ဘယ်လိုနည်းနဲ့ ပိုစိတ်ရှည်လာနိုင်မလဲ
ရှေ့ဆောင်းပါးတွေမှာ ဖော်ပြထားချက်အရ ပိုစိတ်ရှည်လာတာနဲ့အမျှ ပိုကျန်းမာလာ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း ပိုကောင်းလာ၊ မိတ်ဆွေကောင်းတွေ ပိုရှိလာမယ်ဆိုတဲ့အချက်ကို သင်လက်ခံတယ်မဟုတ်လား။ ဒါဆိုရင် ပိုစိတ်ရှည်တတ်ဖို့ ဘယ်လိုသင်ယူနိုင်ပါသလဲ။ အောက်ပါအကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။
အကြောင်းရင်းတွေကို သိအောင်လုပ်ပါ–
သင့်ကို စိတ်တိုစေတဲ့ အကြောင်းရင်းတွေက တစ်ဦးဦးကြောင့်လား။ ဥပမာ၊ အိမ်ထောင်ဖက်၊ မိဘ၊ ကလေးတွေကြောင့် သင် စိတ်တိုကောင်း စိတ်တိုနိုင်တယ်။ သင် စိတ်တိုရတာက အချိန်နဲ့ပတ်သက်နေသလား။ ဥပမာ၊ တခြားသူကို သင်စောင့်ရတဲ့အခါ ဒါမှမဟုတ် သင်နောက်ကျနေတဲ့အခါ စိတ်မရှည်ဖြစ်တတ်သလား။ သင်မောပန်းနွမ်းနယ်နေချိန်၊ ဆာနေချိန်၊ အိပ်ချင်တဲ့အချိန်၊ ဖိစီးမှုတစ်ခုခုကြုံနေရချိန်မှာ စိတ်မရှည်ဖြစ်တတ်သလား။ အများအားဖြင့် အိမ်မှာ ပိုစိတ်တိုတတ်သလား၊ အလုပ်မှာ ပိုစိတ်တိုတတ်သလား။
စိတ်မရှည်ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိထားတာက ဘယ်လိုအကူအညီဖြစ်စေသလဲ။ ရှေးခေတ်က ဘုရင်ရှောလမုန် ဒီလိုရေးခဲ့တယ်– ‘စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဒုက္ခနှင့် ထိပ်တိုက်ဝင်၍ တိုးတတ်ကြလေသည်။’ (သု. ၂၂:၃၊ ခမ) ဒီကျမ်းစကားနဲ့အညီ၊ သင်စိတ်မရှည်တော့မယ့်အချိန်ကို “ကြိုတင်တွေ့မြင်” မယ်ဆိုရင် အဲဒါကို ရှောင်ရှားနိုင်ပါတယ်။ ပထမတော့ သင်က ပိုစိတ်ရှည်တတ်အောင် တမင်တကာ ကြိုးစားပြီးလုပ်ရမှာဖြစ်ပေမဲ့ အချိန်ကြာလာတဲ့အခါ စိတ်ရှည်တဲ့အရည်အသွေးက သင့်ရဲ့ ပင်ကိုအရည်အသွေး ဖြစ်လာပါလိမ့်မယ်။
ဘဝကို ရိုးရိုးရှင်းရှင်းထားပါ–
အမေရိကန်ပြည်ထောင်စု၊ မင်နီစိုတာပြည်နယ် စိန့် ဂျွန် တက္ကသိုလ်က ပါမောက္ခ နိုရန်း ဟာစ်ဖီးဒ် က ဒီလိုပြောတယ်– “လူတွေက တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက် ပိုမလုပ်နိုင်ကြဘူး။ ဦးနှောက်က အကြောင်းအရာများစွာကို တစ်ပြိုင်နက် အာရုံမစိုက်နိုင်ဘူး။” “အဲဒီလိုလုပ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အာရုံစိုက်နိုင်စွမ်း၊ သေသေချာချာ အကဲခတ်နိုင်စွမ်း၊ စိတ်ရှည်မှု၊ ဇွဲရှိမှု၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တဖြည်းဖြည်းနဲ့ ပျောက်ဆုံးသွားနိုင်တယ်” လို့လည်း သူဆက်ပြောတယ်။
လုပ်စရာတွေကများ၊ သွားစရာတွေကများ၊ တွေ့စရာလူကများနေရင် သင် စိတ်ဖိစီးလာမှာဖြစ်ပြီး စိတ်ရှည်ဖို့ကြိုးစားရတာ လွယ်မှာမဟုတ်ဘူး။ ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ဒေါက်တာ ဂျနီဖာ ဟာရှတင် က ဒီလိုပြောတယ်– “အခြေခံအားဖြင့် စိတ်တိုရတဲ့ အဓိကအကြောင်းရင်းက ဖိစီးမှုပဲ။”
ဘဝကို ပျော်မွေ့ဖို့ အချိန်ပေးပါ။ လူတစ်ပြုံတစ်ခေါင်းကြီးနဲ့ အပေါ်ယံပေါင်းမယ့်အစား လူနည်းနည်းနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖွဲ့ဖို့ အချိန်ပေးပါ။ သင့် အချိန်ကို ဇယားဆွဲထားပြီး ဦးစားထားလုပ်သင့်တာတွေကို ပညာရှိရှိ ရွေးချယ်ပါ။ အချိန်စားတဲ့ ဝါသနာတွေ၊ ပစ္စည်းတွေကို ဂရုစိုက်ပါ။
ဘဝကို ရိုးရှင်းစေဖို့ သင့် နေ့စဉ်လုပ်ဆောင်မှုတွေကို ပြန်စစ်ဆေးဖို့ လိုနိုင်တယ်။ သင့် လုပ်စရာတချို့ကို လျှော့ချနိုင် ဒါမှမဟုတ် ဖယ်ရှားနိုင်မလား။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . သိုထားရသောအချိန်နှင့် ပစ်လိုက်ရသောအချိန်လည်း ဒေ. ၃:၁၊ ၆) အခုအချိန်ဟာ သင့်အတွက် အချိန်အလဟဿဖြစ်စေမယ့်အရာတွေကို ပစ်လိုက်ရတဲ့အချိန် ဖြစ်နိုင်တယ်။ ဒီလိုနည်းနဲ့ သင် ပိုစိတ်ရှည်လာနိုင်တယ်။
ရှိ၏။” (လက်တွေ့ကျပါ–
ဘဝကို လက်တွေ့ကျကျ ရှုမြင်ပါ။ ပထမအချက်က၊ လက်တွေ့ဘဝမှာ အရာရာတိုင်းဟာ ကိုယ်မြန်စေချင်သလောက် မမြန်နိုင်ဘူး။ အချိန်ဟာ သင်သွားစေချင်တဲ့နှုန်းနဲ့ မဟုတ်ဘဲ သူ့နှုန်းနဲ့သူ သွားနေတယ်ဆိုတာ လက်ခံပြီး စိတ်ရှည်ပါ။
ဒုတိယအချက်က၊ သင့်အခြေအနေတွေကို သင် အမြဲမထိန်းချုပ်နိုင်ဘူးဆိုတာ သတိရပါ။ ပညာရှိဘုရင်ရှောလမုန်က ခုလိုရေးခဲ့တယ်– “အပြေးမြန်သူသည် ပြေးပွဲတွင်အစဉ်နိုင်မည်ဟု မဆိုနိုင်၊ ရဲစွမ်းသတ္တိရှိသူသည် စစ်ပွဲတွင်အစဉ်အနိုင်ရမည်ဟု မဆိုနိုင်၊ ပညာရှိသူတို့သည် ဝမ်းရေးခါးရေး အစဉ်အမြဲဖူလုံလိမ့်မည်ဟု မဆိုနိုင်၊ ဉာဏ်ကောင်းသူသည် အစဉ်ကြွယ်ဝချမ်းသာလိမ့်မည်ဟု မဆိုနိုင်၊ အစွမ်းအစရှိသူသည် အစဉ်အမြဲ ရာထူးဌာနကြီးမြင့်လာလိမ့်မည်ဟု မဆိုနိုင်။ လူတိုင်းပင် [အဖြစ်ဆိုး]နှင့် ကြုံတွေ့ရကြတတ်ပေသည်။ သင်၏အလှည့် ကြုံမည့်အခါကို အဘယ်သို့မျှ သင်မသိနိုင်။”—ဒေ. ၉:၁၁၊ ၁၂၊ ခမ။
သင်မထိန်းချုပ်နိုင်တဲ့အခြေအနေကို စိတ်မရှည်ဖြစ်မယ့်အစား သင်ထိန်းချုပ်နိုင်မယ့် အခြေအနေကို ရှာဖွေကြည့်ပါ။ ဥပမာ၊ ဘတ်စကား၊ ရထား ကြန့်ကြာတာကို စိတ်တိုနေမယ့်အစား သင်သွားချင်တဲ့နေရာ ရောက်အောင် တခြားနည်း ရှာကြည့်နိုင်တယ်။ စိတ်တို၊ ဒေါသထွက်မယ့်အစား လမ်းလျှောက်သွားလိုက်တာက ပိုကောင်းပါလိမ့်မယ်။ စောင့်ကိုစောင့်ရမယ်ဆိုရင် အချိန်ကို အကျိုးရှိရှိ သုံးနိုင်တယ်။ ဥပမာ၊ အကျိုးရှိတဲ့စာ ဖတ်နေနိုင်တယ် ဒါမှမဟုတ် လုပ်စရာရှိတာတွေကို စာရင်းလုပ်နေနိုင်တယ်။
လက်တွေ့ဘဝမှာ သင် မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် စိုးရိမ်ပူပန်နေခြင်းက ဘာမှ အကျိုးမရှိပါဘူး။ “သင်တို့တွင် အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏အသက်ကို နှစ်အနည်းငယ်မျှ ပို၍ရှည်စေနိုင်သနည်း” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—လုကာ ၁၂:၂၅၊ ခမ။
ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ–
ကျမ်းစာမှာ တွေ့ရတဲ့မူတွေကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့် ပိုစိတ်ရှည်လာတယ်ဆိုတာ လူအများ တွေ့ခဲ့ကြတယ်။ ဘုရားသခင်နဲ့ ရင်းနှီးလာသူတစ်ယောက်က ပိုစိတ်ရှည်လာမယ်၊ အဲဒီအပြင် မေတ္တာ၊ ရွှင်လန်းမှု၊ ငြိမ်သက်မှု၊ နူးညံ့သိမ်မွေ့ မှု၊ ချုပ်တည်းမှု စတဲ့ တခြားအရေးကြီးတဲ့ အရည်အသွေးတွေလည်း ရှိလာမယ်လို့ ကျမ်းစာကဖော်ပြတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျမ်းစာက ခုလို ကတိပြုတယ်– “မည်သည့်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာတွင် ကျေးဇူးတော် ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘယ်လိုနည်းနဲ့ စိုးရိမ်မှုလျော့ပါးပြီး စိတ်ရှည်မှုတိုးများလာနိုင်မလဲဆိုတာ ကျမ်းစာကနေ လေ့လာကြည့်ပါ။