မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေတဲ့သူပါ”

“ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေတဲ့သူပါ”

နက်တားလျာနဲ့ ကိုးနှစ်ရှိပြီဖြစ်တဲ့သားငယ် အက်စ်လန်တို့ဟာ ဇရီးနားနဲ့ ဆယ့်နှစ်နှစ်အရွယ် သမီးလေး အန်ဂျလီကာတို့နား တိုးဝှေ့ပူးကပ်ထားကြတယ်။ လက်နက်ကိုင်တိုက်ခိုက်ရေးသမားတွေက ကလေး၊ လူကြီး အယောက်တစ်ထောင်ကျော်ကို တစ်စုတည်း ထိုင်ခိုင်းထားပြီး သူတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။

၂၀၀၄၊ စက်တင်ဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်မှာ ရုရှားနိုင်ငံ၊ အော်လေးနီးယားမြို့၊ ဘက်စလန်မှာ ကျောင်းသားတွေနဲ့ မိဘတွေဟာ ကျောင်းစဖွင့်တဲ့ ပထမဦးဆုံးရက်မှာ ပွဲကျင်းပဖို့အတွက် ကျောင်းဝင်းထဲမှာ ပြင်ဆင်နေကြတယ်။ ရုတ်တရက် ဆိုသလိုပဲ လက်နက်ကိုင်တွေနဲ့ အသေခံဗုံးခွဲသမားတွေဟာ တရကြမ်းဝင်ရောက်လာတယ်၊ အော်ဟစ်ကြိမ်းမောင်းပြီး သေနတ်တွေ မိုးပေါ်ထောင်ပစ်ကြတယ်။ ပြီးတော့ တိုက်ခိုက်ရေးသမား ၃၀ ကျော်ဟာ လူအုပ်ကို ကျောင်းအားကစားရုံထဲ သွင်းလိုက်ပြီး ပတ်လည်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ကြတယ်။

မပြီးပြတ်နိုင်တဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အကြမ်းဖက်မှု

လုံခြုံရေးစစ်သားတွေနဲ့ တိုက်ခိုက်ရေးသမားတွေကြား ဘယ်ဘက်ကမှ လှုပ်ရှားမှုမရှိဘဲ ၃ ရက်လောက် တင်းမာနေခဲ့ကြတယ်။ “အဲဒီအချိန်တုန်းကလောက် တစ်ခါမှ ဆုမတောင်းခဲ့ဖူးဘူး” ဆိုပြီး ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ကျမ်းစာလေ့လာနေတဲ့ နက်တားလျာက ပြန်ပြောပြတယ်။

အဲဒီအချိန်က နွေရာသီကုန်ခါနီးဖြစ်တဲ့အတွက် အားကစားရုံထဲမှာ တကယ့်ကို ပူလှောင်အိုက်စပ်နေတယ်။ ဒုတိယနေ့ကနေ စပြီး တိုက်ခိုက်ရေးသမားတွေဟာ ဓားစာခံတွေကို အစာရော ရေပါ မပေးတော့ဘူး။ သုံးရက်မြောက်နေ့ သောကြာနေ့မှာတော့ တချို့သူတွေဟာ မတတ်သာတဲ့အဆုံး ကိုယ်ပေါက်တဲ့သေးကိုတောင် ပြန်သောက်ကြတယ်။ ဆရာမတွေအတွက် ကျောင်းသားတွေ ယူလာပေးတဲ့ ပန်းတွေကို စားကြတော့တယ်။ “ကျွန်မဘေးက ကျောင်းသားလေးတစ်ယောက်က ကျွန်မရဲ့ လက်ထဲကို သစ်ရွက်လေးတစ်ရွက် ထည့်ပေးတယ်။ အဲဒါကို နှစ်ပိုင်းဆုတ်လိုက်ပြီး တစ်ဝက်ကို အန်ဂျလီကာနဲ့ နောက်တစ်ဝက်ကို အက်စ်လန်ကို ပေးလိုက်တယ်” လို့ နက်တားလျာက ပြောတယ်။

တတိယနေ့ ညနေပိုင်းမှာတော့ အကြမ်းဖက်မှုကြီး စပါပြီ။ “ပေါက်ကွဲမှုတွေကြောင့် ကျွန်မလဲကျသွားတယ်” လို့ နက်တားလျာက ပြောပြတယ်။ “မီးခိုးလုံးကြီးတွေနဲ့ပြည့်သွားပြီး တစ်ဖက်နဲ့တစ်ဖက် စတင်ပစ်ခတ်တော့တယ်။” အဲဒီလို စစ်သားတွေနဲ့ အကြမ်းဖက်သမားတွေ ပစ်ခတ်မှုတွေကြားထဲကနေ နက်တားလျာနဲ့ အက်စ်လန်တို့ဟာ ဝမ်းလျားတွားပြီး ထွက်ပြေးခဲ့ကြတယ်။ အယ်လန်လို့ခေါ်တဲ့ ဒေသခံ အော်ဆေးရှီးယန်း လူမျိုးတစ်ယောက်က သူတို့ကို ဘေးကင်းရာကို ခေါ်ထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ တော်တော်များများကတော့ မလွတ်မြောက်ခဲ့ကြဘူး။

နောက်ဆက်တွဲ အကျိုးဆက်များ

အကြမ်းဖက်မှုဖြစ်နေချိန်အတွင်း သေဆုံးခဲ့တဲ့ အန်ဂျလီကာ

အန်ဂျလီကာအပါအဝင် ကလေး၊ လူကြီး အယောက် ရာနဲ့ချီ သေဆုံးခဲ့တယ်။ ဘက်စလန်မှာ ငိုကြွေးမြည်တမ်းနေကြတဲ့အသံတွေကို အပတ်ပေါင်းများစွာ ကြားနိုင်တယ်။ နက်တားလျာရဲ့ တိုက်ခန်းကနေ ကျောင်းကို လှမ်းမြင်နိုင်ပြီး ကျောင်းသစ်တစ်ဆောင်ကို အနီးအနားမှာ ပြန်လည်ဆောက်လုပ်ခဲ့ပေမဲ့လည်း အက်စ်လန်က ကျောင်းဝင်းထဲကို ခြေတောင်မချရဲတော့ဘူး။ အပြင်ထွက်ပြီးတော့တောင် မကစားတော့ဘူး။ “သူ့ရဲ့ကြောက်စိတ်ပြေသွားဖို့ ကူညီပေးပါဆိုပြီး ယေဟောဝါဘုရားဆီ တိုးလျှိုးအသနားခံဆုတောင်းခဲ့တယ်” လို့ နက်တားလျာက ပြောတယ်။ အချိန်ကြာလာတော့ အက်စ်လန်က ကျောင်းပြန်တက်ဖို့ သတ္တိရှိလာခဲ့တယ်။

နက်တားလျာအတွက်ကတော့ ဝတ်ပြုစည်းဝေးတဲ့ခန်းမမှာ ခရစ်ယာန်အစည်းအဝေးတွေ တက်ရောက်ဖို့ တကယ့်ကို ခက်ခဲခဲ့တယ်။ “လူအများကြီးနဲ့ တစ်နေရာတည်းမှာ ရှိနေပြီဆိုရင် အဆောက်အဦ ဖောက်ခွဲခံရတော့မယ်လို့ပဲ ခံစားနေရတယ်။ ဘာမှမဖြစ်ပါစေနဲ့လို့ ကျွန်မဆုတောင်းတယ်။ နောက်တော့ အစည်းအဝေးတွေ သွားမတက်ဖြစ်တော့ဘူး။ ပြီးတော့ ကိုယ်က အသက်ရှင်နေပေမဲ့ အတော်များများ သေသွားတယ်ဆိုတဲ့အသိကလည်း ကျွန်မကို ခြောက်လှန့်နေတုန်းပဲ” လို့ နက်တားလျာက ပြောတယ်။

စိတ်ဒဏ်ရာ ပြန်သက်သာလာ

“ကျွန်မကို ဆက်ပြီး ကူညီပေးခဲ့ကြတဲ့ အသင်းတော်က ညီအစ်ကိုညီအစ်မတွေကို ကျေးဇူးတင်လိုက်တာ” ဆိုပြီး နက်တားလျာ ပြောပြတယ်။ “တာတျာ:နာ လို့ခေါ်တဲ့ ယေဟောဝါသက်သေ ခရစ်ယာန်တစ်ယောက်က ကျွန်မဆီကို ၃ ရက်တစ်ကြိမ် မပျက်မကွက် လာလည်ပတ်တယ်။ နောက်ပိုင်းမှာ ယူလျာနာ လို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်။ သူက ကျမ်းစာအသိပညာကြွယ်ဝတဲ့အပြင် ကြင်နာတတ်ပြီး ပါးနပ်မှုရှိတယ်၊ စကားပြောလည်း ချိုသာတယ်။ သူက ကျွန်မရဲ့ကြိုးစားလုပ်ဆောင်မှုတွေကို ချီးမွမ်းပေးပြီး ကျွန်မရင်ဖွင့်တဲ့အခါမှာလည်း အာရုံစိုက်နားထောင်ပေးတယ်။

“အခုတော့ အဲဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ခါးသီးစိတ်၊ ထိတ်လန့်ကြောက်ရွံ့စိတ် မရှိတော့ဘဲ ပြန်ပြောပြနိုင်ပြီ”

“ယူလျာနာက ကျွန်မကို ၂ ကောရိန္သု ၁:၉ မှာပါတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ တမန်တော်ပေါလုရဲ့ စကားတွေကို ဖတ်ပြတယ်။ အာရှမှာ အဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက်မှာ ပေါလုက “ငါတို့သည် သေဒဏ်စီရင်ခြင်းခံရပြီဟု ထင်မှတ်ကြ၏” လို့ ပြောခဲ့တယ်။ နောက်ပြီး ဟေရှာယ ၄၀:၃၁ (ကဘ) ကိုလည်း ဖတ်ပြတယ်– ‘ယေဟောဝါကိုမျှော်လင့်သူတွေကတော့ ခွန်အားပြန်ပြည့်လာလိမ့်မယ်။ လင်းယုန်လို တောင်ပံတွေနဲ့ ပျံတက်ကြလိမ့်မယ်။’ အဲဒီလို ကျမ်းချက်တွေအပြင် ယူလျာနာနဲ့ တခြားသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးထောက်မပေးမှုတွေကြောင့် ကျွန်မရဲ့သားသမီးတွေနဲ့အတူ ခရစ်ယာန်အစည်းအဝေးတွေကို ပြန်တက်ရောက်ဖို့ အားရှိလာခဲ့တယ်။ ဒါတောင်မှ ခန်းမတစ်ခုထဲမှာရှိနေတယ်ဆိုတဲ့အသိကြောင့် စိတ်မသက်မသာခံစားရနေတုန်းပဲ။”

နောက်ပိုင်းမှာ ဇရီးနားလည်း ယေဟောဝါသက်သေ တစ်ယောက် ဖြစ်လာတယ်၊ သူဟာ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် လှပပြီး ငြိမ်သက်အေးချမ်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အန်ဂျလီကာ အသက်ပြန်ရှင်လာတဲ့အခါ ကြိုဆိုဖို့ စောင့်မျှော်နေပါတယ်။ (မဿဲ ၆:၉၊ ၁၀; တမန်တော် ၂၄:၁၅) နက်တားလျာနဲ့ သူ့ကလေးတွေဟာ ၂၀၀၉ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ကြတယ်။ အားကစားရုံပျက်ကြီးရဲ့ အနီးအနားမှာ နေထိုင်ဆဲဖြစ်ပေမဲ့လည်း အဖြစ်ဆိုးတွေကို နောက်မှာချန်ထားနိုင်ခဲ့ကြပါပြီ။ “အခုတော့ အဲဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ခါးသီးစိတ်၊ ထိတ်လန့်ကြောက်ရွံ့စိတ်မရှိတော့ဘဲ ပြန်ပြောပြနိုင်ပြီ။ ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေတဲ့သူပါ” လို့ နက်တားလျာက ပြောပြပါတယ်။