မုဆိုးမများ၏အခက်အခဲများကြား အဆုံးတိုင်အောင် ကူညီပေးခြင်း
မုဆိုးမများ၏အခက်အခဲများကြား အဆုံးတိုင်အောင် ကူညီပေးခြင်း
မုဆိုးမများနှင့်စပ်လျဉ်း၍ လူသိအများဆုံး ရှေးဖြစ်ရပ်တစ်ခုမှာ ကျမ်းစာထဲမှရုသနှင့် သူ့ယောက္ခမနောမိတို့အကြောင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် မုဆိုးမများဖြစ်ကြသည်။ သို့ရာတွင် နောမိသည် သူ၏ခင်ပွန်းကိုသာမက သားနှစ်ယောက်ကိုပါဆုံးရှုံးခဲ့ရသည်၊ သားတစ်ယောက်မှာ ရုသ၏ခင်ပွန်းဖြစ်သည်။ အမျိုးသားများကို မှီခိုအားထားရသော လယ်ယာစိုက်ပျိုးသည့် လူ့အသိုင်းအဝိုင်း၌ သူတို့နေထိုင်ကြသောကြောင့် သူတို့၏အခြေအနေသည် အမှန်ပင်ကြေကွဲဖွယ်ဖြစ်သည်။—ရုသ ၁:၁-၅၊ ၂၀၊ ၂၁။
သို့သော် နောမိ၌ သူ့အနားမှစွန့်ခွာသွားရန်ငြင်းဆိုခဲ့သည့် ချွေးမရုသရှိ၍ ထူးခြားသောမိတ်ဆွေနှင့် နှစ်သိမ့်ပေးသူတစ်ဦးရှိခဲ့သည်။ အချိန်တန်သော် ရုသသည် နောမိကိုအလွန်ချစ်သောကြောင့်သာမက ဘုရားသခင်ကိုချစ်သည့် သူ၏မေတ္တာကြောင့် “သားခုနစ်ယောက်ထက် [နောမိ] အဖို့သာ၍ကောင်း” သူဖြစ်ခဲ့သည်။ (ရုသ ၄:၁၅) ရုသအား သူ၏မောဘမိသားစုနှင့် မိတ်ဆွေများထံပြန်သွားရန် နောမိပြောကြားသောအခါ ရုသသည် မှတ်တမ်းတင်ထားသမျှတွင် စွဲမှတ်စရာအကောင်းဆုံးတစ်ခုဖြစ်သည့် တည်ကြည်ခြင်းကိုဖော်ပြသော ဤစကားကိုပြောဆိုခဲ့သည်– “ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင် ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမကပြုတော်မူပါစေသော။”—ရုသ ၁:၁၆၊ ၁၇။
ရုသ၏သဘောထားကို ယေဟောဝါဘုရားသခင် သတိပြုမိသည်။ ကိုယ်တော်သည် နောမိနှင့်ရုသတို့၏အိမ်ထောင်စုငယ်လေးကို ကောင်းချီးပေးခဲ့သည်၊ နောက်ဆုံးတွင် ရုသသည် ဣသရေလအမျိုးသား ဗောဇနှင့်လက်ထပ်ခဲ့သည်။ ယေရှုခရစ်တော်၏ ဘိုးဘေးဖြစ်လာသော သူတို့၏ကလေးကို နောမိသည် သူ၏ကလေးရင်းချာကဲ့သို့ပင် ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ဤသမိုင်းဖြစ်ရပ်က ယေဟောဝါထံချဉ်းကပ်၍ ကိုယ်တော်အားယုံကြည်ကိုးစားသည့် မုဆိုးမများကို ကိုယ်တော်တကယ်မြတ်နိုးကြောင်းဖော်ပြသည့် နမူနာတစ်ရပ်ဖြစ်သည်။ ထို့ပြင် မုဆိုးမများခက်ခဲနေချိန်တွင် မေတ္တာဖြင့်ကူညီထောက်မကြသူများကိုလည်း ကိုယ်တော်လေးမြတ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အလယ်ရှိ မုဆိုးမများကို ယနေ့ မည်သို့ထောက်ပံ့ကူညီနိုင်မည်နည်း။—ရုသ ၄:၁၃၊ ၁၆-၂၂; ဆာလံ ၆၈:၅။
သတ်သတ်မှတ်မှတ်ဖြစ်သော်လည်း နိုင်ထက်စီးနင်းမဟုတ်
မုဆိုးမတစ်ဦးကို အကူအညီပေးသောအခါ ရှင်းလင်း၍ သတ်သတ်မှတ်မှတ်ဖြစ်ကာ နိုင်ထက်စီးနင်းမဖြစ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ “အကူအညီလိုရင် ပြောနော်” ကဲ့သို့သော မတိကျသည့်စကားမျိုးကိုရှောင်ပါ။ ထိုသို့ဆိုခြင်းသည် ချမ်း၍ဆာမွတ်နေသူတစ်ဦးကို “နွေးကြလော့၊ ဝကြလော့” ဟုပြောပြီး လုံးဝမကူညီသည်နှင့်တူပေသည်။ (ယာကုပ် ၂:၁၆) လူအများသည် အကူအညီလိုလျက်နှင့် မတောင်းဆိုတတ်ကြချေ; ယင်းအစား နှုတ်ဆိတ်နေ၍ ကြိတ်မှိတ်ခံတတ်ကြသည်။ ထိုသို့သောသူများကိုကူညီရန် သူတို့၏လိုအပ်ရာများကို ပိုင်းခြားသိမြင်တတ်ဖို့လိုသည်။ အခြားတစ်ဖက်တွင်မူ မုဆိုးမတစ်ဦး၏ဘဝတစ်ခုလုံးကို ထိန်းချုပ်ခြင်းဖြင့် ကြီးစိုးလွန်းခြင်းသည် နာကြည်းမှုများ သို့မဟုတ် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်၍ သမ္မာကျမ်းစာက အခြားသူများနှင့်ဆက်ဆံရာတွင် မျှတမှုရှိဖို့လိုကြောင်း အလေးပေးဖော်ပြသည်။ တစ်ကိုယ်ကောင်းမဆန်ဘဲ လူများအပေါ် စိတ်ဝင်စားမှုရှိရန်အားပေးနေစဉ် စပ်စုသူများမဖြစ်ဖို့လည်း ကျမ်းစာကသတိပေးသည်။—ဖိလိပ္ပိ ၂:၄; ၁ ပေတရု ၄:၁၅။
ယင်းသို့သောမျှတသည့်သဘောထားကို နောမိအား ရုသပြသခဲ့သည်။ သူ၏ယောက္ခမကို သစ္စာရှိစွာတွယ်ကပ်နေစဉ် သူ့ကိုတွန်းအားပေးရန် သို့မဟုတ် လွှမ်းမိုးရန်မကြိုးစားခဲ့ပါ။ သူသည် နောမိနှင့်မိမိအတွက် အစားအစာရရှိဖို့ အမြော်အမြင်ရှိရှိ အစပြုလုပ်ကိုင်ခဲ့သည်၊ သို့သော် နောမိ၏ညွှန်ကြားချက်များကိုလည်း လိုက်နာခဲ့သည်။—ရုသ ၂:၂၊ ၂၂၊ ၂၃; ၃:၁-၆။
လိုအပ်နေသောအရာများသည် လူတစ်ဦးနှင့်တစ်ဦး လွန်စွာကွာခြားနိုင်သည်မှန်၏။ အစပိုင်း၌ဖော်ပြခဲ့သော စန်ဒရာကဤသို့ဆိုသည်– “ပူဆွေးသောကရောက်ချိန်မှာ ကျွန်မလိုအပ်တဲ့ အရမ်းကိုချစ်ခင်ကြင်နာတဲ့မိတ်ဆွေတွေ ကျွန်မအနားမှာရှိနေကြတယ်။” အခြားတစ်ဖက်တွင်မူ အစောပိုင်းတွင်ဖော်ပြခဲ့သော အီလိန်းသည် တစ်ကိုယ်တည်းနေဖို့လိုလားခဲ့သည်။ ထို့ကြောင့် အကူအညီပေးခြင်းမည်သည် အခြားသူ၏အေးအေးဆေးဆေးနေလိုမှုကိုလေးစားခြင်းနှင့် လိုအပ်သည့်အခါ အကူအညီပေးရန် အသင့်ရှိနေခြင်းကိစ္စတို့တွင် ပိုင်းခြားသိမြင်တတ်ခြင်းနှင့် မျှတသောအမြင်ရှိခြင်းကိုဆိုလိုသည်။
မိသားစုထံမှအထောက်အမ
နွေးထွေး၍မေတ္တာပြည့်ဝသောမိသားစုတစ်ခုရှိလျှင် မုဆိုးမတစ်ဦးအား သူ၏ဘဝကို သူအောင်မြင်စွာဖြေရှင်းကိုင်တွယ်နိုင်ကြောင်းစိတ်ချစေရန် လုပ်ဆောင်ပေးနိုင်ရာများစွာရှိသည်။ မိသားစုမှအချို့သူတို့သည် အခြားသူတို့ထက် ပို၍အကူအညီပေးနိုင်မည်ဖြစ်သော်လည်း အားလုံးပါဝင်ကူညီနိုင်ပါသည်။ “သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထိုသားမြေးတို့သည် မိမိတို့အိမ်ထောင်စုအတွင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို လက်တွေ့ကျင့်သုံးကာ မိဘဘိုးဘွားတို့အား ထိုက်သင့်သောကျေးဇူးဆပ်ခြင်းကို မပြတ်ပြုရန် ရှေးဦးစွာသင်ယူကြစေ။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏အမြင်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။”—၁ တိမောသေ ၅:၄၊ ကဘ။
အခြေအနေများစွာတွင် ငွေကြေးအထောက်အပံ့ သို့မဟုတ် “ကျေးဇူးဆပ်ခြင်း” လိုအပ်လိမ့်မည်မဟုတ်ပေ။ မုဆိုးမအချို့သည် သူတို့လိုအပ်ရာအတွက်သုံးစွဲရန် ငွေအလုံအလောက်ရှိကြ၏၊ အခြားမုဆိုးမများမှာမူ တိုင်းပြည်အချို့တွင်အစီအစဉ်ရှိသည့် အစိုးရထောက်ပံ့ကြေးတောင်းခံခွင့်ရရှိထားပေမည်။ သို့သော် အကူအညီယာကုပ် ၁:၂၇။
လိုအပ်သောမုဆိုးမများကို မိသားစုက ကူညီပေးသင့်သည်။ မုဆိုးမတစ်ဦး၌ အကူအညီပေးမည့် ဆွေမျိုးရင်းချာမရှိ၊ သို့မဟုတ် ယင်းဆွေမျိုးများက အကူအညီမပေးနိုင်လျှင် သူ့ကိုထောက်ပံ့ကူညီရန် ယုံကြည်သူချင်းများအား ဤကျမ်းချက်က တိုက်တွန်းသည်– “ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော [အကျင့်] ဟူမူကား မိဘမရှိသောသူငယ်တို့နှင့်မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကိုကြည့်ရှုပြုစုခြင်း . . . ပေတည်း။”—ဤကျမ်းစာမူများကို လက်တွေ့ကျင့်သုံးကြသူများသည် ‘မုဆိုးမများအား ဂုဏ်တင်’ ကြသည်မှာအမှန်။ (၁ တိမောသေ ၅:၃၊ ကဘ) တစ်နည်းဆိုရလျှင် လူတစ်ဦးကိုဂုဏ်တင်ခြင်းဟူသည် ထိုသူအား လေးစားမှုတင်ပြခြင်းဖြစ်သည်။ ဂုဏ်တင်ခံရသူများသည် တန်ဖိုးထားခံရ၏၊ မြတ်နိုးခံရ၏၊ ဂုဏ်ပြုခံရ၏ဟု ခံစားကြရသည်။ တာဝန်သဘောအရသာ ကူညီပေးနေသည်ဟု သူတို့ခံစားရမည်မဟုတ်။ ရုသကိုယ်တိုင် အချိန်အတန်ကြာ မုဆိုးမတစ်ယောက်ဖြစ်ခဲ့သော်လည်း နောမိ၏ကာယရေးနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ လိုအပ်ရာများကို တလိုတလားနှင့် မေတ္တာပါပါ သူကြည့်ရှုပြုစုခြင်းအားဖြင့် နောမိကို အမှန်ပင်ဂုဏ်တင်ခဲ့သည်။ အမှန်ဆိုသော် ရုသ၏သဘောထားက သူ့ဂုဏ်သတင်းကို လျင်မြန်စွာလွင့်စေခဲ့သောကြောင့် သူ၏ခင်ပွန်းလောင်းက သူ့အားဤသို့ပြောခဲ့သည်– “သင်သည်ကောင်းမြတ်သောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသောတစ်မြို့လုံးသိ၏။” (ရုသ ၃:၁၁၊ သမ္မာ) တစ်ချိန်တည်းတွင် နောမိ၏ ဘုရားသခင်ကိုချစ်၍ အကျိုးသင့်အကြောင်းသင့်ရှိသည့်သဘောထားနှင့် ရုသ၏အကျိုးဆောင်ရွက်မှုများကို အလွန်တန်ဖိုးထားလေးမြတ်တတ်ခြင်းတို့က သူ့အားကူညီပေးရန် ရုသအတွက် ပျော်ရွှင်စရာဖြစ်စေခဲ့သည်။ ယခုခေတ်ရှိ မုဆိုးမများအတွက် နောမိသည် အလွန်ကောင်းသော ပုံသက်သေပါတကား!
ဘုရားသခင်ထံ ချဉ်းကပ်ပါ
အိမ်ထောင်ဖက်ဆုံးပါးသွားခြင်းကြောင့် ရင်တွင်းဟာကျန်ရစ်ခဲ့ခြင်းကို မိသားစုနှင့် မိတ်ဆွေများ မဖြည့်ဆည်းပေးနိုင်သည်မှာအမှန်ပါ။ ထို့ကြောင့် ပူဆွေးကြေကွဲကျန်ရစ်သူသည် ‘ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ကျွန်ုပ်တို့အားသက်သာစေတော်မူသော . . . သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်’ ထံအထူးသဖြင့်ချဉ်းကပ်ရန် အရေးကြီးသည်။ (၂ ကောရိန္သု ၁:၃၊ ၄) ယေရှုဖွားမြင်ချိန်၌ အသက် ၈၄ နှစ်အရွယ်ရှိ ဘာသာတရားကိုင်းရှိုင်းသူ အန္န၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။
အိမ်ထောင်သက်ခုနစ်နှစ်သာရှိချိန်တွင် ခင်ပွန်းကွယ်လွန်သွားသောအခါ အန္နသည် ဘုရားသခင်ထံမှနှစ်သိမ့်မှုရှာယူခဲ့သည်။ “[သူသည်] ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့်မခွာဘဲနေ၏။” (လုကာ ၂:၃၆၊ ၃၇) ယေဟောဝါသည် အန္န၏ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းကို တုံ့ပြန်ခဲ့သလော။ တုံ့ပြန်ခဲ့ပါသည်! လောက၏ကယ်တင်ရှင်ဖြစ်လာမည့် ကလေးငယ်ကို သူ့အားတွေ့မြင်စေခြင်းဖြင့် ကိုယ်တော်သည် သူ့ကိုချစ်ကြောင်း အလွန်ထူးမြတ်သောနည်းဖြင့်တင်ပြခဲ့သည်။ ယင်းကြောင့် အန္နသည် တကယ်ပီတိဖြာ၍ နှစ်သိမ့်မှုရခဲ့သည်တကား! ဆာလံ ၃၇:၄ ၏မှန်ကန်မှုကို သူတွေ့ကြုံခဲ့ရသည်– “ထာဝရဘုရား၌မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်။”
ခရစ်ယာန်ချင်းများမှတစ်ဆင့် ဘုရားသခင်အကျိုးပြု
အီလိန်းက ဤသို့ဆိုသည်– “ဒေးဗစ်ဆုံးပြီးတဲ့နောက် အတော်ကြာကြာ ကျွန်မနံရိုးအိမ်ထဲမှာ ဓားနဲ့ထိုးသလို နာကျင်မှုမျိုးခံစားခဲ့ရတယ်။ အစာမကြေတာလို့ ကျွန်မထင်ခဲ့တာ။ တစ်နေ့ကျတော့ အရမ်းနာလာလို့ ဆရာဝန်ပြရမယ်လို့ ကျွန်မထင်မိတယ်။ သိတတ်တဲ့ ဝိညာဉ်ရေးကောင်းတဲ့ညီအစ်မတစ်ဦးဖြစ်တဲ့ ကျွန်မမိတ်ဆွေက ကျွန်မရဲ့ဝမ်းနည်းပူဆွေးမှုကြောင့်ဖြစ်နိုင်တယ်လို့ပြောပြီး နှစ်သိမ့်မှုရဖို့အတွက် ယေဟောဝါထံမှအကူအညီတောင်းဖို့ အားပေးတိုက်တွန်းတယ်။ သူ့အကြံပေးချက်ကို ကျွန်မချက်ချင်းပဲလက်ခံပြီး ကျွန်မရဲ့ ဝမ်းနည်းပူဆွေးမှုတွေကြား ယေဟောဝါထောက်မကူညီပါရန် အသံမထွက်ပဲ နှလုံးပါပါဆုတောင်းလိုက်တယ်။ ကိုယ်တော်အမှန်တကယ်ပဲ ထောက်မကူညီပေးခဲ့တယ်!” အီလိန်းသည် စိတ်သက်သာမှုရရှိလာကာ မကြာမီတွင် သူ၏နာကျင်မှုများပင် ပျောက်ကင်းသွားလေသည်။
အသင်းတော်အကြီးအကဲများသည် ပူဆွေးကြေကွဲနေသောမုဆိုးမများကို ကြင်နာစွာခင်မင်မှုပြနိုင်သည်။ လိမ္မာပါးနပ်၊ ပိုင်းခြားသိမြင်တတ်သောနည်းနှင့် ဝိညာဉ်ရေးအရ မှန်မှန်ထောက်မကူညီ နှစ်သိမ့်ပေးခြင့်အားဖြင့် အကြီးအကဲများသည် သူတို့၏ဆင်းရဲခက်ခဲမှုများကြား ယေဟောဝါနှင့်နီးကပ်စွာနေနိုင်ကြရန် ကူညီပေးနိုင်ပါသည်။ လိုအပ်သောအခါ ကာယရေးအရအကူအညီရရှိရန်လည်း စီမံပေးနိုင်သည်။ ဤကဲ့သို့ စာနာထောက်ထား၊ ပိုင်းခြားသိမြင်တတ်သောအကြီးအကဲများသည် အမှန်တကယ်ပင် ‘လေလုံသောအရပ်’ ဖြစ်သည်။—ဟေရှာယ ၃၂:၂; တမန်တော် ၆:၁-၃။
မြေကြီး၏ဘုရင်သစ်ထံမှ ထာဝရနှစ်သိမ့်မှု
လွန်ခဲ့သောအနှစ်နှစ်ထောင်ခန့်က သက်ကြီးရွယ်အိုအန္န တွေ့မြင်ခဲ့သောသူသည် ယခု ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ မေရှိယဘုရင်ဖြစ်လေပြီ။ ထိုသူကိုတွေ့မြင်၍ အန္နဝမ်းမြောက်ခဲ့သည်။ ၎င်းအစိုးရသည် သေခြင်းအပါအဝင် ဝမ်းနည်းပူဆွေးစေသည့်အကြောင်းအားလုံးကို မကြာမီဖယ်ရှားပေမည်။ ယင်းနှင့်ပတ်သက်၍ ဗျာဒိတ် ၂၁:၃၊ ၄ ၌ဤသို့ဆိုသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိ ရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ဤအပိုဒ်က “လူတို့” ကိုရည်ညွှန်းထားကြောင်း သင်သတိပြုမိပါသလော။ မှန်ပါသည်၊ လူသားများသည် သေခြင်းနှင့် ယင်းကြောင့်ဖြစ်ပေါ်သည့် စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်းတို့မှ လွတ်မြောက်ကြရတော့မည်။
သို့သော် ထိုထက်ကောင်းသောသတင်း ရှိပါသေးသည်! သမ္မာကျမ်းစာက သေလွန်သူများ ရှင်ပြန်ထမြောက်လာမည်ဟူ၍လည်း ကတိပေးထားသည်။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ယေရှု] ၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) သေရာမှ ယေရှု ရှင်ပြန်ထမြောက်စေခဲ့သည့် လာဇရုကဲ့သို့ပင် သူတို့သည် နာမ်ဝိညာဉ်သတ္တဝါများအဖြစ်မဟုတ်ဘဲ လူသားများအဖြစ် ထမြောက်လာကြမည်။ (ယောဟန် ၁၁:၄၃၊ ၄၄) ထို့နောက် ‘ကောင်းသောအမှုပြု’ သူများသည် စုံလင်သောလူသားများဖြစ်လာပြီး ယေဟောဝါသည် “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ” သောအခါ ဖခင်သဖွယ် ကိုယ်တော်၏စောင့်ရှောက်မစမှုကို ကိုယ်တိုင်ခံစားကြရလိမ့်မည်။—ဆာလံ ၁၄၅:၁၆။
ချစ်မြတ်နိုးရသူတစ်ဦးကို သေခြင်း၌ဆုံးရှုံးခဲ့ရသူများနှင့် သေချာသောဤမျှော်လင့်ချက်ကို ယုံကြည်ကြသူများသည် ယင်းကြောင့် ကြီးစွာသောနှစ်သိမ့်မှုရရှိသည်။ (၁ သက်သာလောနိတ် ၄:၁၃) ထို့ကြောင့် သင်သည် မုဆိုးမတစ်ဦးဖြစ်လျှင် အထူးထူးအပြားပြားသောဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်နိုင်ရန် နေ့စဉ်လိုအပ်သောအကူအညီနှင့် နှစ်သိမ့်မှုရဖို့အတွက် “မခြားမလပ် ဆုတောင်း” ပါလေ။ (၁ သက်သာလောနိတ် ၅:၁၇; ၁ ပေတရု ၅:၇) ဘုရားသခင့်အတွေးအခေါ်များက သင့်အားနှစ်သိမ့်မှုပေးနိုင်စေရန် သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုရန် အချိန်ပေးပါ။ ထိုအမှုများကို သင်လုပ်ဆောင်ပါက မုဆိုးမတစ်ဦးအနေနှင့် သင်ရင်ဆိုင်ရသော ဆင်းရဲခြင်းအမျိုးမျိုးနှင့် စိန်ခေါ်ချက်များကြား သင်၌ငြိမ်သက်ခြင်းရှိစေရန် ယေဟောဝါသည် သင့်အားအမှန်တကယ်ပင်ကူညီပေးနိုင်ကြောင်း တွေ့မြင်ရပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
ကူအညီပေးခြင်းဟူသည်အခြားသူ၏ အေးအေးဆေးဆေးနေလိုမှုကို လေးစားခြင်းနှင့် လိုအပ်သည့်အခါ ကူညီခြင်းစပ်ကြား မျှတမှုရှိခြင်းကိုဆိုလို
[စာမျက်နှာ ၇ ပါရုပ်ပုံ]
သက်ကြီးရွယ်အိုမုဆိုးမအန္နသည် ဘုရားသခင်၏ကောင်းချီးခံစားခဲ့ရ