မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

သီလရှင်ဖြစ်ဖူးတဲ့ ညီအစ်မတွေ စစ်မှန်တဲ့ခရစ်ယာန်ညီအစ်မတွေ ဖြစ်လာ

သီလရှင်ဖြစ်ဖူးတဲ့ ညီအစ်မတွေ စစ်မှန်တဲ့ခရစ်ယာန်ညီအစ်မတွေ ဖြစ်လာ

လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ကျွန်မရဲ့ညီမ အာရာဆီလီက “တော်ပြီ။ မပြောနဲ့တော့။ နင့်ဘာသာအကြောင်း ငါ မကြားချင်တော့ဘူး။ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်။ နင့်ကို မုန်းတယ်” လို့ ကျွန်မကို ဒေါသတကြီး အော်ပြောခဲ့တယ်။ သူ့စကားကြောင့် အဲဒီတုန်းက ဘယ်လောက် စိတ်ထိခိုက်ခဲ့ရတယ်ဆိုတာ အခု အသက် ၉၁ နှစ် အရွယ်အထိ ကျွန်မ မှတ်မိနေတုန်းပဲ။ ဒါပေမဲ့လည်း “အမှု၏အဆုံးသည် အစထက် သာ၍ကောင်း၏” ဆိုတဲ့ ဒေသနာ ၇:၈ မှာပါတဲ့စကား သိပ်မှန်တာကို ကျွန်မ ကြံုခဲ့ရတယ်။—ဖာလီဆာ။

ဖာလီဆာ– ကျွန်မဟာ စပိန်နိုင်ငံက ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းလာတယ်။ ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပြီး ဘုရားတရား သိပ်ကိုင်းရှိုင်းတယ်။ တကယ်တော့ ကျွန်မရဲ့ဆွေမျိုး ၁၃ ယောက်က ကက်သလစ် ဘုန်းကြီးတွေ၊ ချာ့ချ်ဂေါပကတွေ ဖြစ်တယ်။ ကျွန်မအမေရဲ့ အစ်ကိုဝမ်းကွဲက ကက်သလစ် ကျောင်းဆရာ ဖြစ်ပြီး ဘုန်းကြီးလည်း ဖြစ်တယ်။ သူ သေဆုံးပြီးနောက် ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါကတောင် သူတော်မြတ်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့တယ်။ အဖေက ပန်းပဲသမား ဖြစ်ပြီး အမေက လယ်တောထဲမှာ အလုပ်လုပ်တယ်။ ကျွန်မတို့ မောင်နှမ ရှစ်ယောက် ရှိပြီး ကျွန်မကတော့ အကြီးဆုံးပါ။

ကျွန်မအသက် ၁၂ နှစ်ရောက်တော့ စပိန်မှာ ပြည်တွင်းစစ် စတင်လာတယ်။ အဖေက အစိုးရရဲ့ နိုင်ငံရေးဝါဒကို မကြိုက်တဲ့အတွက် စစ်ပြီးနောက်မှာ ထောင်ချခံရတယ်။ ကျွန်မတို့အားလုံးကို လောက်ငအောင် ရှာကျွေးဖို့ အမေ့ခမျာ တော်တော် ရုန်းကန်ခဲ့ရတယ်။ ဒါနဲ့ ကျွန်မရဲ့ ညီမသုံးယောက်ဖြစ်တဲ့ အာရာဆီလီ၊ လော်ရီ၊ ရာမိုနီတို့ကို ဘီလ်ဘောင်မြို့မှာရှိတဲ့ သီလရှင်ကျောင်းကို ပို့လိုက်တယ်။ အဲဒီမှာတော့ သူတို့ ဝဝလင်လင် စားရမှာပဲ။

အာရာဆီလီ– အဲဒီတုန်းက ကျွန်မက အသက် ၁၄ နှစ်၊ လော်ရီက ၁၂ နှစ်၊ ရာမိုနီက ၁၀ နှစ်ပဲ ရှိသေးတယ်။ မိသားစုကို သိပ်လွမ်းတာပဲ။ သီလရှင်ကျောင်းမှာ ကျွန်မတို့ သန့်ရှင်းရေးလုပ်ရတယ်။ နှစ်နှစ်ကြာပြီးနောက် ဇာရာဂိုဇာမြို့မှာရှိတဲ့ သီလရှင်ကျောင်းကြီးကို ကျွန်မတို့ ပြောင်းရွှေ့ခံရတယ်။ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တဲ့နေရာ ဖြစ်တယ်။ အဲဒီမှာလည်း မီးဖိုချောင် သန့်ရှင်းရေး လုပ်ရတယ်။ သိပ်ပင်ပန်းတာပဲ။

ဖာလီဆာ– ကျွန်မရဲ့ညီမတွေ ဇာရာဂိုဇာမြို့ကို ရောက်သွားတဲ့အခါ အမေနဲ့ ဒေသခံဘုန်းကြီးဖြစ်တဲ့ ဦးလေးက ကျွန်မကိုလည်း အဲဒီကို ပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တော့ ကျွန်မကို ကြိုက်နေတဲ့ကောင်လေးနဲ့ ဝေးစေချင်တာ။ ကျွန်မကလည်း ဘုရားကိုချစ်တော့ သီလရှင်ကျောင်းမှာ ခဏတဖြုတ် သွားနေချင်တယ်။ ကျွန်မက နေ့တိုင်း ချာ့ချ်တက်လေ့ရှိတယ်။ အာဖရိကမှာအမှုဆောင်နေတဲ့ အစ်ကိုဝမ်းကွဲလို သာသနာပြုတောင် ဖြစ်ချင်တာ။

ဘယ်- စပိန်နိုင်ငံ၊ ဇာရာဂိုဇာမြို့မှာရှိတဲ့ သီလရှင်ကျောင်း; ညာ- နာကာ-ကိုလွန်ဂါ ဘာသာပြန်ကျမ်း

သီလရှင်ကျောင်းရောက်တော့ ကိုယ်လုပ်ချင်တာ အများစုကို လုပ်လို့မရမှန်း သိလာရတယ်။ ကျွန်မ မျှော်လင့်ထားသလို နိုင်ငံရပ်ခြားမှာ အမှုဆောင်ဖို့ သီလရှင်တွေ အားမပေးဘူး။ ဒါကြောင့် တစ်နှစ်ကြာပြီးနောက်မှာ အိမ်ပြန်ပြီး ဘုန်းကြီးဖြစ်တဲ့ဦးလေးကို ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်အလုပ်တွေလုပ်ပြီး ညနေတိုင်း ဦးလေးနဲ့အတူ ပုတီးစိပ်ဆုတောင်းတယ်။ ချာ့ချ်မှာ ပန်းအလှဆင်ရတာ၊ မာရိနဲ့ “သူတော်စင်တွေ” ရဲ့ ရုပ်တုတွေကို အလှဆင်ရတာ ကျွန်မ ကြိုက်တယ်။

အာရာဆီလီ– ဇာရာဂိုဇာမြို့က သီလရှင်ကျောင်းမှာ သီလရှင်ဖြစ်ဖို့ ပဏာမအဆင့် သစ္စာကတိပြုခဲ့တယ်။ အဲဒီနောက် သီလရှင်တွေဟာ ကျွန်မနဲ့ ညီမနှစ်ယောက်ကို ခွဲလိုက်တယ်။ ကျွန်မကို မက်ဒရစ်မြို့က သီလရှင်ကျောင်းဆီ၊ လော်ရီကို ဗလန်စီယာမြို့က သီလရှင်ကျောင်းဆီ ပို့လိုက်တယ်။ ရာမိုနီကတော့ ဇာရာဂိုဇာမြို့မှာ ကျန်ရစ်ခဲ့တယ်။ မက်ဒရစ်မြို့မှာ ဒုတိယအဆင့်အနေနဲ့ သစ္စာကတိပြုခဲ့တယ်။ ဒီကျောင်းမှာ ကျောင်းသားတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဧည့်သည်တွေ တည်းခိုနေထိုင်တဲ့အတွက် လုပ်စရာအလုပ် သိပ်များတယ်။ ကျွန်မက သီလရှင်ကျောင်းရဲ့ ဆေးရုံမှာ အလုပ်လုပ်တယ်။

သီလရှင်ဘဝက သိပ်ကောင်းမှာပဲလို့ ကျွန်မ မျှော်လင့်ခဲ့တာ။ ကျမ်းစာလေ့လာပြီး နားလည်အောင် လုပ်မယ်ပေါ့။ ဒါပေမဲ့ အထင်နဲ့အမြင် တခြားစီပဲ။ ဘယ်သူမှ ကျမ်းစာမသုံးဘူး။ ဘုရားအကြောင်း၊ ယေရှုအကြောင်းတောင် မပြောကြဘူး။ လက်တင်စကား နည်းနည်းပါးပါး သင်ရတယ်။ “သူတော်စင်တွေ” ရဲ့ ဘဝကို လေ့လာရတယ်။ မာရိကို ဝတ်ပြုရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အလုပ်ပဲ ကုန်းလုပ်ရတယ်။

ကျွန်မ စိတ်ဖိစီးလာတယ်။ တခြားသူတွေ ချမ်းသာဖို့ သီလရှင်ကျောင်းမှာ အလုပ်လုပ်မယ့်အစား မိသားစုအတွက် ငွေရှာသင့်တယ်လို့ ခံစားလာရတယ်။ ကျောင်းကနေ ထွက်ချင်တဲ့အကြောင်း သီလရှင်ကျောင်းအုပ်ကို ပြောပြလိုက်တယ်။ ဒါနဲ့ ကျွန်မ စိတ်ပြောင်းသွားအောင် ကျွန်မကို တိုက်ပိတ်ထားတယ်။

ပြန်လွှတ်ပေးပြီး ကျွန်မ စိတ်မပြောင်းမှန်း သိတဲ့အခါ ပြန်တိုက်ပိတ်ထားတယ်။ သုံးကြိမ်မြောက် တိုက်ပိတ်ခံရပြီးနောက်မှာတော့ “ဘုရားထက် စာတန်အတွက် အမှုဆောင်ချင်လို့ ထွက်တာပါ” လို့ ရေးပေးရင် ထွက်ခွင့်ပေးမယ်လို့ သူတို့ ပြောတယ်။ ကျွန်မ တော်တော် အံ့သြသွားတယ်။ ဒီကနေ ထွက်ချင်တာမှန်ပေမဲ့ သူတို့ပြောသလိုတော့ မရေးနိုင်ပါဘူး။ ဒါနဲ့ ဘုန်းကြီးနဲ့တွ့ေခွင့်တောင်းပြီး ဖြစ်သမျှ ပြောပြလိုက်တယ်။ ဇာရာဂိုဇာမြို့က အရင်သီလရှင်ကျောင်းကို ပြန်ရွှေ့ဖို့ ဘိရှော့ဆီကနေ သူ ခွင့်ပြုချက်တောင်းပေးတယ်။ အဲဒီကို ရောက်ပြီး လအနည်းငယ်အကြာမှာ ထွက်ခွင့်ရသွားတယ်။ သိပ်မကြာခင်မှာပဲ လော်ရီနဲ့ ရာမိုနီလည်း သီလရှင်ကျောင်းကနေ ထွက်သွားတယ်။

စိတ်ဝမ်းကွဲစေတဲ့ စာအုပ်

ဖာလီဆာ

ဖာလီဆာ– နောက်ပိုင်း ကျွန်မ အိမ်ထောင်ပြုပြီး ကန်တာဘရီယာပြည်နယ်ကို ပြောင်းရွှေ့သွားတယ်။ ပုံမှန်ချာ့ချ်တက်ဆဲပဲ။ တနင်္ဂနွေတစ်ရက်မှာ ဘုန်းကြီးက “ဒီစာအုပ်ကို ကြည့်” ဆိုပြီး ဒေါသတကြီး အော်ပြောရင်း ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား စာအုပ်ကို ထောင်ပြတယ်။ “တစ်ယောက်ယောက်က ဒီစာအုပ် လာပေးရင် ငါ့ကို လာပေး ဒါမှမဟုတ် လွှင့်ပစ်လိုက်” လို့ ပြောတယ်။

အဲဒီစာအုပ်ကို ချက်ချင်းပဲ လိုချင်သွားတယ်။ ရက်အနည်းငယ်ကြာပြီးနောက် ကျွန်မအိမ်ကို ယေဟောဝါသက်သေ နှစ်ယောက် ရောက်လာတယ်။ အဲဒီစာအုပ်ပေးသွားတယ်။ ညတွင်းချင်း အပြီးဖတ်လိုက်တယ်။ သူတို့ ပြန်လာပြီး ကျမ်းစာလေ့လာချင်သလားလို့ မေးတဲ့အခါ လက်ခံလိုက်တယ်။

သမ္မာတရား စာအုပ်

အမှန်တရားက ကျွန်မနှလုံးကို ထိမိသွားတယ်။ ယေဟောဝါအကြောင်း သိလာပြီး နှစ်နှစ်ကာကာ ချစ်လာတယ်။ လူတိုင်းကိုလည်း ပြောပြချင်လာတယ်။ ဒါနဲ့ ၁၉၇၃ မှာ နှစ်ခြင်းခံလိုက်တယ်။ ဖြစ်နိုင်တဲ့အခါတိုင်း မိသားစုကို အမှန်တရားအကြောင်း ဝေမျှဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အစမှာပြောခဲ့တဲ့အတိုင်း ကျွန်မယုံကြည်ချက်ကို သူတို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ အာရာဆီလီကတော့ အဆိုးဆုံးပေါ့။

အာရာဆီလီ– သီလရှင်ကျောင်းမှာ ဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရလို့ ကိုယ့်ဘာသာတရားကို နာကြည်းမိတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့တိုင်း ချာ့ချ်တက်တုန်း၊ နေ့တိုင်း ပုတီးစိပ်ဆုတောင်းတုန်းပဲ။ ကျမ်းစာအကြောင်းလည်း နားလည်ချင်တုန်းပဲ။ ဒါနဲ့ ဘုရားသခင်ဆီ အကူအညီတောင်းခဲ့တယ်။ နောက်ပိုင်း ဖာလီဆာက သူ သိလာတာတွေအကြောင်း ပြောပြတယ်။ သူ့ရဲ့ ယုံကြည်ချက်အသစ်တွေအတွက် တော်တော် စိတ်ပြင်းပြနေလို့ သူ ရူးသွားပြီလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မ လုံးဝ လက်မခံခဲ့ဘူး။

အာရာဆီလီ

နောက်ပိုင်း အလုပ်လုပ်ဖို့ မက်ဒရစ်မြို့ကို ပြန်သွားပြီး အဲဒီမှာပဲ အိမ်ထောင်ကျသွားတယ်။ ချာ့ချ်ပုံမှန်တက်သူတွေဟာ ယေရှုရဲ့ သွန်သင်ချက်အတိုင်း မလိုက်နာတာကို တဖြည်းဖြည်း သတိထားမိလာတယ်။ ဒါကြောင့် ကျွန်မ ချာ့ချ်မတက်တော့ဘူး။ “သူတော်စင်တွေ” နဲ့ မီးငရဲကိုလည်း မယုံတော့ဘူး။ ဘုန်းကြီးက အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်ဆိုတာကိုလည်း မယုံတော့ဘူး။ အိမ်မှာရှိတဲ့ ရုပ်တုအားလုံးကို ဖယ်ရှားလိုက်တယ်။ ကိုယ့်လုပ်ရပ် မှန်,မမှန်တော့ မသိဘူး။ တအား စိတ်ဓာတ်ကျလာပြီး “ကိုယ်တော့်အကြောင်း သိချင်တယ်။ ကူညီပေးပါ” လို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေ ခဏခဏ တံခါးလာခေါက်တာကို တစ်ခါမှ မဖွင့်ပေးခဲ့ဘူး။ ဘယ်ဘာသာတရားကိုမှ မယုံကြည်တော့ဘူး။

ပြင်သစ်မှာနေတဲ့ ညီမလော်ရီနဲ့ စပိန်မှာနေတဲ့ ရာမိုနီက ၁၉၈၀ အစောပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ ဖာလီဆာလိုပဲ သူတို့လည်း အလိမ်မိလို့မိနေမှန်း မသိကြဘူးလို့ ထင်ခဲ့တယ်။ နောက်ပိုင်း အိမ်နီးချင်း အန်ဂျလီနာနဲ့ မိတ်ဆွေဖြစ်သွားတယ်။ သူလည်း ယေဟောဝါသက်သေပဲ။ အန်ဂျလီနာနဲ့ သူ့ယောက်ျားက ကျွန်မကို ကျမ်းစာလေ့လာချင်သလားလို့ မေးတာ အကြိမ်ကြိမ်ပဲ။ ဘာသာရေးကို စိတ်မဝင်စားဘူးလို့ ပြောပေမဲ့ ကျမ်းစာအကြောင်း ကျွန်မ တကယ်သိချင်မှန်း သူတို့ ရိပ်မိတယ်။ နောက်ဆုံး၊ “ကောင်းပြီ။ ကိုယ့်ကျမ်းစာကိုပဲ သုံးလို့ရမယ်ဆိုရင်တော့ ရှင်တို့နဲ့ ကျမ်းစာလေ့လာဖို့ သဘောတူတယ်” လို့ ပြောလိုက်တယ်။ ကျွန်မရဲ့ကျမ်းစာက နာကာ-ကိုလွန်ဂါ ဘာသာပြန်ကျမ်း ဖြစ်တယ်။

နောက်ဆုံးမှာ ကျမ်းစာကြောင့် စည်းလုံးသွား

ဖာလီဆာ– ၁၉၇၃ မှာ ကျွန်မ နှစ်ခြင်းခံတုန်းက ကန်တာဘရီယာပြည်နယ်ရဲ့ မြို့တော် ဆန်တန်ဒီယာမြို့မှာ သက်သေခံ ၇၀ ပဲ ရှိတယ်။ ရပ်ကွက်ကြီးလွန်းလို့ ရာနဲ့ချီတဲ့ ရွာတွေဆီ သွားဟောဖို့ ဘတ်စကားတွေ စီးသွားရတယ်။

နှစ်တွေတစ်လျှောက် လူပေါင်းများစွာကို ကျွန်မ ကျမ်းစာသင်ပေးတယ်။ အဲဒီထဲက ၁၁ ယောက် နှစ်ခြင်းခံခဲ့တယ်။ အများစုက ကက်သလစ်တွေ ဖြစ်တယ်။ ကိုယ်တိုင်လည်း တစ်ချိန်က သိပ်ထက်သန်တဲ့ ကက်သလစ်ဘာသာဝင် ဖြစ်ခဲ့ဖူးတော့ သူတို့ကို စိတ်ရှည်ပေးရမယ်ဆိုတာ သိတယ်။ သံမှိုစွဲနေတဲ့ ယုံကြည်ချက်တွေကို စွန့်ပစ်နိုင်ဖို့ အချိန်လိုအပ်မှန်းလည်း သိတယ်။ ကျမ်းစာနဲ့ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော်ကသာ လူတစ်ယောက်ရဲ့အတွေးအခေါ်ကို ပြောင်းလဲနိုင်စွမ်းရှိပြီး အမှန်တရားကို နားလည်လာအောင် ကူညီပေးနိုင်မှန်း ကျွန်မ သိတယ်။ (ဟေဗြဲ ၄:၁၂) ရဲတပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့ ကျွန်မရဲ့အမျိုးသား ဘီယန်ဗန်နီဒိုဟာ ၁၉၇၉ မှာ နှစ်ခြင်းခံခဲ့တယ်။ အမေလည်း ကျမ်းစာစလေ့လာပြီး မကြာခင်မှာ သေဆုံးသွားတယ်။

အာရာဆီလီ– ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာပေမဲ့ သူတို့ကို လုံးဝ မယုံဘူး။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အဲဒီလို မခံစားရတော့ဘူး။ သက်သေခံတွေဟာ ကျမ်းစာအကြောင်း သင်ပေးရုံသာမက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးကြတယ်။ ယေဟောဝါနဲ့ ကျမ်းစာကို ပိုယုံကြည်လာတဲ့အခါ ကျွန်မ ပိုပျော်လာတယ်။ ဒါကို သတိပြုမိတဲ့ အိမ်နီးချင်းတချို့က “မင်းရွေးချယ်တဲ့ လမ်းအတိုင်းသာ ဆက်လျှောက်ပါ” လို့ ပြောကြတယ်။

“ယေဟောဝါဘုရား၊ ကျွန်မကို လက်မလျှော့ခဲ့လို့၊ ကျွန်မ ရှာဖွေနေတဲ့ ကျမ်းစာအမှန်တရားကို ရှာတွ့ေဖို့ အကြိမ်ကြိမ် အခွင့်အရေးပေးခဲ့လို့ ကျေးဇူးတင်လိုက်တာ” လို့ ဆုတောင်းခဲ့တာ မှတ်မိသေးတယ်။ အစ်မဖာလီဆာကိုလည်း ရင့်ရင့်သီးသီး ပြောခဲ့မိလို့ ခွင့်လွှတ်ပါဆိုပြီး တောင်းပန်ခဲ့တယ်။ အဲဒီအချိန်ကစပြီး အချင်းချင်း တွ့ေတဲ့အခါ အငြင်းအခုံ မဖြစ်တော့ဘဲ ကျမ်းစာအကြောင်းပဲ ပြောဖြစ်ကြတော့တယ်။ ၁၉၈၉၊ အသက် ၆၁ နှစ်မှာ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။

ဖာလီဆာ– အခု ကျွန်မအသက် ၉၁ နှစ် ရှိပြီ။ ယောက်ျားလည်း ဆုံးသွားပြီ။ အရင်ကလောက် အလုပ်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ နေ့တိုင်းကျမ်းစာဖတ်တယ်။ အတတ်နိုင်ဆုံး အစည်းအဝေးတက်ပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်တယ်။

အာရာဆီလီ– ကိုယ်တိုင်က သီလရှင်ဖြစ်ခဲ့လို့ ထင်တယ်။ ဘုန်းကြီးတွေ၊ သီလရှင်တွေ တွ့ေတိုင်း ယေဟောဝါအကြောင်း သိပ်ပြောပြချင်တာပဲ။ သူတို့ကို စာပေတွေ ဝေငှနိုင်ခဲ့ပြီး တချို့နဲ့ ကောင်းကောင်း ဆွေးနွေးခွင့်ရခဲ့တယ်။ အထူးသဖြင့် ဘုန်းကြီးတစ်ယောက်ကို မှတ်မိသေးတယ်။ သူ့ဆီ အကြိမ်ကြိမ် လည်ပတ်ပြီးနောက် တစ်ခါမှာ သူက “မင်း ပြောတာအားလုံးကို ငါ သဘောတူတယ်။ ဒါပေမဲ့ ဒီအသက်အရွယ်ရောက်မှ ဘယ်ကို သွားရမလဲ။ အသင်းသားတွေ၊ မိသားစုတွေ ဘာပြောကြမလဲ” လို့ ပြောတယ်။ ဒါနဲ့ “ဘုရားသခင်လည်း ဘာပြောမလဲ” လို့ ကျွန်မ ပြန်မေးလိုက်တယ်။ သူ ခေါင်းတညိတ်ညိတ် လုပ်ပေမဲ့ အမှန်တရားကို ဆက်ရှာဖို့ သတ္တိရှိပုံမရဘူး။

ကျွန်မနဲ့အတူ အစည်းအဝေးလိုက်တက်ချင်တယ်လို့ ကျွန်မ ယောက်ျား ပြောတဲ့အချိန်ကို ဘယ်တော့မှ မမေ့နိုင်ဘူး။ ဦးဆုံးအကြိမ် အစည်းအဝေးတက်ချိန်မှာ သူ အသက် ၈၀ ကျော်ပြီ။ အဲဒီနေ့ကစပြီး တစ်ခါမှ အစည်းအဝေးမပျက်ခဲ့ဘူး။ ကျမ်းစာလေ့လာပြီး နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ အမှုဆောင်လုပ်ငန်းမှာ အတူပါဝင်ခဲ့တာ အမှတ်တရပဲ။ နှစ်ခြင်းခံမယ့်နေ့မတိုင်ခင် နှစ်လအလိုမှာ သူ သေဆုံးသွားတယ်။

ဖာလီဆာ– ကျွန်မ ကျမ်းစာစလေ့လာတုန်းက အကြီးအကျယ် ဆန့်ကျင်ခဲ့တဲ့ ညီမသုံးယောက် အမှန်တရားလက်ခံလာတာကို မြင်ရတာ ကျွန်မဘဝမှာ အကျေနပ်ဆုံးပါပဲ။ အခုတော့ သိပ်ချစ်ရတဲ့ ယေဟောဝါဘုရားအကြောင်း၊ ကျမ်းစာအကြောင်း အတူ ပြောဆိုနိုင်ပြီ။ နောက်ဆုံးမှာတော့ ကျွန်မတို့အားလုံး ယေဟောဝါကို စည်းစည်းလုံးလုံး ဝတ်ပြုနိုင်ပြီ။ *

^ စာပိုဒ်၊ 29 အာရာဆီလီက အသက် ၈၇ နှစ်၊ ဖာလီဆာက ၉၁ နှစ်၊ ရာမိုနီက ၈၃ နှစ် ရှိပြီ။ သူတို့အားလုံး ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေကြတယ်။ လော်ရီက ၁၉၉၀ မှာ သစ္စာရှိရှိ သေဆုံးသွားတယ်။