မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ!

ဖန်ဆင်းရာများသည် ဘုရားသခင်၏ဘုန်းတော်ကို ကြားပြောကြ!

ဖန်ဆင်း​ရာ​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို ကြား​ပြော​ကြ!

“မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို​ကြား​ပြော​၍ မိုး​မျက်နှာကြက်​သည် လက်တော်​နှင့်​လုပ်သော​အရာများ​ကို​ပြသ​၏။”—ဆာလံ ၁၉:၁

၁၊ ၂။ (က) လူသား​တို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို အဘယ်ကြောင့် တိုက်ရိုက်​မြင်နိုင်စွမ်း​မရှိကြ​သနည်း။ (ခ) အသက်ကြီးသူ ၂၄ ပါး​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​ချီးမွမ်း​ကြ​သနည်း။

“သင်သည် ငါ့​မျက်နှာကို မမြင်နိုင်​ရာ။ ငါ့​မျက်နှာကို​မြင်လျှင် အသက်ရှင်​ရသော​လူ တစ်စုံ​တစ်ယောက်မျှ​မရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) ယေဟောဝါ​ရှင်​သည် မောရှေ​အား ထိုသို့​သတိပေး​ခဲ့​သည်။ လူသား​တို့သည် နုနယ်​သော အသွေးအသား​ဖြင့် ဖွဲ့စည်းထား​သောကြောင့် ဘုရားသခင်​၏​ဘုန်းတော်​ကို တိုက်ရိုက်​မြင်​တွေ့လျှင် ဆက်​အသက်မရှင်​နိုင်​ကြ​ပါ။ သို့ရာတွင် တမန်​တော်​ယောဟန်​သည် စိတ်အာရုံ​တစ်ခု​၌ ဘုန်း​ရှိသော​ပလ္လင်​ပေါ် ထိုင်​တော်​မူ​သော ယေဟောဝါ​ရှင်​၏ ထည်ဝါ​ခံ့ညား​မှု​ကို မြင်တွေ့​လိုက်ရ​သည်။—ဗျာ. ၄:၁-၃

လူသား​တို့​နှင့်​မတူ​သည့် တည်ကြည်သော​ဝိညာဉ်​သတ္တဝါများ​သည် ယေဟောဝါ​၏​မျက်နှာတော်​ကို ဖူးမြော်​နိုင်​ကြ​၏။ ထို​သူတို့​ထဲ​တွင် ၁၄၄,၀၀၀ ကို ပုံ​တင်ပြ​သည့် ယောဟန်​၏ ကောင်းကင်​ဆိုင်ရာ​စိတ်အာရုံ​ပါ “အသက်ကြီးသူ​နှစ်ဆ​ယ့်​လေးပါး” ပါဝင်​သည်။ (ဗျာ. ၄:၄; ၁၄:၁-၃) သူတို့သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မြင်ရ​သည့်​အတွက် မည်သို့​တုံ့ပြန်​ကြ​သနည်း။ ဗျာ. ၄:၁၁ အရ သူတို့​ဤသို့ ကြွေးကြော်​ကြသည်– “အို​ထာဝရ​ဘုရား[သခင်]၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။ ထို​အရာ​တို့သည် အလိုတော်​ကြောင့်​ဖြစ်၍ ဖန်ဆင်း​လျက်​ရှိကြပါ​၏။ ထို​ကြောင့်၊ ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။”

“ဆင်ခြေပေး​စ​ရာ​မရှိ” ရသည့်​အကြောင်းရင်း

၃၊ ၄။ (က) ဘုရားသခင်​ကို ယုံကြည်ခြင်း​သည် သိပ္ပံ​ပညာ​နှင့်​မညီညွတ်​ဟု အဘယ်ကြောင့် မဆို​သာ​သနည်း။ (ခ) တချို့​ကိစ္စ​များ​တွင် ဘုရားသခင်​ကို မယုံကြည်​ရသည့်​အကြောင်းရင်း​ကား အဘယ်နည်း။

သင်​ကော ဘုရားသခင်​၏​ဘုန်းတော်​ကို ချီးမွမ်း​ရန် လှုံ့ဆော်​ခံရ​သလော။ လူသား​အများစုမှာ​မူ လှုံ့ဆော်​မခံရ​ကြ​ချေ၊ တချို့​ဆိုလျှင် ဘုရားသခင်​ရှိသည်​ကို​ပင် ငြင်း​ကြ​၏။ သာဓက​အနေ​နှင့် နက္ခတ္တ​ဗေဒ​ပညာရှင်​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​ကောင်းကျိုး​အတွက် လောကဓာတ်​ကြီး​တွင် ကြားဝင်​ပြီး ကျ​န​စွာ ပုံစံ​ပြု​ပေး​ထားခြင်း​လော။ . . . စိတ်​လန်းဆန်း​စေသည့် မျှော်လင့်ချက်​ပင်။ သို့သော် ယင်းသည် အမြင်မှား​မှု​ဟု ကျွန်ုပ်​ယူဆ​၏။ . . . ဘုရားသခင်​စီမံ​ရာ​ဟု ရှင်းပြ​ခြင်း​သည် အဖြေ မဟုတ်​ချေ။”

သိပ္ပံ​ဆိုင်ရာ​သုတေသန​ပြု​မှု​သည် အကန့်အသတ်​ရှိ၏၊ လူ​တို့ ရှာဖွေ​တွေ့ရှိ​နိုင်ရာ၊ လေ့လာ​နိုင်ရာ​အပေါ် မူတည်​သည်။ ထိုသို့​မဟုတ်လျှင် သီအိုရီ​မျှ၊ မှန်းဆချက်​မျှ​သာ ဖြစ်​မည်။ ‘ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်​မူ’ သောကြောင့် ကိုယ်တော်​အား သိပ္ပံ​ပညာ​ဖြင့် ဆည်းပူး​လေ့လာ​၍ လုံးဝ​မရချေ။ (ယောဟန် ၄:၂၄) ထို့​ကြောင့် ဘုရားသခင်​အား ယုံကြည်​ကိုးစားခြင်း​ကို သိပ္ပံ​ပညာ​နှင့်​မကိုက်ညီ​ဟု​ဆို​ခြင်း​သည် ထောင်လွှား​ရာ​ရောက်​သည်။ သိပ္ပံ​ပညာ​နည်းလမ်း​ကိုယ်နှိုက်​သည် “ဘာသာရေး​အရ ချဉ်းကပ်​နည်း​တစ်မျိုး” ဖြစ်​ကြောင်း ကဲ​မ်​ဘ​ရိခ်ျ​တက္ကသိုလ်​မှ သိပ္ပံ​ပညာရှင် ဗင်း​စ​င့် ဝိ​ဂဲ​လ်​ဝေါ့သ်​က မှတ်ချက်ချ​ခဲ့​သည်။ မည်သို့​အားဖြင့်​နည်း။ အကြောင်း​မှာ “သဘာဝ​ဖြစ်ရပ်​များသည် ‘သဘာဝ​နိယာမ​တရား​များ’ နှင့်​အညီ ဖြစ်ပျက်​လာ​သည်​ဟု အခိုင်အမာ​ယုံကြည်ခြင်း​အပေါ်​မူတည်” သောကြောင့်​ဖြစ်၏။ သို့​ဆိုလျှင် တစ်စုံ​တစ်ယောက်​က ဘုရားသခင်​ကို မယုံကြည်​လျှင် ထို​သူသည် ယုံကြည်ခြင်း​နောက်​တစ်မျိုး​သို့ ပြောင်းလဲခြင်း​မျှ​သာ ဖြစ်သလော။ တချို့​ကိစ္စ​များ​တွင် မယုံကြည်​ခြင်း​သည် အမှန်တရားကို တမင်တကာ​လက်မခံ​ခြင်း​ဖြစ်ပုံရ​၏။ ဆာလံဆရာ​က ဤသို့​ရေးသားခဲ့​သည်– “မတရားသော​သူသည် မာန​ထောင်လွှား​သောကြောင့် မစဉ်း​စား​တတ်​ပါ။ ‘ဘုရားသခင်​မရှိ’ ဟု အစဉ်​အောက်မေ့​တတ်​ပါ​၏။”—ဆာလံ ၁၀:၄

၅။ ဘုရားသခင်​တည်ရှိ​ကြောင်း မယုံကြည်​ခြင်း​ကို အဘယ်ကြောင့် ဆင်ခြေပေး​၍​မရ​သနည်း။

ဘုရားသခင်​ကို ယုံကြည်ခြင်း​သည် အကြောင်းမဲ့​ယုံကြည်ခြင်း​မဟုတ်ပါ၊ အကြောင်း​မှာ ဘုရားသခင်​တည်ရှိ​ကြောင်း အထောက်အထား​များစွာ​ရှိ၏။ (ဟေဗြဲ ၁၁:၁) နက္ခတ္တ​ဗေဒ​ပညာရှင် အယ်လန် ဆန်​ဒေ​ခ်ျ​က ဤသို့​ဆို​၏– “[စကြဝဠာ​တွင်] ဤမျှ​စနစ်ကျ​မှု​သည် ပရမ်းပတာ​ပေါ်ထွက်​လာ​ခြင်း မဟုတ်​တန်​ရာ။ စီစဉ်​ဖွဲ့​စည်းပေး​ရန် အခြေခံ​နိယာမ​တစ်ခုခု​ရှိ​ရမည်။ ဘုရားသခင်​ဟူသည် ကျွန်ုပ်​အတွက် လျှို့ဝှက်​နက်နဲရာ​ဖြစ်၏၊ သို့သော် ဖြစ်​ရှိသမျှ​အံ့ဖွယ်ရာ​၏ အဖြေ​ဖြစ်၏၊ အရာခပ်သိမ်း တည်ရှိ​ရခြင်း​အကြောင်း​ဖြစ်၏။” ရောမမြို့​ရှိ ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု​ပြော​သည့်​အတိုင်း​ပင် “ကမ္ဘာ​လောကကို ဘုရားသခင်​ဖန်ဆင်း​တော်​မူ​ချိန်​မှ​စ၍ လူတို့သည် ကိုယ်တော်​၏​ထာဝရ​တန်ခိုးတော်​နှင့် ဘုရားသခင်​၏​အဖြစ်တော်​တည်း​ဟူသော မျက်မြင်မရ​သော​ဂုဏ်အင်္ဂါ​များ​ကို ကောင်းစွာ​သိ​နားလည်​နိုင်​သည်။ သူတို့သည် ဤသို့​သော ဂုဏ်အင်္ဂါ​လက္ခဏာများ​ကို မမြင်နိုင်​သော်လည်း သိနိုင်​ကြ​၏။ ယင်း​သို့​သိနိုင်​ခြင်း​မှာ သူတို့သည် ဘုရားသခင်​ဖန်ဆင်း​တော်​မူ​သော​အရာများ​ကို တွေ့မြင်​နိုင်သော​ကြောင့်​ဖြစ်၏။ ထို့​ကြောင့် သူတို့ [မယုံကြည်​သူများ] မှာ မိမိတို့ ကျူးလွန်​သည့်​အပြစ်​များ​အတွက် ဆင်ခြေပေး​စ​ရာ​မရှိတော့​ပေ။” (ရောမ ၁:၂၀ခေတ်သုံး) ထို့​ကြောင့် “ကမ္ဘာ​လောကကို ဘုရားသခင်​ဖန်ဆင်း​တော်​မူ​ချိန်”၊ အထူးသဖြင့် ဘုရားသခင်​တည်ရှိ​ကြောင်း အသိအမှတ်ပြု​နိုင်​သည့် အသိဉာဏ်​ရှိ လူသားများ​ကို​ဖန်ဆင်း​ချိန်​မှ​စ၍ တန်ခိုး​ကြီးမားသော​ဖန်ဆင်း​ရှင်​တစ်ပါး၊ ဆည်းကပ်​ဝတ်ပြု​ထိုက်သည့် ဘုရားသခင်​တစ်ပါး တည်ရှိ​ကြောင်း ထင်ရှား​ခဲ့​ပေ​ပြီ။ ထို့​ကြောင့် ဘုရားသခင်​၏​ဘုန်းတော်​ကို အသိအမှတ်​မပြု​သူတို့သည် ဆင်ခြေ​မပေးနိုင်​ကြ​ချေ။ ဖန်ဆင်း​ရာ​များ​က အဘယ်အရာကို သက်သေထူ​သနည်း။

စကြဝဠာ​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ကြား​ပြော

၆၊ ၇။ (က) ကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မည်သို့​ကြား​ပြော​နေသနည်း။ (ခ) ကောင်းကင်​သည် အဘယ်​ရည်ရွယ်ချက်​ဖြင့် ‘ပေကြိုး​များ’ ချ​သနည်း။

ဆာလံ ၁၉:၁ က ဤသို့​အဖြေပေး​၏– “မိုးကောင်းကင်​သည် ဘုရားသခင်​၏​ဘုန်း​အသရေတော်​ကို​ကြား​ပြော​၍ မိုး​မျက်နှာကြက်​သည် လက်တော်​နှင့်​လုပ်သော​အရာများ​ကို​ပြသ​၏။” “မိုး​မျက်နှာကြက်” သို့​မဟုတ် လေထု​ကို​ထိုးဖောက်​ထွန်းတောက်​သော ကြယ်​များနှင့် ဂြိုဟ်​များသည် ဘုန်း​ရှိသော​ဘုရားသခင် တည်ရှိ​ကြောင်း မငြင်းဆို​နိုင်​သည့် အထောက်အထား​ဖြစ်သည်ဟု ဒါဝိဒ် ပိုင်းခြား​သိမြင်ခဲ့​သည်။ သူ ဤသို့​ဆက်ဆို​သည်– “တစ်နေ့​ကိုတစ်​နေ့​မြွက်ဆို​၍ တစ်ည​ကိုတစ်​ည​သွန်သင်​၏။” (ဆာလံ ၁၉:၂) ကောင်းကင်​သည် တစ်နေ့​ပြီး​တစ်နေ့၊ တစ်ည​ပြီး​တစ်ည ဘုရားသခင်​၏​ဉာဏ်ပညာ​နှင့် ဖန်ဆင်း​ခြင်း​အစွမ်း​တန်ခိုး​ကို ဖော်ပြ​လျက်​ရှိသည်။ ၎င်း​သည် ဘုရားသခင်​ကို ကောင်းကင်​မှ ချီးမွမ်းသံ ‘ထွက်ဆို’ နေ​ဘိ​သည့်​အလား​တည်း။

သို့ရာတွင် ယင်း​သက်သေခံချက်​ကို ကြားသိ​နိုင်​ရန် ပိုင်းခြား​သိမြင်မှု​လို​၏။ “နှုတ်မြွက်​ခြင်း၊ စကားပြော​ခြင်း​မရှိ။ သူတို့​နှုတ်ထွက်​သံ​ကို​မကြား​ရ။” သို့​တိုင် ကောင်းကင်​မှ အသံတိတ်​သက်သေခံချက်​သည် ထိရောက်​လှ​ပါ​သည်။ “သူတို့၏​အသံ [“ပေကြိုး၊” က​ဘ] သည် မြေတစ်ပြင်လုံး၌​နှံ့ပြား​၍ သူတို့၏​စကား​သည် မြေကြီးစွန်း​တိုင်အောင်​ရောက်​လေ​၏။” (ဆာလံ ၁၉:၃၊ ၄) ကောင်းကင်​သည် မြေကြီး​တစ်ပြင်လုံး​တိုင်အောင် သူတို့၏​အသံတိတ်​သက်သေခံချက်​ကို နှံ့ပြား​စေရန် ‘ပေကြိုး​များ’ ချ​လိုက်​သည့်​အလား​ပင်။

၈၊ ၉။ နေ​နှင့်​စပ်လျဉ်း၍ ထူးခြား​ထင်ရှားသော ဖြစ်ရပ်​တချို့​ကား အဘယ်နည်း။

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​ဆိုင်ရာ အခြား​အံ့ဖွယ်အမှု​တစ်ခု​ကို ဒါဝိဒ် ဤသို့​ဆက်​ဖော်ပြ​၏– “မိုးကောင်းကင်​တွင် နေ​ဗိမာန်ကို​ထား​တော်​မူ​သဖြင့် နေသည်​အိပ်ခန်း​ထဲ​က​ထွက်​လာသော မင်္ဂလာဆောင်​လုလင်​ကဲ့သို့​ဖြစ်၍ ခွန်အား​ကြီးသော​သူ​ကဲ့သို့ မိမိ​သွားရာလမ်း​သို့​လိုက်​ပြေး​မည်​ဟု ဝမ်းမြောက်​လျက်၊ မိုးကောင်းကင်​တစ်​စွန်း​မှ​ထွက်​လာ၍ တစ်​စွန်း​တိုင်အောင် လှည့်ပတ်​သော​အားဖြင့် သူ၏​အပူ​အရှိန်​မှ ကွယ်​လွတ်​သော​အရာ​တစ်စုံတစ်ခု​မျှ​မရှိ။”—ဆာလံ ၁၉:၄-၆

နေသည် အံ့ဖွယ်​ကြယ်ကြီး​တစ်လုံး​ဖြစ်​ကာ ယင်းကို​လှည့်ပတ်​လျက်​ရှိကြ​သော​ဂြိုဟ်​များ​ကို သေးငယ်​သွား​စေ​ပုံ​ရ၏။ သို့ရာတွင် အခြား​ကြယ်​များနှင့်​နှိုင်းယှဉ်လျှင်​မူ​ကား နေသည် အ​လတ်​စား​မျှ​သာ​ရှိ၏။ စာအုပ်​တစ်အုပ်​က နေ​၏​ဒြပ်​ထု​သည် “ဘီလီယံ​တန်​ချိန် ဘီလီယံပေါင်း နှစ်​ဘီလီယံ” (၂x၁၀၂၇ တန်) ရှိ၏၊ နေ​အဖွဲ့အစည်း​ဒြပ်​ထု​၏ ၉၉.၉ ရာခိုင်နှုန်း​ရှိသည်​ဟု​ဆို​သည်! ယင်း​၏​ဆွဲငင်အား​ကြောင့် ကမ္ဘာ​သည် မိုင်​ပေါင်း ၉၃ သန်း အကွာအဝေး​မှ လွင့်မျော​သွားခြင်း​ဖြစ်စေ၊ နီးကပ်​လာ​ခြင်း​ဖြစ်စေ​မရှိဘဲ လည်ပတ်​လျက်​ရှိစေသည်။ နေ​စွမ်းအင်​၏ သန်း​နှစ်ထောင်​ပုံ​တစ်​ပုံ​ခန့်မျှ​သာ ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ပေါ်​သို့ ရောက်ရှိ​သည်၊ သို့သော် ယင်း​ပမာဏ​သည် အသက်ရှင်​သန်​ရေး​အတွက် လုံလောက်​သည်။

၁၀။ (က) နေသည် “ဗိမာန်” မှ မည်သို့ ဝင်ထွက်​လျက်​ရှိ​သနည်း။ (ခ) ၎င်း​သည် “ခွန်အား​ကြီးသော​သူ” ကဲ့သို့ မည်သို့​ပြေးလွှား​သနည်း။

၁၀ ဆာလံဆရာ​က နေကို ပုံဆောင်​စကား​ဖြင့် နေ့​အချိန်တွင် မိုးကုပ်​စက်​ဝိုင်း​အစွန်း​တစ်ဖက်​မှ အခြား​တစ်ဖက်​သို့ ပြေးလွှား​ကာ ည​အချိန်တွင် “ဗိမာန်” ၌​နား​သည့် “ခွန်အား​ကြီးသော​သူ” အဖြစ် သရုပ်ဖော်​ထား​သည်။ ကမ္ဘာ့​အပေါ်​စီး​မှ မိုးကုပ်​စက်​ဝိုင်း​အောက်​သို့ ဤ​တန်ခိုး​ကြီးမားသော​ကြယ် ငုပ်​လျှိုး​သွားစဉ် “ဗိမာန်” ထဲ​သို့ ဝင်​အနားယူ​သည့်​အလား​ပင်။ နံနက်​အချိန်တွင် ၎င်း​သည် “အိပ်ခန်း​ထဲ​က​ထွက်​လာသော မင်္ဂလာဆောင်​လုလင်​ကဲ့သို့” ထွန်းလင်း​တောက်ပ​စွာ ရုတ်တရက် ထွက်ပေါ်​လာ​ပြန်​၏။ သိုးထိန်း​တစ်ဦး​ဖြစ်သူ ဒါဝိဒ်​သည် ည​၏​အအေး​လွန်ကဲမှု​ကို ခံစား​ဖူး​သည်။ (ကမ္ဘာဦး ၃၁:၄၀) နေ​ရောင်ခြည်​က သူနှင့် သူ့​ပတ်ဝန်းကျင်​ရှိ တောတောင်​ရှုခင်း​များ​ကို ချက်ချင်း​နွေးထွေး​စေ​ကြောင်း သူ​အမှတ်ရ​သည်။ နေသည် အရှေ့​မှ အနောက်​သို့ ခရီးနှင်​မြဲ​နှင်နေ​သော်လည်း မောပန်း​နွမ်းလျ​ခြင်း​မရှိ ယင်း “ခရီးစဉ်” ကို ထပ်ကျော့​ရန် အသင့်ရှိ​မြဲ​ရှိနေ​သည့် “ခွန်အား​ကြီးသော​သူ” နှင့်​တူ​၏။

အံ့ချီးဖွယ် ကြယ်​များနှင့် ဂလက်ဆီ​များ

၁၁၊ ၁၂။ (က) ကြယ်​များ​ကို သမုဒ္ဒရာ​သဲလုံး​နှင့် ကျမ်းစာ​နှိုင်းယှဉ်​ထားခြင်း​က မည်သို့​ထူးခြား​သနည်း။ (ခ) ဤ​စကြဝဠာကြီး​သည် မည်မျှ​တိုင်​ကျယ်ပြော​သနည်း။

၁၁ ဒါဝိဒ်​သည် အဝေးကြည့်​မှန်ပြောင်း​မရှိဘဲ ထောင်​စု​အနည်းငယ်မျှသော​ကြယ်​ကို​သာ တွေ့ မြင်နိုင်​၏။ သို့ရာတွင် မကြာသေးမီ​က လေ့လာ​တွေ့ရှိချက်​တစ်ခု​အရဆိုလျှင် ခေတ်​သစ်​အဝေးကြည့်​မှန်ပြောင်း​များ​ဖြင့် စကြဝဠာ​အတွင်း တွေ့မြင်​နိုင်​သည့် ကြယ်​အရေအတွက်​မှာ ဆက်​စ​တီ​လီယံ ၇၀—၇ နောက်​တွင် သု​ည ၂၂ လုံး—ရှိသည်! ကြယ်​များ​၏​အရေအတွက်​ကို “သမုဒ္ဒရာ​သဲလုံး” ၏​အရေအတွက်​နှင့် နှိုင်းယှဉ်​ဖော်ပြခြင်း​ဖြင့် အရေအတွက်​မြောက်မြားစွာ​ရှိကြောင်း ယေဟောဝါ​ဖော်ပြ​ခဲ့​သည်။—ကမ္ဘာဦး ၂၂:၁၇

၁၂ နက္ခတ္တ​ပညာရှင်​များသည် “ကြည်လင်​ပြတ်သားမှု​မလှ​ရှိသည့် မှုန်ဝါးဝါး​နက်​ဗျူ​လာ အလင်း​စက်ဝန်း​ငယ်​များ” ကို တွေ့ရှိ​သည်​ဟု နှစ်များ​စွာ​ဖော်ပြ​ခဲ့​ကြသည်။ ယင်း “ခရုပတ်​နက်​ဗျူ​လာ​များ” သည် ကျွန်ုပ်​တို့၏​နဂါးငွေ့တန်း ဂလက်ဆီ​အတွင်းရှိ အရာဝတ္ထု​များ​ဖြစ်သည်ဟု သိပ္ပံ​ပညာရှင်​များ ယူဆ​ခဲ့​ကြ​၏။ ၁၉၂၄ ခုနှစ်​တွင် အနီးဆုံး​နက်​ဗျူ​လာ​ဖြစ်သော အန်​ဒရိုမီ​ဒါ​နက်​ဗျူ​လာ​သည် ဂလက်ဆီ​တစ်ခု​ပင်​ဖြစ်​ပြီး ယင်းသည် အလင်း​နှစ် နှစ်​သန်း​ခန့် အကွာအဝေး​၌​ရှိကြောင်း တွေ့ရှိ​ခဲ့​၏! ယခု​အခါ သိပ္ပံ​ပညာရှင်​များသည် ဂလက်ဆီ ဘီလီယံ​နှင့်​ချီ​ရှိကြောင်း​နှင့်၊ တစ်ခုစီ​တွင် ကြယ်​ထောင်နှင့်ချီ​မ​က အချို့​ဆိုလျှင် ဘီလီယံ​နှင့်​ချီ​၍​ပင်​ရှိကြောင်း ခန့်မှန်း​ကြသည်။ သို့​တိုင် ယေဟောဝါ​သည် “ကြယ်​များ​ကို​ရေတွက်​၍ အသီးအသီး​တို့ကို သမုတ်​တော်​မူ​၏။”—ဆာလံ ၁၄၇:၄

၁၃။ (က) ကြယ်တာရာ​တို့၏ ထူးခြားချက်​ကား အဘယ်နည်း။ (ခ) “မိုးကောင်းကင်​တရား​တို့” ကို သိပ္ပံ​ပညာရှင်​များ နားမလည်​ကြောင်း မည်သို့​ထင်ရှား​သနည်း။

၁၃ ယေဟောဝါ​က ယောဘ​အား ဤသို့​မေးခဲ့သည်– “သင်သည် ခိမ​ကြယ်စု​၏​သာယာ​စွာ​ပြုပြင်ခြင်း​ကို ချုပ်တည်း​နိုင်​သလော။ က​သိလ​ကြယ်​၏​ချည်နှောင်ခြင်း​ကို ဖြေနိုင်​သလော။” (ယောဘ ၃၈:၃၁) ကြယ်စု​တစ်ခု​တွင် တစ်မျိုး​တစ်​ဘာသာ​စီ​ထူးခြားသည့် ကြယ်​အတော်များများ​ပါရှိ​သည်။ ကြယ်​တစ်လုံး​နှင့်​တစ်လုံး အလွန်​တ​ရာ​ဝေးကွာ​နိုင်​သော်လည်း ကမ္ဘာ့​မြင်ကွင်း​မှ​မူ ၎င်းတို့၏​အနေအထား​မှာ မ​ပြောင်း​မလဲ​ဖြစ်နေ​သည်။ ၎င်းတို့၏​အနေအထား​မှာ တိကျ​လွန်း​ရ​ကား ကြယ်​များသည် “ရေကြောင်း​ခရီး​၌​လည်းကောင်း၊ အာကာသယာဉ်မှူး​များ အာကာသ​တွင် သွားလာ​ရာ​၌​လည်းကောင်း အထောက်အကူ​ပြု လမ်းညွှန်​များ​ဖြစ်​ရုံ​မ​က ကြယ်​များ​ကို ခွဲခြား​သိမြင်​စေ​သည်။” (အမေရိကားနား​စွယ်စုံ​ကျမ်း) သို့​တိုင် ကြယ်တာရာ​တို့ကို အဘယ်အရာက “ချည်နှောင်” ထား​သည်ကို မည်သူမျှ အပြည့်အဝ​နားမလည်​နိုင်​ကြ​ချေ။ သိပ္ပံ​ပညာရှင်​များသည် ယောဘ ၃၈:၃၃ ပါ​ဤ​မေးခွန်း​ကို မဖြေ​ဆိုနိုင်​ကြ​သေး​ချေ– “မိုးကောင်းကင်​တရား​တို့ကို နားလည်​သလော။”

၁၄။ အလင်း​၏​နှံ့ပြား​မှု​သည် အဘယ်​နည်းဖြင့် လျှို့ဝှက်​နက်နဲရာ​ဖြစ်သနည်း။

၁၄ ယောဘ​အား မေး​သော​အခြား​မေးခွန်း​တစ်ခု​ကို သိပ္ပံ​ပညာရှင်​များ ယခု​ထိ​မဖြေ​ဆိုနိုင်​ကြ​ပါ– “အလင်း​သည် အဘယ်​သို့​သော​လမ်းဖြင့် နှံ့ပြား​သနည်း။” (ယောဘ ၃၈:၂၄) စာရေး​ဆရာ​တစ်ဦး​က အလင်း​နှင့်​ပတ်သက်သော အဆိုပါ​မေးခွန်း​ကို “အလွန်​ထိရောက်​သော ခေတ်​သစ်​သိပ္ပံ​မေးခွန်း​တစ်ခု” ဟု​ဆို​၏။ အခြား​တစ်ဖက်​တွင်​မူ ဂရိ​အတွေးအခေါ်​ပညာရှင်​အချို့​က အလင်း​သည် လူ့​မျက်စိ​မှ ဖြာထွက်​၏​ဟု ယူဆကြ​သည်။ မျက်မှောက်ခေတ်တွင် အလင်း​သည် အလွန်​သေးငယ်သော​အမှုန်​များ​ဖြင့် ဖွဲ့စည်းထား​သည်​ဟု သိပ္ပံ​ပညာရှင်​များ ယူဆကြ​သည်။ တခြား​သူများ​က​မူ အလင်း​သည် လှိုင်း​သဏ္ဌာန်​ဖြင့် ရွေ့လျား​သည်​ဟု ယူဆကြ​၏။ ယခု​မူ သိပ္ပံ​ပညာရှင်​များ​က အလင်း​သည် လှိုင်း​အဖြစ်​ရော၊ အမှုန်​အဖြစ်​ပါ ပြုမူ​လှုပ်ရှား​သည်​ဟု ယူဆကြ​ပြန်​၏။ သို့​တိုင် အလင်း​၏​သဘောသဘာဝ​နှင့် ၎င်း​သည် မည်သို့ “နှံ့ပြား” ကြောင်းကို​မူ အပြည့်အဝ​နားမလည်​နိုင်​ကြ​သေး​ချေ။

၁၅။ ကောင်းကင်​အကြောင်း ကျွန်ုပ်​တို့ စေ့စေ့​ဆင်ခြင်​သည့်​အခါ ဒါဝိဒ်​နည်းတူ မည်သို့​ခံစား​သင့်​သနည်း။

၁၅ ဤ​အရာအားလုံးကို စေ့စေ့​ဆင်ခြင်​သည့်​အခါ ဆာလံဆရာ​ဒါဝိဒ်​နည်းတူ ဤသို့​ယူဆ​ပေမည်– “လက်ညှိုးတော်​အလုပ်​တည်း​ဟူသော ကိုယ်တော်​၏​မိုးကောင်းကင်ကို​လည်းကောင်း၊ ပြင်ဆင်​တော်​မူ​သော​လ​နှင့် ကြယ်​များ​ကိုလည်း​ကောင်း အကျွန်ုပ်​ဆင်ခြင်​သော်၊ လူသည် အဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​သည်​အောက်မေ့​တော်​မူ​ရသနည်း။ လူသား​သည် အဘယ်​သို့​သော​သူ​ဖြစ်၍ အကြည့်​အ​ရှု​ကြွလာ​တော်​မူ​ရသနည်း။”—ဆာလံ ၈:၃၊ ၄

မြေကြီး​နှင့် ယင်း​သတ္တဝါများ​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ

၁၆၊ ၁၇။ “နက်နဲရာ​အရပ်”များ​ရှိ သတ္တဝါများ​သည် ယေဟောဝါ​အား မည်သို့​ချီးမွမ်း​ကြ​သနည်း။

၁၆ ဖန်ဆင်း​ရာ​များ ဘုရားသခင်​၏​ဘုန်းတော် ကြွေးကြော်​သည့် အခြား​နည်းလမ်းများ​ကို ဆာလံ ၁၄၈ တွင်​ဖော်ပြ​ထား​သည်။ အခန်းငယ် ၇ တွင် ဤသို့​ဖတ်​ရသည်– “မြေကြီး​၌​ရှိသော​အရာ၊ ငါး​ကြီး​များ၊ နက်နဲရာ​အရပ်​များ” တို့သည် ယေဟောဝါ​အား​ချီးမွမ်း​ကြ​၏။ မှန်ပါသည်၊ “နက်နဲရာ​အရပ်​များ” တွင် ဘုရားသခင်​၏​ဉာဏ်ပညာ​နှင့် တန်ခိုးတော်​ကို ပေါ်လွင်​စေသည့် အံ့ဖွယ်ရာ များစွာ​ရှိ၏။ ဝေလငါး​ပြာ​တစ်မျိုး​သည် ပျမ်းမျှ​အလေးချိန် တန် ၁၂၀ ရှိ​ကာ ဆင်​အကောင် ၃၀ ၏​အလေးချိန်​လောက်​ရှိသည်! ၎င်း​၏​နှလုံး​တစ်ခု​တည်း​ပင် ပေါင် ၁,၀၀၀ ကျော်​လေး​ပြီး ယင်း​၏​ခန္ဓာကိုယ်​ထဲ​သို့ သွေး​ပေါင်ချိန် ၁၄,၀၀၀ ခန့်​ထုတ်ပေး​နိုင်​သည်! ဤ​ရေ​သတ္တဝါ​ကြီး​များသည် ရေ​ထဲ​တွင် နှေးကွေး​လေးလံ​ပြီး ကိုးရိုးကားရား​ဖြစ်​ကြ​သလော။ ဝေးလေစွ။ ၎င်းတို့သည် အံ့ဖွယ်​အမြန်​နှုန်း​ဖြင့် “သမုဒ္ဒရာ​ကို ဖြတ်သန်း​သွားလာ​ကြသည်” ဟု ဥရောပ ဝေလငါး​နှင့်​လင်းပိုင် နို့တိုက်​ငါး​ကြီး​မျိုး မတော်တဆ​ဖမ်းမိမှု ကာကွယ်​ရေး​အဖွဲ့​၏ အစီရင်ခံစာ​တွင် ဖော်ပြ​ထား​သည်။ ဂြိုဟ်တု​ဖြင့်​ခြေရာ​ခံ​ရာ​တွင် “ဝေလငါး​ပြာ​တစ်ကောင်​သည် ၁၀ လ​အတွင်း မိုင် ၁၀,၀၀၀ ကျော်​ရွှေ့​ပြောင်း​သွားခဲ့သည်” ဟု​ဖော်ပြ​ထား​သည်။

၁၇ ပုလင်းပုံ​နှုတ်သီး​ရှိ​လင်းပိုင်​သည် သာမန်​အားဖြင့် အနက်​ပေ ၁၅၀ အထိ​ရေငုပ်​လေ့​ရှိ၏၊ သို့သော်လည်း လင်းပိုင်​တို့​တွင် တစ်ကောင်​သည် ရေ​အနက်​ဆုံး ၁,၇၉၅ ပေ​အထိ ငုပ်​ခဲ့​ဖူး​ကြောင်း မှတ်တမ်းတင်​ချက်​ရှိသည်! ဤ​နို့တိုက်​သတ္တဝါ​သည် မသေ​ဘဲ ထို​မျှ​တိုင် မည်သို့​ရေငုပ်​နိုင်​သနည်း။ ရေငုပ်​စဉ် ၎င်း​၏​နှလုံးခုန်​နှုန်း ပို​နှေး​သွားပြီး သွေးသည်​လည်း နှလုံး၊ အဆုတ်​နှင့် ဦးနှောက်​သို့ ပြန့်​သွား​သည်။ ထို့​အပြင် ယင်း​၏​ကြွက်သား​များ​တွင် အောက်ဆီဂျင်​သိုလှောင်​သည့် ဓာတု​တစ်မျိုး​ရှိသည်။ ပင်လယ်ဖျံ​ကြီး​များနှင့် ဝေလငါး​ကြီး​များသည် ထို​ထက်မက​အနက်​သို့ ရေငုပ်​နိုင်​ကြ​၏။ “လေ​ဖိအား​ကို တွန်း​ကန်​မည့်​အစား လေ​ဖိအား​ဖြင့် ၎င်းတို့၏​အဆုတ်​ကို လုံးဝ​ကျုံ့​သွား​စေ​ကြသည်” ဟု ဒစ္စ​ကာ​ဗာ​မဂ္ဂဇင်းက​ဆို​သည်။ ၎င်း​တို့​လိုအပ်သမျှ အောက်ဆီဂျင်ကို ကြွက်သား​များ​တွင် သိုလှောင်​ထား​ကြသည်။ ဤ​သတ္တဝါများ​သည် တန်ခိုး​အပြည့်အဝ​ရှိ ဘုရားသခင်​၏​ဉာဏ်ပညာ​တော်​ကို အမှန်ပင်​သက်သေထူ​ကြသည်!

၁၈။ ပင်လယ်ရေ​သည် ယေဟောဝါ​၏​ဉာဏ်ပညာ​ကို မည်သို့​ဖော်ပြ​သနည်း။

၁၈ ပင်လယ်ရေ​ပင် ယေဟောဝါ​၏​ဉာဏ်ပညာ​တော်​ကို ရောင်ပြန်ဟပ်​၏။ ဆိုင်း​ယင်း​တစ်​ဖစ်​အမေရိကန်​က ဤသို့​ဆို​သည်– “သမုဒ္ဒရာ​ရေ​၏​အပေါ်ပိုင်း မီတာ ၁၀၀ တွင်​ရှိ​ရေ​စက်​တိုင်း​တွင် ပေါလောမျော​နေသော အလွန်​တ​ရာ​သေးငယ်​သည့် အပင်​မျှော​လေး​များ​ရှိသည်။” “မမြင်နိုင်​သော ဤ​ပင်​မျှော​သစ်တော” သည် ကာဗွန်​ဒို​င်​အောက်​ဆို​ဒ် တန်​ဘီလီယံ​နှင့်​ချီ စုပ်ယူ​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​လေထု​ကို သန့်စင်ပေး​သည်။ ယင်း​ပင်​မျှော​များသည် ကျွန်ုပ်​တို့​ရှူရှိုက်​နေသည့် အောက်ဆီဂျင်​ထက်ဝက်ကျော်​ကို ထုတ်လွှတ်​ပေး​သည်။

၁၉။ မီး​နှင့် ဆီးနှင်း​ခဲ​များသည် ယေဟောဝါ​၏​အလိုတော်ကို မည်သို့​ပြီးမြောက်​စေ​သနည်း။

၁၉ ဆာလံ ၁၄၈:၈ က​ဤသို့​ဆို​သည်– “မီး​နှင့်​မိုးသီး၊ မိုး​ပွင့်​နှင့်​အ​ခိုး​အငွေ့၊ အမိန့်တော်ကို​နားထောင်​သော လေပြင်း​မုန်တိုင်း။” မှန်ပါသည်၊ သက်မဲ့​သဘာဝ​စွမ်းအား​စု​များ​ကိုလည်း ယေဟောဝါ​အသုံးပြု​ကာ မိမိ၏​အလိုတော်ကို ပြီးမြောက်​အောင်မြင်​စေ​သည်။ မီးကို သုံးသပ်ကြည့်​ပါ။ လွန်ခဲ့သော​ဆယ်စုနှစ်​များ​တစ်လျှောက် တောမီး​များ​ကို အဖျက်​မီး​အဖြစ်​သာ ယူမှတ်ခဲ့​ကြသည်။ ယခု​အခါ​တွင်​မူ တောမီး​သည် သစ်ပင်​အို​ကြီး​များ သို့​မဟုတ် အပင်​သေ​များ​ကို ဖယ်​ရှင်း​ပေးခြင်း၊ မျိုးစေ့​များစွာကို ကြီးထွား​လာ​စေခြင်း၊ အာဟာရဓာတ်များ​ကို ပြန်လည်​အားဖြည့်ပေး​ခြင်း၊ အဖျက်​မီး​ဘေးအန္တရာယ်​ကို အမှန်တကယ်​လျော့ပါး​စေခြင်း​တို့​ဖြင့် ပတ်ဝန်းကျင်​အတွက် အရေးပါသည့်​အခန်းကဏ္ဍ​မှ ပါဝင်​ဆောင်ရွက်​သည်​ဟု သုတေသီ​များ ယူဆ​လာကြပြီ။ ဆီးနှင်း​ခဲ​သည်လည်း မြေလွှာ​ကို ရေလောင်း​ပေးခြင်း၊ မြေ​သြဇာ​ကောင်းမွန်​လာ​စေခြင်း၊ မြစ်ချောင်း​များ​ကို ရေဖြည့်​တင်း​ပေးခြင်း၊ အပင်များ​နှင့် တိရစ္ဆာန်​များ​ကို အေးခဲ​နေသည့်​အပူချိန်​မှ ကာကွယ်​ပေးခြင်း​တို့ ပြု​လုပ်ပေး​သည့်​အတွက် အရေးပါ​သည်။

၂၀။ တောင်ကြီး​တောင်​ငယ်​နှင့် သစ်ပင်​များသည် လူကို မည်သို့​အကျိုးပြု​သနည်း။

၂၀ “တောင်ကြီး၊ တောင်​ငယ်​ရှိသမျှ၊ အသီးကို​သီး​သော​အပင်၊ အာရဇ်ပင်​ရှိသမျှ” ဟု​ဆာလံ ၁၄၈:၉ က​ပြန်​ဖော်ပြ​ထား​၏။ ခံ့ညား​ထည်ဝါ​သော​တောင်ကြီး​များသည် ယေဟောဝါ​၏​မဟာ​တန်ခိုးတော်​ကို သက်သေထူ​သည်။ (ဆာလံ ၆၅:၆) ၎င်းတို့သည် လက်တွေ့ကျ​နည်းဖြင့်​လည်း အသုံးဝင်​ကြသည်။ ဆွိ​ဇာ​လ​န်​နိုင်ငံ၊ ဘန်း​မြို့ရှိ ပထဝီဝင်​တက္ကသိုလ်​မှ အစီရင်ခံစာ​တစ်စောင်​တွင် ဤသို့​ဖော်ပြ​ထား​သည်– “ကမ္ဘာ့ မြစ်ချောင်း​ကြီး​များ​အားလုံး​သည် တောင်တန်း​များ​တွင် မြစ်ဖျားခံ​ကြသည်။ ကမ္ဘာ့​လူဦးရေ​၏ ထက်ဝက်ကျော်​သည် တောင်တန်း​များ​ပေါ်​မှ စီးဆင်းလာ​သော သန့်ရှင်းသော​ရေ​ကို မှီခို​ကြ​ရသည်။ . . . ဤ ‘ရေစင်​ကြီး​များ’ သည် လူသားထု​အကျိုးအတွက် အရေးပါ​လှ​၏။” သာမန်​သစ်ပင်,ပင်​လျှင် ဖန်ဆင်း​ရှင်​၏ ဘုန်းတော်​ကို ထင်ရှားစေ​၏။ ကုလသမဂ္ဂ​ပတ်ဝန်းကျင်​ထိန်းသိမ်းရေး​အစီအစဉ်​၏ အစီရင်ခံစာ​တစ်စောင်​က အဆိုပါ​သစ်ပင်​များသည် “. . . နိုင်ငံ​တိုင်း​ရှိ လူသား​တို့၏​ကောင်းစား​ရေး​အတွက် အရေးပါ​သည်။ . . . သစ်ပင်​မျိုးစိတ်များ​စွာ​သည် သစ်သား၊ အသီး၊ အစေ့၊ အစေး​များ​အစ​ရှိသည့် ထုတ်ကုန်​များ​၏​ရင်းမြစ်​အဖြစ် အဓိက​စီးပွား​ဖြစ်နေ​ပါ​သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ လူ ၂ ဘီလီယံ​သည် ချက်ပြုတ်ရေး​နှင့် လောင်စာ​အတွက် ထင်း​ကို​အသုံးပြု​နေကြ​ရသည်။

၂၁။ သာမန်​သစ်​ရွက်​တစ်​ရွက်​သည် ပုံစံ​ပြု​ရှင်​ရှိကြောင်း ဖော်ပြ​သည်ကို ရှင်းပြပါ။

၂၁ ဉာဏ်ပညာ​ရှင်​ဖန်ဆင်း​သခင်​ရှိကြောင်း သစ်ပင်​၏​ပုံစံ​က သက်သေထူ​သည်။ သာမန်​သစ်​ရွက်​တစ်​ရွက်​ကို သုံးသပ်ကြည့်​ပါ။ သစ်​ရွက်​၏ ဖယောင်း​သဖွယ် ပြင်ပ​အလွှာ​သည် ၎င်းကို မ​နွမ်းခြောက်​စေပါ။ အပေါ်ပိုင်း​အလွှာ​အောက်တွင် ကလို​ရို​ပ​လ​ပ်စ်​ခေါ် ဆဲလ်​များ​ရှိသည်။ ယင်း​တို့​တွင် အလင်း​စွမ်းအင်​ကို စုပ်ယူ​ပေး​သည့် ကလို​ရိုဖီးလ်​ပါရှိ​သည်။ နေ​ရော​င်​ဖြင့်​အာဟာရ​စုစည်း​ခြင်း​ဟု​ခေါ်​သော ဖြစ်​စဉ်​အားဖြင့် သစ်​ရွက်​များသည် “အစားအစာ​ထုတ်လုပ်သည့်​စက်ရုံ​များ” ဖြစ်လာ​လေ​သည်။ သစ်​မြစ်များ​မှ​တစ်ဆင့် စုပ်ယူ​သော​ရေ​ကို ရှုပ်ထွေး​လှ​သည့် “ရေပိုက်​ဆက်သွယ်မှု​စနစ်” ဖြင့် သစ်​ရွက်​များ​သို့ သွယ်​ယူ​ပို့​ဆောင်ပေး​သည်။ သစ်​ရွက်​၏​အတွင်းပိုင်း​တွင်​ရှိ (စ​တို​မာ​တာ​ဟု​ခေါ်​သော) အလွန်​တ​ရာ​သေးငယ်​သည့် ထောင်နှင့်ချီ​သော ဖွင့်​ပိတ်​လျက်​ရှိသည့် “အ​ဆို့​ရှင်​များ” က ကာဗွန်​ဒို​င်​အောက်​ဆို​ဒ်​ကို စုပ်ယူ​သည်။ အလင်း​မှ​ရသည့် စွမ်းအင်​ဖြင့် ရေ​နှင့်​ကာဗွန်​ဒို​င်​အောက်​ဆို​ဒ်​တို့ကို ပေါင်းစပ်​လိုက်​ရာ ကာဗွန်​ဟိုက်​ဒြိတ်​ဓာတ်​ပေါင်း ထုတ်လုပ်​လေ​သည်။ ဤ​တွင် အပင်​သည် မိမိ​ဘာသာ​ထုတ်လုပ်​သော အစာကို စားသုံး​နိုင်​ပေ​သည်။ သို့​တိုင် ဤ “စက်ရုံ” သည်​တိတ်ဆိတ်​ညင်သာ​၍ လှပ​နေ​၏။ လေထု​ညစ်ညမ်း​စေ​မည့်​အစား ဘေးထွက်​ပစ္စည်း​အဖြစ် အောက်ဆီဂျင်ကို ထုတ်လွှတ်​ပေး​သည်!

၂၂၊ ၂၃။ (က) တချို့သော ကျေးငှက်​များနှင့် ကုန်း​သတ္တဝါများ​တွင် အဘယ်​အံ့ဖွယ်​စွမ်းပကား​များ ရှိ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် နောက်ထပ် အဘယ်​မေးခွန်းများကို သုံးသပ်​ဖို့ လို​သေး​သနည်း။

၂၂ “သားရဲ​နှင့်​သားယဉ်​အပေါင်း၊ တွား​တတ်သော​တိရစ္ဆာန်​နှင့် ပျံ​တတ်သော​ငှက်” တို့​ဟု​ဆာလံ ၁၄၈:၁၀ က​ဆို​သည်။ ကုန်း​သတ္တဝါများ​နှင့် လေ​သတ္တဝါများ​သည် အံ့ဖွယ်​စွမ်းပကား​များ​ကို ဖော်ပြ​တတ်ကြ​သည်။ လေ​ဆဲ​န်​ပင်လယ်​စင်ရော်ငှက်​တစ်မျိုး​သည် အလွန်​ဝေးလံ​သည့်​အရပ်​အထိ ပျံသန်း​သွား​နိုင်ရာ (ဖြစ်ရပ်​တစ်ခု​တွင် ရက် ၉၀ မျှ​အတွင်း​မိုင် ၂၅,၀၀၀ ပျံသန်း​ခဲ့​သည်။) ဝေါ့​ဘ​လာ​ငှက်​တစ်မျိုး​သည် မြောက်​အမေရိက​မှ တောင်​အမေရိက​တိုက်​အထိ နာရီ ၈၀ ကျော် မနားတမ်း ပျံသန်း​သည်။ ကုလားအုတ်​သည် လူအများ​ယူဆ​ခဲ့​သကဲ့သို့ ရေ​ကို​၎င်း​၏​ဘို့​ပေါ်​တွင် မဟုတ်ဘဲ အစာ​ခြေ​ချက်​ခြင်း​ဆိုင်ရာ​တွင် သိုလှောင်​ထား​ရာ ရေ​ဓာတ်​မ​ခန်းခြောက်​ဘဲ အတန်ကြာ​ခရီး​သွား​နိုင်​သည်။ ထို့​ကြောင့် အင်ဂျင်နီယာ​များသည် စက်​များနှင့် ပစ္စည်း​သစ်​များ​ကို ဒီဇိုင်း​ထုတ်လုပ်သည့်​အခါ တိရစ္ဆာန်​လောကကို သေချာ​စွာ​လေ့လာ​ကြ​ရခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။ “သင်သည် ကောင်းမွန်​စွာ​လည်ပတ်​ပြီး . . . ပတ်ဝန်းကျင်​ကို ဥပဒ်​မပြု​သည့်​အရာ​တစ်ခုခု​ကို ဆောက်လုပ်​လိုလျှင် သဘာဝ​လောက​ရှိ တစ်​နေရာ​ရာ​မှ နမူနာ​ကောင်း​တစ်ခုခု တွေ့ရှိ​နိုင်​ပေမည်” ဟု စာရေး​ဆရာမ ဂေးလ် က​လီး​ယား​က ဖော်ပြ​သည်။

၂၃ ဖန်ဆင်း​ရာ​များသည် ဘုရားသခင်​၏​ဘုန်းတော်​ကို အမှန်တကယ်​ပင် ကြား​ပြော​နေကြပါ​သည်! ကြယ်အတိ​ပြီး​သော​ကောင်းကင်​မှ​စပြီး အပင်များ​နှင့် တိရစ္ဆာန်​များ​အထိ တစ်ခု​ချင်း​စီ​သည် ယင်း​၏​ဖန်ဆင်း​ရှင်​အား ကိုယ့်​နည်း​ကိုယ့်​ဟန်​ဖြင့် ချီးမွမ်း​ကြသည်။ ကျွန်ုပ်​တို့​လူသားများ​ကော။ သဘာဝ​နှင့်​တွဲဖက်​၍ ဘုရားသခင်​အား မည်သို့​ချီးမွမ်း​ထောမနာပြု​နိုင်​မည်​နည်း။

သင်​မှတ်မိ​သလော

ဘုရားသခင်​တည်ရှိမှု​ကို ငြင်းဆန်သူ​တို့သည် အဘယ်ကြောင့် ဆင်ခြေပေး​စ​ရာ မရှိ​သနည်း။

ကြယ်​များနှင့် ဂြိုဟ်​များသည် ဘုရားသခင်​ကို မည်သို့ ချီးမွမ်း​နေကြ​သနည်း။

ပင်လယ်​နှင့် ကုန်း​သတ္တဝါများ​သည် မေတ္တာရှင်​ဖန်ဆင်း​သခင်​တစ်ပါး တည်ရှိ​ကြောင်း မည်သို့​သက်သေထူ​ကြ​သနည်း။

သက်မဲ့​သဘာဝ​စွမ်းအား​စု​များသည် ယေဟောဝါ​၏​အလိုတော်ကို မည်သို့​ဆောင်ရွက်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တွေ့ မြင်နိုင်​သည့် ကြယ်​အရေအတွက်​မှာ ဆက်​စ​တီ​လီယံ ၇၀ ရှိသည်​ဟု သိပ္ပံ​ပညာရှင်​များ ခန့်မှန်း​ကြ!

[Credit Line]

Frank Zullo

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ပုလင်းပုံ​နှုတ်သီး​ရှိ လင်းပိုင်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဆီးနှင်း​ပွင့်

[Credit Line]

snowcrystals.net

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လေ​ဆဲ​န် ပင်လယ်​စင်​ရော်​ငယ်