တွေ့ဆုံမေးမြန်းခန်း | အန်တိုနီယို ဒဲလ်လာ ဂတ်တာ
ခရစ်ယာန်ဘုန်းကြီးတစ်ပါး သူ့အသင်းတော်ကနေ ဘာကြောင့် နုတ်ထွက်လာ
အန်တိုနီယို ဒဲလ်လာ ဂတ်တာက ရောမမြို့မှာ ကိုးနှစ် ပညာသင်ပြီးနောက် ၁၉၆၉ ခုနှစ်မှာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး အဖြစ် ခန့်အပ်ခံရတယ်။ နောက်ပိုင်းမှာ အီတလီနိုင်ငံ၊ နေပယ်လ်မြို့အနီးက ကျမ်းစာကျောင်းတစ်ကျောင်းရဲ့ တာဝန်ခံဘုန်းတော်ကြီးတစ်ပါး ဖြစ်လာတယ်။ အဲဒီမှာရှိနေစဉ် ကက်သလစ်ဘာသာကို အတော်ကြာ လေ့လာဆည်းပူး၊ ဆင်ခြင်သုံးသပ်တဲ့အခါ အဲဒီဘာသာဟာ ကျမ်းစာအပေါ် အခြေမခံထားဘူးဆိုတာ သိလာတယ်။ ဘုရားသခင်ကို ရှာပုံတော်ဖွင့်ခဲ့တဲ့ အန်တိုနီယိုကို နိုးလော့!က မေးမြန်းခဲ့ပါတယ်။
ကလေးဘဝအကြောင်း ပြောပြပေးနိုင်မလား။
၁၉၄၃ ခုနှစ်မှာ အီတလီနိုင်ငံမှာ ကျွန်တော်မွေးဖွားခဲ့တယ်။ ညီအစ်ကို၊ မောင်နှမ ခြောက်ယောက်နဲ့အတူ ရွာလေးတစ်ရွာမှာ ကြီးပြင်းလာတယ်။ အဖေက လယ်လုပ်တယ်၊ လက်သမားလည်း လုပ်တယ်။ မိဘတွေက ကက်သလစ် (ဗရင်ဂျီ) ဘာသာကိုင်းရှိုင်းသူတွေဖြစ်လာရအောင် ကျွန်တော်တို့ကို လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြတယ်။
ခရစ်ယာန်ဘုန်းကြီးတစ်ပါး ဘာကြောင့် ဖြစ်ချင်ခဲ့တာလဲ။
ကျွန်တော် ငယ်ငယ်တုန်းက ခရစ်ယာန်ဘုန်းကြီးတွေ တရားဟောတာကို သဘောကျတယ်။ သူတို့ တရားရွတ်သံတွေ၊ ဘာသာရေးဓလေ့ထုံးစံတွေကို ကြိုက်နှစ်သက်ခဲ့တယ်။ ဒါကြောင့် တစ်နေ့ကျရင် ငါလည်း ခရစ်ယာန်ဘုန်းကြီးတစ်ပါးဖြစ်လာရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ၁၃ နှစ်အရွယ်မှာ အမေက ကျွန်တော့်ကို ခရစ်ယာန်ဘုန်းကြီးလောင်းသင်တန်းတက်ဖို့ ကျောင်းအပ်ပေးခဲ့တယ်။
အဲဒီသင်တန်းမှာ သမ္မာကျမ်းစာလေ့လာခဲ့သလား။
မလေ့လာခဲ့ပါဘူး။ ၁၅ နှစ်အရွယ်မှာ ဆရာတစ်ယောက်ပေးခဲ့တဲ့ ခရစ်ဝင်ကျမ်းတစ်စောင်ကို အကြိမ်ကြိမ် ဖတ်ခဲ့တယ်။ ၁၈ နှစ်အရွယ်မှာ ရောမမြို့ကိုသွားပြီး ပုပ်ရဟန်းမင်းဦးစီးတဲ့ ရဟန်းအတတ်သင်တက္ကသိုလ်တွေမှာ ကျောင်းတက်တယ်။ အဲဒီမှာ လက်တင်၊ ဂရိ၊ သမိုင်း၊ အတွေးအခေါ်ပညာ၊ စိတ်ပညာနဲ့ ဓမ္မပညာတို့ကို လေ့လာခဲ့တယ်။ ကျမ်းစာထဲကနေ ကျမ်းချက်တွေကို ရွတ်ဆိုရပေမဲ့၊ တနင်္ဂနွေနေ့တရားဟောပွဲတွေမှာ ကျမ်းစာဖတ်တာကို ကြားနာရပေမဲ့ တကယ်တမ်းကျတော့ ကျမ်းစာကို မလေ့လာဖြစ်ခဲ့ပါဘူး။
တာဝန်ခံ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ဖြစ်လာတဲ့အခါ ကိုယ်တိုင်သင်ကြားပေးရသလား။
ကျွန်တော်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိုပဲ အဓိကလုပ်ရတယ်။ ဒါပေမဲ့ ဒုတိယ ဗာတီကန် ကောင်စီရဲ့ အမိန့်ပေးချက်တွေကိုတော့ သင်ကြားပို့ချပေးခဲ့ရတယ်။
ကက်သလစ်ဘာသာကို ဘာကြောင့် စပြီး သံသယဝင်လာတာလဲ။
အကြောင်းသုံးခုကြောင့်ပါ။ သူတို့ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်။ ဝတ်ပြုရေးမှာ ဦးဆောင်တဲ့သူတွေ၊ အသင်းသားတွေ အကျင့်ပျက်တာတွေကို လျစ်လျူရှုထားတယ်။ ပြီးတော့ သူတို့ရဲ့သွန်သင်ချက်တချို့က မမှန်ကန်ပုံရတယ်။ ဥပမာ၊ မေတ္တာရှင်ဘုရားသခင်က လူတွေ သေသွားရင် မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒါ့အပြင် ဆုတောင်းချက်တွေကို စိပ်ပုတီး စိပ်ပြီး အထပ်ထပ် ရွတ်ဆိုစေချင်တယ်ဆိုတာကလည်း ဟုတ်ပါ့မလား။ *
ဒါဆိုရင် ဘာလုပ်ခဲ့သလဲ။
ကျွန်တော်ငိုပြီးတော့ လမ်းညွှန်ချက်တွေရဖို့ ဆုတောင်းခဲ့တယ်။ အီတလီဘာသာစကားနဲ့ ထုတ်ဝေထားတဲ့ ကက်သလစ် ဂျေရုဆလင်သမ္မာကျမ်းစာကို ဝယ်ပြီး စဖတ်ရှုခဲ့တယ်။ အဲဒီနောက် တနင်္ဂနွေတစ်မနက် မစ္ဆားပွဲ (ပွဲတော်မင်္ဂလာ) ပြီးတော့ ကျွန်တော် ဝတ်ရုံလဲပြီး တန်းမှာ ချိတ်မလို့လုပ်နေတုန်း ကျမ်းစာသင်ကျောင်းထဲ လူနှစ်ယောက်ရောက်လာတယ်။ သူတို့ဟာ ယေဟောဝါသက်သေ ခရစ်ယာန်တွေပါလို့ ပြောတယ်။ ကျမ်းစာအကြောင်းနဲ့ စစ်မှန်တဲ့ဘာသာရဲ့ အမှတ်လက္ခဏာတွေအကြောင်း တစ်နာရီကျော် သူတို့နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။
သူတို့နဲ့ပတ်သက်လို့ ဘယ်လို ထင်သလဲ။
သူတို့ရဲ့ ခံယူချက်ကို သဘောကျသွားတယ်ဗျာ။ ပြီးတော့ ကက်သလစ်ကျမ်းစာထဲက ကျမ်းချက်တွေကို အလွယ်တကူ ဖွင့်ပြနိုင်ကြတယ်။ နောက်ပိုင်းမှာ မာရီယိုဆိုတဲ့ သက်သေခံနောက်တစ်ယောက် ကျွန်တော့်ဆီ လာတယ်။ သူက စိတ်ရှည်တယ်၊ နေပူ မရှောင် မိုးရွာ မရှောင် စနေနေ့မနက် ၉ နာရီဒေါင်ဆိုတာနဲ့ ရောက်လာပြီ။
တခြားဘုန်းကြီးတွေကကော သူလာတာကို ဘယ်လို သဘောထားကြသလဲ။
ကျွန်တော်တို့ ကျမ်းစာအကြောင်းဆွေးနွေးတိုင်း သူတို့ကို ပါဝင်ဖို့ ဖိတ်ခေါ်ပေမဲ့ ကျမ်းစာလေ့လာမှုကို ဘယ်သူမှ အလေးအနက် သဘောမထားကြဘူး။ ကျွန်တော်ကတော့ အလေးအနက်ထားတယ်။ ဘုရားသခင်က မကောင်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ဘာကြောင့် သည်းခံခွင့်ပြုထားရသလဲစတဲ့ ကျွန်တော်စိတ်ရှုပ်နေတဲ့ အကြောင်းတွေကို လေ့လာသင်ယူရလို့ စိတ်ထဲမှာရှင်းသွားပြီ။
အထက်ဘုန်းတော်ကြီးတွေက ကျမ်းစာလေ့လာနေတာကို တားမြစ်ခဲ့သလား။
၁၉၇၅ ခုနှစ်မှာ ရောမမြို့ကိုအကြိမ်ကြိမ်သွားပြီး ကျွန်တော့်ထင်မြင်ချက်ကို ရှင်းပြဖို့ ကြိုးစားခဲ့တယ်။ အထက်ဘုန်းတော်ကြီးတွေက ကျွန်တော့်ကိုနားချပြီး ရှင်းပြဖို့ ကြိုးစားကြပေမဲ့ ဘယ်သူမှ ကျမ်းစာမသုံးဘူး။ ၁၉၇၆၊ ဇန်နဝါရီ ၉ ရက်ကျတော့ ကျွန်တော်ဟာ ကက်သလစ် ဘာသာဝင်မဟုတ်တော့ဘူးလို့ သူတို့ဆီ စာရေးလိုက်တယ်။ နှစ်ရက်လောက်နေတော့ ကျမ်းစာသင်ကျောင်းကနေ ထွက်လာခဲ့တယ်၊ အဲဒီနောက် ရထားစီးပြီး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီအစည်းအဝေးက ယေဟောဝါသက်သေ ခရစ်ယာန် အသင်းတော်တွေစုဆုံစည်းဝေးတဲ့ စည်းဝေးပွဲကြီးတစ်ခု ဖြစ်နေတယ်။ အဲဒီမှာ အားလုံးက ကျွန်တော်လုပ်နေကျနဲ့ တခြားစီပဲ ဆိုတာ တွေ့လိုက်ရတယ်။ သက်သေခံတိုင်းရဲ့လက်ထဲမှာ ကျမ်းစာအုပ်ရှိတယ်၊ ဟောပြောသူတွေ ဆွေးနွေးတင်ပြသွားသမျှကို ကျမ်းစာဖွင့်ပြီး လိုက်ဖတ်ရှုတာကို တွေ့ရတယ်။
မိသားစုကကော ဘယ်လို တုံ့ပြန်သလဲ။
အများစုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ အီတလီမြောက်ပိုင်း လုံဘာဒီမြို့မှာနေတဲ့ ကျွန်တော့်ညီတစ်ယောက်က ယေဟောဝါသက်သေတွေနဲ့ကျမ်းစာလေ့လာနေတယ်ဆိုတာကို သိလိုက်ရတယ်။ ဒါနဲ့ သူ့ဆီသွားတော့ အဲဒီက ယေဟောဝါသက်သေတွေဟာ ကျွန်တော့်ကို အလုပ်ရှာပေးကြတယ်၊ နေစရာ နေရာလည်း ရှာပေးကြတယ်။ အဲဒီနှစ်ကုန်ပိုင်းမှာ ယေဟောဝါသက်သေ ခရစ်ယာန်တစ်ယောက်အဖြစ် ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။
အခုမှပဲ ကျွန်တော် ဘုရားသခင်နဲ့ တကယ် ရင်းနှီးလာတယ်
အဲဒီလိုလုပ်ခဲ့လို့ နောင်တရသလား။
လုံးဝ နောင်တမရပါဘူး။ အခုမှပဲ ကျွန်တော် ဘုရားသခင်နဲ့ တကယ် ရင်းနှီးလာတယ်၊ လူ့အတွေးအခေါ်နဲ့ ဘာသာရေးထုံးတမ်းတွေအတိုင်းမဟုတ်ဘဲ ကျမ်းစာအတိုင်း ဘုရားသခင်အကြောင်း သိလာပြီလို့ ကျွန်တော် ခံစားရတယ်။ တခြားသူတွေကိုလည်း ခံယူချက်အပြည့်၊ အရိုးခံသဘောနဲ့ သမ္မာကျမ်းစာကို ကျွန်တော် ပြောပြနိုင်ပြီ။
^ စာပိုဒ်၊ 13 ကျမ်းစာမှာ ဒီမေးခွန်းနဲ့ တခြားမေးခွန်းများစွာအတွက် ရှင်းလင်းတဲ့ အဖြေတွေ့ရှိနိုင်ပါတယ်။ သမ္မာကျမ်းစာ သွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့အဖြေ မှာလည်း ကြည့်နိုင်ပါတယ်။