ကောင်းမြတ်တဲ့ ကတိတော်တွေကို ဘုရားသခင် ဖော်ပြပုံ
ဘုရားသခင်ဟာ လူသားတွေကို ဖန်ဆင်းချိန်ကစပြီး ကောင်းကင်တမန်တွေ၊ ပရောဖက်တွေကတစ်ဆင့် လူတွေနဲ့ ဆက်သွယ်တယ်။ အဲဒီအပြင် မိမိရဲ့ သတင်းစကားတွေ၊ ကတိတော်တွေကို ရေးသားပြီး မှတ်တမ်းတင်စေတယ်။ ပျော်ရွှင်ဖွယ် အနာဂတ် ရှိတယ်လို့ ဘုရား ကတိပေးထားတယ်။ ဒါဆို အခုချိန်မှာ ဘုရားသခင့်ကတိတွေကို ဘယ်မှာ တွေ့နိုင်သလဲ။
ဘုရားသခင့် သတင်းစကားတွေကို သမ္မာကျမ်းစာထဲမှာ တွေ့နိုင်တယ်။ (၂ တိမောသေ ၃:၁၆) ဘုရားရဲ့ သတင်းစကားတွေကို ပရောဖက်တွေ ဘယ်လို ရေးသားခဲ့ကြသလဲ။ (၂ ပေတရု ၁:၂၁) ဘုရားသခင်က မိမိရဲ့ အတွေးတွေကို ကျမ်းရေးသူတွေစိတ်ထဲ ထည့်ပေးပြီး ချရေးစေတယ်။ ဥပမာပြောရရင် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က သူ့ကိုယ်စား အတွင်းရေးမှူးကို စာရေးခိုင်းတယ်။ အဲဒီစာကို စီးပွားရေးလုပ်ငန်းရှင်ရဲ့ စာလို့ပဲ ကျွန်တော်တို့ သတ်မှတ်တယ်။ အဲဒီလိုပဲ ဘုရားသခင်က မိမိရဲ့ သတင်းစကားကို ရေးဖို့ လူတွေကို သုံးပေမဲ့ ကျမ်းစာရဲ့ အာဘော်ရှင်ကတော့ ဘုရားသခင်ပါပဲ။
ကျမ်းစာကို အလွယ်တကူ ရနိုင်
ဘုရားသခင့် သတင်းစကားက သိပ်အရေးကြီးလို့ ဘုရားက လူတိုင်းကို ဖတ်စေချင်၊ နားလည်စေချင်တယ်။ အခုချိန်မှာ “ထာဝရသတင်းကောင်း” ကို “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ” အလွယ်တကူ ရနိုင်ပြီ။ (ဗျာဒိတ် ၁၄:၆) သမ္မာကျမ်းစာကို ဘာသာစကား ၃,၀၀၀ ကျော်နဲ့ ဖတ်နိုင်ပြီ။ ကမ္ဘာပေါ်မှာ အဲဒီလောက်များတဲ့ ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ စာအုပ် မရှိဘူး။