ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့သတင်း
ဒီဇယ်အင်ဂျင်ကနေ ထွက်လာတဲ့ အခိုးအငွေ့တွေက “အဆုတ်ကင်ဆာဖြစ်နိုင်ခြေ တိုးများစေ” ပြီး ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေလည်း ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြတယ်။
အန္တာတိက
ပင်လယ်ကြမ်းပြင်အောက်မှာတွေ့ရတဲ့ ဝတ်မှုန်၊ မျိုးမှုန် ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ အန္တာတိကတိုက်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက အုန်းပင်တွေနဲ့ အပူပိုင်းဒေသပေါက်ပင်တွေ ပေါက်ရောက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဝင်ရိုးစွန်းဒေသရဲ့ဆောင်းရာသီဟာ သိပ်မပြင်းထန်ဘူး၊ ဆီးနှင်းတွေလည်း မရှိဘူး၊ အပူချိန်က အီကွေတာဒေသကအပူချိန်နဲ့ သိပ်မကွာဘူးလို့ လူအများ ယုံကြည်ကြတယ်။
အိုင်ယာလန်
အိုင်ယာလန်နိုင်ငံ ကက်သလစ်ဘုန်းကြီးများအဖွဲ့က ၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ မှတ်တမ်းအရ အဲဒီနိုင်ငံက ကက်သလစ်ဘာသာဝင် ၈၇ ရာခိုင်နှုန်းဟာ ဘုန်းကြီးတွေကို အိမ်ထောင်ပြုခွင့်ပေးသင့်တယ်လို့ ယူဆကြပြီး ၇၇ ရာခိုင်နှုန်းက အမျိုးသမီးတွေကိုလည်း ဘုန်းကြီးနဲ့တစ်တန်းတစ်စားတည်း အရိုက်အရာပေးသင့်တယ်လို့ ယူဆကြတယ်။
အာဖရိက ဆာဟာရတောင်ပိုင်းဒေသနဲ့ အရှေ့တောင်အာရှ
တချို့ဒေသတွေမှာရှိတဲ့ ငှက်ဖျားတိုက်ဖျက်ဆေးကို စစ်ဆေးကြည့်တဲ့အခါ အများအားဖြင့် အရည်အသွေးမမီတာတွေ ဒါမှမဟုတ် အတုတွေ ဖြစ်နေပြီး ထိရောက်မှုမရှိတဲ့၊ အာနိသင်မရှိတဲ့ဆေးတွေ ဖြစ်နေတယ်။ အာဖရိက ဆာဟာရတောင်ပိုင်းဒေသက ငှက်ဖျားဆေးတွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အရှေ့တောင်အာရှမှာဆိုရင် ၃၆ ရာခိုင်နှုန်းက အတုတွေဖြစ်တယ်။
အယ်လ်ဆာဗေးဒေါ
၂၀၁၂ ခုနှစ်၊ ဧပြီလလယ်က ရက်တစ်ရက်ကို သုံးနှစ်အတွင်း လူသတ်မှုကင်းစင်တဲ့ ပထမဆုံးနေ့အဖြစ် အစိုးရက တရားဝင် ကြေညာခဲ့တယ်။ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုကြောင့် ၂၀၁၁ ခုနှစ်အတွင်း လူသတ်မှုနှုန်းဟာ ၁၀၀,၀၀၀ မှာ ၆၉ ယောက်နှုန်းရှိခဲ့ပြီး ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနှုန်းတစ်ခုဖြစ်တယ်။