မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့် သိုင်းရွိုက်ဂလင်း မည်သို့ရှိသနည်း

သင့် သိုင်းရွိုက်ဂလင်း မည်သို့ရှိသနည်း

သင့် သိုင်းရွိုက်ဂလင်း မည်သို့ရှိသနည်း

ဘရာဇီးမှ နိုးလော့! စာရေးသူ ပေးပို့သည်

စာရာသည် သူမ၏သုံးလအရွယ်သန္ဓေသားကို ဆုံးရှုံးလိုက်ရသည့်အတွက် အလွန်ဝမ်းနည်းပူဆွေးခဲ့သည်။ တစ်နှစ်ခန့်ကြာပြီးနောက် နောက်ထပ်ကလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြန်သည်။ ဆေးစစ်ချက်အတော်များများက အကြောင်းရင်းကို မဖော်ပြနိုင်ခဲ့ချေ။ နှစ်များကုန်လွန်လာသည်နှင့်အမျှ စာရာသည် အစားအသောက်ကို ထိန်းထားပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ခဲ့သော်လည်း သူ၏ကိုယ်အလေးချိန် စတင်တက်လာခဲ့သည်။ သူ၏ခြေထောက်များလည်း ကြွက်တက်လာပြီး အအေးဒဏ် မခံနိုင်တော့ချေ။ နောက်ဆုံးတွင် သွေးစစ်၍ သိုင်းရွိုက်ဂလင်းကို ဓာတ်မှန်ရိုက်ကြည့်သည့်အခါ စာရာတွင် သိုင်းရွိုက်ဂလင်းရောင်ရမ်းသည့်ရောဂါ စွဲကပ်နေကြောင်း အဖြေထွက်လာပြီး ယင်းက ကိုယ်ဝန်ပျက်ကျစေသည့်အကြောင်းရင်း ဖြစ်နိုင်သည်။ *

လူအများစုကဲ့သို့ စာရာသည် မိမိ၏သိုင်းရွိုက်အကြောင်း မစဉ်းစားခဲ့ဖူးချေ။ သို့သော် သူမ၏ကျန်းမာရေးချို့ယွင်းမှုက ယင်းဂလင်း မည်မျှအရေးကြီးကြောင်း ဖော်ပြခဲ့သည်။

သိုင်းရွိုက်ဂလင်း

သိုင်းရွိုက်သည် သေးငယ်၍ လိပ်ပြာပုံသဏ္ဌာန်ရှိ ဂလင်းဖြစ်ပြီး လည်စေ့အောက် လည်တိုင်အရှေ့ပိုင်းတွင် တည်ရှိသည်။ သိုင်းရွိုက်တွင် လေပြွန်ကိုပတ်ရစ်ထားသော အပိုင်းနှစ်ပိုင်းရှိပြီး ဂလင်းတစ်ခုလုံးသည် အလေးချိန်တစ်အောင်စပင်မရှိချေ။ သိုင်းရွိုက်သည် သွေးကြောထဲသို့တိုက်ရိုက်စိမ့်ဝင်စေသည့် ဓာတုဆိုင်ရာစေတမန်များဖြစ်သော ဟော်မုန်းများကို ထုတ်လုပ်၊ သိုလှောင်ပေးသည့် အင်္ဂါများနှင့် တစ်ရှူးအစုအဝေးတစ်ခုဖြစ်သည့် ကိုယ်တွင်းစိမ့်ဂလင်းစနစ် (endocrine system) ၏အစိတ်အပိုင်းဖြစ်သည်။

သိုင်းရွိုက်တွင် သေးငယ်သောပြွန်ငယ် မြောက်မြားစွာပါဝင်ပြီး သိုင်းရွိုက်ဟော်မုန်းကိုထိန်းထားသည့် ပျစ်ခဲသောအရည်များဖြင့် ပြည့်နေသည်။ ဤဟော်မုန်းများတွင် အိုင်အိုဒင်းများစွာပါဝင်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ အိုင်အိုဒင်း ၈၀ ရာခိုင်နှုန်းနီးပါးသည် သိုင်းရွိုက်တွင်တည်ရှိသည်။ ဤဓာတ်ချို့တဲ့သောအစားအသောက်များက သိုင်းရွိုက်ဂလင်းကို ကြီးထွားစေသည် သို့မဟုတ် လည်ပင်းကြီးစေသည်။ ကလေးငယ်များတွင် အိုင်အိုဒင်းချို့တဲ့ခြင်းသည် ဟော်မုန်းထုတ်လွှတ်ခြင်းကို အတားအဆီးဖြစ်စေနိုင်ပြီး ယင်းက ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်းနှင့် လိင်ပိုင်းဖွံ့ဖြိုးကြီးထွားမှုကို နှောင့်နှေးစေသည့် ခရီတင်ရောဂါကိုဖြစ်စေသည်။

သိုင်းရွိုက်ဟော်မုန်းလုပ်ဆောင်ပုံ

သိုင်းရွိုက်ဟော်မုန်းများကို တီ၃၊ အာတီ၃ နှင့် တီ၄ (T3၊ RT3 (Reverse T3)၊ T4) ဟူ၍အမည်များပေးထားသည်။ * တီ၃ နှင့်အာတီ၃ နှစ်ခုစလုံးသည် တီ၄မှ ဆင့်ပွားလာခြင်းဖြစ်ပြီး အဓိကပြောင်းလဲခြင်းမှာ သိုင်းရွိုက်၏အပြင်ဘက် ခန္ဓာကိုယ်တစ်ရှူးများတွင် ဖြစ်ပွားသည်။ ထို့ကြောင့် ခန္ဓာကိုယ်မှ သိုင်းရွိုက်ဟော်မုန်း ပို၍လိုအပ်လာသောအခါ ဂလင်းသည် တီ၄ကို သွေးကြောအတွင်းသို့ စိမ့်ဝင်စေပြီး ထိုမှတစ်ဆင့် တီ၄နှင့် ၎င်းမှဖြစ်လာသော ဟော်မုန်းများသည် ခန္ဓာကိုယ်ဆဲလ်အားလုံးအပေါ် အကျိုးသက်ရောက်နိုင်သည်။

လီဗာသည် ကားအင်ဂျင်၏အရှိန်ကို ထိန်းပေးသကဲ့သို့ပင် သိုင်းရွိုက်ဟော်မုန်းများသည် စွမ်းအင်နှင့် တစ်ရှူးအသစ်များ ထုတ်လုပ်ပေးသော ဆဲလ်အတွင်း ဓာတုလုပ်ဆောင်မှုဖြစ်သည့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်းများသည် သာမန်တစ်ရှူးကြီးထွားမှုနှင့် ပြုပြင်မှုတို့ကို လှုံ့ဆော်ပေးပြီး နှလုံးခုန်နှုန်းအပေါ် အကျိုးသက်ရောက်စေကာ ကြွက်သားများအတွက် စွမ်းအင်ထုတ်လုပ်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန်တို့ကို ထိန်းပေးသည်။

သိုင်းရွိုက်ဟော်မုန်းများသည် အခြားအရေးကြီးလုပ်ဆောင်မှုများကိုလည်း ဆောင်ရွက်သည်။ ဥပမာ၊ ၎င်းတို့သည် အသည်းတွင် ပိုလျှံနေသောအဆီများ (triglycerides) ကိုဖယ်ရှားပေးပြီး သွေးကြောအတွင်းရှိ မကောင်းသောကိုလက်စထရောကို လျော့နည်းစေသည်။ ကိုလက်စထရောသည် သည်းခြေသို့ရောက်သွားကာ မစင်အဖြစ်သို့ရောက်ရှိသွားသည်။ သို့သော် သိုင်းရွိုက်ဟော်မုန်း အလွန်နည်းခြင်းသည် မကောင်းသောကိုလက်စထရောများကို တိုးများစေပြီး ကောင်းသောကိုလက်စထရောများကို လျော့နည်းစေသည်။

သိုင်းရွိုက်ဟော်မုန်းများသည် အစာအိမ်နှင့်အူလမ်းကြောင်းတွင် အစာခြေရည်များကို လျင်မြန်စွာစိမ့်ထွက်စေပြီး အူတွင်းကြွက်သားများ လှိုင်းကဲ့သို့လှုပ်ရှားခြင်းကို တိုးတက်စေသည်။ ထို့ကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းသည် အူကို မကြာခဏလှုပ်ရှားစေပြီး အလွန်နည်းပါက ဝမ်းချုပ်စေသည်။

သိုင်းရွိုက်ကို အဘယ်အရာက ထိန်းချုပ်သနည်း

သိုင်းရွိုက်ထိန်းချုပ်ခြင်းသည် ဟိုက်ပိုသဲလမတ်ဟုခေါ်သော ဦးနှောက်အပိုင်းမှ အစပြုသည်။ သိုင်းရွိုက်ဟော်မုန်းများလိုအပ်ကြောင်း ဟိုက်ပိုသဲလမတ်သိရှိသောအခါ အနီးတွင်ရှိသော ပစ်ကျူထရီဂလင်း (pituitary gland) ကို အချက်ပေးသည်၊ ယင်းသည် အာခေါင်၏အထက် ဦးနှောက်၏အောက်ခြေတွင်ရှိသည်။ ထိုမှတစ်ဖန် ပစ်ကျူထရီသည် သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) ကို သွေးကြောအတွင်းသို့ ထုတ်လွှတ်ကာ သိုင်းရွိုက်အား သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရန် အချက်ပေးသည်။

ထို့ကြောင့် ဆရာဝန်သည် သွေးအတွင်းရှိ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH) နှင့် သိုင်းရွိုက်ဟော်မုန်းပမာဏများကို တိုင်းတာခြင်းဖြင့် သိုင်းရွိုက်၏လုပ်ဆောင်မှုနှင့် ကျန်းမာရေးအခြေအနေကို စစ်ဆေးနိုင်သည်။ မည်သူမဆိုတွင် သိုင်းရွိုက်ပြဿနာဖြစ်ပေါ်နိုင်သောကြောင့် ယင်းသို့ပြုလုပ်ခြင်းသည် အရေးကြီး၏။

သိုင်းရွိုက်ပုံမှန်မဟုတ်သောအခါ

အိုင်အိုဒင်းချို့တဲ့သောအစားအသောက်၊ ခန္ဓာကိုယ် သို့မဟုတ် စိတ်ဖိစီးမှု၊ မျိုးရိုးဗီဇချို့ယွင်းမှု၊ ရောဂါကူးစက်ခံရမှု၊ ရောဂါ (အများအားဖြင့် ကိုယ်တွင်းပဋိပစ္စည်းများ အလိုအလျောက်တုံ့ ပြန်သောရောဂါ) သို့မဟုတ် ရောဂါအမျိုးမျိုးအတွက်ညွှန်းသော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် သိုင်းရွိုက်ပျက်ယွင်းမှုဖြစ်ပွားနိုင်သည်။ * သိုင်းရွိုက်ကြီးခြင်း သို့မဟုတ် လည်ပင်းကြီးခြင်းသည် ရောဂါလက္ခဏာတစ်ခုဖြစ်နိုင်သည်။ ကြီးထွားခြင်းသည် ဂလင်းတစ်ခုလုံးတွင် ပျံ့နှံ့နေနိုင်သည် သို့မဟုတ် အဖုအလုံးများအဖြစ် တည်ရှိနေနိုင်သည်။ သို့သော် လည်ပင်းကြီးရောဂါ နုသေးချိန်တွင် ဆေးကုသမှုခံယူသင့်သည်၊ အကြောင်းမှာ ယင်းသည် ကင်ဆာကဲ့သို့သော ပိုမိုပြင်းထန်သည့်အခြေအနေကို ဖော်ပြနိုင်သောကြောင့်ဖြစ်သည်။ *

ပုံမှန်အခြေအနေမဟုတ်သောသိုင်းရွိုက်သည် ဟော်မုန်းထုတ်လုပ်မှုများလွန်း သို့မဟုတ် နည်းလွန်းလေ့ရှိသည်။ အလွန်အကျွံထုတ်လုပ်ခြင်းကို သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းဟုခေါ်ပြီး ထုတ်လုပ်မှုမလုံလောက်ခြင်းကို သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းဟုခေါ်သည်။ သိုင်းရွိုက်ရောဂါသည် တဖြည်းဖြည်းနှင့် မသိမသာဖြစ်ပွားသောကြောင့် လူတစ်ဦးသည် ယင်းသို့ဖြစ်နေသည်ကို နှစ်ပေါင်းများစွာ မသိရှိဘဲ ဖြစ်နေပေမည်။ ရောဂါအများစုကဲ့သို့ပင် ရောဂါလက္ခဏာကို စောစီးစွာသိရှိခြင်းက ရလဒ်မှာ ပို၍ကောင်းပေမည်။

ပို၍အဖြစ်များသော သိုင်းရွိုက်ရောဂါများမှာ ဟာရှီမိုတိုသိုင်းရွိုက်ဒစ်တစ် (Hashimoto’s thyroiditis) နှင့် ဂရေ့ဖ် (Graves) တို့ဖြစ်သည်။ ယင်းတို့နှစ်မျိုးစလုံးသည် ရောဂါပြီးစနစ် ကမောက်ကမဖြစ်ခြင်းဖြစ်သည်၊ ယင်းသို့ခေါ်ရခြင်းမှာ ကိုယ်ခံအားစနစ်သည် သာမန်ခန္ဓာဆဲလ်များကို ပြင်ပတစ်ရှူးအမှတ်ဖြင့် တိုက်ခိုက်သောကြောင့်ဖြစ်သည်။ ဟာရှီမိုတိုသိုင်းရွိုက်ဒစ်တစ်သည် အမျိုးသားများထက် အမျိုးသမီးများတွင် ဖြစ်ပွားနှုန်း ခြောက်ဆပိုများပြီး သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည်။ ဂရေ့ဖ်ရောဂါသည် အမျိုးသမီးများတွင် ရှစ်ဆပိုဖြစ်ပွားလေ့ရှိပြီး သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းကြောင့်ဖြစ်သည်။

မွေးကင်းစကလေးများအား စစ်ဆေးခြင်းသည် အရေးကြီးသည်ဟု ယူဆကြသော်လည်း သိုင်းရွိုက်ရောဂါကို အကြိမ်မည်မျှစမ်းသပ်ရမည်နှင့်ပတ်သက်၍ လူတို့တွင် အယူအဆအမျိုးမျိုးရှိနေကြသည်။ (“မွေးကင်းစကလေးများအတွက် အရေးကြီးသောစစ်ဆေးမှု” လေးထောင့်ကွက်ကိုကြည့်ပါ။) ဆေးစစ်ချက်က သိုင်းရွိုက်သည် ပုံမှန်မလုပ်ဆောင်ကြောင်းဖော်ပြလျှင် ဂလင်းကိုတိုက်ဖျက်သော ပဋိပစ္စည်းများကို စစ်ဆေးစေလေ့ရှိသည်။ သို့သော် ဆေးစစ်ချက်က သိုင်းရွိုက်လွန်ကဲသည်ဟု ဖော်ပြပါက သိုင်းရွိုက်စကဲန်စစ်ဆေးနည်းဖြင့် ကိုယ်ဝန်မရှိသော၊ နို့တိုက်မိခင်မဟုတ်သော လူနာများအား စစ်ဆေးပေးလေ့ရှိသည်။ သိုင်းရွိုက်အလုံးများတည်ရှိနေပါက ကင်ဆာဟုတ်မဟုတ် သိရှိနိုင်ရန် ဓာတ်ခွဲစစ်ဆေးဖို့လိုပေမည်။

ကုသရန်လိုအပ်သောအခါ

နှလုံးခုန်နှုန်းမြန်ခြင်း၊ ကြွက်သားတုန်ခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်းကဲ့သို့သော သိုင်းရွိုက်လွန်ကဲသည့် လက္ခဏာများသည် ဆေးကုသခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ အခြားကုသနည်းမှာ ဂလင်းမှဟော်မုန်းထုတ်လုပ်ခြင်းကို လျော့နည်းစေရန် သိုင်းရွိုက်ဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ တစ်ခါတစ်ရံ သိုင်းရွိုက်ကို ခွဲစိတ်ဖယ်ရှားရပေမည်။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းသော သို့မဟုတ် သိုင်းရွိုက်ခွဲထုတ်ထားသော လူနာများအတွက်မူ ဆရာဝန်များသည် နေ့စဉ် တီ၄ ဟော်မုန်းဆေးသောက်ရန် ညွှန်းလေ့ရှိသည်။ ဆေးညွှန်းမှန်ကန်ရန် ဆရာဝန်များသည် ရောဂါကုထုံးခံယူနေသောလူနာများကို စောင့်ကြပ်ကုသ၏။ သိုင်းရွိုက်ကင်ဆာကို သောက်ဆေးများ၊ ခွဲစိတ်ခြင်း၊ ဓာတုကုထုံးနှင့် ရေဒီယိုသတ္တိကြွအိုင်အိုဒင်းတို့အပါအဝင် နည်းအမျိုးမျိုးဖြင့် ကုသနိုင်သည်။

စာရာသည် တီ၄ ဖြင့်ဟော်မုန်းအစားထိုးကုသမှုကို အောင်မြင်စွာခံယူပြီး အာဟာရဗေဒပညာရှင်၏အကူအညီဖြင့် မျှတသောဓာတ်စာကို မှီဝဲခဲ့သည်။ ရလဒ်မှာ တိုးတက်မှုရှိခဲ့ပါသည်။ သိုင်းရွိုက်သည် အရွယ်အားဖြင့် သေးငယ်သော်လည်း အရေးပါမှုမှာ ကြီးမားကြောင်း စာရာကဲ့သို့သောသူများ သိရှိခဲ့ကြသည်။ ထို့ကြောင့် အိုင်အိုဒင်းအလုံအလောက်ပါဝင်သော အစားအသောက်များ စားသောက်ခြင်း၊ နာတာရှည်စိတ်ဖိစီးမှုကို ရှောင်ရှားခြင်းနှင့် ကျန်းမာရေးကောင်းအောင် အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းဖြင့် သင့်ကိုယ်သင် ကောင်းစွာဂရုစိုက်ပါလေ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်သောအခါ ကိုယ်ဝန်ဆောင်ခြင်းကို ခက်ခဲစေသော်လည်း သိုင်းရွိုက်ဂလင်းရောဂါရှိသော အမျိုးသမီးအများစုသည် ကျန်းမာသောကလေးကို မွေးဖွားနိုင်ကြသည်။ သို့သော် အစပိုင်းတွင် မိခင်သည် မမွေးသေးသောကလေး၏ တစ်ခုတည်းသော သိုင်းရွိုက်ဟော်မုန်းရင်းမြစ်ဖြစ်သောကြောင့် သူ့အနေနှင့် ဟော်မုန်းအစားထိုးကုသမှုကို ခံယူရန် အလွန်အရေးကြီးသည်။

^ အပိုဒ်၊ 9 တီ၃ သည်သိုင်းရွိုက်ဟော်မုန်းတစ်မျိုးဖြစ်သည့် ထရိုင်ရာရိုဒိုသိုင်ရာနင်း ဖြစ်ပြီး တီ၄ သည်အဓိကသိုင်းရွိုက်ဟော်မုန်းဖြစ်သည့် သိုင်ရော့စင်း ဖြစ်သည်။ ၃ နှင့် ၄ ဟူသောဂဏန်းများသည် ဟော်မုန်းတွင်ပါဝင်သော အိုင်အိုဒင်းအက်တမ်များ၏အရေအတွက်ဖြစ်သည်။ သိုင်းရွိုက်သည် သွေးအတွင်းရှိ ကယ်လစီယမ်ဓာတ်များပါဝင်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သော ကယ်လစီတိုနင်ကိုလည်း ထုတ်လုပ်ပေးသည်။

^ အပိုဒ်၊ 17 နိုးလော့!သည် ဆေးကုသနည်းတစ်မျိုးမျိုးကို ထောက်ခံနေခြင်းမဟုတ်ပါ။ သင်၌ သိုင်းရွိုက်ပြဿနာရှိသည်ဟု သံသယရှိပါက သိုင်းရွိုက်ရောဂါကို ကာကွယ်ကုသရာတွင် အတွေ့အကြုံရှိသော ဆရာဝန်နှင့်တိုင်ပင်ပါ။

^ အပိုဒ်၊ 17 ဦးခေါင်းနှင့်လည်ပင်းတို့တွင် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ဖူးသူများ သို့မဟုတ် ကင်ဆာရောဂါရာဇဝင်ရှိသူများ သို့မဟုတ် ဆွေမျိုးများတွင် သိုင်းရွိုက်ကင်ဆာရှိသူများသည် ကင်ဆာဖြစ်နိုင်သည့်အန္တရာယ် ပိုများသည်။

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

လီဗာသည် ကားအင်ဂျင်၏အရှိန်ကို ထိန်းပေးသကဲ့သို့ပင် သိုင်းရွိုက်ဟော်မုန်းများသည် ဆဲလ်အတွင်း စွမ်းအင်နှင့် တစ်ရှူးအသစ်များ ထုတ်လုပ်သော ဓာတုလုပ်ဆောင်မှုဖြစ်သည့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်နှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေး

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

သိုင်းရွိုက်ရောဂါသည် တဖြည်းဖြည်းနှင့် မသိမသာဖြစ်ပွားသောကြောင့် လူတစ်ဦးသည် ယင်းသို့ ဖြစ်နေသည်ကို နှစ်ပေါင်းများစွာ မသိရှိဘဲ ဖြစ်နေနိုင်

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဖြစ်တတ်သောလက္ခဏာများ

သိုင်းရွိုက်လွန်ကဲခြင်း– အလွန်အကျွံစိတ်လှုပ်ရှားခြင်း၊ အကြောင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အူတွင်းလှုပ်ရှားမှု တိုးများလာခြင်း၊ ဓမ္မတာမမှန်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ မျက်လုံးပြူး ထွက်ခြင်း၊ ကြွက်သားများအားနည်းခြင်း၊ အိပ်မပျော်ခြင်းနှင့် ဆံပင်ပါးခြင်း၊ ကြွပ်ဆတ်ခြင်း။ *

သိုင်းရွိုက်လျော့နည်းခြင်း– စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းခြင်း၊ အကြောင်းမရှိဘဲ ကိုယ်အလေးချိန်တက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အချမ်းဒဏ်မခံနိုင်ခြင်း၊ ဓမ္မတာမမှန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အသံပြောင်းခြင်း (အသံကွဲခြင်း သို့မဟုတ် အသံနိမ့်ခြင်း)၊ မှတ်ဉာဏ်လျော့နည်းခြင်းနှင့် မောပန်းခြင်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 36 အချို့သောလက္ခဏာများသည် သိပ်မသိသာသည့်အခြေအနေများကြောင့်ဖြစ်နိုင်ကာ သင်နေထိုင်မကောင်းဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် သေချာစေပါ။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

မွေးကင်းစကလေးများအတွက် အရေးကြီးသောစစ်ဆေးမှု

မွေးကင်းစကလေးတစ်ဦးထံမှ သွေးအနည်းငယ်ထုတ်၍ ကလေး၏သိုင်းရွိုက် ပုံမှန်ဟုတ်မဟုတ် စစ်ဆေးနိုင်သည်။ သွေးစစ်ချက်မှ ပြဿနာရှိနေကြောင်း ဖော်ပြပါက ဆရာဝန်များသည် ပုံမှန်ဖြစ်အောင် ကုသပေးနိုင်သည်။ သိုင်းရွိုက် မလုံလောက်ခြင်းက ကလေးတစ်ဦး၏ ကိုယ်ခန္ဓာပိုင်းနှင့်စိတ်ပိုင်းကြီးထွားမှုကို နှောင့်နှေးစေပြီး ခရီတင်ရောဂါဟုခေါ်သည့် ပုညက်လွန်ရောဂါတစ်မျိုးဖြစ်စေနိုင်သည်။ ထို့ကြောင့် ကလေးများအား မွေးဖွားပြီး ရက်အနည်းငယ်တွင် စစ်ဆေးလေ့ရှိကြသည်။

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်သည် သင့်တော်သောဓာတ်စာ မှီဝဲနေသလော

သင့်တော်သောဓာတ်စာသည် သိုင်းရွိုက်ရောဂါကို တားဆီးနိုင်သည်။ ဥပမာ လိုအပ်သောသိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရန် သင့်အစားအစာတွင် အိုင်အိုဒင်းအလုံအလောက်ပါဝင်သလော။ ပင်လယ်ငါးနှင့် အခြားပင်လယ်စာတို့သည် ဤအရေးပါသောဓာတ်အတွက် အကောင်းဆုံးရင်းမြစ်များဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် အသားများတွင်ပါဝင်သော အိုင်အိုဒင်းပမာဏသည် ဒေသမြေဆီလွှာ၏ ဓာတု ဖွဲ့စည်းမှုအလိုက် ကွဲပြားသည်။ အစားအသောက်တွင် ဤဓာတ်ချို့တဲ့မှုကို ဖြည့်စွက်ရန် အာဏာပိုင်အချို့က စားပွဲတင်ဆားများ၌ အိုင်အိုဒင်းဓာတ်ထည့်သွင်းရန် ပြဋ္ဌာန်းထားသည်။

ဆီလီနီယံသည်လည်း သိုင်းရွိုက်အတွက်အရေးပါသည်။ ကျန်းမာရေးအတွက်အရေးပါသော ဤဓာတ်သည် အင်ဇိုင်း၏အစိတ်အပိုင်းဖြစ်ပြီး တီ၄ ဟော်မုန်းကို တီ၃ အဖြစ်ပြောင်းလဲပေးသည်။ ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် နို့တွင်ပါဝင်သော ဆီလီနီယံ သည်လည်း မြေဆီလွှာအပေါ် မူတည်သည်။ ပင်လယ်စာ၊ ဥအမျိုးမျိုး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်နီတို့တွင် ဆီလီနီယံ ကြွယ်ဝစွာပါဝင်သည်။ ထို့ကြောင့် သင်၌ သိုင်းရွိုက်ပြဿနာ ရှိသည်ဟု သံသယဖြစ်ပါက မိမိဘာသာ ကုသရန်မကြိုးစားဘဲ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

[စာမျက်နှာ ၂၀ ပါ ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

လေပြွန်

အသံအိုး (လည်စေ့)

သိုင်းရွိုက်

လေပြွန်