မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

▪ ၂၀၀၆ ခုနှစ်​တွင် “သတင်းစာ​ဆရာ ၁၆၇ ဦး​နှင့် ၎င်း​တို့အား ကူညီ​ပေး​သူများ” ဖြစ်သည့် ကား​သ​မား​နှင့် စကားပြန်​တို့သည် “သတင်း​ထုတ်ပြန်​ရန်​ကြိုးစား​စဉ် သေဆုံး​ခဲ့​ကြသည်။” အများစုမှာ ရာဇဝတ်မှု၊ လာဘ်​စား​မှု သို့​မဟုတ် ဒေသ​တွင်း​ပဋိပက္ခ​များ​ကို သတင်း​ထုတ်ပြန်​နေစဉ်​တွင်​ဖြစ်သည်။ ၁၃၃ ဦး​မှာ အသတ်ခံရ​ကြသည်။—INTERNATIONAL NEWS SAFETY INSTITUTE, ဘယ်​လ်​ဂျီ​ယမ်။

၁၀ နှင့် ၁၄ ဘီလီယံ​ကြား​ရှိ လက်နက်ခဲယမ်း​မီးကျောက်​များ​ကို နှစ်စဉ်​ထုတ်လုပ်​လျက်​ရှိရာ “ကမ္ဘာ​ပေါ်​ရှိ လူတစ်ဦးစီကို နှစ်ခါ​ပြန် ပစ်သတ်​နိုင်​သည့် ကျည်ဆန်​အလုံအလောက်​ရှိသည်။”​—ROYAL MELBOURNE INSTITUTE OF TECHNOLOGY, ဩစတြေးလျ။

လူ​ဖန်တီး​သော ငလျင်​များ​လော

၁၉ ရာစု​မှ​စ၍ လူတို့၏​လုပ်ရပ်များ​ကြောင့် အင်အား​ပြင်း​ငလျင် အကြိမ် ၂၀၀ ထက်မက လှုပ်​ခဲ့​သည်​ဟု ဂျာမန်​မဂ္ဂဇင်း Die Zeit က​ဆို​သည်။ ယင်း​ငလျင်​များ​၏​ထက်ဝက်​မှာ သတ္တုတွင်း​များ​၏ စ​နက်​ကြောင့်​ဖြစ်သည်။ အခြား​ငလျင်​များ​မှာ ဓာတ်ငွေ့၊ လောင်စာဆီ သို့​မဟုတ် ရေ​တူးဖော်​ခြင်း၊ မြေလွှာ​အတွင်း​သို့ အရည်များ​ဖြည့်​သွင်း​ခြင်း​နှင့် ရေ​လှောင်​ကန်ကြီး​များ တူးဖော်​ခြင်း​တို့​ကြောင့်​ဖြစ်သည်။ ဩစတြေးလျ​နိုင်ငံ၊ န​ယူး​ကာ​ဆယ်​တွင် ၁၉၈၉ ခုနှစ်​၌ လှုပ်​ခဲ့​သော​ငလျင်​ကြောင့် ၁၃ ဦး​သေဆုံး​ကာ ၁၆၅ ဦး​ဒဏ်ရာ​ရရှိခဲ့​ပြီး အပျက်အစီး​တန်ဖိုး​မှာ အမေရိကန်​ဒေါ်လာ ၃.၅ ဘီလီယံ​တန်ဖိုး​ရှိသည်။ ယင်း​ငလျင်​သည် မြေအောက်​ကျောက်မီးသွေး​တွင်း​ကြောင့် လှုပ်​ခဲ့​ခြင်း​ဖြစ်သည်ဟု သိပ္ပံ​ပညာရှင်​များ​က ယူဆ​ခဲ့​ကြသည်။ အဆိုပါ​ငလျင်​ကြောင့်​ဖြစ်သော အပျက်အစီး​များ​၏​တန်ဖိုး​မှာ လွန်ခဲ့သော​အနှစ် နှစ်​ရာ​ခန့်​က စတင်​လည်ပတ်​ခဲ့​သည့် န​ယူး​ကာ​ဆယ်​သတ္တုတွင်း​မှ ရရှိခဲ့​သော စုစုပေါင်း​ဝင်ငွေ​ထက် ပို​များသည်​ဟု​ခန့်မှန်း​ရ၏။

ပြင်သစ်​နိုင်ငံ​ရှိ ကက်သလစ်​ဘာသာ​၏​အခြေအနေ

၁၉၉၄ ခုနှစ်​တွင် ပြင်သစ်​နိုင်ငံသား ၆၇ ရာခိုင်နှုန်း​သည် ကက်သလစ်​များ​ဖြစ်​ကြ​၏။ ယနေ့​တွင်​မူ ၅၁ ရာခိုင်နှုန်း​သာ ရှိ​တော့​သည်​ဟု Le Monde des Religions မဂ္ဂဇင်းက​ဆို​သည်။ ပြင်သစ်​နိုင်ငံ​မှ ကက်သလစ်​ဘာသာဝင်​ထက်ဝက်​သည် လက်ထပ်​မင်္ဂလာပွဲ​ကဲ့သို့​သော အထူး​အခမ်းအနား​များ​အတွက်သာ ချာ့ခ်ျ​တက်​ကြ​ကြောင်း စစ်တမ်း​တစ်ခု​က ဖော်ပြ​၏။ ၈၈ ရာခိုင်နှုန်း​က ကျွန်ုပ်​တို့၏​အဖ​ဆုတောင်း​စာ​ကို အလွတ်​ရသည်​ဟု ပြော​ကြသော်လည်း ၃၀ ရာခိုင်နှုန်း​က​မူ တစ်ခါမျှ ဆု​မ​တောင်း​ကြ​ချေ။ ကက်သလစ်​မိသားစု​ထက်ဝက်​နီးပါး​တွင် ကျမ်းစာ​အုပ်​ရှိသော်လည်း ယင်းသည် ဖတ်ရှု​ရန်​အတွက်​ကား မဟုတ်​ချေ။

ကလေး​များ​တွင် စကားပြော​ဆိုနိုင်​စွမ်း​ပုံမှန်​မဟုတ်​ခြင်း

“စကားပြော​နောက်ကျ​၍ စကားလုံး​အနည်းငယ်​သာ အသုံးပြု​သောက​လေး များသည်ထက်​များ​လာ​သည်။ အကြောင်း​မှာ လူကြီး​များ​က သူတို့နှင့်​စကား​မပြော​၍​ဖြစ်သည်” ဟု ပိုလန်​မဂ္ဂဇင်း Wprost က​ဆို​သည်။ မိခင်များ​သည် ပျမ်းမျှ တစ်ရက်​လျှင် မိနစ် ၃၀ သာ သူတို့၏​ကလေး​များနှင့်​အတူ​ရှိကြ​ပြီး ဖခင်​များ​မှာ “ခု​နစ်​မိနစ်​မျှ​သာ” အတူ​ရှိသည်။ ရလဒ်​အနေ​နှင့် ကလေး ၅ ဦးလျှင် ၁ ဦး​ခန့်​မှာ “မိဘများ​၏​လျစ်လျူရှု​မှု​ကြောင့် စကားပြော​ဆိုနိုင်​စွမ်း​တိုးတက်မှု​မှာ ပုံမှန်​မဟုတ်​တော့​ချေ။” ဆိုက်​လိ​ရှား​တက္ကသိုလ်​မှ စကားပြော​ကုထုံး​ပညာရှင်​နှင့် ဘာသာ​ဗေဒ​ပညာရှင် မိုက်ကယ်​ဘ​စ်ညော့ခ်​က ဤသို့​သတိပေး​သည်– “ဤသို့​သောက​လေး​များ​ကို စောစောစီးစီး မ​ကုသ​ဘဲ ပစ်ထား​ပါ​က သူတို့​လေး​များ​၏ စကားပြော​ဆိုနိုင်​စွမ်း​မှာ ပုံမှန်​မဟုတ်သောကြောင့် ကျောင်းတွင်​နှင့် လူကြီး​ဘဝတွင် အခက်တွေ့​နိုင်​သည်။”

ဂျပန်​နိုင်ငံ​တွင် အယူသီးမှု​ကို အသုံးချခြင်း

ဂျပန်​နိုင်ငံ​၌ မြူ​နီ​စီ​ပယ်​အုပ်ချုပ်မှု​ဒေသ​တွင် အမှိုက်များ​ကို စည်းကမ်း​မဲ့​စွန့်ပစ်ခြင်း​သည် ခေါင်း​ခဲ​စ​ရာ ပြဿနာ​တစ်ခု​ဖြစ်သည်။ နေ့​ပိုင်း​လုံခြုံရေး​ရဲ​များသည် ယင်းကို မ​ဟန့်တား​နိုင်​ချေ။ လူများ​သည် အများအားဖြင့် အမှိုက်များ​ကို ညဘက်​တွင်​သာ စွန့်ပစ်​ကြ​၏။ ယခု​အခါ​တွင် ဒေသခံ​အာဏာပိုင်​များသည် ရှင်​တို ဘုရားကျောင်း​၏​မုခ်ဝ​နှင့် ဆင်တူ​သော တို​ရီး​ခေါ် အနီရောင်​သစ်သား​တိုင်​များ​ကို စိုက်ထူ​ခြင်း​ဖြင့် လူတို့၏​အယူသီးမှု​ကို အဟန့်အတား​အဖြစ် အသုံးချ​နေသည်။ “စိတ်ကူး​မှာ အလွန်​ရိုးရှင်း​ပါ​သည်။ လူများ​က တို​ရီး​ကို မြင့်မြတ်​သော​အရာ​အဖြစ် ရှုမြင်ကြ​သောကြောင့် ယင်း​အနီးအနား​တွင် အမှိုက်ပစ်​ခြင်း​က ကံ​ဆိုး​မိုးမှောင်ကျ​စေ​သည်​ဟု ယူဆကြ​၏” ဟူ၍ IHT Asahi Shimbun သတင်းစာ​က​ရှင်းပြသည်။ မျှော်လင့်​ထား​သည့်​အတိုင်း​ပင် ယင်း​အနီးတစ်ဝိုက်​တွင် လူများ အမှိုက်​မ​ပစ်​ကြ​တော့​ပေ။ “ခပ်​ဝေးဝေး​နေရာတွင် ပစ်​ကြသည်။ ယင်း​မှာ အခြား​ပြဿနာ​တစ်ခု​ဖြစ်၏” ဟု​အဆိုပါ​သတင်းစာ​က​ဆို​သည်။