မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား

ခေတ်နောက်ကျသွားပြီလား၊ ခေတ်ရှေ့ပြေးနေဆဲလား

သိပ္ပံ​ပညာ

ကျမ်းစာ​ဟာ သိပ္ပံ​ပြဋ္ဌာန်း​စာအုပ် မဟုတ်​ပေ​မဲ့ ကျမ်းစာ​ဖော်ပြချက်​တွေဟာ ခေတ်ရှေ့ပြေး​တယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ။

စကြဝဠာ​မှာ အစ​ရှိ​သလား

စကြဝဠာ​မှာ အစ​မရှိဘူးလို့ နာမည်ကြီး​သိပ္ပံ​ပညာ​ရှင်တွေ တစ်ချိန်က ယတိပြတ်​ယူဆ​ခဲ့ကြတယ်။ အခုတော့ စကြဝဠာ​မှာ အစ​ရှိ​တယ်​လို့​ လက်ခံ​လိုက်​ကြပြီ။ ရှေး​ကတည်းက ကျမ်းစာမှာ အဲဒီ​အတိုင်း ရှင်းရှင်းလင်းလင်း ပြောထားတယ်။—ကမ္ဘာဦး ၁:၁

ကမ္ဘာကြီး​ဟာ ဘယ်လို​ပုံစံ​ရှိ​သလဲ

ရှေး​အချိန်​က လူ​များစွာ​ဟာ ကမ္ဘာကြီး ပြား​တယ်လို့ ယူဆ​ခဲ့ကြတယ်။ ဘီစီ ငါးရာစု​ရောက်တဲ့​အခါ ဂရိ​သိပ္ပံပညာရှင်တွေ​က ကမ္ဘာကြီး​ဟာ စက်လုံး​ပုံ​ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အဲဒီ​မတိုင်ခင် ဘီစီ ရှစ်ရာစု​ကတည်းက ကျမ်း​ရေးသူ​ဟေရှာယ​ဟာ “ကမ္ဘာလုံး” ဆိုတဲ့ အသုံးအနှုန်း​ကို သုံးခဲ့​တယ်။—ဟေရှာယ ၄၀:၂၂

ကောင်းကင်​ဟာ ပျက်စီးနိုင်​သလား

ပျက်စီးယိုယွင်း​ခြင်း​ဆိုတာ ကမ္ဘာပေါ်မှာ​ပဲ​ရှိ​တယ်၊​ ကြယ်အတိပြီး​တဲ့ ကောင်းကင်​က​တော့ ပြောင်းလဲ၊ ပျက်စီးခြင်း လုံးဝ​မရှိ​နိုင်​ဘူးလို့ ဘီစီ​ လေးရာစု​က ဂရိ​သိပ္ပံပညာရှင် အရစ္စတိုတယ် သွန်သင်​တယ်။ ရာစုနှစ်​များစွာ အဲဒီလိုပဲ ယူဆ​ခဲ့ကြတယ်။ ၁၉ ရာစု​ရောက်တဲ့​အခါ သိပ္ပံပညာရှင်​တွေ​က က​စ​ဉ့်​က​လျား​ဖြစ်​ခြင်း​ဆိုတဲ့ သဘောတရား​ကို ဖော်ထုတ်​ခဲ့တယ်။ ကောင်းကင်မှာ​ဖြစ်စေ၊ မြေကြီး​မှာ​ဖြစ်စေ အရာဝတ္ထု​မှန်သမျှ ပျက်စီးယိုယွင်း​နိုင်တယ်​ဆိုတဲ့ သဘော​ပဲ။ ဒီယူဆ​ချက်​ကို ထောက်ခံ​တဲ့ သိပ္ပံပညာရှင် လော့​ဒ် ကယ်​လ်​ဗ​င်​က ကောင်းကင်နဲ့ မြေကြီး​ဟာ “အဝတ်​လို ဟောင်းနွမ်း​သွား​လိမ့်မယ်” လို့ ကျမ်းစာ​ပြောတာကို သတိပြုမိတယ်။ (ဆာလံ ၁၀၂:၂၅၊ ၂၆) ဘုရား​သခင်​က ဖန်ဆင်းရာ​ တွေကို ပျက်စီးယိုယွင်း​မသွား​အောင် တားဆီး​ နိုင်စွမ်း​ရှိတယ်ဆိုတဲ့ ကျမ်းစာ​ သွန်သင်ချက်​ကို ကယ်​လ်​ဗ​င် ယုံကြည်​တယ်။—ဒေသနာ ၁:၄

ကမ္ဘာ​လိုမျိုး ဂြိုဟ်​တွေကို ဘာက ဆွဲ​ထား​သလဲ

ကောင်းကင်မှာ​ရှိတဲ့ ဂြိုဟ်​တာ​ရာ​အားလုံး​ဟာ ဖန်လို​ ကြည်​တဲ့ စက်လုံး​ထဲမှာ အဆင့်ဆင့် တည်ရှိနေ​ပြီး ကမ္ဘာမြေ​က​တော့ အလယ်ဗဟို​မှာ ရှိတယ်လို့ အရစ္စတိုတယ် သွန်သင်​တယ်။ အေဒီ​ ၁၈ ရာစု​ရောက်တဲ့​အခါ သိပ္ပံပညာရှင်တွေ​က ကြယ်​တွေ၊ ဂြိုဟ်တွေဟာ ဟင်းလင်းပြင်​မှာ ဒီအတိုင်း ရှိနေ​တယ်လို့ လက်ခံ​လာကြ​တယ်။ ဘီစီ ၁၅ ရာစု​မှာ ရေးခဲ့တဲ့ ယောဘ​ကျမ်း​မှာ ဖန်ဆင်းရှင်ဟာ “ကမ္ဘာမြေ​ကို ဘာ​နဲ့​မှ မ​ချိတ်ဆွဲ​ဘဲ ဆိုင်း​ထားတယ်” လို့ ဖော်ပြထားတယ်။—ယောဘ ၂၆:၇

ဆေးပညာ

ကျမ်းစာဟာ ဆေးပညာပြဋ္ဌာန်းစာအုပ် မဟုတ်ပေမဲ့ ခေတ်ရှေ့ပြေးတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေ ပါတယ်။

လူနာ​ကို သီးသန့်​ခွဲထား​ခြင်း

အနာ​ကြီး​ရောဂါသည်​တွေကို သီးသန့်​နေခိုင်း​ရမယ်လို့ မောရှေ​ပညတ်​မှာ ညွှန်ကြား​ထားတယ်။ အလယ်ခေတ်​မှာ ကပ်ရောဂါ​တွေ ကြုံရ​တော့မှ​ပဲ ဆရာဝန်​တွေဟာ အဲဒီ​ညွှန်ကြားချက်ကို လိုက်နာ​ဖို့လို​မှန်း သိလာ​ကြ​တယ်။ အဲဒီ​ညွှန်ကြားချက်​ဟာ အခုထိ အသုံးဝင်​နေတုန်းပဲ။—ဝတ်ပြု​ရာ​ အခန်းကြီး ၁၃၊ ၁၄

လူသေ​ကို ထိတွေ့​ကိုင်တွယ်​ပြီးနောက် လက်​ဆေး​ခြင်း

၁၉ ရာစု​နှောင်းပိုင်း​အထိ ဆရာဝန်​တွေဟာ လူသေ​တွေကို ကိုင်တွယ်​ပြီးနောက် လက်မ​ဆေး​ဘဲ လူနာ​တွေကို ဆက်​ကုသ​ပေး​လေ့ရှိတယ်။ ဒါကြောင့်​ လူအသေ​အပျောက် များ​ခဲ့တယ်။ မောရှေ​ပညတ်​မှာတော့ လူသေ​ကို ကိုင်​မိ​သူ​တိုင်း မသန့်ရှင်း​ဘူးလို့ ဖော်ပြတယ်။ လူသေ​ကို ထိမိ​ပြီးနောက် ရေချိုး​​သန့်စင်​ရမယ်လို့​တောင် ညွှန်ကြားတယ်။ ဒီဘာသာရေး​ဓလေ့ထုံးစံ​တွေဟာ ကျန်းမာရေး​​အတွက်​လည်း တကယ် အထောက်အကူ​ပြုတယ်။—တောလည်ရာ ၁၉:၁၁၊ ၁၉

မစင်စွန့်ခြင်း

နှစ်စဉ် ကလေး ငါး​သိန်း​ကျော်​ဟာ ဝမ်း​ရောဂါ​ကြောင့် သေဆုံး​ရတယ်။ အဓိက​အကြောင်းရင်း​က စည်း​မဲ့​ကမ်း​မဲ့​စွန့်​တဲ့ လူ့​မစင်​တွေကြောင့်​ပဲ။ လူတွေ​နဲ့​ဝေးရာ​မှာ မစင်​စွန့်​ရမယ်၊ မစင်​စွန့်ပြီး​ရင် မြေကြီး​နဲ့​ပြန်​ဖုံး​ရမယ်​ဆိုပြီး မောရှေ​ပညတ်​မှာ ဖော်ပြတယ်။—တရားဟောရာ ၂၃:၁၃

အရေဖျားဖြတ်​ရမယ့်​အချိန်

သားယောက်ျား​ဆိုရင် ရှစ်​ရက်​မြောက်​နေ့​မှာ အရေဖျားဖြတ်​ရမယ်လို့ ဘုရား​ပညတ်​မှာ ဖော်ပြတယ်။ (ဝတ်ပြုရာ ၁၂:၃) မွေးကင်းစ​ကလေး​တွေမှာ မွေး​ပြီး​တစ်ပတ်​ကျော်​မှ​ပဲ သွေး​ခဲ​နှုန်း ပုံမှန်​အခြေအနေ ရောက်​နိုင်တယ်။ ခေတ်မီ​ဆေးဝါး​ကုသမှု​တွေ မ​ပေါ်​သေး​ခင် အဲဒီ​အချိန်တုန်းက တစ်ပတ်​ကျော်​ပြီးမှ အရေဖျားဖြတ်​တာဟာ ပညာရှိ​ရာ​ရောက်​တယ်။

စိတ်​ကျန်းမာရေး​နဲ့ ခန္ဓာ​ကျန်းမာရေး ဆက်စပ်မှု​ရှိ​ခြင်း

ပျော်ရွှင်​ခြင်း၊ မျှော်လင့်ခြင်း၊ ကျေးဇူးတင်​ခြင်း၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ခြင်း စတဲ့ အပြုသဘောဆောင်​တဲ့ စိတ်ထား​တွေဟာ ကျန်းမာရေး​ကောင်း​စေတယ်​လို့ ဆေး​သုတေသီ​တွေ၊ သိပ္ပံပညာရှင်တွေ ဆို​ကြ​တယ်။ ကျမ်းစာမှာ​လည်း “ရွှင်လန်း​တဲ့​စိတ်​ဟာ ဆေး​စွမ်း​ကောင်း​တစ်လက်​ပဲ။ ကြေကွဲ​တဲ့​စိတ်​က​တော့ ခွန်အား​ဆုတ်ယုတ်​စေတယ်” လို့ ဖော်ပြတယ်။—ပညာအလိမ္မာ ၁၇:၂၂