မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စိန့်များ” အပေါ် မျက်မှောက်ခေတ် စိတ်ဝင်စားမှု

“စိန့်များ” အပေါ် မျက်မှောက်ခေတ် စိတ်ဝင်စားမှု

“စိန့်​များ” အပေါ် မျက်မှောက်ခေတ် စိတ်ဝင်စားမှု

“သူရဲကောင်း​များ​ကို ကျွန်ုပ်​တို့​စိတ်ကုန်​ခဲ့​ချိန်​ကို သတိရပါ​သလော။ သို့သော် စက်တင်ဘာ ၁၃ ရက်​နေ့တွင် မာ​သာ​ထ​ရီ​ဇာ​၏​ဈာပနာ​အခမ်းအနား​ကို ရှုစား​ခဲ့​ကြ​သူ အမေရိကန်​လူမျိုး ၄.၂ သန်း​မူ​ကား ထိုသို့​မခံစား​ကြ​ရ​ချေ။ မာ​သာ​ထ​ရီ​ဇာ​ကွယ်လွန်​ခဲ့​သော စက်တင်ဘာ ၅ ရက်​နေ့​ကတည်းက သူ့​အား စိန့်​တစ်ဦး​အဖြစ် တရားဝင်​အသိအမှတ်​ပြုပြီး ကြေညာ​ပေး​ပါ​ရန် ဗက်​တီ​ကန်​ကို လူ​တို့​တရ​စပ်​တောင်းဆို​ခဲ့​ကြပြီ။ ထိုသို့​ဖြစ်ပျက်​လာ​မည်​ဟု သံသယ​ဖြစ်သူ​ရှား​၏။”—ဆန်း-ဆဲ​န်​တင်​နယ်​လ်၊ အမေရိကန်​ပြည်ထောင်စု၊ ၁၉၉၇၊ အောက်တိုဘာ ၃။

ကက်သလစ်​သာသနာပြု မာ​သာ​ထ​ရီ​ဇာ​၏ လူ​လူ​ချင်း​စာနာ​ထောက်ထား​ပြီး ပြုလုပ်​ခဲ့​သော​စေတနာ့​ဝန်ထမ်း​လုပ်ငန်း​ကို အမှန်တကယ်​ပင် စိန့်​တစ်ဦး၏​အလုပ်အဖြစ် လူအများ​ယူမှတ်​ကြသည်။ အခြား​သာ​သာ​တရား​များ​တွင်​လည်း သူရဲကောင်း​အာဇာနည်​များ​ရှိကြ​ပေ​သည်။ သို့သော်၊ စိန့်​အဖြစ် ရိုမန်ကက်သလစ်​ချာ့ခ်ျ​က တရားဝင်​အသိအမှတ်ပြု​သူများ​ကဲ့သို့ ထို​သူတို့ အသိအမှတ်ပြု​ခံရ​ကြ​မည်​မဟုတ်ပေ။

ပုပ်ဂျွန်ပေါလ် ၂ သည် သူ၏​လက်ထက်​တွင် လူ ၃၀၀ နီးပါး​ကို စိန့်​အဖြစ် ချီးမြှောက်​အသိအမှတ်ပြု​ခဲ့ပြီ၊ ယင်းသည် ၂၀ ရာစု​ရှိ ပုပ်​ရဟန်း​မင်း​အားလုံး အသိအမှတ်ပြု​ခဲ့​သော စိန့်​အရေအတွက်​စုစုပေါင်း​ထက် ပို​များသည်။ * ထိုသို့​အသိအမှတ်ပြု​ခံရ​သူ​အများစုကို ကက်သလစ်​ဘာသာဝင်​အများ​က မသိကြ​ဘဲ​နှင့် ထို “စိန့်​များ” ကို အဘယ်ကြောင့် ဤမျှ​စွဲလမ်း​လေးမြတ်​ကြ​ရသနည်း။

နို​ထ​ရာ​ဒမ်း တက္ကသိုလ်​မှ ဓမ္မ​ပညာရှင် လော​ရဲ​န့်စ် ခါ​နင်း​ဟ​မ်​က ဤသို့​ရှင်းပြသည်– “လူအများသည် ဤ​လောကတွင် သန့်ရှင်း​မြင့်မြတ်မှု​ရှိ​ခြင်း​ကို စိတ်ဝင်စား​ကြ​၏။ စိန့်​များ​က ယနေ့​ပင် သူရဲကောင်း​အာဇာနည်​ရှိ​နိုင်​ကြောင်း ဖော်ပြ​သည်။” ထို့​အပြင် “စိန့်​များ” သည် ဘုရားသခင်​ထံ အထူး​ချဉ်းကပ်​ခွင့်​ရှိကြ​ပြီး အသက်ရှင်​သူများ​အတွက် ထိရောက်​စွာ ကြားဖျန်​ပေး​နိုင်​သည်​ဟု ယူမှတ်​ကြ​၏။ “စိန့်” တစ်ပါး​၏ ရုပ်ကြွင်း​များ​ကို တွေ့ရှိ​သောအခါ ၎င်း​တို့​၌ တန်ခိုး​ရှိသည်​ဟူသော​ယုံကြည်ချက်​ဖြင့် ထို​ရုပ်ကြွင်း​များ​ကို ကိုးကွယ်​ကြသည်။

ကက်သလစ်​အယူဝါဒ​ကို ပြန်လည်​အတည်ပြု​ဖို့ ၁၆ ရာစု​၌ ထုတ်ဝေ​ခဲ့​သော ထ​ရဲ​န့်​ကောင်စီ​၏​အမေး​အဖြေ​စာ​က ဤသို့​ပြဋ္ဌာန်း​သည်– “‘သခင်​ဘုရား​၌​အိပ်ပျော်​သူ’ စိန့်​များ​ကို ရိုသေ​ကိုင်းရှိုင်း​ခြင်း၊ သူတို့၏​ကြားဖျန်မှု​ကို တောင်းခံ​ခြင်း​နှင့် သူတို့၏​ရုပ်ကြွင်း​များ၊ အရိုး​ပြာ​များ​ကို ကိုးကွယ်​ခြင်း​တို့သည် ဘုရားသခင့်​ဂုဏ်တော်​ကို ဆုတ်ယုတ်​စေဖို့ ဝေးလေစွ၊ ပို​၍​ပင်​ဂုဏ်တက်​စေ​သည်၊ ခရစ်ယာန်​တစ်ဦး၏​မျှော်လင့်ချက်​သည် တက်ကြွ​လှုပ်ရှား၊ သန်စွမ်း​လေ၊ ၎င်း​ခရစ်ယာန်​သည် စိန့်​များ​၏​မွန်မြတ်သော​အကျင့်​များ​ကို အတုယူ​လေ ဘုရားသခင့်​ဂုဏ်တော် တက်​လေ​ဖြစ်သည်ဟု ကျွန်ုပ်​တို့​အခိုင်အမာ​ကောက်ချက်​ချ​သည်။” (ထ​ရဲ​န့်​ကောင်စီ​၏​ဓမ္မ​ပုစ္ဆာ၊ ၁၉၀၅) စစ်မှန်သော​ခရစ်ယာန်​များသည် ဘုရားသခင်​ထံ သင့်လျော်​စွာ​ချဉ်းကပ်​၍ ဘုရားသခင့်​အကူအညီကို​ရရှိရန် သန့်ရှင်း​ဖြူစင်​စွာ အသက်ရှင်​လို​ကြ​ပါ​သည်။ (ယာကုပ် ၄:၇၊ ၈) ထို့​ကြောင့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အရ မည်သူ​တို့သည် စိန့်​အစစ်အမှန်များ​အဖြစ် အရည်အချင်း​ပြည့်မီ​ကြ​သနည်း။ ဤ​သူတို့သည် အဘယ်​အခန်းကဏ္ဍ​မှ ပါဝင်​ဆောင်ရွက်​ကြ​သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 စိန့်​အဖြစ် တရားဝင်​အသိအမှတ်ပြု ချီးမြှောက်​ခြင်း​ဟူသည် ကွယ်လွန်​သူ​ရိုမန်ကက်သလစ်​တစ်ဦး​တစ်ယောက်ကို ကမ္ဘာချီ ကြည်ညို​လေးမြတ်ထိုက်​သူ​အဖြစ် အသိအမှတ်​ပြုခြင်း​ဖြစ်သည်။