ပျော်ရွှင်မှု ရစေတဲ့လမ်း
ချစ်ခြင်းမေတ္တာ
လူတွေဟာ ချစ်ခြင်းမေတ္တာ ရချင်ကြတယ်။ အိမ်ထောင်၊ မိသားစု၊ မိတ်ဆွေတွေမှာ မေတ္တာ မရှိရင် မတည်မြဲနိုင်ဘူး။ ဒါကြောင့် စိတ်ရော ကိုယ်ပါ ပျော်ရွှင်ဖို့ ချစ်ခြင်းမေတ္တာ မရှိမဖြစ် လိုတယ်။ ဒါဆိုရင် “ချစ်ခြင်းမေတ္တာ” ဆိုတာ ဘာလဲ။
ဒီမှာပြောနေတဲ့ ချစ်ခြင်းမေတ္တာဆိုတာ စိတ်ကူးယဉ်ဆန်တဲ့မေတ္တာကို မဆိုလိုဘူး။ ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးကို အလေးထားတဲ့၊ သာလွန်ကောင်းမွန်တဲ့ မေတ္တာမျိုးကို ဆိုလိုတယ်။ ဘုရားရေးရာ အခြေခံမူနဲ့ လမ်းညွှန်ခံရတဲ့ မေတ္တာ ဖြစ်ပေမဲ့ ခံစားချက် မဲ့တာ မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာကို ဒီလိုလှပစွာ ဖော်ပြထားတယ်– “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။ မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး၊ မဝါကြွားတတ်ဘူး၊ မာန်မာန မရှိဘူး။ မတော်မလျော် မကျင့်တတ်ဘူး။ ကိုယ်ကျိုး မရှာတတ်ဘူး။ ဒေါသ မထွက်တတ်ဘူး။ နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။ မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။ အမှန်တရားကြောင့် ဝမ်းသာတတ်တယ်။ မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ . . . အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်။ မေတ္တာဟာ အစဉ်တည်တယ်။”—၁ ကောရိန္သု ၁၃:၄-၈။
အဲဒီလိုမေတ္တာမျိုးဟာ “အစဉ်တည်တယ်။” ကြာလေ ပိုခိုင်မြဲလေပဲ။ စိတ်ရှည်၊ ကြင်နာ၊ ခွင့်လွှတ်တတ်လို့ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။” (ကောလောသဲ ၃:၁၄) အဲဒီမေတ္တာမျိုးရှိတဲ့ မိတ်ဆွေတွေဟာ အားနည်းချို့ယွင်းချက်တွေ ရှိပေမဲ့ လုံခြုံမှု၊ ပျော်ရွှင်မှု ခံစားကြတယ်။ ဥပမာ၊ အိမ်ထောင်နှောင်ကြိုးကို သုံးသပ်ကြည့်ပါ။
“စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး”
ယေရှုခရစ်က အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အခြေခံမူတွေ သင်ပေးခဲ့တယ်။ ဥပမာ၊ “‘ယောက်ျားက မိဘကို ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။’ . . . ဒါကြောင့် ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့” လို့ပြောခဲ့တယ်။ (မဿဲ ၁၉:၅၊ ၆) အရေးကြီးတဲ့ အခြေခံမူနှစ်ခု တွေ့ရတယ်။
“သူတို့နှစ်ယောက်ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” အိမ်ထောင်ဟာ အရင်းနှီးဆုံးနှောင်ကြိုး ဖြစ်တယ်။ ချစ်ခြင်းမေတ္တာက အချင်းချင်း သစ္စာမဖောက်ဖို့ ကာကွယ်ပေးနိုင်တယ်။ အိမ်ထောင်ရေးသစ္စာဖောက်ခြင်းက ကိုယ့်အိမ်ထောင်ဖက်နဲ့ မဟုတ်ဘဲ တခြားသူနဲ့ “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာစေတယ်။ (၁ ကောရိန္သု ၆:၁၆။ ဟီဘရူး ၁၃:၄) သစ္စာမဲ့ခြင်းက ယုံကြည်မှုကို ပျက်ပြားစေတယ်။ အိမ်ထောင် ပြိုကွဲစေနိုင်တယ်။ သားသမီး ရှိမယ်ဆိုရင် စိတ်ဒဏ်ရာ ရသွားနိုင်တယ်။ အချစ်မခံရဘူး၊ လုံခြုံမှု မရှိဘူးလို့ ခံစားရပြီး နာကြည်းစိတ်တောင် ဝင်လာမယ်။
“ဘုရားသခင် တွဲဖက်ထားသူတွေ။” အိမ်ထောင်ဆိုတာ ဘုရားတွဲဖက်ပေးထားတာပါ။ အဲဒါကို လေးစားတဲ့မောင်နှံတွေက အိမ်ထောင် ခိုင်မြဲအောင် ကြိုးစားကြတယ်။ အခက်အခဲတွေ ပေါ်လာတဲ့အခါ ထွက်ပေါက် မရှာကြဘူး။ သူတို့ရဲ့ မေတ္တာဟာ ခိုင်မြဲတည်တံ့တယ်။ မေတ္တာက “အရာရာကို သည်းခံတတ်” တဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းပြီး အိမ်ထောင် သာယာအောင် ကြိုးစားကြတယ်။
မိဘတွေမှာ ကိုယ်ကျိုးစွန့်မေတ္တာ ရှိမယ်ဆိုရင် သားသမီးတွေကို များစွာအကျိုးပြုတယ်။ ဂျက်စီကာဆိုတဲ့မိန်းကလေး ဒီလိုပြောတယ်– “အဖေနဲ့ အမေ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်ကြတယ်၊ လေးစားကြတယ်။ အဖေ့ကို အမေ လေးစားတာကို မြင်ရတော့ အမေ့လိုပဲ ဖြစ်ချင်လာတယ်။”
ယေဟောဝါဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေးဟာ ချစ်ခြင်းမေတ္တာပဲ။ ကျမ်းစာမှာ ‘ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ဖြစ်တယ်’ လို့ ဆိုထားတယ်။ (၁ ယောဟန် ၄:၈) ဒါကြောင့် “ပျော်ရွှင်တဲ့ ဘုရားသခင်” လို့လည်း ခေါ်ထားတာ အံ့ဩစရာ မဟုတ်ပါဘူး။ (၁ တိမောသေ ၁:၁၁) ကျွန်တော်တို့လည်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေ၊ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ကြိုးစားတုပမယ်ဆိုရင် ပျော်ရွှင်ကြပါမယ်။ ဧဖက် ၅:၁၊ ၂ မှာ “ခင်ဗျားတို့ဟာ ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။ မေတ္တာလမ်းစဉ်မှာ လျှောက်လှမ်းနေကြပါ” လို့ ဖော်ပြထားတယ်။