ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ပုစဉ်းရင်ကွဲတွေရဲ့ ဘဝစက်ဝန်း
ပုစဉ်းရင်ကွဲတွေဟာ ကျိုင်းကောင်နဲ့တူပြီး အန္တာတိကတိုက်ကလွဲလို့ တခြားတိုက်အားလုံးမှာ နေထိုင်ကြတယ်။ အမေရိကတိုက် အရှေ့မြောက်ပိုင်းက ပုစဉ်းရင်ကွဲတွေဟာ ထူးခြားတယ်။ အဲဒီအကောင်လေးတွေကို ဇီဝဗေဒပညာရှင်တွေ စိတ်ဝင်စားနေတာ တော်တော်ကြာပြီ။
သုံးသပ်ကြည့်ပါ– သန်းနဲ့ချီတဲ့ပုစဉ်းရင်ကွဲတွေဟာ နွေဦးရာသီမှာ ရုတ်တရက်ပေါ်လာပြီး အပတ်အနည်းငယ်လောက် အသက်ရှင်ကြတယ်။ အဲဒီအချိန်တိုလေးအတွင်းမှာ နုနယ်တဲ့အရေခွံတွေလဲ၊ ဆူဆူညံညံသီချင်းဆို၊ ပျံသန်း၊ မျိုးပွားပြီးနောက် သေဆုံးသွားကြတယ်။ ထူးဆန်းတာက မျိုးစိတ်ပေါ်မူတည်ပြီး ၁၃ နှစ် ဒါမှမဟုတ် ၁၇ နှစ်အကြာမှာ နောက်မျိုးဆက်သစ် ပေါ်လာတယ်။ အဲဒီနှစ်တွေအတွင်း သူတို့ ဘာလုပ်နေကြတာလဲ။
အဖြေရဖို့၊ ပုစဉ်းရင်ကွဲတွေရဲ့ ထူးခြားတဲ့ဘဝစက်ဝန်းကို သိထားဖို့လိုတယ်။ သူတို့ပေါ်လာပြီး တစ်ပတ်လောက်မှာ အရွယ်ရောက်ပုစဉ်းရင်ကွဲတွေဟာ မိတ်လိုက်ကြတယ်။ အမတွေက သစ်ခက်တွေကြားမှာ ဥ ၄၀၀ ကနေ ၆၀၀ ထိ ဥကြတယ်။ သိပ်မကြာခင် အရွယ်ရောက်အကောင်တွေ သေဆုံးကုန်တယ်။ နောက်အပတ်အနည်းငယ်အကြာမှာ ဥတွေကနေ အကောင်ပေါက်လာတယ်၊ ပိုးတုံးလုံးလေးတွေဟာ မြေပေါ်လျှောဆင်းလာပြီး မြေတွင်းတူးကြတယ်။ မြေအောက်မှာ နှစ်ပေါင်းများစွာနေပြီး ချုံတွေ၊ သစ်ပင်တွေရဲ့အမြစ်တွေကနေ အရည်တွေ စုပ်ယူကြတယ်။ ၁၃ နှစ် ဒါမှမဟုတ် ၁၇ နှစ်အကြာမှာ နောက်မျိုးဆက်သစ် ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ သူတို့ဘဝစက်ဝန်း ပြန်လည်ပတ်ကြတယ်။
မဂ္ဂဇင်းတစ်စောင် (Nature) အရ၊ ဒီပုစဉ်းရင်ကွဲတွေရဲ့ ရှုပ်ထွေးတဲ့ ဘဝစက်ဝန်း “ဘယ်လိုလည်ပတ်နေတယ်ဆိုတာ သိပ္ပံပညာရှင်တွေ ရာစုနှစ်ချီ အဖြေရှာမတွေ့နိုင်ကြဘူး။ . . . အခုထက်ထိ နားမလည်နိုင်ကြသေးဘူး။” ဒါက တိရစ္ဆာန်လောကမှာ ဆန်းကြယ်တဲ့ ဖြစ်စဉ်ပါပဲ။
သင် ဘယ်လိုထင်ပါသလဲ။ ပုစဉ်းရင်ကွဲရဲ့ ဘဝစက်ဝန်းဟာ သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။