မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ပိုးကောင် မျက်လုံး​အတု

ဩစတြေးလျ သိပ္ပံ​ပညာရှင်​များ ပုံစံ​ပြု​တီထွင်​ထား​သည့် စက်ရုပ်​ပိုးကောင်​မျက်လုံးကို နာ​ဆာ​က အင်္ဂါ​ဂြိုဟ်​စူးစမ်း​ရေး​ယာဉ်​တွင် အသုံးပြုရန်​အတွက် ဝယ်ယူ​လိုက်​ကြောင်း သည်​သြစတြေးလျ​န်း သတင်းစာ​က ရေးသား​ဖော်ပြ​သည်။ ဩစတြေးလျ အမျိုးသား တက္ကသိုလ်​မှ သုတေသီ​များ​က ၎င်းတို့၏ အာရုံခံ​ကိရိယာ​အတုကို ကျိုင်း​ကောင်​၏ မျက်လုံး​ပေါ် အခြေပြု​၍ ပုံစံ​ထုတ်​ထား​သည်။ “၎င်း​တက္ကသိုလ်​မှ ဇီဝ​စက်ရုပ်​အမြင် ဓာတ်ခွဲခန်း​သည် ကျိုင်း​ကောင်၊ ပျား​နှင့် ပု​စဉ်း​များ​က ၎င်းတို့၏ ပျံသန်းမှု​ကို​ထိန်းချုပ်​ရန် အမြင်​အာရုံ​ကို မည်သို့​အသုံးပြု​ကြောင်း နှစ်ပေါင်း​များစွာ လေ့လာ​ခဲ့​ကြသည်။ သူတို့သည် ပျံသန်းမှု​ကို​ထိန်းချုပ်​သည့် စည်းမျဉ်း​များ​ကို အဖြေ​ထုတ်​၍ ပုံတူ​ပြုလုပ်​ရန် သင်္ချာ​ဆိုင်ရာ အယ်​လ​ဂို​ရီ​သမ်​များ​ကို ဖန်တီး​ခဲ့​ရသည်” ဟု ထို​သတင်းက​ဆို​သည်။ နာ​ဆာ​က ဤ​ကျိုင်း​ကောင်​မျက်လုံး​အတုကို “ကျောက်ဆောင်​ထူထပ်​သော အင်္ဂါ​ဂြိုဟ်​၏ မျက်နှာပြင်​ပေါ်​တွင် ပိုးကောင်​တစ်ကောင်​ကဲ့သို့ တိုက်မိ​ခိုက်​မိ​ခြင်း​မရှိဘဲ လျင်မြန်​စွာ ပျံသန်း​ရွေ့လျား​နိုင်​မည့်” အာကာသ စူးစမ်း​ရေး​ယာဉ်​ငယ်​တစ်စီး​တွင် တပ်ဆင်​သုံးစွဲ​လို​သည်။ ဤ​အစီအစဉ် အောင်မြင်​ပါ​က ထို​အာကာသ​စူးစမ်း​ရေး​ယာဉ်​သည် နေ​စကြဝဠာ​တွင် အကြီး​ကျယ် အ​ခမ်းနား​ဆုံးသော နက်ရှိုင်း​သည့်​ချောက်ကြီး​ဖြစ်သော ဗေးလီး မ​ရီး​နား​ရီး​စ်—မိုင်​ပေါင်း ၂,၅၀၀ ရှည်လျား၍ ၄ မိုင်​နက်ရှိုင်း​သည်—၏ ကျောက်လွှာ​ဖြစ်တည်​ခြင်း​ကို စူးစမ်း​လေ့လာ​၍ ဤ​အနီရောင်ဂြိုဟ်​ကြီး​၏ ဘူ​မိ​သမိုင်း​ကို​ဖော်ထုတ်​ရန် ကြိုးပမ်း​သွား​မည်​ဖြစ်သည်။

သားစား​ဝေလငါး​များ ကွဲပြား​သော​အသံများ​ဖြင့် ကြင်ဖော်​ရှာ​ပုံ

“တစ်ခု​တည်း​သော သေးငယ်​သည့် ငါး​အုပ်​အတွင်း တစ်သက်လုံး​နေထိုင်ကြ​သည့် သားစား​ဝေလငါး​များ [killer whales] သည် မျိုး​တူ​စပ်​မိ​ခြင်း​ကို မည်သို့​ရှောင်နိုင်​ကြ​သနည်း” ဟု ကနေဒါ​နိုင်ငံ​ထုတ် ဗန်ကူးဗား​ဆန်း သတင်းစာ​၌ မေးခွန်းထုတ်​ထား​သည်။ “ဗြိတိသျှ​ကို​လ​မ်​ဘီယာ​နှင့် အလာစကာ​မှ ဤ​သားစား​ဝေလငါး​များ​၏ ဒီ​အင်​အေ နမူနာ ၃၄၀ နှင့် မျိုးရိုး​ဗီဇ​ကို ခု​နစ်​နှစ်​ကြာ သုတေသန​ပြုချက်​ပေါ် အခြေပြု​၍ ဝေလငါး​အမ​များသည် အခြား​ငါး​အုပ်​များ​မှ အထီး​များနှင့်​သာ သီးသန့်​မိတ်လိုက်​ကြောင်း ဗန်ကူးဗား ငါး​ပြတိုက်​မှ အကြီး​တန်း သိပ္ပံ​ပညာရှင် လန်း​စ် ဘား​ရ​စ်–လင်း​န​ဒ် က​တွေ့ ရှိခဲ့​သည်။” သို့ရာတွင် ၎င်း​တို့​ဒေသ​တွင်း သို့​မဟုတ် ငါး​အုပ်​ကြီး​ပြင်ပ​မှ ငါး​များနှင့်​မူ​ကား မိတ်လိုက်​ခြင်း​မပြု​ပေ။ “သွေး​ရင်း​မိတ်လိုက်​သည့် အထောက်အထား​ကို မ​တွေ့ရ” ဟု ဘား​ရ​စ်–လင်း​န​ဒ် က​ဆို​သည်။ “မိတ်လိုက်​မှု အားလုံးနီးပါး​သည် အလွန့်အလွန်​ကွဲပြား​သည့် အသံများ​ရှိသည့် ငါး​အုပ်​များ​အချင်းချင်း​သာ ပြု​ကြသည်။” “သားစား​ဝေလငါး​များသည် အတတ်နိုင်ဆုံး မိမိတို့​နှင့် သွေး​ဝေးသည့်​ငါး​များ​ကို​သာ ကြင်ဖော်​အဖြစ် ရွေးချယ်​ကြသည်။ အခြား​ဝေလငါး​များ​၏ အသံကို နားထောင်​၍ မိမိတို့၏​အသံ​နှင့် အလွန်​ကွဲပြား​သည့် ဝေလငါး​များ​ကို​ရှာ​ခြင်း​ဖြင့် ထိုသို့​ရွေးချယ်ခြင်း ဖြစ်ဖွယ်​ရှိသည်” ဟု​ထို​ဆောင်းပါး​က ဆက်၍​ဆို​သည်။

ငါးမန်း​ဖြူ​ကို ခြေရာ​ခံ​ခြင်း

“အခြား​သတ္တဝါများ​ကို သတ်ဖြတ်​စားသောက်​တတ်သော အကြီးဆုံး​ငါး​မျိုး​ဖြစ်သည့် ငါးမန်း​ဖြူ​အား ဂြိုဟ်တု​ဖြင့် ခြေရာ​ခံ​လိုက်​ရာ​မှ ယင်း​တို့သည် သမုဒ္ဒရာ​ရေပြင်​ကို​ဖြတ်၍ မိုင်​ပေါင်း​ထောင်နှင့်ချီ​၍ တစ်​နေရာ​မှ​တစ်​နေရာသို့ ပြောင်းရွှေ့​ကျက်စား​သည်ကို တွေ့ရှိ​ခဲ့​သည်” ဟု လန်ဒန်​ထုတ် ဒေးလီး တယ်​လီ​ဂ​ရပ်​ဖ် သတင်းစာ​က​ဆို​သည်။ နေး​ချား မဂ္ဂဇင်း​တွင် ပုံနှိပ်​ထုတ်ဝေ​လိုက်​သည့် ၎င်း​တွေ့ရှိချက်​က ငါးမန်း​ဖြူ​နှင့်​ပတ်သက်​သည့် ရှေးဟောင်း​ယုံကြည်ချက်ကို ကြေကွဲ​စေ​ခဲ့​သည်။ ငါးမန်း​ဖြူ​ကို ကမ္ဘာ​တစ်ဝန်း​တွင် တွေ့ရှိ​ရ​သော်လည်း ၎င်းတို့သည် ပင်လယ်​ကမ်းရိုးတန်း​တစ်လျှောက်​၌​သာ နေထိုင်​ကျက်စား​ပြီး ပင်လယ်ဖျံ​များနှင့် ပင်လယ်ဖျံ​ကြီး​များ​ကို ဖမ်းယူ​စားသောက်​သည်၊ မိမိတို့၏ ဇာတိ​ဒေသ​မှ​ဝေးရာ​သို့ အုပ်​ခွဲ​သွားခြင်း​မရှိ​ဟု ယူဆ​ခဲ့​ကြသည်။ သို့သော် များ​မကြာမီ​က ကယ်လီဖိုးနီးယား​မှ သုတေသီ​များ​က ငါးမန်း​ဖြူ အထီး​လေးကောင်​နှင့် အမ​နှစ်ကောင်​၌ အမှတ်သညာ ကပ်​ပေး​လိုက်​သည့်​အခါ ငါးမန်း​တစ်ကောင်​သည် ကယ်လီဖိုးနီးယား​ကမ်းခြေ​မှ မိုင် ၂,၂၈၀ ကွာဝေး​သည့် ဟာဝိုင်ယီကျွန်း​အထိ အဝေး​ဆုံးသွား​ရောက်​ခဲ့​ကြောင်း၊ တစ်နေ့​လျှင် အနည်းဆုံး ၄၃ မိုင်​နှုန်း​ဖြင့် သွားခဲ့​ကြောင်း တွေ့ရှိ​ခဲ့​ရသည်။ ထို​ငါးမန်း​ဖြူ​ကြီး​များသည် ကမ်းရိုးတန်း​အနီး​တွင် အနက်​ပေ ၉၀ ကျော်​သည်​အထိ ငုပ်​ဆင်း​ခြင်း မရှိ​လှသော်လည်း သမုဒ္ဒရာ​ရေပြင်​တွင်​မူ​ကား တစ်ခါတစ်ရံ အလွန်​နက်ရှိုင်း​စွာ ငုပ်​ဆင်း​တတ်ကြ​သည်။

စီးပွားရေး​ကပ်​ဆိုက်​မှုများ​ကြောင့် ဆေးခန်း​များ​တွင် အုံ​ကျ​လာ

အာဂျင်တီးနား ငွေကြေး​တန်ဖိုး ရုတ်တရက် ထိုး​ကျ​ခြင်း​နှင့်​ဆက်နွှယ်​သည့် စီးပွားရေး ကပ်​ဆိုက်​မှု​ကြောင့် အာဂျင်တီးနား​ပြည်သူ​များသည် စိတ်ဖိစီးမှု​နှင့်​ဆက်စပ်​သည့် ကျန်းမာ​ရေး​ပြဿနာ​များနှင့် ဆေးရုံ​ဆေးခန်း​များ​သို့ အ​စု​အပြုံလိုက် ရောက်ရှိ​လာ​ကြ​သဖြင့် ဆေးရုံ​ဆေးခန်း​များ မ​နိုင်​မ​နင်း ဖြစ်​ရ​ကြသည်​ဟု က​လဲ​ရင် သတင်းစာ​က ရေးသား​ဖော်ပြ​သည်။ အဆိုပါ ကျန်းမာ​ရေး​ပြဿနာ​များ​တွင် “ခေါင်းကိုက်​ခြင်း၊ သွေး​တိုး​ခြင်း၊ ဖက်​ခွက်​နာ၊ ပြည်တည်နာ၊ အစာအိမ်​ရောင်ရမ်းခြင်း၊ အိပ်မပျော်​ခြင်း​နှင့် စိုးရိမ်​ကြောင့်ကြ​ခြင်း” တို့​ပါဝင်​သည်။ အချို့​သူတို့သည် “အာရုံကြော​ဆိုင်ရာ ပြဿနာ​အခံ မရှိဘဲ” မူး​မေ့​ကြသည်​ဟု ဆေး​ဘက်​ဆိုင်ရာ ကျွမ်းကျင်​ပညာရှင်​တစ်ဦး​က​ဆို​သည်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျ​မှု​နှင့် ကြောက်ရွံ့​မှု​တို့အတွက် ဆရာဝန်​နှင့် လာရောက်​တိုင်ပင်​သူတို့သည် ဆေးခန်း​တစ်ခု​၌ ရက်​အနည်းငယ်​အတွင်း ၃၀၀ ရာခိုင်နှုန်း တိုးလာ​ခဲ့​သည်။ ဆရာဝန်​များနှင့် သူနာပြု​များသည် လူနာ​နှင့်​ပြည့်ကျပ်​နေသည့် စောင့်ဆိုင်း​ခန်း​များ​အတွက် ကိုင်တွယ်​ဖြေရှင်း​ရသည့်​အပြင် ငွေ​ရေး​ကြေး​ရေး အကျပ်အတည်း​ကြောင့် ဒေါသ​ထွက်​နေကြ​သည့် လူနာများ​နှင့်​လည်း ရင်ဆိုင်​ကြ​ရသည်။ အချို့​လူနာ​တို့သည် ဆရာဝန်​များနှင့် သူနာပြု​များ​ကို ကိုယ်​ထိ​လက်ရောက်​ပင် ကျူးလွန်​ခဲ့​ကြသည်။ သူနာပြု​တစ်ဦး​ဆိုလျှင် ခေါင်း​တွင် ထိုးကြိတ်​ခံ​လိုက်ရ​သည်။

အမြန်ဆုံး အပျော်​စီး​ရထား ရိုလာကိုစတာ

“ကမ္ဘာ့​အမြန်ဆုံး ရိုလာကိုစတာ​ကို ဖူ​ဂျီ​ကျူ ကုန်းမြင့်​ဒေသ အပန်းဖြေ​ဥယျာဉ်​၌ ဖွင့်လှစ်​လိုက်​သည်” ဟူ၍ ဂျပန်​နိုင်ငံ​ထုတ် အိုင်​အိပ်ခ်ျ​တီ အ​ဆာ​ဟီ ရှင်​ဘွန်း သတင်းစာ​က ရေးသား​ဖော်ပြ​သည်။ “ရပ်နေ​ရာ​မှ နှစ်​စက္ကန့်​အတွင်း တစ်​နာရီ​လျှင် ၁၇၂ ကီလိုမီတာ​နှုန်း (တစ်​နာရီ​လျှင် ၁၀၆ မိုင်) အရှိန်မြှင့်​တင်​နိုင်​သဖြင့် သူရဲဘော​နည်း​သူများ မ​စီး​သင့်​ပေ။ ဒုံး​ပျံ​တစ်စင်း​မှ ပစ်လွှတ်​လိုက်​သည်​နှင့်​တူ​သည်။ စီးနင်း​သူများ​သည် တိုက်​လေယာဉ်မှူး​များ သာမန် တွေ့ ကြုံနေ​ကျ ဆွဲငင်အား​၏ ဆွဲငင်​ခြင်း​မျိုးကို တွေ့ ကြုံ​နိုင်​သည်။ ၎င်း​ရိုလာကိုစတာ​ကို တည်ဆောက်​သည့်​ကုမ္ပဏီ​၏ စီမံကိန်း​ဒါရိုက်တာ ဟိသ် ရောဘတ်​ဆန် က ဤသို့​ဆို​သည်– “လေယာဉ်​တစ်စင်း စတင်​ပျံသန်း​ချိန်​၌ ဆွဲငင်အား 2.5 Gs [ကမ္ဘာ​မြေ​ထု​၏ ဆွဲငင်အား ၂.၅ ဆ] ရှိ​နိုင်​သည်။ ဤ​ရိုလာကိုစတာ​၌ ဆွဲငင်အား 3.6 Gs ရှိသည်။” ဤ​ရိုလာကိုစတာ​သည် “လေယာဉ်​ငယ်​များ​၏ ဘီး​မျိုး​ဖြင့် ရွေ့လျား​ပြီး” မြင်း​ကောင်ရေ ၅၀,၀၀၀ အားရှိ​သည့် လေ​ဖိ​သိပ်​စက် (air compressor) သုံးလုံး​ဖြင့် မောင်းနှင်​သည်​ဖြစ်​ရာ ၎င်းကို “ဒုံး​ပျံ​ငယ်​တစ်စင်း​နှင့် နှိုင်းယှဉ်​နိုင်​သည်။”

အိန္ဒိယ​နိုင်ငံ​မှ ဆေးလိပ်​နှင့်​ဆက်နွှယ်​သည့် နှလုံး​ရောဂါ

“နှလုံး​ပတ် သွေးလွှတ်ကြော​ရောဂါ ဖြစ်ပွားမှု မြှင့်တက်​လျက်​ရှိသည်​ဟု [အိန္ဒိယ​နိုင်ငံ​မှ] အထက်တန်း နှလုံး​ရောဂါ အထူးကု ဆရာဝန်​ကြီး​များ​က ဆို​ကြသည်၊” ဟူ၍ မွမ်​ဘိုင်း သတင်း​ဌာန​က သုံးသပ်​တင်ပြ​သည်။ “ဂျက်​စ်​လော့​ခ် ဆေးရုံ​မှ နှလုံး​ရောဂါ​ကုထုံး ဒါရိုက်တာ ဒေါက်တာ အ​ရွှမ်း မီ​ထာ ၏​အဆို​အရ အိန္ဒိယ​နိုင်ငံသား​များသည် နှလုံး​ရောဂါ ရရှိနိုင်သည့် ပင်ကိုဗီဇ​ဓာတ်ခံ ပါရှိ​ကြသည်။” အထူး​စိုးရိမ်ဖွယ်​ရာ​မှာ ပိုမို​အသက်​ငယ်ရွယ်သူ​တို့သည် “ပို​၍ ဆေးလိပ်​သောက်​လာ​ကြ​သည့်​အတွက် နှလုံး​ဆိုင်ရာ​ပြဿနာ​များ” တွေ့ ကြုံ​ခံစား​လာ​ခြင်း​ဖြစ်သည်။ ထိထိရောက်ရောက် အရေးယူ​ပြုပြင်ခြင်း မရှိပါ​က အိန္ဒိယ​နိုင်ငံ​သည် တစ်နေ့​သောအခါ ကမ္ဘာ​ပေါ်​တွင် နှလုံး​ရောဂါ ဝေဒနာသည် အများဆုံး​နိုင်ငံ ဖြစ်လာ​မည်​ဟု ဘုံဘေ​ဆေးရုံ​မှ အတိုင်ပင်ခံ နှလုံး​ရောဂါ အထူးကု ဆရာဝန်​ကြီး ဒေါက်တာ ပီ.အယ်​လ်. တီ​ဝါ​ရီ က ယုံကြည်​သည်။ အိမ်နီးချင်း​နိုင်ငံ ဘင်္ဂလားဒေ့ရှ်​၌ အသက် ၃၅ နှစ်​မှ ၄၉ နှစ်​အတွင်းရှိ အမျိုးသား ၇၀ ရာခိုင်နှုန်း​ကျော်​သည် ဆေးလိပ်​သောက်​သူများ ဖြစ်​ကြသည်၊ “ဝင်ငွေ​ကျဆင်း​သည်​နှင့်​အမျှ ဆေးလိပ်​သောက်​သည့်​နှုန်း​ထား မြင့်တက်​လာ​သည်” ဟု အိန္ဒိယ​တိုင်းမ်​စ် သတင်းစာ​က​ဆို​သည်။ ပျမ်းမျှ​ခြင်း​အားဖြင့် ဆေးလိပ်​သောက်​သူ တစ်ဦးစီ​သည် “အဝတ်အစား၊ အိုးအိမ်၊ ကျန်းမာ​ရေး​နှင့် ပညာရေး​အတွက် လူတစ်ဦး​ချင်း​စီ စုစုပေါင်း​ကုန်ကျ​စရိတ်​၏ နှစ်ဆ​ကျော်​ကို စီးကရက်​အတွက် သုံးစွဲ​နေကြ​သည်။” ဆေးလိပ်​အတွက် သုံးဖြုန်း​သည့်​ငွေ​များ​ကို စား​နပ်​ရိက္ခာ​အတွက် ပြောင်းလဲ​အသုံးပြုနိုင်​မည်​ဆိုလျှင် ဤ​ဆင်းရဲ​သည့်​နိုင်ငံ​မှ အာဟာရချို့​တဲ့​သော​ပြည်သူ ၁၀.၅ သန်း​အတွက် အစားအစာ အလုံအလောက် ရရှိနိုင်​မည်​ဖြစ်သည်။

မြင့်မားသော​အဆောက်အအုံ​များ အ​ဝယ်​လိုက်နေ​ဆဲ

“အမြွှာ​မျှော်စင် ပြိုပျက်​ခြင်း​က ဗိသုကာ​များနှင့် အင်ဂျင်နီယာ​များ​အား မကြုံစဖူး ကြောက်မက်​ဖွယ် အဖြစ်​ထူး​ကို သိမြင်​အောင် ကိုင်​လှုပ်​လိုက်​သည်” ဟု ယူ.အက်စ်. သတင်း​နှင့် ကမ္ဘာ့​အစီရင်ခံစာ စာအုပ်​က ရေးသား​ဖော်ပြ​သည်။ “အခိုက်အတန့်​အားဖြင့် အရှိန်​တန့်​သွားခဲ့သော်​လည်း မိုး​မျှော်​တိုက်ကြီး​များ အ​ဝယ်​လိုက်​မှု​မှာ ရပ်စဲ​သွား​မည် မဟုတ်ပေ။” အကြောင်းရင်း​တစ်ခု​မှာ အချို့​ဒေသ​များ​၌ မြေနေရာ ရှားပါး​ခြင်း၊ အလွန်​ဈေးကြီး​ခြင်း​တို့​ကြောင့်​ဖြစ်သည်။ ၎င်း​အပြင် မြို့ကြီးပြကြီး​များသည် ဂုဏ်ယူ​ဝင့်ကြွား​လို​ကြသည်။ “ဒေသ​တစ်ခု​ကို ထင်ရှား​ကျော်ကြား လူသိ​များ​စေရန်၊ ခေတ်မီ​တိုးတက်စေ​ရန်​နှင့် အလားတူ​အကြောင်း​များ​အတွက်” အလွန့်အလွန်​မြင့်မားသော အဆောက်အအုံ​များ​ကို ဆောက်လုပ်​ကြ​ခြင်း​ဖြစ်သည်​ဟု မက်ဆာချူးဆက် နည်း​ပညာ​သိပ္ပံ၊ ဗိသုကာ​နှင့် စီမံကိန်း တက္ကသိုလ်​မှ မဟာ​ဌာနမှူး ဝီ​လျမ် မ​စ်​ချေ​လ် က​ပြောကြား​သည်။ သို့သော်လည်း အဆောက်အဦ​များ​ကို ပို​၍​လုံခြုံ​စိတ်ချမှု​ရှိအောင် မည်သို့​လုပ်ဆောင်​ရမည်​နှင့်​ပတ်သက်​၍ ဗိသုကာ​များ အချေအတင် ဆွေးနွေး​နေကြ​သည်။ အဆောက်အအုံ​များ​ကို တိုက်ခိုက်မှု​ခံနိုင်​အောင် ပေါက်ကွဲ​မှု​ခံနိုင်​သည့် နံရံ​များနှင့် ပြတင်းပေါက်​များ​ဖြင့် တည်ဆောက်​နိုင်​သော်လည်း ၎င်းတို့သည် အလေးချိန် ပို​လာ​စေသည့်​အပြင် စရိတ်​စ​က​လည်း အလွန်​ကြီးမား​မည်​ဖြစ်သည်။ တရုတ်​နိုင်ငံ​တွင် အဆောက်အအုံ​ဆိုင်ရာ စည်းမျဉ်း​ဥပဒေ​အရ အထပ် ၁၅ ထပ်​တိုင်း​တွင် “ခိုလှုံရာ​အထပ်” အလွတ်​ဖြစ်သည့် လေဟာပြင်​ကွက်လပ်​တစ်ခု ထား​ရှိ​ရမည်ဟု ပြဋ္ဌာန်း​ထား​သည်။ အခြား​ဒေသ​များ​မှ အဆောက်အအုံ​ဆိုင်ရာ စည်းမျဉ်း​ဥပဒေက မီး​သတ်​သမားများ​အတွက် သီးသန့်​ပုံစံ​ထုတ်​ထား​သည့် အမိုး​ထိ တောက်လျှောက်​ပေါက်​သော ဓာတ်​လှေ​ခါး​တစ်စင်း​အပြင် မီးခိုး​ကို အပြင်ဘက်​သို့ ထွက်သွား​စေနိုင်​မည့် လေ​ဖိအား​သွင်းထား​သော လှေကား​အုံ​များ ပါရှိ​ရမည်ဟု ပြဋ္ဌာန်း​ထား​သည်။ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာ​နိုင်​သည့် ရှန်​ဟို​င်း ကမ္ဘာ့​ငွေကြေး​ဗဟို​ဌာန​၏ ဒီဇိုင်း​ပညာရှင်​များ​က ၎င်းတို့၏ ဒီဇိုင်း​ပုံစံ​၌ ပုံမှန်​ထက်​ပို​၍ ကြိုတင်​ကာကွယ်​မှုများ​ကို ထည့်သွင်း​ရေးဆွဲ​ထား​နှင့်​ပြီး​ဖြစ်သည်။

ဝန်းကျင် ဆူညံသံ​နှင့် နား​ရောဂါ​များ

“ကျောင်းနေ​ရွယ် ကလေး​သူငယ် ငါး​ယောက်​တွင်​တစ်ယောက်၊ အရွယ်ရောက် ပိုလန်​နိုင်ငံသား သုံးယောက်​တွင်​တစ်ယောက်​သည် နား​နှင့်​ပတ်သက်​သည့်​ပြဿနာ​များ ရှိကြသည်” ဟု ပိုလန် အပတ်စဉ် ပေါလိ​တိ​ကာ မဂ္ဂဇင်းက​ဆို​သည်။ အကြီးဆုံး စိတ်​အနှောင့်အယှက် ဖြစ်စရာ​များ​တွင် ယာဉ်​အသွားအလာ ဆူညံသံ​နှင့် ကျယ်လောင်​သည့် က​က်​ဆက်​သံ၊ ဗီဒီယို​သံ​နှင့် အိမ်သုံး​ပစ္စည်း​ကိရိယာ​များ​၏ အသံဗလံ​များ ပါဝင်​သည်။ ဝါဆော​မြို့တွင်း ယာဉ်​သွား​ယာဉ်​လာ တိုးများ​လာ​ခြင်း​ကြောင့် လမ်းမကြီး​တစ်ခု​၏ ဆူညံသံ​အဆင့်​ကို ဒက်​စီ​ဘယ်​လ် ၁၀၀ အထိ မြှင့်တက်​စေ​ခဲ့ပြီ​ဖြစ်​ကြောင်း ပတ်ဝန်းကျင် အခြေအနေ​ဆိုင်ရာ အစီရင်ခံစာ​တစ်စောင်​တွင် ဖော်ပြ​ထား​သည်။ ကစား​နေသည့် ကလေး​များ​၏ အော်ဟစ်သံ​များသည် ထို​အဆင့်​ကို​မီ​သည်။ ဒစ္စကို​ကပွဲ​ရုံ​များ​မှ အသံချဲ့စက်​သည် ဒက်​စီ​ဘယ်​လ် ၁၂၀ အထိ ကျယ်လောင်​သော​အသံ ချဲ့​နိုင်​သည်​ဖြစ်​ရာ နား​မခံနိုင်​သည့် ဒက်​စီ​ဘယ်​လ် ၁၃၀ မှ ၁၄၀ အောက် အနည်းငယ်​မျှ​သာ နိမ့်​တော့​သည်။ ကျယ်လောင်​သည့် ဤ​ဆူညံသံ​များသည် နား​ရောဂါ​များ​ဖြစ်​ရသည့် တိုက်ရိုက် အကြောင်းတရား​ပင်​ဖြစ်သည်။ နား​ရောဂါ​ဆိုင်ရာ ဇီဝ​က​မ္မ​ဗေဒ​နှင့် ရောဂါဗေဒ တက္ကသိုလ်​မှ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ​ကု​ပညာရှင် ပါမောက္ခ ဟင်နရီ စ​ကာ​ဇင်း​စ​ကီး က ဤသို့​မှတ်ချက်​ပြု​သည်– “နား​ရောဂါ​များသည် ကြီး​လေး​သည့် လူမှုရေး​ပြဿနာ​များ​ကို ဖြစ်ပွား​စေ​သည်။ ဤ​ရောဂါ​ရှိသူ​များသည် ပို​၍​စိတ်​တို​တတ်​သည်၊ သင်ယူ​ရာ​၌ အခက်အခဲ​များ​ရှိ​တတ်​သည်၊ နိုင်ငံ​ခြား ဘာသာ​စကား​များ​ကို ပို​၍​ခက်ခဲ​စွာ သင်ယူ​ရ​တတ်​သည်။