မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျောင်းနေဖက်တို့ကို မည်သို့ ဟောပြောနိုင်မည်နည်း

ကျောင်းနေဖက်တို့ကို မည်သို့ ဟောပြောနိုင်မည်နည်း

လူငယ်များ​အမေး . . .

ကျောင်းနေ​ဖက်​တို့ကို မည်သို့ ဟောပြောနိုင်​မည်​နည်း

“အမှုဆောင်ထွက်​နေတုန်း ရုတ်တရက် အသိ တစ်ယောက်​နဲ့ ဝင်​တိုး​ပါ​လေ​ရော။ ကျွန်တော်​ဟာ ကြက်​သေ​သေသွား​တယ်! ချက်ချင်း ကျွန်တော့် တွဲဖက်​က ဝင်​ဟော​ပေး​လိုက်ရတယ်။”—အဲလ်​ဘာ​တို။

“ကျွန်တော့်​အတန်းဖော်​တစ်ဦး ဒီ​လမ်း​ထဲမှာ​နေတာကို​သိထားလို့ ကျွန်တော့်​အစ်ကို​ကို အိမ်တိုင်း​ဟော​ခိုင်းတယ်။ အတော်ကြာ​လာတော့ သူလည်း စိတ်ဖိစီးမှု​တစ်မျိုး​မျိုး​ကြောင့် နောက်​တစ်အိမ်​ကျ​ရင် ကျွန်တော့်​ကို ဟော​ဖို့​ပြော​တယ်။ ကျွန်တော် တံခါး​ခေါက်​လိုက်တယ် —အို၊ သူငယ်ချင်း​အိမ်နဲ့​မှ ကြုံ​တတ်​ပ​လေ! ကျွန်တော်​အရမ်း​လန့်ဖျပ်​သွားတယ်!”—ဂျိမ်းစ်။

ဘာသာ​တရား​ဆွေးနွေးခြင်း​ဟာ “မ​မိုက်​ပါ​ဘူး” ဟု ငယ်ရွယ်သူ​တို့ ယူဆ​ထား​ကြသည်။ သို့သော် ခရစ်ယာန်​စစ်​များ​မူ သူတို့၏​ယုံကြည်ခြင်းကို အခြားသူ​တို့​ထံ ဝေမျှပေး​ရသည့် မိမိတို့၏​ဘုရားသခင်-ပေး​အခွင့်အရေး​ကို တန်ဖိုး​ထား​လေးမြတ်​ကြ​၏။ သို့​နှင့် ထောင်နှင့်ချီ​သော ငယ်ရွယ်​သည့်​ယေဟောဝါသက်သေ​တို့သည် တစ်အိမ်​မှ​တစ်အိမ် ဟောပြောခြင်း​လုပ်ငန်း​၌ ပါဝင်​ကြသည်။ သို့သော် ထိုသို့​ပါဝင်သူ​အချို့​သည် ကျောင်း​မှ​အသိ​တစ်ဦး​နှင့်​တွေ့​မည်​ကို စိုးရွံ့​စိတ်ဖြင့် လုပ်ဆောင်​တတ်ကြ​ပြီ။ အထက်တန်း​ကျောင်း အောင်​ပြီး​နောက် နှစ်​အတော်ကြာ​သည့်​တိုင် “ကျောင်း​အတူ​တက်​ခဲ့​သူတွေနဲ့​တွေ့​မှာ​ကို ကျွန်မ အခုထိ လန့်​နေတုန်းပဲ” ဟူ၍ ဂျဲ​နီ​ဖာ​က​ပြောပြ​သည်။

သင်သည် ခရစ်ယာန်​လူငယ်​တစ်ဦး​ဖြစ်​လျှင် တစ်ခါတစ်ရံ ထပ်တူ​ခံစား​ရနိုင်​သည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့အားလုံး ငြင်းပယ်​ခံရ​မည်​ကို စိုးရွံ့​တတ်ကြ​သဖြင့် ကျောင်းနေ​ဖက်​တစ်ဦး​နှင့် ဘာသာရေး​အကြောင်း​ဆွေးနွေး​ရေး​ကိစ္စ​နှင့်​ပတ်သက်​လာ​လျှင် အနည်းငယ် စိုးရိမ်​ပူပန်​မိ​သည်​မှာ ဖြစ်မြဲ​ဓမ္မတာ​ပင်။ * သို့သော် ကြောက်​လွန်း​သဖြင့် ကြက်​သေ​သေသွား​သည့်​အထိ​ဖြစ်သွား​ဖို့ အကြောင်း​မရှိ​ချေ။ သမ္မာကျမ်းစာ​၌​ပါရှိ​သော “အရိမသဲ​မြို့သား​ယောသပ်” ကို သင်​မှတ်မိ​ပါသလော။ ယေရှု​ထံ​မှ သူ​သင်ယူခဲ့ရာ​တို့ကို သူ​ယုံကြည်​၏။ သို့သော် သမ္မာကျမ်းစာ​က ယောသပ်​အား “ယုဒ​လူ​တို့ကို​ကြောက်​၍ မထင်မရှား​တပည့်” အဖြစ် ဖော်ပြ​ထား​သည်။ (ယောဟန် ၁၉:၃၈) ထို​ကဲ့သို့ သင်တို့၏​ခင်မင်​ရင်းနှီးမှုကို လျှို့ဝှက်​ထား​လို​သော​မိတ်ဆွေ​တစ်ဦး​အပေါ် သင်​မည်သို့​သဘောထား​မည်​နည်း။ (လုကာ ၁၂:၈၊ ၉) သို့​ဖြစ်၍ မိမိ၏​ယုံကြည်ခြင်း​အတွက် “နှုတ်ဖြင့်​ဝန်ခံ” ရန် ခရစ်ယာန်​အားလုံးထံ​မှ ဘုရားသခင်​မျှော်လင့်ခြင်း​မှာ အံ့အားသင့်​စ​ရာ​မရှိ​ချေ။ (ရောမ ၁၀:၁၀-၁၁) ယင်းက သင့်​ကျောင်း​ရှိ ငယ်ရွယ်သူ​တို့​နှင့် ဆွေးနွေး​ပြောဆိုခြင်း​လည်း​ပါဝင်​မည်။

အရိမသဲ​မြို့သား​ယောသပ်​သည် အနည်းဆုံး ယေရှု၏​ရုပ်​အလောင်းကို​မြှုပ်နှံ​ခွင့်ပြု​ရန် တောင်းခံ​ရဲ​လာ​သည့်​အထိ သူ၏​စိုးရိမ်​ကြောက်ရွံ့​မှု​ကို အနိုင်ယူ​ခဲ့​သည်။ သင်၏​စိုးရိမ်​ကြောက်ရွံ့​မှု​ကို မည်သို့​အနိုင်ယူ​နိုင်​သနည်း။

ဟောပြောရန် စိတ်အား​ထက်သန်မှု​ကို တိုးပွား​စေခြင်း

တမန်​တော်​ပေါလု​သည် အခြားသူ​တို့​ထံ မိမိ၏​ယုံကြည်ခြင်းကို ဝေမျှ​ပြောဆို​ရာ​၌ အမှန်ပင် တွန့်ဆုတ်​ခြင်း​မရှိခဲ့​ချေ။ ရောမ ၁:၁၅ တွင် မိမိကိုယ်ကို သမ္မာကျမ်းစာ​သတင်းတရား ကြွေးကြော်​ရန် စိတ်အား​ထက်သန်​သူ​အဖြစ် ဖော်ပြ​ထား​၏။ အဘယ်အရာက ထိုသို့​စိတ်အား​ထက်သန်​စေ​သနည်း။ အခန်းငယ် ၁၆ တွင် မှတ်တမ်း​တင်ထား​သည့်​အတိုင်း သူ​ဤသို့​ပြော​သည်– “ငါသည် ခရစ်တော်​၏​ဧဝံဂေလိတရား​ကြောင့် ရှက်ကြောက်ခြင်း​မရှိ။ အကြောင်း​မူ​ကား၊ ထို​တရားသည် . . . ယုံကြည်​သမျှ​သော​သူအပေါင်း​တို့ကို ကယ်တင်​စေသော ဘုရားသခင်​၏​တန်ခိုးတော်​ဖြစ်၏။” အသင်​ကော အသို့နည်း။ အမှန်တရားသည် သင့်​ကိုယ်နှိုက်​အတွက် တကယ်​ဖြစ်​ကြောင်း ကိုယ်တိုင် ပြသ​နေပြီ​လော။ (ရောမ ၁၂:၂) သမ္မာကျမ်းစာ​သတင်း​စကား​သည် “ကယ်တင်​စေသော ဘုရားသခင်​၏​တန်ခိုးတော်​ဖြစ်” ကြောင်း သင်​ကိုယ်ပိုင်​ယုံကြည်​သလော။

သင့်​မိဘတို့​နှင့်အတူ ခရစ်ယာန်​စည်းဝေးများ​ကို တက်ရောက်​ရုံ​ဖြင့် မလုံလောက်​ချေ။ ဒယ်​ဘ​ရာ​အမည်​ရှိ ငယ်ရွယ်သူ​တစ်ဦး​က “မိဘတွေက အစည်းအဝေး​တက်​ဖို့​ပြော​လို့ စည်းဝေး​တက်တာ လွယ်လွယ်လေး​ပါ၊ ဒါပေမဲ့ သမ္မာကျမ်းစာ​နဲ့​ပတ်သက်​လို့ မေးခွန်းတွေ သူများ​က​မေးတဲ့အခါ အဖြေကို ကျွန်မ မရှင်းပြ​တတ်​ဘူး” ဟူ၍​ပြောပြ​သည်။ မီ​ရန်​ဂ်​အမည်​ရှိ ငယ်ရွယ်သူ​တစ်ဦး​လည်း အလားတူ​ဝန်ခံ​လေ​သည်– “ဒါ​အမှန်တရား​ပဲ​ဆိုတာ ကိုယ်​ကိုယ်တိုင် ယုံကြည်မှု​ရှိ​ထား​ဖို့​လိုတယ်။”

အခြား​သူတို့အား ကျမ်းစာ​အသိပညာကို ဝေမျှပေး​ရန် သင့်ကို အဘယ်အရာက စေ့ဆော်​ပေး​နိုင်​သနည်း။ အသင်​ကိုယ်တိုင် ယင်းကို လေ့လာခြင်း​ဖြစ်သည်။ ရှင်း​အမည်​ရှိ လူငယ်​တစ်ဦး​က ဤသို့​ပြော​သည်– “သင်​ကိုယ်တိုင် သမ္မာကျမ်းစာ​ကို ကိုယ်ပိုင်​စလေ့လာ​ပြီ​ဆိုရင် အမှန်တရားကို ကိုယ်ပိုင်​ဖြစ်​ရန် သင်​စတင်​နေပြီ​ဖြစ်တယ်။ ကိုယ့်​ကိုယ်နှိုက်​အတွက် သင်​လေ့လာ​နေတာပါ​ပဲ။” မှန်ပါသည်၊ လူတိုင်း အလိုအလျောက် ပညာ​ကို ပင်ကို​အရ​လေ့လာ​လိုက်စား​တတ်ကြ​သည်မဟုတ်။ “ကျွန်မ စာဖတ်​ဝါသနာ​မပါဘူး” ဟူ၍ ရှီ​ဗွန်​က ဝန်ခံခဲ့​သည်။ “ဒီတော့ စ​စ​ချင်း​မှာ ကင်းမျှော်စင်​နဲ့ နိုးလော့! ဒါမှ​မဟုတ် သမ္မာကျမ်းစာ​ကို နေ့တိုင်း​ဖတ်ရှု​ဖို့ ကျွန်မ​အတွက် အတော်​ကို​ခက်တယ်။ ဒါပေမဲ့ လုပ်​သွား​ရင်း​နဲ့​ပဲ ကျင့်​သား​ရသွားတယ်။”

ထိုသို့ လုံ့လထုတ်​လေ့လာခြင်း​မှ အဘယ်​အကျိုး​ရလဒ်များ ရရှိ​သနည်း။ တမန်​တော်​ပေါလု ဤသို့​ပြော​ခဲ့​သည်– “ယုံကြည်ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်၏။” (ရောမ ၁၀:၁၇) သင်၏​ယုံကြည်ခြင်း​နှင့် စိတ်ချမှု​တိုးလာ​သည်​နှင့်​အမျှ သင်၏​စိတ်သဘောထား​မှာ အမှန်ပင် ပြောင်းလဲ​သွား​သည်။ အဲလစ်​ဆန်​ဂီ​လာ​အမည်​ရှိ ဘရာဇီး​လ်​လူမျိုး ငယ်ရွယ်သူ​တစ်ဦး​က ဤသို့​ကောက်ချက်​ချ​သည်– “ခရစ်ယာန်​တစ်ဦး​ဖြစ်​ရတာ ရှက်​စ​ရာ​မဟုတ်ဘဲ ဂုဏ်ယူ​စ​ရာ​တောင်​ကောင်း​သေး​တယ်။” အမှန်​မှာ သင်၏​ယုံကြည်ခြင်း​တိုးများ​လာ​သည်​နှင့်​အမျှ သင်၏​အတန်းဖော်​များ​အပါအဝင် အခြား​သူတို့ကို မပြောပြ​ဘဲ​မနေ​နိုင်အောင်​ဖြစ်လာ​ကြောင်း သိမြင်​လာ​ရသည်။ ပေါလု​က ဤသို့​ဆို​သည်– “ငါသည်​ယုံကြည်​သောကြောင့်​မြွက်ဆို​၏။” (၂ ကောရိန္သု ၄:၁၃) ထို့​အပြင် အသက်​ရစေသော​အသိပညာကို သင်​နေ့စဉ်​တွေ့​နေ​မြင်​နေရ​သော လူငယ်တို့​အား မပေး​ဘဲ​ထား​မည်​ဆိုလျှင် အခြား​သူတို့၏ “အသွေး​နှင့် ငါ​ကင်းလွတ်​သည်” ဟု သင်​မည်သို့​ပြော​နိုင်​မည်​နည်း။—တမန်​တော် ၂၀:၂၆၊ ၂၇

သို့သော် ခရစ်ယာန်​လူငယ်​အချို့​သည် သမ္မာကျမ်းစာ​အကြောင်း အခြား​သူတို့ကို ပြောပြ​နိုင်စွမ်း​မရှိ​ဟု ခံစား​ကြ​ရသည်။ “ဘာ​ပြော​ရမယ်ဆိုတာ သင်​မသိ​ဘူးဆို​ရင် ဟောပြောဖို့​ကြိုးစား​ခြင်း​ဟာ သိပ်​ပျော်စရာ​ကောင်း​မှာ​မဟုတ်ဘူး” ဟူ၍ ဂျော့်ရွှာ​အမည်​ရှိ လူငယ်​တစ်ဦး​က​ပြော​သည်။ ထို့​အပြင် သမ္မာကျမ်းစာ​ကို နက်နက်နဲနဲ ပိုမို​နားလည်​ထား​လျှင် ယင်းကို ကျွမ်းကျင်​စွာ​ကိုင်တွယ်​ဖြေရှင်း​တတ်​သွား​မည်။ (၂ တိမောသေ ၂:၁၅) ယေဟောဝါသက်သေ​များ​၏​အသင်းတော်တွင် သွန်သင်ခြင်း​စွမ်းရည်​များ တိုးတက်စေ​ရာ​၌ လူငယ်တို့​သည် အသင်းတော်​အကြီးအကဲ​များ​ထံ ချဉ်းကပ်​၍ ကိုယ်တိုင်​ကိုယ်​ကျ​အကူအညီ တောင်းခံ​နိုင်​ကြသည်။ မက်​သိ​အက်စ်​အမည်​ရှိ ဂျာမန်​လူငယ်​တစ်ဦး ဤသို့​ပြောဆို​သည်– “သမ္မာကျမ်းစာ စာပေ​တွေ​ကို​ဝေငှ​ရုံ​သာ​မဟုတ်ဘဲ လူတွေကို ကျွန်တော် တကယ်ပဲ စ​ဟောတဲ့​အခါ ဟောပြော​ရတာကို ကျွန်တော်​ပျော်မွေ့​လာတယ်။”

အဆုံး​၌ ရဲစွမ်းသတ္တိ​ရှိ​ရှိ​ဖြင့်​ပြောဆို​ဖို့ ကူညီ​ပေး​ပါ​ရန် ဘုရားသခင်​ထံ သင်​တောင်းလျှောက်​နိုင်​သည်။ (တမန်​တော် ၄:၂၉) ယင်း​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု​သည် ဘုရားသခင့်​အကူအညီကို ကိုယ်တိုင်​ရရှိခဲ့​သည်။ ၁ သက်သာလောနိတ် ၂:၂ တွင် သူ​ဤသို့​ပြော​သည်– “ဘုရားသခင်​ကို​အမှီပြု၍ ကြီးစွာ​သော​တိုက်လှန်​ခြင်း​နှင့်​တကွ၊ ဘုရားသခင်​၏​ဧဝံဂေလိတရား​ကို သင်တို့အား​ရဲရင့်စွာ​ဟောပြောကြ​၏။” ကိုးကား​ရည်ညွှန်းချက်​တစ်ရပ်​၌ ဤ​ဖော်ပြချက်​ကို “ဘုရားသခင်​သည် ကျွန်ုပ်​တို့​ထဲ​မှ ကြောက်ရွံ့​စိတ်​ကို​ထုတ်ပစ်​လိုက်​သည်” ဟု ပြန်ဆို​ထား​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​ထဲ​မှ ကြောက်ရွံ့​စိတ်​ကို ဖယ်ထုတ်​ပစ်​ဖို့ ဘုရားသခင်​ထံ တောင်းလျှောက်​ပါ​လေ။

မိမိ မည်သူ​ဖြစ်​ကြောင်း​သိစေပါ

ထို​ဆုတောင်းချက်​နှင့်​အညီ သင်သည် အလွန်​ရဲရင့်​သော​ခြေလှမ်း​တစ်ရပ်​လှမ်း​နိုင်၏။ ရှိ​ခ်​အမည်​ရှိ ငယ်ရွယ်​သော​ဗြိတိသျှ​သူ​တစ်ဦး​က ဤသို့​အကြံပြု​သည်– “မိမိသည် ခရစ်ယာန်​တစ်ဦး​ဖြစ်​ကြောင်း ကျောင်းနေ​ဖက်​များ​ကို ပြောပြ​ပါ။” ‘မထင်ရှား​သော​တပည့်’ တစ်ဦး သင်​မဖြစ်​လို​ပါ။ ယခင်​က မိမိသည် ဟောပြောခြင်း​လုပ်ငန်း​၌ အသိ​တစ်ဦးဦး​နှင့် တွေ့ဆုံ​မည်​ကို ကြောက်ရွံ့​ခဲ့​ကြောင်း ရီ​ဗ​က္ကာ​အမည်​ရှိ ငယ်ရွယ်သူ​တစ်ဦး​က ဝန်ခံခဲ့​သည်။ သို့သော် သူက “သင်ဟာ ခရစ်ယာန်​တစ်ဦး​ဖြစ်​ကြောင်း​နဲ့ တစ်အိမ်​မှ​တစ်အိမ်​သွား​ကြောင်း သူတို့ကို ပြောပြ​ထား​မယ်​ဆိုရင် သူတို့က ‘ဒါဆိုရင်၊ တို့​အိမ်ကို မင်း​လာ​မှာ​လား’ လို့ တစ်ခါ​တ​လေ​မေး​တတ်” ခြင်း​ကို သူ​ကြုံ​ခဲ့​ကြောင်း ပြောပြ​သည်။

ထိုသို့​ဖြစ်​လျှင် မတော်တဆ​ဆုံတွေ့​မိဖို့ အဘယ်ကြောင့် စောင့်နေ​ဦး​မည်​နည်း။ ကျောင်း​၌ သင်၏​ယုံကြည်ခြင်းကို​ဝေမျှ​ရန် အခွင့်အလမ်း​ရှာယူပါ​လေ။ တမန်​တော်​ပေါလု​၏ ဤ​မေးခွန်းများကို သတိရပါ– “သတင်း​မကြား​လျှင် အဘယ်​သို့​ယုံကြည်​နိုင်​မည်​နည်း။ ဟောပြောသော​သူ​မ​ရှိလျှင် အဘယ်​သို့​ကြား​နိုင်​မည်​နည်း။” (ရောမ ၁၀:၁၄) သင်၏​အတန်းဖော်​များ ကြားနာရန် အကောင်းဆုံး ကူညီ​ပေး​နိုင်​သူ​မှာ သင် ဖြစ်သည်။ အိုင်​ရီ​ဒါ​အမည်​ရှိ ငယ်ရွယ်သူ​တစ်ဦး ဤသို့​တွေ့မြင်​ခဲ့​သည်– “ကျောင်း​ဆိုတာ ကျွန်မ​တို့​ပဲ ရောက်​နိုင်​တဲ့ ဟောပြောခြင်း​ရပ်ကွက်​တစ်ခု​ပါ။” သို့​ဖြစ်၍ အလွတ်သဘော​ဟောပြောခြင်း​အားဖြင့် လူငယ်များစွာသည် မိမိတို့၏​အခြေအနေ​ကို အခွင့်အရေး​အဖြစ် အမိ​အရ​ယူ​ကြသည်။

သို့သော် တစ်ခါတစ်ရံ အတန်း​ထဲ​၌​သမ္မာကျမ်းစာ​အမှန်တရားကို သင်​ဝေမျှပေး​နိုင်​ရန် အခွင့်အလမ်း​ပေါ်​စေသည့် တာဝန်​များ​ရ​တတ်​သည်။ ဗြိတိသျှ​မိန်းမပျို​လေး​ဖြစ်သူ ဂျေ​မီ​က ဤသို့​ပြောပြ​သည်– “သိပ္ပံ​အချိန်​မှာ ကျွန်မ​တို့​ဟာ ဆင့်ကဲ​အကြောင်း ဆွေးနွေး​ရတယ်၊ အဲ့ဒီ​အခါ ကျွန်မ​ရဲ့​ယုံကြည်ချက်တွေကို တင်ပြ​ခဲ့တယ်။ ကောင်လေး​တစ်ယောက်​က ကျွန်မ​ကို လှောင်ပြောင်​သရော်​ပြီး ယေဟောဝါသက်သေ​ဆိုတာ ဉာဏ်ရည်​နိမ့်​လို့ ကျောင်း​အစီအစဉ်မှာ​ရှိဖို့ မထိုက်​ဘူးလို့​ပြော​လာတယ်။ အဲဒီလို​ဖြစ်​ပေမဲ့ ချက်ချင်းပဲ အတန်း​ထဲမှာ​ရှိတဲ့ တခြား​သူတွေက ကျွန်မ​ဘက်မှာ ရပ်တည်​ပေး​ကြတယ်။” ရှင်း​နေသည်​မှာ စံပြ​ခရစ်ယာန်​တစ်ဦး​အဖြစ် သူ၏​ဂုဏ်​သတင်းကောင်း​ကြောင့် ကောင်းကျိုး​ရရှိခဲ့သည်။ ထပ်ဆင့်၍ ဂျေ​မီ​က ဤသို့​ပြော​သည်– “ရလဒ်အနေနဲ့ အတန်းဖော်​တစ်ဦး​ကို သင့်ကို​ဂရုစိုက်​တော်​မူ​သော ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသလော​စာအုပ်​တစ်အုပ် ကျွန်မ ဝေငှ​ခွင့်​ရခဲ့​ပါ​တယ်။” *

ရိုမေးနီးယား​မှ​မီ​ကူ​အမည်​ရှိ ၁၄ နှစ်အရွယ် သူငယ်မ​တစ်ဦး​သည် ထပ်တူ​တွေ့ကြုံမှု​မျိုး​ကြုံတွေ့​ရသည်– “အရက်၊ ဆေး​ရွက်​ကြီး၊ မူးယစ်​ဆေးဝါး​တို့​နဲ့​ပတ်သက်​လို့ အတန်း​ထဲမှာ ဆွေးနွေးပွဲ​တစ်ခု လုပ်မယ်​ဆိုပြီး ကျွန်မ​ရဲ့​ဆရာမ​က ကြေညာ​ထား​တယ်။ ဒါနဲ့ ‘သင်​ဆေးလိပ်​ဖြတ်​နိုင်​ပုံ’ အကြောင်းပါ​ရှိတဲ့ ၂၀၀၀၊ မတ်​လ ၂၂ ရက်ထုတ်​နိုးလော့! ကို ကျွန်မ​ယူသွား​ခဲ့တယ်။ အတန်းဖော်​တစ်ဦး​က အဲဒီ​မဂ္ဂဇင်း​ကို တွေ့​တာ​နဲ့​ယူ​ထား​လိုက်ပြီး ပြန်​မပေးတော့ဘူး။ ဖတ်​ပြီး​တာ​နဲ့ ဆေးလိပ်​ဖြတ်​ဖို့ သူ​ဆုံးဖြတ်​လိုက်​ကြောင်းကို ပြောပြ​ခဲ့​ပါ​တယ်။”

ထိုသို့​လိုလိုလားလား​တုံ့ပြန်မှု​မျိုးကို အမြဲတစေ သင်​ရ​ချင်​မှ​ရမည်။ သို့သော် နယပုံပြင်​ကျမ်း ၁၁:၆ က ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​သည်– “နံနက်​အချိန်၌ မျိုးစေ့ကို​ကြဲ​လော့။ ည​ဦး​အချိန်၌​လည်း မ​ကြဲ​ဘဲ​မနေ​နှင့်။ အကြောင်း​မူ​ကား အဘယ်အရာ​သည် အကျိုးရှိ​မည်​ကို . . . မသိနိုင်။” တုံ့ပြန်မှု​မကောင်း​လျှင်​ပင် ကျောင်း​၌ သင်၏​ယုံကြည်ခြင်းကို ဝေမျှခြင်းက တစ်အိမ်​မှ​တစ်အိမ် ခရစ်ယာန်​ဓမ္မ​အမှု၌ တွေ့ဆုံ​ရ​လိမ့်​မည့်​ကျောင်းနေ​ဖက်​တစ်ဦး​နှင့် သာ၍​ကောင်းသော​ဆွေးနွေးချက်​အတွက် အုတ်မြစ်ချ​ထား​ရာ​ရောက်​ပေမည်။ ဂျက်​စီ​ကာ​အမည်​ရှိ ငယ်ရွယ်​သော​ဗြိတိသျှ​သူ​တစ်ဦး​က ဤသို့​ဆို​သည်– “ကျောင်း​ထဲ​က သင်​သိရှိ​ထား​သူတွေကို သက်သေခံ​ရခြင်း​က တကယ်တော့​ပို​လွယ်​ပါ​တယ်၊ အကြောင်း​က သူတို့နဲ့ သင်ဟာ သိ​နှင့်​ပြီး​သား​ဖြစ်​နေလို့ပဲ။” သင်၏​ယုံကြည်ခြင်း​နှင့်​ပတ်သက်​၍ သင်၏​ကျောင်းနေ​ဖက်​အချို့ မည်မျှ​သိလိုစိတ်​ရှိကြောင်းကို သင်​အံ့အားသင့်​သွား​နိုင်​သည်။

မှန်ပါသည်၊ လူတိုင်း​က သင့်ကို ဖော်ဖော်ရွေရွေ​လက်ခံ​လိမ့်​မည်​မဟုတ်​ချေ။ သို့သော် ယေရှုသည် ဤ​လက်တွေ့ကျ​အကြံပြုချက်ကို ပေး​တော်​မူ​ခဲ့​သည်– “အကြင်သူသည် သင်တို့ကို​လက်မခံ၊ သင်တို့၏​စကား​ကို နားမထောင်​ဘဲ​နေ​၏၊ ထို​သူ​နေသော​အိမ်​မှ . . . ထွက်သွား​စဉ်၊ သင်တို့​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါ​လိုက်​ကြလော့။” (မဿဲ ၁၀:၁၄) တစ်နည်း​ဆို​ရ​သော် သင့်ကို အရှက်ခွဲ​စော်ကားခြင်း​ဟု ယူမှတ်​စ​ရာ​မလို​ချေ။ ငြိမ်သက်​စွာ​ထွက်​လာ​ရုံ​သာ​ရှိပြီး သာ၍​တလိုတလား​နားထောင်သူ​ကို ရှာဖွေ​ရုံ​သာ​ဖြစ်သည်။ အနှေး​နှင့်​အမြန်​ဆို​သလို အမှန်တရားကို​ငတ်မွတ်​၍ နားထောင်​လို​သည့် စိတ်နှလုံး​ရိုး​ဖြောင့်​သူတို့ကို သင်​တွေ့ရှိ​လိမ့်​မည်။ သူတို့​ထဲ​မှ တစ်ဦးဦး​မှာ သင်၏​ကျောင်းနေ​ဖက်​ဖြစ်ပါ​က ဆုကျေးဇူး​မဟုတ်ပေ​လော။ ထိုသို့​ဆိုလျှင် အတန်းဖော်​များ​အား မိမိ၏​ယုံကြည်ခြင်းကို ဝေမျှ​ရာ​၌ ကြောက်ရွံ့​စိတ်​ကို ကျော်လွှား​နိုင်​၍ ပျော်​နေ​ပေ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ၂၀၀၂၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် [လိပ်] ကျွန်ုပ်​တို့၏​စာစောင်​မှ “လူငယ်များ​အမေး . . . ကျောင်း​မှ​တစ်ဦးဦး​ကို တွေ့ဆုံ​မိ​လျှင် အဘယ်​သို့​နည်း” ဟူသော​ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 18 ယေဟောဝါသက်သေ​များ​မှ​ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်း​ဖော်ပြချက်]

“သင်​ကိုယ်တိုင် သမ္မာကျမ်းစာ​ကို ကိုယ်ပိုင်​စလေ့လာ​ပြီ​ဆိုရင် အမှန်တရားကို ကိုယ်ပိုင်​ဖြစ်​ရန် သင်​စတင်​နေပြီ​ဖြစ်တယ်။”—ရှင်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိမိကိုယ်ကို ခရစ်ယာန်​တစ်ဦး​ဖြစ်​ကြောင်း ဖော်ပြ​ရန် မကြောက်ရွံ့​ပါ​နှင့်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အတန်း​ထဲ​၌ ရသည့်​တာဝန်​များသည် သမ္မာကျမ်းစာ​အမှန်တရားကို ဝေမျှပေး​နိုင်​ရန် အခွင့်အလမ်း​ပေါ်​တတ်