ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက
ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက
“နယူးစ်ဝိခ်” မဂ္ဂဇင်းအရ “ယမန်နှစ်က အရောင်းအသွက်ဆုံး ဗီဒီယိုဂိမ်းသည် ချန်ပီယံကားခိုးမှု ၃” ဖြစ်သည်။ ဂိမ်း၏ရည်ရွယ်ချက်မှာ ပြည့်တန်ဆာလုပ်ခြင်းနှင့် လူသတ်ခြင်းအစရှိသော ရာဇဝတ်မှုအမျိုးမျိုးတွင် ပါဝင်ခြင်းအားဖြင့် ရာဇဝတ်မှုအဖွဲ့အစည်းတွင် အဆင့်မြှင့်ရန်ဟူ၍ဖြစ်သည်။ “သင်၏ကစားကွက်တိုင်းတွင် အကျိုးဆက် များရှိ၏” ဟု “နယူးစ်ဝိခ်” ကဖော်ပြသည်။ အကယ်၍ သင်သည် ခိုးထားသောကားဖြင့် လမ်းသွားလမ်းလာများကို တိုက်မိလျှင် ရဲအရာရှိများက သင့်ကို လိုက်ဖမ်းမည်။ သင်သည် သူတို့ထဲမှတစ်ဦးကို သေနတ်နှင့်ပစ်လျှင် အက်ဖ်ဘီအိုင်အဖွဲ့က ပါဝင်ပတ်သက်လာမည်။ အက်ဖ်ဘီအိုင်ဘက်တော်သားတစ်ဦးကို သတ်လိုက်လျှင် စစ်တပ်က သင့်ကို အဆုံးစီရင်ရန် လိုက်ရှာတော့မည်။ ဂိမ်းသည် အသက် ၁၇ နှစ်နှင့် အထက်လူကြီးပိုင်းများအတွက် ဖြစ်သော်လည်း စတိုးဆိုင်များသည် ကလေးငယ်များကို ဂိမ်းရောင်းချပေးနေကြကြောင်း သိရှိရ၏။ ၁၂ နှစ်အရွယ်ရှိသူများပင် ဂိမ်းကစားခြင်းကို စိတ်ဝင်စားနေကြသည်ဟု သတင်းရရှိ၏။
ပထမဦးဆုံး ခေတ်မီကွန်ပျူတာဂိမ်း အာကာသစစ်ပွဲကို ၁၉၆၂ ခုနှစ်တွင် တီထွင်ခဲ့၏။ ဂိမ်း၏ရည်ရွယ်ချက်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ရန်သူအာကာသယာဉ်များကို တိုက်ခိုက်ရန်ဖြစ်သည်။ နောက်ဆုံးတွင် ဆင်တူယိုးမှားဂိမ်းများ မရေမတွက်နိုင်အောင် ပေါ်ထွက်လာ၏။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ပို၍စွမ်းအားမြှင့် ကိုယ်ပိုင်သုံးကွန်ပျူတာများကို နေရာအနှံ့အသုံးပြုလာသောအခါ ကွန်ပျူတာဂိမ်းများသည် များသည်ထက်များလာ၏။ စွန့်စားခန်း၊ ဉာဏ်စမ်း၊ နည်းဗျူဟာနှင့် အတိုက်အခိုက်ဂိမ်းများရှိသည်။ ဥပမာ၊ နည်းဗျူဟာဂိမ်းတစ်မျိုးတွင် ဂိမ်းကစားသူသည် မြို့များတိုးချဲ့လာမှု သို့မဟုတ် ယဉ်ကျေးမှုတိုးတက်ထွန်းကားလာမှုကို စီမံခန့်ခွဲဖို့ဖြစ်သည်။ ဂိမ်းကစားနည်းအများသည် ရေခဲပြင်ဟော်ကီနှင့် ဂေါက်သီးရိုက်ခြင်းအစရှိသော အားကစားနည်းများကို တုပပြုလုပ်ထားသည်။
ပညာဗဟုသုတရပြီး အပန်းပြေစေသည့် ချီးကျူးခံရသော ဂိမ်းများရှိပါသည်။ တချို့ဂိမ်းများတွင် ဂျမ်ဘိုဂျက်လေယာဉ်ဆင်းရန်၊ ပြိုင်ကား သို့မဟုတ် မီးရထားစက်ခေါင်းမောင်းရန်၊ နှင်းခဲလျှောစီးရန် သို့မဟုတ် ကမ္ဘာပတ်ရန် စမ်းကြည့်နိုင်သည်။ တရစပ်ပစ်ခတ်သည့်ဂိမ်းများအစရှိသော အတိုက်အခိုက်ဂိမ်းအချို့၏ ကြမ်းတမ်းမှုကြောင့် အပြစ်တင်ဝေဖန်ခံရလေ့ရှိသည်။ ဂိမ်းကစားသူ၏ရည်ရွယ်ချက်မှာ ကြိုက်ရာလက်နက်တစ်ခုကို ရွေးပြီးနောက် လူ သို့မဟုတ် လူမဟုတ်သော ရန်သူများကို ပစ်သတ်ရန်ဖြစ်သည်။
အွန်လိုင်းဂိမ်းများ—ခေတ်သစ်ရေစီးကြောင်း
ဗြိတဲန်နီယာပြည်တွင် နိုင်ငံသား ၂၃၀,၀၀၀ ခန့်ရှိ၏။ ထိုသူတို့မှာ စစ်သည်များ၊ အပ်ချုပ်သမားများ၊ ပန်းပဲဆရာများနှင့် တေးဂီတသမားများအစရှိသော လူအမျိုးမျိုးအဖုံဖုံဖြစ်ကြသည်။ သူတို့သည် စစ်ဆင်နွှဲကြ၊ မြို့များတည်ဆောက်ကြ၊ ဆိုင်များဖွင့်ကြ၊ အိမ်ထောင်ပြုကြကာ သေဆုံးသွားကြသည်။ သို့သော် အဆိုပါဗြိတဲန်နီယာပြည်သည် အမှန်တကယ်မရှိချေ။ ယင်းသည် ကွန်ရက်ကစားသူအချင်းချင်း တစ်ပြိုင်တည်း ယှဉ်ပြိုင်ကစားနိုင်သည့် အလယ်ခေတ်ကမ္ဘာတုဖြစ်သည်—အွန်လိုင်းဂိမ်းဟုခေါ်သော ကွန်ပျူတာဂိမ်းသည် တဖြည်းဖြည်းရေပန်းစားလာသည်၊ “နောက်ထပ်ခေတ်စားမည့်ဂိမ်း” ပေါ်ထွက်ဖို့လည်း အကြောင်းရှိ၏။ ၁၉၉၇ ခုနှစ်တွင် အစပြုခဲ့သည့် စိတ်ကူးယဉ်ဗြိတဲန်နီယာပြည်ပါရှိသော အော့တီမာအွန်လိုင်းသည် ပထမဦးဆုံး အင်တာနက်အခြေပြုဂိမ်းဖြစ်သည်။ ထိုအချိန်မှစ၍ တခြားအင်တာနက်ဂိမ်းများစွာ ပေါ်ပေါက်လာပြီး ပိုမိုတိုးတက်ဆန်းသစ်လာလေသည်။
အဆိုပါဂိမ်း၏ထူးခြားချက်ကား အဘယ်နည်း။ ဂိမ်းတွင်တွေ့ရသော ဇာတ်ကောင်အသီးသီးကို ကွန်ပျူတာကမဟုတ်ဘဲ အင်တာနက်ပေါ်တွင် တစ်ပြိုင်တည်းကစားနေကြသော ကစားဖော်များက ထိန်းချုပ်ထားနိုင်၏။ ထိုဂိမ်းတွင် ထောင်နှင့်ချီသောလူတို့ ပါဝင်ကစားနိုင်သည်။ ဥပမာ၊ နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ ဂိမ်းကစားသူများသည် အော့တီမာအွန်လိုင်းဂိမ်းကို တစ်ပြိုင်တည်း ပါဝင်ကစားနိုင်ကြသည်ဟုဆို၏။ အဆိုပါဂိမ်းများကို လူကြိုက်များရခြင်းသည် လူမှုဆက်ဆံရေးပါဝင်ပတ်သက်မှုအပေါ် များစွာမူတည်ပေမည်။ ဂိမ်းကစားသူအချင်းချင်း စကားလက်ဆုံပြောနိုင်ကြသည့်အတွက် သူတို့သည် ကမ္ဘာ့လူသားထုအဝင်ဖြစ်သည်ဟု ခံစားရကြသည်။
ဝင်ငွေအားကောင်းသောလုပ်ငန်း
အီလက်ထရွန်နစ်ဂိမ်းလုပ်ငန်းသည် ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချမှုအပြည့်ရှိသည်။ ၁၉၉၇ ခုနှစ်တိုင်သော် အမေရိကန်ကွန်ပျူတာနှင့် ဗီဒီယိုဂိမ်းလုပ်ငန်းမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလီယံရရှိခဲ့ပြီး ကမ္ဘာနှင့်အဝန်း ရောင်းရငွေမှာ အနည်းဆုံးဒေါ်လာ ၁၀ ဘီလီယံရှိ၏။ ယင်းက ရောင်းအား လျော့ကျသွားမည်ပုံမရှိကြောင်း ဖော်ပြနေသည်။ ထိုဈေးကွက်သည် နောင်ငါးနှစ်အတွင်း ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ တိုးများဖို့ရှိသည်ဟု မျှော်လင့်ရ၏။
ဖော့ရက်စ်တာသုတေသနပြုချက်အရ နေ့စဉ် လူတစ်သန်းကျော်သည် အင်တာနက်အခြေပြုဂိမ်းအမျိုးမျိုးတွင် ပါဝင်ကစားကြပြီး အွန်လိုင်းဂိမ်းများကို စိတ်ဝင်စားမှုကြောင့် မြန်နှုန်းမြင့်အင်တာနက်ဆက်သွယ်ရေးစနစ် (broadband) မှာပို၍ကျယ်ပြန့်လာလိမ့်မည်ဟု ဆို၏။ ကွန်ပျူတာဂိမ်းများ ကစားရင်း ကြီးပြင်းလာကြသော ကလေးများသည် ကြီးပြင်းလာသောအခါတွင်လည်း ဂိမ်းကစားခြင်း ရပ်တန့်သွားမည့်ပုံမရှိချေ။ ကြာမြင့်စွာဂိမ်းကစားခဲ့သူတစ်ဦးက ဤသို့ဆို၏– “ကွန်ပျူတာဂိမ်းတွေ ကစားတာဟာ ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေနဲ့ ပေါင်းသင်းတဲ့နည်းတစ်နည်းဖြစ်လာတယ်။”
အဆိုပါဂိမ်းအားလုံးသည် အန္တရာယ်ကင်းသည့် အပန်းဖြေမှုလော၊ သို့မဟုတ် အန္တရာယ်ရှိသလော။ ကြည့်ကြစို့။