ယေဟောဝါဖြစ်မှန်းသိတော့ မျက်ရည်ကျပြီး ‘ဘုရားနာမည် ယေဟောဝါဖြစ်မှန်း ဦးဆုံးအကြိမ် သိရတာ။ အန်တီ့ထက် အသက်တစ်ဝက်လောက် ငယ်ပေမဲ့ အရေးကြီးဆုံးအရာကို သင်ပေးလိုက်တာပဲ’ လို့ ပြောတယ်။ ကျွန်မလည်း မျက်ရည်ကျတော့တာပေါ့။ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ရတာဟာ ကျေနပ်စရာ အကောင်းဆုံးဖြစ်မှန်း ဒီအတွေ့အကြုံတွေကနေ သိလာတယ်။” မကြာသေးခင်က မိုနစ်ဟာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း တက်ခွင့်ရခဲ့တယ်။
၂၀၁၃ နှစ်ချုပ်စာအုပ် ကြောင့် မြန်မာပြည်ကို ရောက်လာတဲ့သူတချို့လည်း ရှိတယ်။ အရှေ့တောင်အာရှ မှာနေတဲ့ အသက် ၃၀ ဝန်းကျင် ညီအစ်မလီဟာ အချိန်ပြည့်အလုပ် လုပ်တယ်။ နှစ်ချုပ်စာအုပ် မှာပါတဲ့ မှတ်တမ်းတွေက မြန်မာပြည်ကို လာဖို့ လှုံ့ဆော်ပေးခဲ့တယ်။ “၂၀၁၄ ရန်ကုန် အထူးအစည်းအဝေးမှာ မြန်မာပြည်ရဲ့ တရုတ်လယ်ကွင်းမှာ အမှုဆောင်နေတဲ့ မောင်နှံတစ်စုံနဲ့ တွေ့တယ်။ ကျွန်မလည်း တရုတ်စကားတတ်တော့ ဒီတရုတ်အုပ်စုကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ မိုနစ်နဲ့ အဖော်ရသွားပြီး မန္တလေးကို ပြောင်းလာတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ တစ်ကျောင်းတည်းမှာ အချိန်ပိုင်း ဆရာမအလုပ် ရပြီး အဲဒီနားမှာ တိုက်ခန်းတစ်ခု ရှာတွေ့ခဲ့တယ်။ ရာသီဥတုပူပြီး အဆင်မပြေတာလေးတွေ ရှိပေမဲ့ သိပ်ပျော်တယ်။ မြန်မာလူမျိုးတွေက ရိုးရိုးရှင်းရှင်း နေကြတယ်။ ယဉ်ကျေးပြီး သတင်းကောင်းကို နားထောင်ချင်ကြတယ်။ ဒီလုပ်ငန်းကို ယေဟောဝါ ဘယ်လို အရှိန်မြှင့်နေမှန်း တွေ့ရတာ စိတ်လှုပ်ရှားစရာပါပဲ။ မန္တလေးမှာ အမှုဆောင်ဖို့ ယေဟောဝါ အလိုရှိတာ သေချာတယ်။”
ဆုတောင်းချက်တွေကို ယေဟောဝါ ကြား
ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်တဲ့သူ အတော်များများဟာ ဆုတောင်းခြင်းရဲ့ အစွမ်းကို ကိုယ်တွေ့ ကြုံခဲ့ကြတယ်။ အသက် ၃၅ နှစ်ဝန်းကျင် ဂျွန်ပေနဲ့ ဇနီး နာအိုတို့ဟာ ဂျပန်နိုင်ငံ လက်သင်္ကေတပြ အသင်းတော်မှာ အမှုဆောင်ခဲ့ကြတယ်။ ဘာကြောင့် မြန်မာပြည်ကို ပြောင်းရွှေ့လာတာလဲ။ “ကျွန်တော်တို့ရဲ့ ပန်းတိုင်က ပိုလိုအပ်တဲ့ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့
ပဲ။ ကျွန်တော်တို့ရဲ့ အသင်းတော်က ညီအစ်ကိုတစ်ယောက် မြန်မာပြည်ကို ပြောင်းသွားတယ်။ ကျွန်တော်တို့လည်း စုထားတဲ့ ငွေနည်းနည်းပဲ ရှိပေမဲ့ ၂၀၁၀၊ မေလမှာ မြန်မာပြည်ကို ပြောင်းလာခဲ့ကြတယ်။ ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်” လို့ ပြောတယ်။ မြန်မာပြည် လက်သင်္ကေတပြ လယ်ကွင်းကကော။ “စိတ်ဝင်စားတဲ့သူ များတယ်။ နားမကြား အိမ်ရှင်တွေကို လက်သင်္ကေတပြ ဗီဒီယိုတွေ ဖွင့်ပြတဲ့အခါ တအားအံ့ဩကြတယ်။ ဒီကိုလာပြီး အမှုဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ သိပ်ဝမ်းသာတယ်။”သူတို့ရဲ့ ငွေကြေး အခြေအနေကော။ “သုံးနှစ်ကြာပြီးနောက် စုထားတဲ့ငွေ ကုန်သွားလို့ နောက်နှစ်အတွက် အိမ်ငှားခ မရှိတော့ဘူး။ ဒါနဲ့ အကြီးအကျယ် ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ ဌာနခွဲရုံးကနေ ယာယီအထူးရှေ့ဆောင်အဖြစ် ဖိတ်ခေါ်တဲ့စာကို မမျှော်လင့်ဘဲ ရလိုက်တယ်။ ယေဟောဝါဟာ မိမိကို ယုံကြည်ကိုးစားတဲ့သူကို ပစ်မထားမှန်း ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကျွန်တော်တို့ကို နည်းအမျိုးမျိုးနဲ့ ဂရုစိုက်ပေးတယ်။” မကြာသေးခင်တုန်းက သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကို သူတို့ တက်ခွင့်ရခဲ့တယ်။
လူများစွာကို ယေဟောဝါ လှုံ့ဆော်
အီတလီနိုင်ငံက အသက် ၄၃ နှစ်အရွယ် ဆိုင်မွန်နဲ့ နယူးဇီလန်နိုင်ငံသူ အသက် ၃၇ နှစ်အရွယ် ဇနီးအန်နာတို့ကို မြန်မာပြည်ကို ပြောင်းရွှေ့ဖို့ ဘာက လှုံ့ဆော်ပေးခဲ့သလဲ။ “မြန်မာပြည်အကြောင်း ရေးထားတဲ့ ၂၀၁၃ နှစ်ချုပ်စာအုပ် ပါ” လို့ အန်နာ ဖြေတယ်။ “မြန်မာပြည်မှာ အမှုဆောင်ရတာ အခွင့်ထူးကြီးပါပဲ။ ဒီမှာ ဘဝက ရိုးရှင်းတဲ့အတွက် ယေဟောဝါရဲ့ အမှုတော်မှာ အချိန်ပိုပေးနိုင်တယ်။ ယေဟောဝါရဲ့ စောင့်ရှောက်မှုကို ခံစားရလို့ စိတ်လှုပ်ရှားမိတယ်” လို့ ဆိုင်မွန်ပြောတယ်။ (ဆာ. ၁၂၁:၅) “ကျွန်မ သိပ်ပျော်တာပဲ။ ဘဝက ရိုးရှင်းတော့ လင်မယားနှစ်ယောက် အချိန်ပိုပေးနိုင်လို့ ပိုပြီးရင်းနှီးလာတယ်။ မိတ်ဆွေသစ်တွေ ရလာတယ်။ သက်သေခံတွေအပေါ် လူတွေ အမြင်မစောင်းဘဲ ကောင်းကောင်း တုံ့ပြန်ကြတယ်” လို့ အန်နာ ပြောတယ်။
အန်နာက သူ့အတွေ့အကြုံကို ဒီလိုပြောပြတယ်– “တစ်နေ့၊ ဈေးမှာ တက္ကသိုလ်ကျောင်းသူတစ်ယောက်ကို သက်သေခံပြီး ပြန်တွေ့ဖို့ ချိန်းလိုက်တယ်။ နောက်တစ်ကြိမ်တွေ့တော့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာတယ်။ နောက်တစ်ခေါက်ကျတော့ တချို့ကို ထပ်ခေါ်လာတယ်။ နောက်တစ်ခေါက်ကျတော့ ပိုများတယ်။ အခု သူတို့ထဲက ငါးယောက်နဲ့ ကျမ်းစာလေ့လာနေတယ်။” “လူတွေက ဖော်ရွေပြီး စပ်စုကြတယ်။ စိတ်ဝင်စားသူတွေ များလွန်းလို့ အချိန် မလောက်နိုင်ဘူး” လို့ ဆိုင်မွန်ပြောတယ်။
မြန်မာပြည်ကို ပြောင်းလာဖို့ ဘာတွေ လက်တွေ့ကျကျ လုပ်ခဲ့ရသလဲ။ ဂျပန်နိုင်ငံက မီဇူဟို ပြောပြတယ်– “ကျွန်မအမျိုးသား ဆာချီအိုက ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ချင်တယ်။ ဘယ်သွားကြမလဲ။ ၂၀၁၃ နှစ်ချုပ်စာအုပ် မှာပါတဲ့ အားရှိစရာ တွေ့ကြုံမှုတွေ ဖတ်ပြီးနောက် မြန်မာပြည်မှာ အမှုဆောင်ဖို့
စစဉ်းစားလာတယ်။” “ရန်ကုန်မြို့တော်ကို တစ်ပတ် သွားလည်ပြီး အခြေအနေ ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီခရီးတိုကြောင့် ပြောင်းဖို့ ပိုသေချာသွားတယ်” လို့ ဆာချီအို ဆက်ပြောတယ်။ဖိတ်ခေါ်ချက်ကို လက်ခံမလား
ဩစတြေးလျနိုင်ငံက အသက် ၅၀ ဝန်းကျင် ရော့ဒ်နီနဲ့ ဇနီးဂျိန်းဟာ သားဂျော်ဒန်၊ သမီးဒန်နီကာနဲ့အတူ ၂၀၁၀ ကတည်းက မြန်မာပြည်မှာ အမှုဆောင်နေတယ်။ “လူတွေ ဘုရားအကြောင်း သိချင်စိတ် ပြင်းပြတာကိုတွေ့ရလို့ စိတ်ထိမိသွားတယ်။ မြန်မာပြည်မှာ လာအမှုဆောင်ဖို့ တခြားသူတွေကို အားပေးပါတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့မိသားစု ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ လူငယ်များစွာဟာ ဖုန်း၊ ကား၊ အလုပ် စတာတွေနဲ့ အလုပ်များနေကြပေမဲ့ ကျွန်တော်တို့ရဲ့ သားနဲ့ သမီးကတော့ အမှုဆောင်လုပ်ငန်းမှာ သုံးမယ့် စကားလုံးအသစ်တွေ သင်ယူဖို့ အလုပ်များနေကြတယ်။ ကျမ်းစာအကြောင်း သိပ်မသိသူတွေနဲ့ ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်မလဲ၊ အစည်းအဝေးတွေမှာ ဘယ်လို မှတ်ချက်ပေးရမလဲဆိုတာ သင်ယူပြီး ဘုရားရေးရာ အလုပ်တွေမှာ အာရုံနှစ်ထားကြတယ်” လို့ ရော့ဒ်နီ ပြောတယ်။
အမေရိကန်နိုင်ငံက အသက် ၃၇ နှစ်အရွယ် အိုလီဗာက ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ အားပေးရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်– “အဆင်ပြေတဲ့ ဝန်းကျင်ကနေ ထွက်ပြီး ယေဟောဝါအတွက် အမှုဆောင်လို့ အကျိုးများစွာ ရတယ်။ အိမ်နဲ့ ဝေးနေလို့ ဘယ်အခြေအနေမှာမဆို ယေဟောဝါကို ပိုယုံကြည်ကိုးစားတတ်လာတယ်။ ကိုယ်နဲ့ တစ်ခါမှ မသိပေမဲ့ ယုံကြည်ခြင်း တူတဲ့သူတွေနဲ့ တွဲအမှုဆောင်တာက ဘုရားနိုင်ငံတော်ထက် ပိုအရေးကြီးတာ ဘာမှမရှိမှန်း နားလည်စေတယ်။” အခု၊ အိုလီဗာနဲ့ ဇနီးအန်နာဟာ တရုတ်လယ်ကွင်းမှာ ထက်သန်စွာ အမှုဆောင်နေကြတယ်။
ဩစတြေးလျနိုင်ငံက အသက် ၅၂ နှစ်အရွယ် ထရေဇာဟာ မြန်မာပြည်မှာ ၂၀၀၄ ကတည်းက အမှုဆောင်နေတယ်။ “အခြေအနေပေးမယ်ဆိုရင် ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ဖို့ အားပေးပါတယ်။ အမှုဆောင်လိုစိတ်သာ ရှိမယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကိုယ်တွေ့ခံစားရတယ်။ ဒီလိုဘဝမျိုးကို တစ်ခါမှ စိတ်မကူးဖူးဘူး။ အကျိုးအရှိဆုံး၊ ကျေနပ်စရာအကောင်းဆုံး ဘဝပါပဲ” လို့ပြောတယ်။
မြန်မာပြည်မှာ အမှုဆောင်နေသူတွေရဲ့ အထက်ပါစကားတွေက တစ်ခါမှ မဟောရသေးတဲ့ ဒေသမှာရှိတဲ့ စိတ်ရိုးဖြောင့်သူတွေကို ကူညီပေးဖို့ သင့်ကို လှုံ့ဆော်ပေးပါစေ။ ‘မြန်မာပြည်ကို ကူးလာပြီး ကျွန်တော်တို့ကို ကူညီပါ’ လို့ သူတို့ ဖိတ်ခေါ်နေပါတယ်။