တွေ့ဆုံမေးမြန်းခန်း | ပါအိုလာ ကီယို့စီ
ဘုရားသခင်ကို ဘာကြောင့်ယုံကြည်လာကြောင်း ဇီဝဓာတုပညာရှင်တစ်ဦးရှင်းပြ
ဒေါက်တာ ပါအိုလာ ကီယို့စီ က အီတလီနိုင်ငံ၊ ဖာရာရာတက္ကသိုလ်မှာ မော်လီကျူး ဇီဝဗေဒပညာရှင်အဖြစ် လုပ်ဆောင်နေတာ အနှစ် ၂၀ ကျော်ကြာပြီ။ နိုးလော့! က သူ့ရဲ့သိပ္ပံပညာနဲ့ ဘုရားသခင်ကို ယုံကြည်လာရတဲ့အကြောင်းကို မေးမြန်းထားပါတယ်။
ဘဝနောက်ခံအကြောင်း ပြောပြနိုင်မလား။
ကျွန်မအဖေက ဖိနပ်ချုပ်သမားဖြစ်ပြီး အမေကတော့ စိုက်ပျိုးရေးလုပ်တယ်။ ကျွန်မကတော့ သိပ္ပံပညာရှင်ဖြစ်ချင်ခဲ့တယ်။ ကျွန်မအိမ်ပတ်လည်မှာ တွေ့နေရတဲ့ ပန်းပွင့်လေးတွေ၊ ငှက်လေးတွေနဲ့ အင်းဆက်ပိုးမွှားလေးတွေဟာ ကျွန်မအတွက် စိတ်ဝင်စားစရာပဲ။ လူ့ထက် ဉာဏ်ပညာပိုကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ပါးက ဒါတွေကို ပြုလုပ်ထားတာဖြစ်ရမယ်လို့ ကျွန်မထင်တယ်။
ဒါဆိုရင် အစကတည်းက ဖန်ဆင်းရှင်ကို ယုံကြည်ခဲ့တာပေါ့။
မဟုတ်ပါဘူး။ ကျွန်မကလေးဘဝကတည်းက ဘုရားသခင်နဲ့ပတ်သက်ပြီး သံသယတွေရှိခဲ့တယ်။ အဖေက နှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတဲ့အခါ ‘ဒီလောက်လှပတဲ့အရာတွေကို ဖန်ဆင်းထားတဲ့အရှင်က ဆင်းရဲဒုက္ခနဲ့သေခြင်းကို ဘာဖြစ်လို့ခွင့်ပြုရတာလဲ’ ဆိုတဲ့မေးခွန်း ကျွန်မစိတ်ထဲပေါ်လာတယ်။
သိပ္ပံပညာကိုလေ့လာတာက ဒီမေးခွန်းရဲ့အဖြေရဖို့ အထောက်အကူရခဲ့သလား။
ပထမတော့ မရဘူး။ ကျွန်မ မော်လီကျူးဇီဝဗေဒပညာရှင်ဖြစ်လာတဲ့အခါ သေခြင်းအကြောင်းကို ကျွန်မစလေ့လာခဲ့တယ်။ ကိုယ်ခန္ဓာမှာရှိတဲ့ ဆဲလ်တွေ ပုံမှန်နဲ့စနစ်တကျသေဆုံးခြင်းအကြောင်းကို ဖြစ်တယ်။ အဲဒီလိုသေဆုံးခြင်းက တစ်ရှူးတွေ အောက်ဆီဂျင်၊ သွေးကို မရရှိတဲ့အခါ သေဆုံးပြီး ရောင်ရမ်းပုပ်ပွလာခြင်းနဲ့ အရမ်းကွာတယ်။ ဆဲလ်တွေစနစ်တကျသေဆုံးခြင်းက ကျွန်မတို့ရဲ့ကျန်းမာရေးအတွက် အရေးပါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကျမှ ဒါကို သိပ္ပံပညာရှင်တွေ အလေးထားခဲ့ကြတယ်။
ဆဲလ်တွေ စနစ်တကျသေဆုံးဖို့ ဘာကြောင့်အရေးကြီးရတာလဲ။
ကျွန်မတို့ကိုယ်ခန္ဓာက ဆဲလ်သန်းပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတယ်။ ဒါတွေအားလုံး သေဆုံးရမယ်၊ အသစ်ပြန်အစားထိုးရမယ်။ ဆဲလ်အမျိုးအစားတစ်ခုစီက သူ့သက်တမ်းနဲ့သူရှိတယ်။ တချို့က အပတ်အနည်းငယ်အတွင်း ပြန်အစားထိုးတယ်။ တချို့က နှစ်အနည်းငယ်အတွင်း ပြန်အစားထိုးတယ်။ ဆဲလ်တွေက စောသေရင်ပဲဖြစ်ဖြစ်၊ နောက်ကျပြီးသေရင်ပဲဖြစ်ဖြစ် ကိုယ်ခန္ဓာအတွက် မကောင်းဘူး။ ဒီလို ဆဲလ်ဖြစ်ပေါ်ခြင်း၊ သေဆုံးခြင်းကို အတိအကျဖြစ်အောင် ထိန်းချုပ်ထားပုံက ရှုပ်ထွေးဆန်းကျယ်လွန်းလှတယ်။
အတိအကျမဖြစ်ရင် ဘာဖြစ်နိုင်သလဲ။
တချို့လေ့လာမှုတွေအရ ဆဲလ်တွေဟာ သေဆုံးသင့်တဲ့အချိန်မှာမသေရင် အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်တယ်။ မသေဆုံးသင့်ခင် သေဆုံးတယ်ဆိုရင် အကြောအားနည်းပြီး ခြေလက်တုန်တဲ့ရောဂါ ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါ ဖြစ်မယ်။ ဒီရောဂါတွေကို ကုသနိုင်မယ့် နည်းတွေကို ကျွန်မ ရှာဖွေရတယ်။
ဆဲလ်သေဆုံးခြင်းနဲ့ပတ်သက်ပြီး လေ့လာတာက ဒေါက်တာအပေါ် ဘာအကျိုးသက်ရောက်မှုရှိခဲ့သလဲ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်မ အရမ်းစိတ်ရှုပ်သွားတယ်။ အံ့သြမိန်းမောစရာကောင်းတဲ့ ဒီဖြစ်စဉ်တွေကို ကျွန်မတို့ကို ကျန်းမာစေချင်တဲ့ပုဂ္ဂိုလ်တစ်ပါးက လုပ်ထားတယ်ဆိုတာ ရှင်းနေတယ်။ ဒါကြောင့် လူတွေဘာဖြစ်လို့ ဆင်းရဲဒုက္ခခံရပြီး သေဆုံးရတာလဲ ဆိုတဲ့မေးခွန်းက ကျွန်မ စိတ်ထဲမှာ ကျန်နေတုန်းပဲ။ အဖြေကို ကျွန်မရှာမတွေ့ခဲ့ဘူး။
ဒါနဲ့ ခုနပြောတော့ အစီအစဉ်တကျ ဆဲလ်သေဆုံးခြင်းက တစ်ယောက်ယောက်လုပ်ထားတာဖြစ်မယ်ဆို။
ဟုတ်တယ်။ မယုံနိုင်လောက်အောင် ရှုပ်ထွေးဆန်းကြယ်လွန်းတဲ့ ဒီဖြစ်စဉ်က ထူးခြားလှတဲ့ ဉာဏ်ပညာကို ဖော်ပြတယ်။ ဒီဉာဏ်ပညာက ဘုရားသခင်ရဲ့ဉာဏ်ပညာဖြစ်ရမယ်လို့ ကျွန်မယုံတယ်။ ဒီရှုပ်ထွေးဆန်းကြယ်တဲ့ဖြစ်စဉ်ကို အားကောင်းတဲ့မှန်ဘီလူးသုံးပြီး ကျွန်မလေ့လာတယ်။ တချို့ဆဲလ်တွေရဲ့ သေဆုံးတဲ့ဖြစ်စဉ်ဟာ လိုအပ်မယ်ဆိုရင် စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်နိုင်တယ်။ ဆဲလ်တွေက သူတို့ကိုယ်သူတို့ ဖျက်ဆီးပစ်လိုက်ကြတယ်။ ဒီဖြစ်စဉ်က ကောင်းကောင်းပုံစံရေးဆွဲခံထားရတာကြောင့် အလွန့်အလွန်ကို အံ့ဩစရာကောင်းတယ်။
ကျွန်မတို့ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် အားလုံးနီးပါးဟာ ပုံမှန်အစားထိုးခံနေရတဲ့အတွက် ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ ဖြစ်ကိုဖြစ်နိုင်တယ်
ဒါပေမဲ့ ဘုရားသခင်အကြောင်း၊ ဆင်းရဲဒုက္ခအကြောင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေ ရှိနေတယ်မဟုတ်လား။ ဒီအဖြေတွေကို ဘယ်လိုတွေ့ခဲ့လဲ။
၁၉၉၁ ခုနှစ်လောက်မှာ ကျွန်မအိမ်ကို ယေဟောဝါသက်သေ လူငယ်လေးနှစ်ယောက် ရောက်လာတယ်။ ကျွန်မက လူတွေ ဘာဖြစ်လို့ သေရတာလဲလို့ သူတို့ကိုမေးလိုက်တယ်။ သူတို့က ဒီကျမ်းစာအဖြေကိုပြတယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။” (ရောမ ၅:၁၂) ပထမဆုံးလူသားက ဘုရားသခင်ကိုနာခံခဲ့မယ်ဆိုရင် သူအမြဲတမ်းအသက်ရှင်မှာဖြစ်တယ်။ ဒီအချက်က ကျွန်မရဲ့ သုတေသနပြုမှုမှာ တွေ့ရှိတဲ့အချက်နဲ့ ကိုက်ညီတယ်ဆိုတာ ကျွန်မ ချက်ချင်းသဘောပေါက်သွားတယ်။ ဘုရားသခင်က လူတွေကို သေဖို့ဖန်ဆင်းထားတာမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ဆဲလ် အားလုံးနီးပါးဟာ ပုံမှန်အစားထိုးခံနေရတဲ့အတွက် ထာဝစဉ်အသက်ရှင်ဖို့ဆိုတာ ဖြစ်ကိုဖြစ်နိုင်တယ်။
သမ္မာကျမ်းစာက ဘုရားသခင့်တရားစကားတော်ဖြစ်တယ်လို့ ဘာကြောင့် ယုံကြည်သလဲ။
ဆာလံ ၁၃၉:၁၆ [ကဘ] မှာ ဘုရားသခင်နဲ့ ပတ်သက်ပြီး ခုလိုပြောထားတယ်– “ကျွန်တော်သန္ဓေသားအရွယ်မှာတောင် ကျွန်တော့်ကို ကိုယ်တော်မြင်တယ်။ သန္ဓေသားရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကို ကိုယ်တော့်စာအုပ်ထဲမှာ ရေးထားတယ်။” ဇီဝဓာတုပညာရှင်တစ်ယောက်အနေနဲ့ ဆဲလ်ထဲမှာရေးထားတဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို ကျွန်မလေ့လာရတယ်။ ဆာလံဆရာက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိနေတာလဲ။ ကျမ်းစာကို ကျွန်မလေ့လာလေ၊ ဒါဟာ ဘုရားသခင့်လမ်းညွှန်မှုနဲ့ရေးထားတယ်ဆိုတာ ပိုယုံကြည်လာလေပဲ။
ကျမ်းစာသွန်သင်ရာတွေကို နားလည်ဖို့အတွက် ဘယ်ကနေ အကူအညီရခဲ့သလဲ။
ယေဟောဝါသက်သေတစ်ယောက်က ကျွန်မနဲ့ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတယ်။ ဘုရားသခင်က ဆင်းရဲဒုက္ခကို ဘာကြောင့်ခွင့်ပြုထားတာလဲဆိုတာ အခု ကျွန်မနားလည်လာပြီ။ ဘုရားသခင်က “သေခြင်းကိုလည်း နစ်မွန်းဆုံးၡုံးစေတော်မူလိမ့်မည်” ဆိုတဲ့အချက်ကိုလည်း ကျမ်းစာကနေ ကျွန်မသိခဲ့ရတယ်။ (ဟေရှာယ ၂၅:၈) ကျွန်မတို့ရဲ့ အံ့ဖွယ်ကောင်းတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံစနစ်ကို စုံလင်အောင်လုပ်ဆောင်ပေးခြင်းအားဖြင့် ကျွန်မတို့ထာဝစဉ်အသက်ရှင်အောင် လုပ်ပေးဖို့ဆိုတာ ဖန်ဆင်းရှင်အဖို့ လွယ်ကူပါလိမ့်မယ်။
ရရှိလာတဲ့ကျမ်းစာအသိပညာနဲ့ တခြားသူတွေကို ဘယ်လိုကူညီပေးနေပါသလဲ။
၁၉၉၅ ခုနှစ်မှာ ကျွန်မ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး သမ္မာကျမ်းစာကနေ ကျွန်မသိရှိလာတဲ့အကြောင်းအရာတွေကို တခြားသူတွေကို ဝေမျှပေးနေပါတယ်။ ဥပမာ၊ ကျွန်မအလုပ်ဖော်တစ်ယောက်ရဲ့မောင်က သူ့ကိုယ်သူသတ်သေသွားခဲ့တယ်။ အဲဒီတုန်းက သူ့ခမျာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေသူတွေကို ဘုရားသခင် လုံးဝခွင့်မလွှတ်ဘူးလို့ သူတို့ချာ့ခ်ျက သွန်သင်တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာကနေ ပြခဲ့တယ်။ (ယောဟန် ၅:၂၈၊ ၂၉) ဖန်ဆင်းရှင်က ကျွန်မတို့ကို တကယ်ဂရုစိုက်တယ်ဆိုတာ သိလိုက်တော့ သူ တော်တော်စိတ်သက်သာရာရသွားတယ်။ အဲဒီလိုမျိုး တခြားသူတွေကို သမ္မာကျမ်းစာအမှန်တရားအကြောင်း မျှဝေရတဲ့အချိန်တွေက သိပ္ပံပညာထက်တောင် ပိုကျေနပ်ပျော်ရွှင်စေတယ်လို့ ကျွန်မ ခံစားရတယ်။