သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
ကျွန်တော် စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့
-
မွေးဖွားတဲ့နှစ် ၁၉၇၄
-
နေရင်းနိုင်ငံ မက္ကဆီကို
-
ဘဝနောက်ခံ အကြမ်းဖက်အနိုင်ကျင့်တတ်တဲ့ လမ်းသရဲချာတိတ်
အတိတ်–
မက္ကဆီကိုနိုင်ငံရဲ့ သိပ်လှတဲ့ တမော်လီပါစ်ပြည်နယ်၊ စီယူဒက် မန်တယ်မြို့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ အဲဒီမှာနေတဲ့သူတွေက အများအားဖြင့်တော့ စိတ်ရင်းစေတနာကောင်းကြတယ်။ ဒါပေမဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့် အဲဒီနေရာက သိပ်အန္တရာယ်များတယ်။
သားချည်းပဲ လေးယောက်ရှိတဲ့ထဲက ကျွန်တော်က ဒုတိယမြောက်ပါ။ မိဘတွေက ကျွန်တော့်ကို ကက်သလစ်ချာ့ခ်ျမှာ နှစ်ခြင်းမင်္ဂလာ ခံယူခိုင်းတာမို့ နောက်ပိုင်းမှာ ဓမ္မတေးသံစုံအဖွဲ့ထဲ ကျွန်တော် ပါဝင်ခွင့်ရခဲ့တယ်။ ဘုရားနှစ်သက်တဲ့ လမ်းစဉ်အတိုင်း ကျွန်တော်နေထိုင်ချင်တယ်။ ဒါမှ ကျွန်တော်သိပ်ကြောက်တဲ့ ငရဲမှာ ထာဝစဉ်ညှဉ်းဆဲမခံရမှာလေ။
ကျွန်တော် အသက် ၅ နှစ်မှာ အဖေက မိသားစုကို ထားသွားတယ်။ သိပ်ဝမ်းနည်းတာပဲ။ ရင်ထဲမှာလည်း ဟာတာတာကြီး ခံစားရတယ်။ ကျွန်တော်တို့ သူ့ကို ဒီလောက်ချစ်ရဲ့သားနဲ့ သူ ဘာလို့ထားသွားမှန်း နားမလည်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ သားလေးယောက်ကို ကျွေးမွေးဖို့ အမေ့ခမျာ အပြင်ထွက် အလုပ်လုပ်ရတော့တယ်။
ကျွန်တော်လည်း ဒီအခြေအနေကို အခွင့်အရေးယူပြီး အတန်းကြီးကျောင်းသားတွေနဲ့အတူ ကျောင်းပြေးတယ်။ သူတို့က ကျွန်တော့်ကို ဆဲတတ်အောင်၊ ဆေးလိပ်သောက်တတ်အောင် သင်ပေးတယ်။ ဒါ့အပြင် ခိုးတတ်အောင်၊ ရန်ဖြစ်တတ်အောင်လည်း သင်ပေးတယ်။ ကျွန်တော်က တခြားသူတွေကို အမြဲဗိုလ်ကျချင်တော့ လက်ဝှေ့၊ နပန်းနဲ့ လက်နက်မျိုးစုံသုံးပြီး တိုက်ခိုက်တာတွေကို သင်ယူခဲ့တယ်။ ဒီလိုနဲ့ အကြမ်းဖက်အနိုင်ကျင့်တတ်တဲ့ ချာတိတ်တစ်ယောက် ဖြစ်လာတယ်။ မကြာခဏဆိုသလို ပစ်ခတ်မှုတွေမှာ ကျွန်တော်ပါဝင်ခဲ့တယ်။ သွေးအလိမ်းလိမ်းနဲ့ သေလုမျောပါး လမ်းမှာပစ်ထားခံရတာလည်း ကြုံဖူးတယ်။ ဒါကို အမေတွေ့ပြီး ဆေးရုံကို အပြေးအလွှားပို့ပေးရတဲ့အခါ သူ့ခမျာ ဘယ်လောက်ဝမ်းနည်းမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။
အသက် ၁၆ နှစ်မှာ ငယ်သူငယ်ချင်း ဟော်ဟေး အိမ်ကိုလာလည်တယ်။ သူက ယေဟောဝါသက်သေတစ်ယောက်ဖြစ်ပြီး အရေးကြီးတဲ့ သတင်းစကားတစ်ခု ဝေမျှပေးချင်တယ်လို့ ပြောတယ်။ အဲဒီနောက် ကျမ်းစာသုံးပြီး သူ့ရဲ့ယုံကြည်ချက်တွေအကြောင်း ရှင်းပြတယ်။ အဲဒါတွေကို ကျွန်တော်တစ်ခါမှ မဖတ်ဖူးဘူး။ ဘုရားသခင့်နာမည်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း သိလိုက်ရတော့ ကျွန်တော် သိပ်ဝမ်းသာသွားတယ်။ ဒါနဲ့ ဟော်ဟေးက ကျွန်တော်တို့ကို ကျမ်းစာအတူတူ လေ့လာချင်လားလို့မေးတယ်။ ကျွန်တော်တို့လည်း သူပြောတဲ့အတိုင်း လက်ခံလိုက်ကြတယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ–
ငရဲနဲ့ပတ်သက်တဲ့ ကျမ်းစာအမှန်တကယ် သွန်သင်ရာကို သိလိုက်ရတော့ ကျွန်တော် တအားကို စိတ်သက်သာရာရသွားတယ်။ တကယ်ဆို ကျမ်းစာမှာ ငရဲအကြောင်း မသွန်သင်ထားဘူး။ (ဆာလံ ၁၄၆:၄; ဒေသနာ ၉:၅) အဲဒီလိုသိပြီးနောက်ပိုင်း ဘုရားကို အလွန်အမင်း ကြောက်ရွံ့နေတာမျိုး မဖြစ် တော့ဘူး။ အဲဒီအစား ကလေးတွေအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးချင်တဲ့ မေတ္တာရှိ ဖခင်တစ်ယောက်အနေနဲ့ပဲ မြင်မိတော့တယ်။
ကျမ်းစာလေ့လာမှုမှာ တိုးတက်လာတာနဲ့အမျှ အကျင့်စရိုက်တွေကို ပြောင်းလဲဖို့လိုမှန်း သိလာတယ်။ ကျွန်တော့်အနေနဲ့ နှိမ့်ချမှု အရည်အသွေးကို မွေးမြူဖို့နဲ့ အကြမ်းဖက် အနိုင်ကျင့်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ဖို့လိုတယ်။ ဒီလိုလုပ်နိုင်ဖို့ ကူညီပေးတာကတော့ ၁ ကောရိန္သု ၁၅:၃၃ ပါ ပညာရှိစကားတွေပါပဲ။ ‘မကောင်းတဲ့ အပေါင်းအသင်းတွေဟာ ကိုယ်ကျင့်တရားကို ပျက်စီးစေတယ်’ လို့ အဲဒီမှာပြောထားတယ်။ ဒါကြောင့် အကျင့်စရိုက်တွေကို ပြောင်းလဲချင်ရင် ကျွန်တော့်အပေါ် မကောင်းတဲ့သြဇာ လွှမ်းမိုးနိုင်တဲ့သူတွေနဲ့ ပေါင်းသင်းနေတာကို ရပ်စဲပစ်ရမယ်ဆိုတာ နားလည်လာတယ်။ ဒါနဲ့ မိတ်ဆွေဟောင်းတွေရဲ့နေရာမှာ အသင်းတော်က ညီအစ်ကိုညီအစ်မတွေကို အစားထိုးလိုက်တယ်။ ဘာလို့လဲဆိုတော့ ညီအစ်ကိုညီအစ်မတွေက သဘောထားကွဲလွဲမှုတွေကို လက်သီးသုံးပြီး ဖြေရှင်းတာမျိုး၊ အကြမ်းဖက် အနိုင်ကျင့်တာမျိုး မလုပ်ဘဲ ကျမ်းစာလမ်းညွှန်ချက်တွေကိုပဲ ကျင့်သုံးကြလို့လေ။
ကျွန်တော့်ကို အပြောင်းလဲကြီး ပြောင်းလဲစေတဲ့ နောက်ကျမ်းတစ်ချက်ကတော့ ရောမ ၁၂:၁၇-၁၉ ပါ။ အဲဒီမှာ အခုလိုပြောထားတယ်– “မည်သူ့ကိုမျှ အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ . . . သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာ နေကြလော့။ . . . ကိုယ်တိုင်လက်စားမချေကြနှင့်။ . . . ‘လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရားမိန့်တော်မူ၏’ ဟူ၍ ကျမ်းစာ၌ ရေးထား၏။” ယေဟောဝါဘုရားက မတရားမှုတွေကို သင့်လျော်တဲ့အချိန်မှာ သင့်လျော်တဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းပေးမယ်ဆိုတာ ကျွန်တော်လက်ခံတတ်လာတယ်။ ဒီလိုနဲ့ အကြမ်းဖက် အနိုင်ကျင့်တတ်တဲ့ ဘဝပုံစံကို တဖြည်းဖြည်း ပြောင်းလဲလာနိုင်ခဲ့တယ်။
အိမ်အပြန် ညနေခင်းတစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေကို မှတ်မိနေတုန်းပဲ။ ရန်ငြိုးရှိဖူးတဲ့ လူငယ်လူဆိုးဂိုဏ်းတစ်စု ကျွန်တော့်ကို ဝိုင်းပြီးရိုက်နှက်ကြတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်နောက်ကျောကို ကန်လိုက်ပြီး “ပြန်ချလေကွာ” လို့ အော်ပြောတယ်။ ကျွန်တော်လည်း ဒီစော်ကားမှုကို ခံရပ်နိုင်ဖို့ ယေဟောဝါဘုရားဆီ ချက်ချင်း ဆုတောင်းလိုက်တယ်။ တကယ်တော့ ကျွန်တော် ချက်ချင်း လက်တုံ့ပြန်လိုက်ချင်တာ။ ဒါပေမဲ့ ရှောင်ထွက်လာလိုက်တယ်။ နောက်နေ့ကျတော့ အဲဒီအဖွဲ့ခေါင်းဆောင်နဲ့ ပြန်တွေ့တယ်။ သူ့ကိုလည်းတွေ့ရော ကျွန်တော် ဒေါသထွက်လာပြီး လက်တုံ့ပြန်ချင်စိတ်ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းနိုင်ဖို့ ယေဟောဝါဘုရားဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အံ့သြစရာက သူ ကျွန်တော့်ဆီလာပြီး “မနေ့ညကအတွက် တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။ တကယ်တော့ ငါက မင်းလို ဖြစ်ချင်တာ။ ငါလည်း ကျမ်းစာသင်ချင်တယ်” လို့ပြောတယ်။ ဒေါသကို ချုပ်တည်းနိုင်ခဲ့လို့ အခုလိုမျိုး သူ့ဆီက ကြားရတာ။ ကျွန်တော် သိပ်ဝမ်းသာသွားတယ်။ ဒါနဲ့ ကျွန်တော်တို့ ကျမ်းစာအတူတူ စလေ့လာဖြစ်တယ်။
စိတ်မကောင်းစရာတစ်ခုက အဲဒီအချိန်မှာ ကျွန်တော့်မိသားစု ကျမ်းစာဆက်မလေ့လာကြတာပဲ။ ကျွန်တော်ကတော့ ကျမ်းစာဆက်လေ့လာဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်အရာကြောင့်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ကို အပျက်မခံနိုင်ဘူး။ ဘုရားရဲ့လူမျိုးနဲ့ ပုံမှန်ပေါင်းသင်းတာက ကျွန်တော့်ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်မှန်း၊ သူတို့ဟာ ကျွန်တော်လိုအပ်နေတဲ့ မိသားစုဖြစ်မှန်း ကောင်းကောင်းသိထားတယ်။ ဒီလိုနဲ့ ဆက်တိုးတက်လာပြီး ၁၉၉၁ ခုနှစ်မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
ကျွန်တော်ဟာ စိတ်ကြမ်းလူကြမ်းဖြစ်ခဲ့ပေမဲ့ ကျမ်းစာက ကျွန်တော့်ဘဝအသက်တာကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ အခုဆိုရင် ကျမ်းစာထဲက သတင်းကောင်းအကြောင်း နားထောင်ချင်သူတွေကို ဝေမျှပေးနေပါတယ်။ အခွင့်ထူးတစ်ခုအနေနဲ့ လွန်ခဲ့တဲ့ ၂၃ နှစ်ကစပြီး တခြားသူတွေကို သတင်းကောင်းဝေမျှရာမှာ အချိန်ပြည့်ပါဝင်ခွင့် ရခဲ့တယ်။
ဒါ့အပြင် ယေဟောဝါသက်သေတွေရဲ့ မက္ကဆီကို ဌာနခွဲရုံးမှာ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် အချိန်အတော်ကြာ အမှုဆောင်ခဲ့တယ်။ အဲဒီမှာပဲ သိပ်တက်ကြွထက်သန်တဲ့ ညီအစ်မ ကလော်ဒီယာနဲ့ တွေ့ဆုံပြီး ၁၉၉၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်။ ဒီလိုသစ္စာရှိတဲ့ အဖော်မွန်ကောင်းကိုပေးလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တာပဲ။
ကျွန်တော်တို့နှစ်ယောက် မက္ကဆီကို လက်သင်္ကေတပြ အသင်းတော်မှာ ဆွံ့အ,နားမကြားသူတွေကို ယေဟောဝါအကြောင်း သိလာအောင် ကူညီပေးခွင့်ရခဲ့တယ်။ အဲဒီနောက် ဗေလိဇ်မြို့ကို ပြောင်းရွှေ့ဖို့ တာဝန်ရတာကြောင့် အဲဒီမြို့ကလူတွေကို ကျမ်းစာအကြောင်း ဝေမျှပေးနေတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ဘဝက ပိုရိုးရှင်းလာတာမှန်ပေမဲ့ လိုအပ်တာအားလုံးရရှိလို့ သိပ်ပျော်တယ်။ ဒီပျော်ရွှင်မှုကို ဘာနဲ့မှမလဲနိုင်ဘူး။
ကျွန်တော့်အမေလည်း နောက်ပိုင်းမှာ ကျမ်းစာပြန်လေ့လာပြီး နှစ်ခြင်းခံခဲ့တယ်။ ဒါ့အပြင် အစ်ကိုနဲ့ သူ့မိသားစုလည်း အခုဆိုရင် ယေဟောဝါသက်သေတွေ ဖြစ်နေကြပြီ။ မိတ်ဆွေဟောင်းတချို့လည်း ကျွန်တော်အမှန်တရားပြောပြခဲ့လို့ အခုဆို ယေဟောဝါကို ကိုးကွယ်နေကြတယ်။
ဝမ်းနည်းစရာကတော့ မိသားစုဝင်တချို့က အကျင့်စရိုက်တွေကို မပြောင်းလဲခဲ့လို့ ဆုံးသွားကြရှာတယ်။ ကျွန်တော်လည်း အကျင့်စရိုက်တွေကို မပြောင်းလဲခဲ့ရင် သူတို့လိုပဲဖြစ်မှာ ကျိန်းသေတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ဘဝမှာ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးတတ်လာအောင် စိတ်ရှည်ကြင်နာစွာ ကူညီပေးခဲ့ကြတဲ့အတွက် ယေဟောဝါဘုရားကိုရော ကိုယ်တော့်ကို ဝတ်ပြုတဲ့သူတွေကိုပါ သိပ်ကျေးဇူးတင်တာပဲ။