မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့

သင်ယူရရှိရာကို ဆက်၍ကျင့်သုံးနေလော့

သင်ယူ​ရရှိ​ရာ​ကို ဆက်၍​ကျင့်သုံး​နေလော့

“သင်တို့သည် အထက်​က​သင်​ယူ၍ ငါ​၌​ကြား​မြင်ခဲ့​ပြီး​သမျှ​တို့ကို ကျင့်​ကြလော့။ ထိုသို့​ကျင့်​လျှင် ငြိမ်သက်ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်တို့​နှင့်အတူ​ရှိ​တော်​မူ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၉

၁၊ ၂။ မိမိတို့သည် ခရစ်ယာန်​ဘာသာ​တရား​ကိုင်းရှိုင်း​သူများ​ဖြစ်ပါ​သည်​ဟု ယူဆကြ​သူများကို သမ္မာကျမ်းစာ​သြဇာလွှမ်း​မိုး​ပါသလော။ ရှင်းပြပါ။

“ခရစ်ယာန်​ဘာသာ​တရား တိုးတက်​ပျံ့နှံ့​လျက်​ရှိသည်၊ ကျင့်ဝတ်​စံနှုန်း​များ​မူ  ကျဆင်း​လျက်​ရှိသည်။” အမေရိကန်​ပြည်ထောင်စု တစ်နိုင်ငံ​လုံး​တွင် စစ်တမ်း​ကောက်ယူ​ရာ ရရှိ​သည့်​အဖြေကို အီမားဂျင်း ထ​ရ​န့်စ် (Emerging Trends) သတင်း​လွှာ​ခေါင်းစီး​တွင် အကျဉ်းချုပ်​ဖော်ပြ​ခဲ့​သည်။ ၎င်း​နိုင်ငံ​တွင် ချာ့ခ်ျ​တက်ရောက်သူ​အရေအတွက် တိုးများ​လာပြီး ခရစ်ယာန်​ဘာသာရေး​သည် သူတို့၏​အသက်တာတွင် အရေးပါ​သည်​ဟု ဆို​နေကြ​ပုံ​ပေါက်​သည်။ သို့ရာတွင် ထို​သတင်းက ဤသို့​ဆို​၏– “ထို​အရေအတွက်​သည်

အထင်ကြီး​စ​ရာ​ဖြစ်စေ​ကာ​မူ၊ ခရစ်ယာန်​ဘာသာရေး​ယုံကြည်ချက်​သည် တစ်ဦးချင်း​စီ​အပေါ်​နှင့် လူ့​ဘောင်​အဖွဲ့အစည်း တစ်ရပ်လုံး​အပေါ် ဩဇာ​သက်ရောက်မှု​နှင့်​ပတ်သက်​၍ အမေရိကန်​လူမျိုး​အများစု သံသယ​ဖြစ်နေ​ကြသည်။”

ထို​အခြေအနေ​ကို နိုင်ငံ​တစ်နိုင်ငံ​၌​သာ တွေ့ရ​ခြင်း​မဟုတ်ပါ။ ကမ္ဘာ​တစ်ဝန်း​၌ သမ္မာကျမ်းစာ​ကို လက်သင့်ခံ​ပြီး ခရစ်ယာန်​ဘာသာ​တရား​ကိုင်းရှိုင်း​ပါ​သည်​ဟု ဆို​သူများစွာ​သည် သမ္မာကျမ်းစာ​၏​သြဇာ​လွှမ်းမိုးမှုကို မခံကြ​ချေ။ (၂ တိမောသေ ၃:၅) သုတေသန​အဖွဲ့​တစ်ဖွဲ့​၏ ခေါင်းဆောင်​တစ်ဦး​က ဤသို့​ဆို​သည်– “ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ကို အလွန်​ရိုသေ​လေးမြတ်​ကြသော်လည်း ကျမ်းစာ​ဖတ်​ဖို့၊ လေ့လာ​ဖို့၊ ကျင့်သုံး​ဖို့ အချိန်ပေး​ခြင်း​သည် အတိတ်​တွင်​ကျန်ရစ်​ခဲ့ပြီ။”

၃။ (က) သမ္မာကျမ်းစာ​သည် ခရစ်ယာန်စစ်​များ​ဖြစ်လာ​သူတို့ကို မည်သို့​အကျိုးပြု​သနည်း။ (ခ) ယေရှု၏​နောက်လိုက်​များသည် ဖိလိပ္ပိ ၄:၉ တွင်​မှတ်တမ်း​တင်ထားသော ပေါလု​၏​ဆုံးမ​စကား​ကို မည်သို့​ကျင့်သုံး​ကြ​သနည်း။

သို့ရာတွင် ခရစ်ယာန်စစ်​များ​၏ အခြေအနေ​သည် ကွာခြား​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ဆုံးမ​စကား​များ​ကို သူတို့​လက်တွေ့​ကျင့်သုံး​ခဲ့​ခြင်း​ကြောင့် သူတို့၏​အတွေးအခေါ်​နှင့် အကျင့်အကြံ​များ​ကို ပြောင်းလဲ​နိုင်​ခဲ့ပြီ။ ထို့​ကြောင့် သူတို့​တင်ပြသော ဥပဓိရုပ်​သစ်​ကို အခြားသူများ အလွယ်တကူ​သတိပြုမိ​ကြသည်။ (ကောလောသဲ ၃:၅-၁၀) ယေရှု၏​နောက်လိုက်​များ​အတွက် သမ္မာကျမ်းစာ​သည် စင်ပေါ်​တင် ဖုန်​တက်​စေသည့် အသုံးမပြု​ဘဲ​ထားသော စာအုပ်​တစ်အုပ်​မဟုတ်ပါ။ ယင်း​သို့​ဖြစ်​မည့်​အစား တမန်​တော်​ပေါလု​က ဖိလိပ္ပိ​မြို့ရှိ ခရစ်ယာန်​များ​ကို ဤသို့​ပြော​ခဲ့​၏– “သင်တို့သည် အထက်​က​သင်​ယူ၍ ငါ​၌​ကြား​မြင်ခဲ့​ပြီး​သမျှ​တို့ကို ကျင့်​ကြလော့။ ထိုသို့​ကျင့်​လျှင် ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိ​တော်​မူ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၉) ခရစ်ယာန်​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော် အမှန်တရားကို လက်ခံ​ရုံ​မျှ​မဟုတ်။ သူတို့​မိသားစု၊ အလုပ်ခွင်၊ အသင်းတော်​နှင့် အသက်တာ​၏ အခြား​ကဏ္ဍ​တိုင်း​တွင် သမ္မာ​ကျမ်းစာ​ပါ ဆုံးမ​စကား​ကို မပြတ်​လိုက်လျှောက်ပြီး သင်ယူ​ရရှိ​ရာ​ကို ကျင့်သုံး​ကြသည်။

၄။ ဘုရားသခင့်​ပညတ်​များ​ကို လက်တွေ့​ကျင့်သုံး​ရန် အဘယ်ကြောင့်​မလွယ်ကူ​သနည်း။

ဘုရားသခင့်​ပညတ်​များနှင့် မူများ​ကို ကျင့်သုံး​ရန် မလွယ်ကူ​ပါ။ ကျွန်ုပ်​တို့သည် “ဤ​လောကကို​အစိုးရ​သော​ဘုရား” ဟု​ကျမ်းစာ​ခေါ်ဆို​ထား​သူ၊ စာတန်​၏ ဩဇာ​အောက်​ရှိ လောကတွင် အသက်​ရှင်​နေကြ​ရသည်။ (၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) ထို့​ကြောင့် ယေဟောဝါ​ဘုရားသခင်​အား တည်ကြည်​သည့် လမ်းစဉ်​ပေါ်​လျှောက်လှမ်းခြင်း​မှ ကျွန်ုပ်​တို့ကို ဟန့်တား​နှောင့်ယှက်​မည့် အဘယ်အရာ​မဆို သတိပြု​ရန် အရေးကြီး​သည်။ ကျွန်ုပ်​တို့သည် တည်ကြည်သူ​များ မည်သို့​ဖြစ်​နိုင်​မည်​နည်း။

“ကျန်း​ခံ့​သော​တရား​စကားပုံ​စံ​ကို” ကိုင်စွဲ​လော့

၅။ “ငါ့​နောက်သို့ အဆက်မပြတ်​လိုက်​လော့” ဟူသော ယေရှု၏​မိန့်တော်မူချက်​သည် အဘယ်အရာကို ဆိုလို​သနည်း။

ကျွန်ုပ်​တို့​သင်ယူ​ရရှိ​ရာ​ကို ကျင့်သုံး​ခြင်း​၏​အသွင်​တစ်ခု​မှာ မယုံကြည်​သူများ​က အတိုက်အခံပြု​သော်လည်း စစ်မှန်သော​ဝတ်ပြုရေးကို တည်ကြည်​စွာ​ကိုင်စွဲ​ထားခြင်း​ဖြစ်သည်။ ခံနိုင်ရည်​ရှိ​ရန် ကြိုးစား​အားထုတ်​ရမည်။ ယေရှု​ဤသို့​မိန့်တော်မူ၏– “ငါ့​နောက်သို့​လိုက်လိုလျှင် ကိုယ့်​ကိုယ်ကို​စွန့်လွှတ်​ရမည်။ ညှဉ်းဆဲ​ခံ​ရာ​နှက်တိုင်​ကို​ထမ်း၍ ငါ့​နောက်သို့​အဆက်မပြတ်​လိုက်​လော့။” (မဿဲ ၁၆:၂၄က​ဘ) ကျွန်ုပ်​တို့သည် ယေရှု​နောက်သို့ တစ်ပတ်၊ တစ်လ၊ တစ်နှစ်​မျှ​သာ​လိုက်​သင့်​သည်​ဟု ကိုယ်တော်​မိန့်တော်​မ​မူ​ခဲ့​ပါ။ ယင်းအစား ကိုယ်တော်​က “ငါ့​နောက်သို့ အဆက်မပြတ်​လိုက်​လော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ ထို့​ကြောင့် ကိုယ်တော်​၏​တပည့်ဖြစ်​ခြင်း​ဟူသည် ကျွန်ုပ်​တို့​ဘဝ​အသက်တာ တစ်​ကာလ​မျှ​သာ၊ သို့​မဟုတ် ခေတ္တ​ယာယီ​သာ ဘုရားတရား​ကြည်ညို​ခြင်း​ကို​မဆိုလို​ကြောင်း ကိုယ်တော့်​မိန့်တော်မူချက်​က ဖော်ပြ​သည်။ စစ်မှန်သော​ဝတ်ပြုရေးကို တည်ကြည်​စွာ​ဆုပ်ကိုင်​ထားခြင်း​ဟူသည် မည်သည့်​အရာ​မဆို ကြုံတွေ့​ရ​ပါစေ ကျွန်ုပ်​တို့​ရွေးချယ်​ထားသော​လမ်းစဉ်တွင် ခိုင်မြဲ​စွာ​ရပ်တည်​နေခြင်း​ကို ဆိုလို​သည်။ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ပြုလုပ်​နိုင်​သနည်း။

၆။ ပထမ​ရာစု​ခရစ်ယာန်​များ ပေါလု​ထံ​မှ​သင်ယူ​ခဲ့​သည့် ကျန်း​ခံ့​သော​တရား​စကားပုံ​စံ​ကား အဘယ်နည်း။

ပေါလု​က လုပ်ဖော်ဆောင်ဖက် တိမောသေ​ကို ဤသို့​အားပေးခဲ့​၏– “ငါ့ထံ၌​ကြား​ရသည့် စင်ကြယ်သော​တရား​စကားပုံ​စံ [“ကျန်း​ခံ့​သော​တရား​စကားပုံ​စံ၊” က​ဘ] ကို ခရစ်တော်​ယေရှု​၌​ယုံကြည်ခြင်း၊ ချစ်ခြင်း​နှင့်​တကွ စွဲကိုင်​လော့။” (၂ တိမောသေ ၁:၁၃သမ္မာ) အဘယ်အရာကို ပေါလု​ဆိုလို​သနည်း။ ဤ​တွင် “ပုံစံ” ဟု​ပြန်ဆို​ထားသော ဂရိ​စကားလုံး​သည် စာသား​အရ ပန်းချီ​ဆရာ​ရေးဆွဲ​သည့်​ပုံကြမ်း​ကို ရည်ညွှန်း​သည်။ အနုစိတ်​ဆွဲ​ထား​သည့်​ပုံ​မဟုတ်​သေး​သော်လည်း ပိုင်းခြား​သိမြင်​သူ​တစ်ဦး​သည် ဤ​ပုံကြမ်း​ကို​ကြည့်ရုံ​ဖြင့် ရုပ်လုံးဖော်​နိုင်​သည်။ ထို​နည်းတူ​ပင် တိမောသေ​နှင့် အခြားသူများ​အား ပေါလု​သွန်သင်​ပေး​ခဲ့​သော အမှန်တရား​ပုံစံ​သည် ပေါ်ပေါက်​နိုင်​သည့် မေးခွန်း​တိုင်း​အတွက် တိကျသော​အဖြေ​မပေး​ပါ။ သို့သော်လည်း ထို​သွန်သင်ချက်​သည် စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​ထံ​မှ ယေဟောဝါ အဘယ်အရာ​တောင်းဆို​တော်​မူ​ကြောင်းကို ပိုင်းခြား​သိမြင်​စေရန် ညွှန်ကြားချက်​အလုံအလောက်​ပေး​သော ပုံကြမ်း​တစ်ခု​ဖြစ်သည်။ သို့သော် ဘုရားသခင့်​အလိုတော်နှင့်​တွေ့​ရန် သင်ယူခဲ့ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် ထို​အမှန်တရား​ပုံစံ​ကို ဆက်၍​ဆုပ်ကိုင်​ထား​ကြ​ရမည်။

၇။ ခရစ်ယာန်​များသည် ကျန်း​ခံ့​သော​တရား​စကားပုံ​စံ​ကို မည်သို့​စွဲမြဲ​စွာ ဆုပ်ကိုင်​ထား​နိုင်​သနည်း။

ပထမ​ရာစု​မှ ဟု​မေ​နဲ၊ အာလေဇန်ဒြု၊ ဖိလက်​ကဲ့သို့​သော​သူများ​သည် “ကျန်း​ခံ့​သော​တရား​စကားပုံ​စံ” နှင့်​မကိုက်ညီ​သည့် အကြံအစည်​များ​ကို အားပေး​ထောက်ခံ​ခဲ့​ကြသည်။ (၁ တိမောသေ ၁:၁၈-၂၀; ၂ တိမောသေ ၂:၁၆၊ ၁၇) အစောပိုင်း​ခရစ်ယာန်​များသည် အယူဖောက်ပြန်သူ​များ​ကြောင့် လမ်းလွဲ​သွားခြင်း​ကို မည်သို့​ရှောင်နိုင်​ခဲ့​ကြ​သနည်း။ မှုတ်သွင်းခံ​ရေးသားချက်​များ​ကို သတိ​ဝီရိယ​ရှိ​ရှိ​လေ့လာခြင်း​နှင့် သူတို့​အသက်တာတွင် ကျင့်သုံး​ခြင်း​အားဖြင့်​ဖြစ်သည်။ ပေါလု​နှင့် အခြား​တည်ကြည်သူ​များ​၏ ပုံသက်သေ​ကို လိုက်လျှောက်​ကြ​သူများ​သည် သူတို့​သင်ယူ​ရရှိ​ထား​သည့် အမှန်တရား​ပုံစံ​နှင့် မကိုက်ညီ​သည့် အရာ​မှန်သမျှကို ခွဲခြား​သိ​မြင်နိုင်​ပြီး ငြင်းဆန်​နိုင်​ခဲ့​ကြသည်။ (ဖိလိပ္ပိ ၃:၁၇; ဟေဗြဲ ၅:၁၄) “ပုစ္ဆာ​အမေး​ကို​ဆွေးနွေး​၍ စကား​ကြောင့်​သာ​ငြင်းခုံ​သော​အားဖြင့် စိတ်​ပေါ့​သော​သူ” များ​ဖြစ်​မည့်​အစား သူတို့သည် ဘုရားသခင်​ဝတ်၌​မွေ့လျော်​သော မှန်ကန်​သည့်​လမ်းစဉ်တွင် ဆက်လျှောက်​လှမ်း​ခဲ့​ကြသည်။ (၁ တိမောသေ ၆:၃-၆) ကျွန်ုပ်​တို့​လည်း သင်ယူ​ရရှိ​ထား​သည့် အမှန်တရားကို လက်တွေ့​ကျင့်သုံး​ကြ​ခြင်း​အားဖြင့် အလားတူ​လုပ်ဆောင်ကြ​သည်။ ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​နေကြ​သော သန်းနှင့်ချီ​သူများ​သည် သူတို့​သင်ယူ​ရရှိခဲ့​သော သမ္မာကျမ်းစာ​မှ​အမှန်တရား​ပုံစံ​ကို မြဲမြံ​စွာ​ဆုပ်ကိုင်​ထား​ကြောင်း တွေ့မြင်​ရခြင်း​သည် တကယ်​အားရှိစရာ​ပင်။—၁ သက်သာလောနိတ် ၁:၂-၅

‘မှားယွင်းသော ဒဏ္ဍာရီ​စကား’ ကို​ငြင်းပယ်​လော့

၈။ (က) ယနေ့​အချိန်တွင် စာတန်​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို မည်သို့​ကြိုးစား​ဖျက်ဆီး​သနည်း။ (ခ) ၂ တိမောသေ ၄:၃၊ ၄ တွင်​ပေါလု မည်သို့​သတိပေး​ခဲ့​သနည်း။

စာတန်​သည် ကျွန်ုပ်​တို့​သင်ယူခဲ့ရာ​များ​အပေါ် သံသယ​မျိုးစေ့ကြဲ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို ချိုးဖျက်​ရန် ကြိုးစား​သည်။ ပထမ​ရာစု​မှာ​ကဲ့သို့ ယနေ့လည်း အယူဖောက်ပြန်သူ​များနှင့် အခြား​သူများ​သည် ရိုး​ဖြောင့်​သူများ​၏ ယုံကြည်ခြင်းကို ဖျက်ဆီး​ရန် ကြိုးစား​ကြသည်။ (ဂလာတိ ၂:၄; ၅:၇၊ ၈) တစ်ခါတစ်ရံ သူတို့သည် လူထု​ဆက်သွယ်ရေး​ကို အသုံးပြုပြီး ယေဟောဝါ​လူမျိုးတော်​၏ နည်းလမ်းများ၊ သဘောထားများ​အကြောင်း ဗြောင်​လိမ်လည်​၍ မဟုတ်မမှန်​သတင်း ဖြန့်ချိ​ကြသည်။ အချို့​တို့သည် အမှန်တရား​မှ လမ်းလွဲ​သွား​လိမ့်​မည်​ဟု ပေါလု​ဤသို့​သတိပေး ရေးသားခဲ့​၏– “နောင်​ကာလ​၌ လူတို့သည် စင်ကြယ်သော[သွန်သင်ခြင်း]ကို နား​မခံနိုင်​ဘဲ ယား​တတ်သော​နား​ရှိလျှင် မိမိ​တပ်မက်​ခြင်း​အတိုင်း များပြား​သော​ဆရာ​တို့​နောက်သို့ လိုက်​ကြလိမ့်မည်။ [အမှန်]တရားကို​နားမထောင်​ဘဲ ဒဏ္ဍာရီ​စကား​ကို​နားထောင်​၍ လွဲသွား​ကြလိမ့်မည်။”—၂ တိမောသေ ၄:၃၊ ၄

၉။ ‘မှားယွင်းသော ဒဏ္ဍာရီ​စကား’ ဟု​ပေါလု​ရည်ညွှန်းခဲ့​ရာ​တွင် အဘယ်အရာကို ဆိုလို​နိုင်​သနည်း။

ကျန်း​ခံ့​သော​တရား​စကားပုံ​စံ​ကို ဆုပ်ကိုင်​ထား​ကြ​မည့်​အစား အချို့​သူတို့သည် ‘မှားယွင်းသော ဒဏ္ဍာရီ​စကား’ များ​ကို သိလိုစိတ်​ပြင်းပြ​ခဲ့​ကြသည်။ ထို​မှားယွင်းသော​ဒဏ္ဍာရီ​စကား​များ​ကား အဘယ်နည်း။ ကျမ်းစစ်​မဟုတ်သော​ကျမ်း​ပို၊ တိုး​ဘိ​ကျမ်း​တွင်​ပါ​သော စိတ်ကူး​ပေါက်​ရာ​ရေးထားသည့်​ပုံပြင်​များ​ကို ပေါလု​ဆိုလို​နေ​ပေမည်။ * မှားယွင်းသော​ဒဏ္ဍာရီ​ပုံပြင်​များ​တွင် စိတ်​လှုပ်ရှား​ဖွယ်​ကောင်းသော၊ မှန်းဆ​၍​ပြောဆို​သော ကော​လာ​ဟ​လ​သတင်း​များလည်း ပါဝင်​နိုင်၏။ အချို့​သူများ​သည် “မိမိ​တပ်မက်​ခြင်း​အတိုင်း” ဘုရားသခင့်​စံနှုန်း​များနှင့်​ပတ်သက်​၍ အထိန်းအကွပ်​မရှိ ရှုမြင်ကြ​သူများ သို့​မဟုတ် အသင်းတော်တွင်​ဦးစီးသူ​များ​ကို အပြစ်ရှာ​သူများ​၏ ဖြားယောင်း​သွေးဆောင်မှု​ကို ခံ​ခဲ့​ကြ​ရ​ပေမည်။ (၃ ယောဟန် ၉၊ ၁၀; ယုဒ ၄) အချို့​သူတို့သည် မည်သည့်​နည်းဖြင့်​ပင် ထိမိ​၍​လဲ​ခဲ့​ပါစေ သူတို့သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အမှန်တရား​ထက် မှားယွင်းသော​စကား​များ​ကို ပို​၍​နှစ်သက်​ပုံ​ရသည်။ မကြာမီ ဤ​သူတို့သည် မိမိတို့​သင်ယူခဲ့ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း မပြု​တော့​ဘဲ မိမိတို့​ကိုယ်ကို ဝိညာဉ်​ရေး​အကျိုးယုတ်​စေ​ခဲ့​ကြသည်။—၂ ပေတရု ၃:၁၅၊ ၁၆

၁၀။ မျက်မှောက်ခေတ် မှားယွင်းသော​ဒဏ္ဍာရီ​ပုံပြင်​များ​ကား အဘယ်နည်း၊ အထူး​သတိပြု​ရန်လို​ကြောင်း ယောဟန် မည်သို့​ဖော်ပြ​ခဲ့​သနည်း။

၁၀ ကျွန်ုပ်​တို့​နားထောင်၊ ဖတ်ရှု​ရာ​များ​ကို အသေအချာ​စစ်ဆေး ရွေးချယ်​မည်​ဆိုလျှင် မှားယွင်းသော​ဒဏ္ဍာရီ​စကား​များ​ကို မစွဲလမ်း​မိ​ရန် ရှောင်ရှား​နိုင်​သည်။ ဥပမာ၊ လူထု​ဆက်သွယ်ရေး​နည်းလမ်းများ​သည် အကျင့်ပျက်​ပြား​ခြင်း​ကို အားပေး​အား​မြှောက်​ပြု​လေ့​ရှိသည်။ လူအများသည် မသိ​ဝါဒီ သို့​မဟုတ် ဘုရားသခင်​မဲ့​ဝါဒ​ကို ဗြောင်ကျကျ​ထွန်းကား​စေ​ကြသည်။ သမ္မာကျမ်းစာ​သည် ဘုရားသခင်​မှုတ်သွင်းခံ​စာစောင်​ဖြစ်သည်​ကို ဝေဖန်ရေး​သမားများ​က ပြောင်လှောင်​ကြသည်။ ထို့​ပြင် မျက်မှောက်ခေတ် အယူဖောက်ပြန်သူ​များသည် ခရစ်ယာန်​တို့၏​ယုံကြည်ချက်ကို မှောက်လှန်​ဖျက်ဆီး​ရန် သံသယ​မျိုးစေ့​များ ကြိုးစား​ကြဲ​ကြသည်။ ပထမ​ရာစု​ရှိ မှောက်မှားသော​ပရောဖက်​များ​ကြောင့်​ဖြစ်ပေါ်​ခဲ့​သည့် ထပ်တူ​အန္တရာယ်​နှင့်​ပတ်သက်​၍ တမန်​တော်​ယောဟန်​က ဤသို့​သတိပေး​ခဲ့​သည်– “ချစ်သူ​တို့၊ ခပ်သိမ်း​သော​စိတ်​ဝိညာဉ်​တို့ကို မယုံကြ​နှင့်။ စိတ်​ဝိညာဉ်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည် မစပ်ဆိုင်​သည်ကို စုံစမ်း​ကြလော့။ အကြောင်း​မူ​ကား၊ မိစ္ဆာ​ပရောဖက်​အများ​တို့သည် ဤ​လောက​သို့​သွား​ကြပြီ။” (၁ ယောဟန် ၄:၁) ထို့​ကြောင့် ကျွန်ုပ်​တို့​သတိပြု​ရန်လို​သည်။

၁၁။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​တွင် တည်​မတည် ဆန်းစစ်​ရန် နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၁ ယင်း​နှင့်​စပ်လျဉ်း၍ ပေါလု​ဤသို့​ရေးသားခဲ့​၏– “သင်တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​သလော​ဟု ကိုယ်ကို​ကိုယ်​စစ်ကြော​ကြလော့။” (၂ ကောရိန္သု ၁၃:၅) ကျွန်ုပ်​တို့သည် ခရစ်ယာန်​ယုံကြည်ချက်​အားလုံး​ကို ဆုပ်ကိုင်​ထား​မထား​သိရှိ​ရန် မိမိကိုယ်ကို​စစ်ဆေး​ဖို့ တမန်​တော်​က အားပေးခဲ့​သည်။ ကျွန်ုပ်​တို့သည် အတိုက်အခံပြု​သူများ​၏​စကား​ကို နားထောင်​လို​စိတ်​ရှိနေ​ပါ​က ဆုတောင်း၍ မိမိတို့​ကိုယ်ကို ဆန်းစစ်​ရန်လို​ပါ​သည်။ (ဆာလံ ၁၃၉:၂၃၊ ၂၄) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​လူမျိုးတော်ကို အပြစ်ရှာ​တတ်​သလော။ အပြစ်ရှာ​နေပါက၊ အဘယ်ကြောင့်​နည်း။ တစ်ဦး​တစ်ယောက်​၏ စကား၊ သို့​မဟုတ် အပြုအမူကြောင့် စိတ်နာ​ခဲ့​ဖူး​ပါသလော။ ထိုသို့​ဖြစ်​ခဲ့​ပါ​က ကျွန်ုပ်​တို့သည် အရာရာကို အရှိအတိုင်း​ရှုမြင်ပါ​သလော။ ဤ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့​ရင်ဆိုင်​ကြုံတွေ့​နေရ​သည့် မည်သည့်​အခက်အခဲ​မဆို​သည် ခဏမျှ​သာ​ဖြစ်သည်။ (၂ ကောရိန္သု ၄:၁၇) အသင်းတော်တွင် စုံစမ်း​စမ်းသပ်မှု​အချို့​ခံ​နေရ​လျှင်​ပင် ဘုရားသခင့်​အမှုတော်ကို အဘယ်ကြောင့်​မ​ဆောင်​ဘဲ​နေ​မည်​နည်း။ တစ်ခုခု​ကြောင့် ကျွန်ုပ်​တို့​စိတ်​အနှောင့်အယှက်​ဖြစ်နေ​မည်​ဆိုလျှင် ပြဿနာ​ဖြေရှင်းရန် အတတ်နိုင်ဆုံး​ကြိုးစား​ပြီး ယေဟောဝါ​၏​လက်ထဲ​တွင် အပ်​ထားခြင်း​သည် ပို​၍​ကောင်း​သည်မဟုတ်​ပေ​လော။—ဆာလံ ၄:၄; သု. ၃:၅၊ ၆; ဧဖက် ၄:၂၆

၁၂။ ဗေရိ​မြို့သား​များသည် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း မည်သို့​ချမှတ်​ခဲ့​သနည်း။

၁၂ အပြစ်ရှာ​နေ​မည့်​အစား ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​လေ့လာမှု​နှင့် အသင်းတော်​အစည်းအဝေးများမှ ရရှိ​ထားသော​အချက်အလက်​များ​အပေါ် ဝိညာဉ်​ရေး​အမြင်​ရှိဖို့ အမြဲ​ကြိုးစား​ကြ​စို့။ (၁ ကောရိန္သု ၂:၁၄၊ ၁၅) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို သံသယဝင်​နေ​မည့်​အစား သမ္မာကျမ်းစာ​ကို စေ့စေ့​ကြည့်ရှု​စစ်ဆေး​ခဲ့​ကြ​သည့် ပထမ​ရာစု​မှ ဗေရိ​မြို့သား​များ​၏ သဘောထားမျိုး​ရှိ​ခြင်း​သည် အလွန်​ပညာရှိ​သည်​တကား! (တမန်​တော် ၁၇:၁၀၊ ၁၁) ထို့နောက် မှားယွင်းသော ဒဏ္ဍာရီ​စကား​များ​ကို ငြင်းပယ်​ပြီး အမှန်တရားကို ဆုပ်ကိုင်​ထားခြင်း​အားဖြင့် သင်ယူ​ရရှိ​ရာ​ကို ကျင့်သုံး​ကြ​စို့။

၁၃။ ကျွန်ုပ်​တို့သည် မှားယွင်းသော​ဒဏ္ဍာရီ​စကား​များ​ကို မထင်မမှတ်​ဘဲ မည်သို့​ပျံ့နှံ့​သွား​စေနိုင်​သနည်း။

၁၃ ကျွန်ုပ်​တို့​သတိထား​ရမည့် မှားယွင်းသော​ဒဏ္ဍာရီ​ပုံပြင်​စကား​တစ်မျိုး ရှိသေး​သည်။ များသောအားဖြင့် အီးမေးလ်​မှ​တစ်ဆင့် စိတ်​လှုပ်ရှား​ဖွယ်​သတင်း​မြောက်မြားစွာ ပျံ့နှံ့​လေ့​ရှိသည်။ အထူးသဖြင့် သတင်း​အချက်အလက်​များ​၏ ရင်းမြစ်ကို ကျွန်ုပ်​တို့​မသိ​ရ​ပါ​က ထို​ကဲ့သို့​သော​သတင်း​များ​ကို သတိပြု​သင့်​သည်။ နာမည်​ကောင်း​ရှိသူ ခရစ်ယာန်​တစ်ဦး​ပို့လိုက်​သည့် တွေ့ကြုံမှု သို့​မဟုတ် အဖြစ်အပျက်​တစ်ခု​ဖြစ်​လျှင်​ပင် ထို​ပုဂ္ဂိုလ်​သည် ထို​သတင်း​အချက်အလက်​ကို ကိုယ်တိုင်​ကိုယ်​ကျ​ကြားသိ​ထား​ရာ ဖြစ်ချင်​မှ​ဖြစ်​မည်။ ထို့​ကြောင့် မှန်​မမှန်​မသိ​ရသော သတင်း​များ​ကို တစ်ဆင့်​ပြောဆိုခြင်း သို့​မဟုတ် ဆက်၍​ပျံ့နှံ့​စေခြင်း​တို့ကို မပြု​ရန်​အရေးကြီး​သည်။ ကျွန်ုပ်​တို့သည် “တရား​မဲ့​ဖြစ်သော ဒဏ္ဍာရီ​စကား” သို့​မဟုတ် “သန့်ရှင်း​မြင့်မြတ်​ရာ​ကို မ​ခန့်​လေးစား​ပြု​သည့် မှားယွင်းသော​ဒဏ္ဍာရီ​စကား​များ” ကို ထပ်မံ​ပြောဆို​လို​ကြ​မည် မဟုတ်​သည်​မှာ သေချာ​သည်။ (၁ တိမောသေ ၄:၇) ကျွန်ုပ်​တို့သည် တစ်ယောက်ကို​တစ်ယောက် မှန်မှန်ကန်ကန်​ပြောဆို​ရမည်​ဖြစ်သော​ကြောင့် မမှန်​သော​စကား​များ​ကို အမှတ်တမဲ့​ပင် ပျံ့နှံ့​မသွား​စေရန်​သတိပြု​ခြင်း​သည် ပညာရှိရာ​ကျ​သည်။—ဧဖက် ၄:၂၅

အမှန်တရားကို လက်တွေ့​ကျင့်သုံး​ခြင်း အကျိုးကျေးဇူးများ

၁၄။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ကျွန်ုပ်​တို့​သင်ယူခဲ့ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် အဘယ်​အကျိုးကျေးဇူးများ ရရှိ​သနည်း။

၁၄ ကိုယ်ပိုင်​လေ့လာမှု​နှင့် ခရစ်ယာန်​အစည်းအဝေးများမှ ကျွန်ုပ်​တို့​တတ်သိလာ​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​သည် အကျိုးများစွာ​ရှိသည်။ ဥပမာ၊ ယုံကြည်သူချင်း​များနှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး တိုးတက်လာ​ကြောင်း တွေ့မြင်​ရ​ပေမည်။ (ဂလာတိ ၆:၁၀) ကျမ်းစာ​မူများ​ကို ကျွန်ုပ်​တို့​လက်တွေ့​ကျင့်သုံး​ကြ​သည့်​အခါ ကျွန်ုပ်​တို့၏​စိတ်ထား ပို​ကောင်း​လာပေမည်။ (ဆာလံ ၁၉:၈) ထို့​ပြင် ကျွန်ုပ်​တို့​သင်ယူ​ရရှိ​ရာ​ကို လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် ‘ဘုရားသခင်​၏​သွန်သင်ချက်​ကို တန်ဆာဆင်’ ပြီး စစ်မှန်သော​ဝတ်ပြုရေး​သို့ အခြား​သူများကို သွေးဆောင်​နိုင်​ပေမည်။—တိတု ၂:၆-၁၀

၁၅။ (က) လူငယ်​တစ်ဦး ကျောင်းတွင်​သက်သေ​ခံရန် မည်သို့​သတ္တိ​မွေး​ခဲ့​သနည်း။ (ခ) ဤ​တွေ့ကြုံမှု​မှ သင်​အဘယ်အရာ သင်ယူ​ခဲ့​သနည်း။

၁၅ ယေဟောဝါသက်သေ​များ​တွင် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း၊ ခရစ်ယာန်​စာပေ​စာတမ်း​များ ဖတ်ရှုခြင်း​အပြင် အသင်းတော်​အစည်းအဝေး​များ​ကို ပုံမှန်​တက်ရောက်ခြင်း​ကြောင့် သင်ယူ​ရရှိ​ထား​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ကြ​သူ လူငယ်များစွာ​ရှိသည်။ သူတို့၏​အမူအကျင့်ကောင်း​သည် ကျောင်း​မှ ဆရာ​ဆရာမ​များနှင့် ကျောင်းနေ​ဖက်​များ​အတွက် အစွမ်းထက်​သော သက်သေခံချက်​တစ်ရပ်​ဖြစ်သည်။ (၁ ပေတရု ၂:၁၂) ဥပမာ၊ အမေရိကန်​ပြည်ထောင်စု​ရှိ ၁၃ နှစ်အရွယ် မိန်းမငယ် လက်စလီ​ကို သုံးသပ်ကြည့်​ပါ။ သူသည် မိမိ၏​ယုံကြည်ချက်​အကြောင်း ကျောင်းနေ​ဖက်​များ​အား​ပြောပြ​ရန် အခက်တွေ့​ကြောင်း ဝန်ခံ​သည်၊ သို့သော် တစ်နေ့​သောအခါ ထို​အခြေအနေ​ပြောင်းလဲ​သွား​သည်။ “လူတွေဟာ ကုန်ပစ္စည်း​တွေ​ရောင်းဖို့ ဘယ်လို​ကြိုးစား​ကြ​တဲ့​အကြောင်း အတန်း​ထဲမှာ ဆွေးနွေး​တဲ့​အခါ မိန်းကလေး​တစ်ယောက်​က လက်ထောင်​ပြီး ယေဟောဝါသက်သေ​တွေ​လုပ်​သလိုပဲ​လို့ ပြော​လိုက်တယ်။” သက်သေခံ​တစ်ဦး​အနေ​နှင့် လက်စလီ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ “ကျောင်း​မှာ ကျွန်မ​ဟာ အမြဲတမ်း အေးအေးဆေးဆေး​နေတတ်​တဲ့​အတွက် ကျွန်မ​ရဲ့​ယုံကြည်ခြင်းကို ချေပ​ပြောဆို​လိုက်လို့ လူတိုင်း​အံ့သြ​သွား​ကြတယ်” ဟု​သူ​ပြောပြ​သည်။ လက်စလီ​၏​ရဲရင့်မှု ရလဒ်​မှာ အဘယ်နည်း။ “အဲ့ဒီ​ကျောင်းနေ​ဖက်​မှာ တခြား​မေးခွန်းတွေ​ရှိတဲ့​အတွက် သူ့ကို ဘရိုရှာ​တစ်စောင်​နဲ့ ဝေစာ​တစ်စောင်​ဝေငှ​နိုင်​ခဲ့တယ်” ဟု လက်စလီ​ပြောပြ​သည်။ မိမိတို့​သင်ယူခဲ့ရာ​ကို လက်တွေ့​ကျင့်သုံး​ခဲ့​ကြ​သည့် လူငယ်လေး​များသည် ကျောင်းတွင် သက်သေ​ခံရန် သတ္တိ​မွေး​ကြ​သည့်​အခါ ယေဟောဝါ အမှန်တကယ်​ပင် ရွှင်လန်း​ပါ​လိမ့်​မည်!—သု. ၂၇:၁၁; ဟေဗြဲ ၆:၁၀

၁၆။ သက်သေခံ​လူငယ်​တစ်ဦး​သည် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​မှ အဘယ်​အကျိုးကျေးဇူး​ခံစား​ခဲ့​ရသနည်း။

၁၆ နောက်​တစ်ဦး​မှာ အဲလစ်ဇဘက်​ဖြစ်သည်။ သူသည် ခု​နစ်​နှစ်အရွယ်​ကတည်းက မူလ​တန်း​တက်ချိန် တစ်လျှောက်​လုံး​တွင် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​၌ သူ​တာဝန်ကျ​သည့်​အခါတိုင်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​လာရန် သူ၏​ဆရာ​ဆရာမ​များ​ကို ဖိတ်ခေါ်​ခဲ့​သည်။ ဆရာမ​ဖြစ်သူက မတက်ရောက်​နိုင်​ခဲ့​လျှင် အဲလစ်ဇဘက်​သည် ကျောင်းဆင်း​ပြီး​နောက် သူ၏​ဟောပြောချက်ကို ဆရာမ​အား တင်ဆက်​ပြောဆို​ခဲ့​သည်။ အထက်တန်း​ကျောင်း​နောက်ဆုံး​နှစ်​တွင် အဲလစ်ဇဘက်​သည် သီအိုကရက်တစ် ဓမ္မ​အမှု​ကျောင်း​မှ​ရသည့် အကျိုးကျေးဇူး​အကြောင်း စာမျက်နှာ​ဆယ်​မျက်နှာ​ရှိ အစီရင်ခံစာ​တစ်ခု​ကို ရေးသား​ပြီး ဆရာ​ဆရာမ​လေးယောက်​ရှေ့ တင်ပြ​ပြောဆို​ခဲ့​သည်။ ထို့​ပြင် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ပုံစံ​တစ်ခု​ကို တင်ပြ​ခွင့်​ရသော​ကြောင့် “ဆိုးသွမ်းမှု​ကို ဘုရားသခင်​အဘယ်ကြောင့်​ခွင့်ပြု​သနည်း” အကြောင်းကို ဟောပြောရန် သူ​ရွေးချယ်​ခဲ့​သည်။ အဲလစ်ဇဘက်​သည် ယေဟောဝါသက်သေ​များ​၏ သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း ပညာရေး​အစီအစဉ်​မှ အကျိုး​ခံစား​ခဲ့​ရသည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သင်ယူခဲ့ရာ​များ​ကို လက်တွေ့​ကျင်​သုံး​ခြင်း​ဖြင့် ယေဟောဝါ​အား ချီးမွမ်း​ဂုဏ်တင်​နိုင်​ခဲ့​သော ခရစ်ယာန်​လူငယ်များစွာ​တွင် တစ်ဦးမျှ​ဖြစ်သည်။

၁၇၊ ၁၈။ (က) သမ္မာကျမ်းစာ​က ရိုးသားမှု​နှင့်​ပတ်သက်​၍ မည်သို့​ဆုံးမ​သနည်း။ (ခ) အမျိုးသား​တစ်ဦး​သည် ရိုးသား​သည့်​အမူအကျင့်​ရှိသော ယေဟောဝါသက်သေ​တစ်ဦး​ကြောင့် အဘယ်​အကျိုး​ခံစား​ခဲ့​ရသနည်း။

၁၇ သမ္မာကျမ်းစာ​က အရာ​ရာ​တွင် ရိုးသား​စွာ​ပြုမူ​ရန် ခရစ်ယာန်​များ​အား ဆုံးမ​သည်။ (ဟေဗြဲ ၁၃:၁၈) မရိုးသားမှု​သည် အခြားသူများ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အပြင် ပို​၍​အရေးကြီး​သည်​မှာ ယေဟောဝါ​ကိုယ်တော်တိုင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ပျက်ပြား​စေနိုင်​သည်။ (သု. ၁၂:၂၂) ယုံကြည်​စိတ်ချ​ရသော ကျွန်ုပ်​တို့၏ အမူအကျင့်​သည် သင်ယူ​ရရှိ​ရာ​ကို လက်တွေ့​ကျင့်သုံး​နေကြောင်း ဖော်ပြ​ပြီး ယင်းကြောင့် ယေဟောဝါသက်သေ​များ​ကို လူ​တို့​ပိုမို​လေးစား​ခဲ့​ကြသည်။

၁၈ ဖိလစ်​အမည်​ရှိသူ စစ်မှုထမ်း​တစ်ဦး၏ အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ ငွေ​ပမာဏ​မ​ဖြည့်​ရ​သေး​သော လက်မှတ်ထိုး​ထား​သည့် သူ၏​ချက်​လက်မှတ်​တစ်စောင် ပျောက်​သွား​သည်၊ ယင်းကို စာတိုက်​မှ ရောက်လာ​သည့် စာ​တစ်စောင်​တွင် ပြန်​ရရှိ​မှ ထို​ချက်​လက်မှတ် ပျောက်​နေကြောင်း သူသိ​ခဲ့​ရသည်။ ထို​ချက်​လက်မှတ်​ကို ကောက်​ရသူ​မှာ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ပြီး မိမိ၏​ဘာသာရေး​ယုံကြည်ချက်​ကြောင့် ၎င်း​ချက်​လက်မှတ်​ကို ပြန်ပို့​ပေး​ခဲ့​ခြင်း​ဖြစ်​ကြောင်း ရေးသား​ဖော်ပြ​ထား​သည့် စာတိုလေး​တစ်စောင်​ပါ ပါရှိ​သည်။ ဖိလစ် အလွန်​အံ့သြ​သွား​သည်။ “ကျွန်တော့်​ငွေ ဒေါ်လာ ၉,၀၀၀ စ​လုံး​ပြောင်​သွား​အောင် သူတို့​ထုတ်ယူ​လိုက်​နိုင်တယ်!” ဟု​သူ​ပြောပြ​သည်။ တစ်ခါ​က ချာ့ခ်ျ​တွင် သူ၏​ဦးထုပ်​အခိုးခံ​ခဲ့​ရချိန်တွင် သူ​အလွန်​စိတ်ပျက်​ခဲ့​ဖူး​သည်။ မျက်နှာ​သိ​တစ်ဦး​က သူ့​ဦးထုပ်​ကို ယူသွား​ခဲ့​ပြီး ယခု​မူ သူစိမ်း​တစ်ဦး​က ဒေါ်လာ​ထောင်ချီ​အဖိုးတန်​သော ချက်​လက်မှတ်​ကို ပြန်ပို့​ပေး​ခဲ့​သည်! မှန်ပါသည်၊ ရိုးသား​သော​ခရစ်ယာန်​များသည် ယေဟောဝါ​ဘုရားသခင်​ကို အမှန်တကယ်​ဂုဏ်တင်​ကြသည်!

သင်ယူ​ရရှိ​ရာ​ကို ဆက်၍​ကျင့်သုံး​ခြင်း

၁၉၊ ၂၀။ ကျွန်ုပ်​တို့​သိရှိ​လာ​သည့် ကျမ်းစာ​ဆိုင်ရာ​အကြောင်းအရာများ​နှင့်​အညီ ပြုမူ​နေထိုင်ခြင်း​မှ မည်သို့​အကျိုးကျေးဇူး ခံစားရ​မည်​နည်း။

၁၉ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သင်ယူ​ရရှိ​ရာ​ကို လက်တွေ့​ကျင့်သုံး​သူများ​သည် အကျိုးကျေးဇူး​များစွာ ရိတ်သိမ်း​ရ​ကြသည်။ တပည့်တော်​ယာကုပ် ဤသို့​ရေးသားခဲ့​၏– “လွှတ်​ခြင်း​နှင့်​စပ်​ဆိုင်၍ စုံလင်သော​တရား၌ စေ့စေ့​ကြည့်ရှု​၍ တည်ကြည်သော​သူ​မူ​ကား တရား​နာ​၍ မေ့လျော့​သော​သူ​မဟုတ်၊ အကျင့်​ကျင့်​သော​သူ​ဖြစ်​သဖြင့် မိမိ​ကျင့်​သော​အကျင့်​၌ မင်္ဂလာ​ရှိသောသူ​ဖြစ်၏။” (ယာကုပ် ၁:၂၅) မှန်ပါသည်၊ ကျွန်ုပ်​တို့​သင်ယူ​ရရှိသော ကျမ်းစာ​ဆိုင်ရာ အကြောင်းအရာများ​နှင့်​အညီ လုပ်ဆောင်ကြ​မည်​ဆိုလျှင် စစ်မှန်​သည့်​ပျော်ရွှင်မှု​ရှိပြီး ဘဝဖိစီးမှု​များ​ကို ကောင်းစွာ​ဖြေရှင်း​နိုင်​ပေမည်။ ထို့​ပြင် ယေဟောဝါ​၏​ကောင်းချီး​ခံစား​ရပြီး ထာဝရ​အသက်​မျှော်လင့်ချက်​ရှိ​မည်!—သု. ၁၀:၂၂; ၁ တိမောသေ ၆:၆

၂၀ သို့​ဖြစ်၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ပြီး ဆက်၍​ကျင့်သုံး​ပါ။ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​နှင့်အတူ မှန်မှန်​စုဝေး​ပြီး ခရစ်ယာန်​အစည်းအဝေး​များ​တွင် တင်ဆက်​သည့်​အကြောင်းအရာကို အာရုံစိုက်ပါ။ သင်ယူ​ရရှိ​ရာ​ကို လက်တွေ့​ကျင့်သုံး​ပါ၊ ထိုသို့​ကျင့်​လျှင် “ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ ရှိ​တော်​မူ​လိမ့်​မည်။”—ဖိလိပ္ပိ ၄:၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ဘီ.စီ.အီး. သုံး​ရာစု​တွင် ရေးသားခဲ့​ခြင်း​ဖြစ်​နိုင်​သည့် တိုး​ဘိ​ကျမ်း​တွင် တိုး​ဘိုင်ယပ်စ်​အမည်​ရှိသူ ဂျူး​တစ်ဦး၏ အယူသီး​စွာ ပြောဆို​ခဲ့​သော​စကား​များ​ပါရှိ​သည်။ ဤ​သူသည် ငါး​ကြီး​တစ်ကောင်​၏ နှလုံး၊ သည်း​ခြေ​နှင့် အသည်း​တို့ကို​အသုံးပြု​ကာ အနာ​ရောဂါ​ကုသ​နိုင်စွမ်း​ရှိပြီး နတ်ဆိုး​တို့ကို နှင်ထုတ်​နိုင်၏​ဟု ဆို​သည်။

သင်​မှတ်မိ​သလော

• “ကျန်း​ခံ့​သော​တရား​စကားပုံ​စံ” ကား​အဘယ်နည်း၊ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ဆက်၍​ဆုပ်ကိုင်​ထား​နိုင်​သနည်း။

• အဘယ် ‘မှားယွင်းသော ဒဏ္ဍာရီ​စကား​များ’ ကို ကျွန်ုပ်​တို့ ငြင်းပယ်​ရန်လို​သနည်း။

• ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သိရှိလာရာ​များ​ကို လက်တွေ့​ကျင့်သုံး​သူများ​သည် အဘယ်​အကျိုးကျေးဇူးများ ရရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အစောပိုင်း​ခရစ်ယာန်​များသည် အယူဖောက်ပြန်သူ​များ​ကြောင့် လမ်းလွဲ​သွားခြင်း​အဖြစ်ကို မည်သို့​ရှောင်နိုင်​ခဲ့​သနည်း

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

လူထု​ဆက်သွယ်ရေး၊ အင်တာနက်​နှင့် မျက်မှောက်ခေတ် အယူဖောက်ပြန်သူ​များ​မှ​တစ်ဆင့် သံသယ​မျိုးစေ့​များ​ကြဲ​နိုင်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

မှန်​မမှန်​မသိ​ရသော အကြောင်းအချက်​များ​ကို ပျံ့နှံ့​စေခြင်း​သည် ပညာ​မဲ့​ရာ​ရောက်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အလုပ်၊ ကျောင်း​နှင့်​အခြား​မည်သည့်​နေရာတွင်​မဆို ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ သူတို့​ဖတ်ရှု​ရာ​များ​ကို လက်တွေ့​ကျင့်သုံး​ကြ