ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူတို့သည် ကောင်းချီးခံစားရကြ
ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူတို့သည် ကောင်းချီးခံစားရကြ
‘အိုယေဟောဝါဘုရားသခင် . . . လူမျိုးအပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ပျပ်ဝပ်၍ နာမတော်ကိုချီးမြှောက်ကြပါလိမ့်မည်။’—ဆာလံ ၈၆:၉။
၁။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် သက်မဲ့ဖန်ဆင်းရာများထက်သာလွန်စွာ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းနိုင်ကြသနည်း။
ယေဟောဝါသည် ဖန်ဆင်းရာအားလုံး၏ ချီးမွမ်းမှုကို ရထိုက်တော်မူ၏။ သက်မဲ့ဖန်ဆင်းရာများက ကိုယ်တော်အား အသံတိတ်ချီးမွမ်းနေကြသော်လည်း ကျွန်ုပ်တို့လူသားများမှာမူ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ကျေးဇူးတင်နိုင်စွမ်း၊ ဝတ်ပြုကိုးကွယ်နိုင်စွမ်းရှိကြသည်။ သို့နှင့် ဆာလံဆရာက ကျွန်ုပ်တို့ကို ဤသို့ဆိုသည်– “မြေကြီးသားအပေါင်းတို့ ဘုရားသခင့်ရှေ့တော်၌ ကျူးဧသောအသံကိုပြု၍၊ နာမတော်၏ဂုဏ်ကို သီချင်းဆိုကြလော့။ ချီးမွမ်းခြင်း၏ဂုဏ်အသရေကို ပြကြလော့။”—ဆာလံ ၆၆:၁၊ ၂။
၂။ ဘုရားသခင်၏နာမတော်ကို ချီးမွမ်းရန် မိန့်မှာချက်ကို မည်သူတို့လိုက်နာခဲ့ကြပြီနည်း၊ အဘယ်ကြောင့်နည်း။
၂ လူသားအများစုသည် ဘုရားသခင်အား အသိအမှတ်မပြု၊ ဘုန်းတော်ကို မချီးမွမ်းကြချေ။ သို့ရာတွင် နိုင်ငံပေါင်း ၂၃၅ နိုင်ငံရှိ ယေဟောဝါသက်သေ ခြောက်သန်းကျော်သည် ကိုယ်တော်၏ဖန်ဆင်းရာများ၌ ဘုရားသခင်၏ “မျက်မြင်မရသောဂုဏ်အင်္ဂါများ” တွေ့ မြင်ကြကြောင်းနှင့် ဖန်ဆင်းရာများ၏ အသံတိတ်သက်သေခံချက်ကို “ကြား” နေကြရကြောင်း ဖော်ပြကြသည်။ (ရောမ ၁:၂၀၊ ခေတ်သုံး; ဆာလံ ၁၉:၂၊ ၃) သူတို့သည် သမ္မာကျမ်းစာကို လေ့လာခြင်းဖြင့်လည်း ယေဟောဝါအား သိကျွမ်းလာကြပြီး ချစ်မြတ်နိုးလာကြ၏။ ဆာလံ ၈၆:၉၊ ၁၀ တွင် ဤသို့တင်ကြိုဖော်ပြထားသည်– “အိုထာဝရဘုရား[သခင်]၊ ဖန်ဆင်းတော်မူသောလူမျိုးအပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ပျပ်ဝပ်၍ နာမတော်ကိုချီးမြှောက်ကြပါလိမ့်မည်။ ကိုယ်တော်သည်ကြီးမြတ်၍ အံ့သြဖွယ်တို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။”
၃။ “လူအုပ်ကြီး” သည် “နေ့ညမပြတ်” မည်သို့အမှုဆောင်ကြသနည်း။
၃ ‘ဝတ်ပြုရာအိမ်တော်၌ ဘုရားသခင်ဝတ်ကို နေ့ညမပြတ်ပြု’ နေကြသည့် “လူအုပ်ကြီး” အကြောင်းကို ဗျာ. ၇:၉၊ ၁၅ က အလားတူ ဖော်ပြထားသည်။ ဘုရားသခင်သည် မိမိ၏ကျေးကျွန်များအား မနားတမ်းချီးမွမ်းကြရန် စာသားအတိုင်း တောင်းဆိုခြင်းမဟုတ်ပါ၊ သို့သော် ကိုယ်တော်အားဝတ်ပြုသူများသည် ကမ္ဘာချီအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် တချို့နိုင်ငံဒေသများတွင် ညအချိန်ဖြစ်သည့်အခါ ကမ္ဘာ့တစ်ဖက်ခြမ်းမှ ဘုရားသခင်၏ကျေးကျွန်များသည် သက်သေခံခြင်းလုပ်ငန်း၌ အလုပ်များနေကြ၏။ ထို့ကြောင့် ယေဟောဝါအား ချီးမွမ်းနေသူတို့အပေါ် ဘယ်တော့မျှနေမဝင်ဟု ဆိုနိုင်ပါသည်။ မကြာမီ “အသက်ရှိသောသူအပေါင်းတို့သည်” အသံလွှင့်၍ ယေဟောဝါအား ချီးမွမ်းကြပါလိမ့်မည်။ (ဆာလံ ၁၅၀:၆) သို့သော် ဤအချိန်အတောအတွင်း ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏ ဘုန်းတော်ကို မည်သို့ထင်ရှားစေနိုင်သနည်း။ အဘယ်စိန်ခေါ်ချက်များကို ရင်ဆိုင်ကြရမည်နည်း။ ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေသူတို့အတွက် အဘယ်ကောင်းချီးများရှိသနည်း။ အဖြေရရန် ဣသရေလလူမျိုးဖြစ်သော ဂဒ်အနွယ်အကြောင်း ကျမ်းစာမှမှတ်တမ်းတစ်ခုကို သုံးသပ်ကြည့်ကြပါစို့။
ရှေးခေတ်က စိန်ခေါ်ချက်တစ်ခု
၄။ ဂဒ်မျိုးနွယ်သည် အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသနည်း။
၄ ကတိထားရာပြည်ထဲ မဝင်မီ ဣသရေလလူမျိုးမှ ဂဒ်အမျိုးသားများသည် တိရစ္ဆာန်အတွက်စားကျက်ကောင်းသော ယော်ဒန်မြစ်အရှေ့ပိုင်း၌ အခြေချနေထိုင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ (တောလည်ရာ ၃၂:၁-၅) ထိုဒေသတွင် အခြေချနေထိုင်ရန် ဆိုးရွားသောစိန်ခေါ်ချက်များကို ရင်ဆိုင်ကြရလိမ့်မည်။ ယော်ဒန်မြစ်အနောက်ဘက်ခြမ်းရှိ မျိုးနွယ်များသည် ရန်သူများမှ သဘာဝအရံအတားဖြစ်သော ယော်ဒန်ချိုင့်ဝှမ်းရှိ၏။ (ယောရှု ၃:၁၃-၁၇) သို့ရာတွင် ယော်ဒန်မြစ်အရှေ့ပိုင်းမှ ဒေသများနှင့်ပတ်သက်၍ ဂျော့ဂျ် အယ်ဒမ်စမစ်သ်၏ သန့်ရှင်းသောမြေ၏ သမိုင်းဝင်ပထဝီဝင်စာအုပ်က ဤသို့ဆိုသည်– “ထိုနယ်မြေသည် အာရေဗျကုန်းပြင်မြင့်ကြီးပေါ်တွင် အရံအတားမရှိ ပြန့်ပြူးသည့်ဒေသဖြစ်၏။ ထို့ကြောင့် ၎င်းဒေသ၌နေထိုင်သူများသည် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေထိုင်သူတို့၏ ကျူးကျော်မှုကို ခေတ်အဆက်ဆက်ခံရပြီး နှစ်တိုင်းလိုလို စားကျက်လုခံရကြသည်။”
၅။ တိုက်ခိုက်ခံရသည့်အခါ မည်သို့တုံ့ပြန်ရန် ယာကုပ်က ဂဒ်မျိုးနွယ်များကို အားပေးခဲ့သနည်း။
၅ ဂဒ်မျိုးနွယ်သည် ထိုသို့အမြဲဖိအားပေးခံရသည့်အတွက် သူတို့အခြေအနေ မည်သို့ရှိသနည်း။ ရာစုနှစ်များစွာက ၎င်းတို့၏ဘိုးဘေးဖြစ်သူ ယာကုပ် မသေဆုံးမီလေးတွင် ဤသို့ကြိုတင်ပရောဖက်ပြုခဲ့သည်– “ဂဒ်မှာမူ တပ်သားတို့သည် သူ့ကိုတိုက်ခိုက်လုယက်လိမ့်မည်။ သူမူကား နောက်ကလိုက်၍ ပြန်တိုက်လိမ့်မည်။” (ကမ္ဘာဦး ၄၉:၁၉၊ သမ္မာ) အပေါ်ယံကြည့်လျှင် ယင်းစကားများသည် စိတ်ပျက်ဖွယ်ဖြစ်ပုံရ၏။ အမှန်မှာ ဂဒ်အမျိုးသားများအား ပြန်တိုက်ခိုက်ဖို့ မိန့်မှာနေခြင်းဖြစ်၏။ ထိုသို့ပြန်တိုက်ခိုက်သည့်အခါ ကျူးကျော်သူများသည် အရှက်တကွဲထွက်ပြေးနေကြစဉ် ဂဒ်အမျိုးသားများ သူတို့နောက် လိုက်တိုက်လိမ့်မည်ဟု ယာကုပ် အခိုင်အမာပြောခဲ့သည်။
မျက်မှောက်ခေတ်၌ ကျွန်ုပ်တို့၏ဝတ်ပြုရေးအတွက် စိန်ခေါ်ချက်များ
၆၊ ၇။ မျက်မှောက်ခေတ် ခရစ်ယာန်များ၏အခြေအနေသည် ဂဒ်မျိုးနွယ်၏အခြေအနေနှင့် မည်သို့ဆင်တူသနည်း။
၆ ဂဒ်မျိုးနွယ်ကဲ့သို့ပင် မျက်မှောက်ခေတ်ခရစ်ယာန်များသည်လည်း စာတန့်စနစ်၏ ဖိအားပေးမှုများကိုကြုံနေကြရပြီး ဝန်ထုပ်ဝန်ပိုးများ ထမ်းနေကြရသည်; ယင်းတို့ကိုဆိုင်ပြိုင်တွန်းလှန်ရန် ကျွန်ုပ်တို့ကို အံ့ဖွယ်နည်းဖြင့်ကာကွယ်ပေးသည့်အရာ အဘယ်အရာမျှမရှိချေ။ (ယောဘ ၁:၁၀-၁၂) ကျွန်ုပ်တို့အများစုသည် ကျောင်းတက်ရခြင်း၊ ဝမ်းစာရှာရခြင်း၊ သားသမီးမွေးမြူခြင်းနှင့်ဆိုင်သော ဖိအားပေးမှုများကို ရင်ဆိုင်နေကြရမည်။ ကိုယ်ရေးကိုယ်တာ၊ သို့မဟုတ် အတွင်းစိတ်၏ ဖိအားပေးမှုများကိုလည်း ထည့်တွက်ရဦးမည်။ တချို့ဆိုလျှင် ကိုယ်အင်္ဂါချို့တဲ့မှုတစ်မျိုးမျိုး၊ ဖျားနာမှုတစ်ခုခုကြောင့် “ကိုယ်၌စူးသောဆူး” ဒဏ်ကို ခံနေကြရမည်။ (၂ ကောရိန္သု ၁၂:၇-၁၀) အခြားသူများမှာမူ မိမိသည် တန်ဖိုးမရှိဟူသည့် ခံစားချက်မျိုး ရှိနေပေမည်။ အိုမင်းမှု၏ “ဆိုးသောကာလ” ရောက်လာသောကြောင့် ယေဟောဝါ၏အမှုတော်ကို တစ်ချိန်က အားကြိုးမာန်တက် ထမ်းဆောင်နိုင်ခဲ့သလောက် မထမ်းဆောင်နိုင်တော့ဘဲဖြစ်ပေမည်။—ဒေ. ၁၂:၁။
၇ “ငါတို့သည် . . . မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် . . . ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ဟုတမန်တော်ပေါလု သတိပေးထားသေးသည်။ (ဧဖက် ၆:၁၂) စာတန်နှင့် နတ်ဆိုးများ မြေတောင်မြှောက်ပေးသည့် “လောကဝိညာဉ်၊” ပုန်ကန်လိုသည့်စိတ်နှင့် အကျင့်ယိုယွင်းမှုတို့ကို ကျွန်ုပ်တို့ မပြတ်တမ်းတွေ့ကြုံရင်ဆိုင်နေကြရသည်။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂၊ ၃) ဘုရားသခင်ကို ကြောက်ရွံ့သည့် လောတကဲ့သို့ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူတို့ပြောဆိုလုပ်ဆောင်နေကြသည့် ယုတ်ညံ့သောအမှုများကြောင့် စိတ်ဆင်းရဲနေရကြပေမည်။ (၂ ပေတရု ၂:၇) ထို့အပြင် စာတန်၏တိုက်ရိုက်တိုက်ခိုက်မှုကိုလည်း ခံနေကြရသည်။ စာတန်သည် “ဘုရားသခင်၏ပညတ်တော်တို့ကို ကျင့်၍၊ ယေရှု၏သက်သေခံတော်မူချက်ကိုစွဲလမ်းသော” ဝိညာဉ်တော်ဖွားအကြွင်းအကျန်ကို မီးကုန်ယမ်းကုန်တိုက်ခိုက်နေ၏။ (ဗျာ. ၁၂:၁၇) ယေရှု၏ “အခြားသိုး” သည်လည်း ပိတ်ပင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုအသွင်ဖြင့် စာတန်၏တိုက်ခိုက်မှုကို ခံနေကြရသည်။—ယောဟန် ၁၀:၁၆။
အလျှော့ပေးမည်လော၊ ပြန်တိုက်မည်လော
၈။ စာတန်၏တိုက်ခိုက်မှုများကို မည်သို့တုံ့ပြန်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၈ စာတန်၏တိုက်ခိုက်မှုများကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။ ရှေးခေတ်ဂဒ်မျိုးနွယ်ကဲ့သို့ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် သန်မာပြီး ဘုရားသခင်၏လမ်းညွှန်ချက်များနှင့်အညီ ပြန်တိုက်ကြရမည်။ ဝမ်းနည်းစရာကား တချို့သည် မိမိတို့၏ဝိညာဉ်ရေးတာဝန်များကို လျစ်လျူရှုကာ ဖိအားပေးမှုများကို အလျှော့ပေးစပြုလာကြပြီဖြစ်သည်။ (မဿဲ ၁၃:၂၀-၂၂) သက်သေခံတစ်ဦးက သူ၏အသင်းတော်တွင် အစည်းအဝေးတက်ရောက်သူအရေအတွက် လျော့သွားခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ညီအစ်ကိုတွေ မောနေကြပြီ။ သူတို့ ဖိအားပေးမှုဒဏ် မခံနိုင်ကြတော့ဘူး။” မှန်ပါသည်၊ ယနေ့လူတို့ မောပန်းနွမ်းလျစရာအကြောင်း များစွာရှိ၏။ ထို့ကြောင့် ဘုရားသခင်၏ဝတ်ပြုရေးကို ဝန်လေး၍ပင်ပန်းစရာ၊ ဖိအားပေးမှုတစ်ခုအဖြစ်ယူမှတ်ရန် လွယ်ကူလာပေသည်။ သို့သော် ယင်းသည် ကောင်းမွန်သော၊ မှန်ကန်သော သဘောထားလော။
၉။ ခရစ်တော်၏ထမ်းပိုးကို ထမ်းခြင်းသည် မည်သို့လန်းဆန်းမှုဖြစ်စေသနည်း။
၉ ဘဝ၏ဖိစီးမှုများကြောင့် အလားတူနွမ်းလျနေကြသည့် မိမိခေတ်မှလူအုပ်အား ယေရှုမိန့်ဆိုခဲ့သည့်စကားကို သုံးသပ်ကြည့်ပါ– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။” ဘုရားသခင့်အမှုတော်ဆောင်ခြင်းကို လျှော့လိုက်ခြင်းအားဖြင့် လန်းဆန်းမှုရမည်ဟု ယေရှုဆိုခဲ့ပါသလော။ ထိုသို့ဆိုမည့်အစား ယေရှုက “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။ ထမ်းပိုးဟူသည် လေးလံသောဝန်ထုပ်တစ်ခုကို လူတစ်ဦး သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အား ထမ်းနိုင်စေသည့် သစ်သား သို့မဟုတ် သံဘောင်တစ်ခုဖြစ်သည်။ သို့ဆိုလျှင် အဆိုပါထမ်းပိုးမျိုးကို အဘယ်ကြောင့် ထမ်းလိုမည်နည်း။ ကျွန်ုပ်တို့ “ဝန်လေး” ပြီးဖြစ်နေကြပြီမဟုတ်လော။ မှန်ပါသည်၊ သို့သော် ဂရိဘာသာဖြင့် ဤသို့လည်းဖတ်နိုင်သည်– “ငါ၏ထမ်းပိုးကို ငါနှင့်အတူ ထမ်းကြလော့။” စဉ်းစားကြည့်ပါ– ကျွန်ုပ်တို့၏ဝန်ကို ကူထမ်းမည်ဟု ယေရှုပြောဆိုနေလေပြီ! ကိုယ့်ခွန်အားဖြင့် ကိုယ်ထမ်းစရာမလိုချေ။—မဿဲ ၉:၃၆; ၁၁:၂၈၊ ၂၉၊ အောက်ခြေမှတ်ချက်; ၂ ကောရိန္သု ၄:၇။
၁၀။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန် ကျွန်ုပ်တို့ကြိုးစားအားထုတ်မှုမှ အဘယ်အကျိုးရလဒ်များ ရရှိသနည်း။
၁၀ တပည့်ဖြစ်ခြင်းထမ်းပိုးကို ကျွန်ုပ်တို့ထမ်းရွက်လိုက်သည်နှင့် စာတန်ကို ကျွန်ုပ်တို့တိုက်ခိုက်ကြရတော့သည်။ “[စာတန်]ကိုဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံကပြေးသွားလိမ့်မည်” ဟုယာကုပ် ၄:၇ တွင်ကတိပြုထားသည်။ ထိုသို့ပြုခြင်းသည် လွယ်ကူမည်မဟုတ်ပါ။ ဘုရားသခင်၏အမှုတော်ထမ်းခြင်းတွင် အတော်အတန်ကြိုးစားအားထုတ်မှုရှိဖို့လိုသည်။ (လုကာ ၁၃:၂၄) သို့သော် ဆာလံ ၁၂၆:၅ တွင် ဤသို့ကတိပြုထားသည်– “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။” မှန်ပါသည်၊ ကျေးဇူးမတင်တတ်သော ဘုရားသခင်အား ကျွန်ုပ်တို့ဝတ်ပြုနေကြသည်မဟုတ်။ ကိုယ်တော်သည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” ပြီး ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေသူတို့အား ကောင်းချီးပေးတော်မူ၏။—ဟေဗြဲ ၁၁:၆။
ဘုရားသခင့်နိုင်ငံတော် ဟောပြောသူများအဖြစ် ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းခြင်း
၁၁။ လယ်ကွင်းဓမ္မအမှုသည် စာတန့်တိုက်ခိုက်မှုများမှ မည်သို့ကာကွယ်ပေးသနည်း။
၁၁ ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေ . . . ကြလော့” ဟုမိန့်မှာခဲ့သည်။ ဟောပြောခြင်းလုပ်ငန်းသည် “ချီးမွမ်းခြင်းယဇ်” ကိုဘုရားသခင်ထံ ပူဇော်သည့် အဓိကနည်းလမ်းဖြစ်သည်။ (မဿဲ ၂၈:၁၉; ဟေဗြဲ ၁၃:၁၅) “ငြိမ်သက်ခြင်းနှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်” ထားခြင်းသည် စာတန်၏တိုက်ခိုက်မှုများကို ခုခံကာကွယ်ရာတွင် မရှိမဖြစ်ဝတ်ဆင်ထားရသော “လက်နက်စုံ” တွင်ပါဝင်သည်။ (ဧဖက် ၆:၁၁-၁၅) လယ်ကွင်းဓမ္မအမှုတွင် ဘုရားသခင်အား ချီးမွမ်းခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဖြည့်တင်းပေးသည့် နည်းလမ်းကောင်းတစ်ခုဖြစ်၏။ (၂ ကောရိန္သု ၄:၁၃) သို့ပြုခြင်းဖြင့် အပျက်သဘောထားများ မရှိစေရန် ကူညီပေးသည်။ (ဖိလိပ္ပိ ၄:၈) လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ခြင်းဖြင့် ဝတ်ပြုသူချင်းများနှင့် ဆောက်တည်မှုရှိရှိပေါင်းသင်းစေသည်။
၁၂၊ ၁၃။ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်ပါဝင်ခြင်းသည် မိသားစုများကို မည်သို့အကျိုးပြုနိုင်သနည်း။ ဖော်ပြပါ။
၁၂ ဟောပြောခြင်းလုပ်ငန်းသည် မိသားစုလိုက် ဆောင်ရွက်နိုင်သော အကျိုးပြုလုပ်ငန်းတစ်ခုလည်း ဖြစ်နိုင်သည်။ လူငယ်များသည် ဟန်ချက်ညီသည့် အပန်းဖြေမှုလိုအပ်သည်မှာ မှန်ပါသည်။ သို့ရာတွင် လယ်ကွင်းဓမ္မအမှု၌ မိသားစုလိုက်ပါဝင်ခြင်းသည် ငြီးငွေ့စရာအလုပ်တစ်ခု ဖြစ်စရာမလိုပါ။ မိဘများသည် သားသမီးများအား ခရစ်ယာန်ဓမ္မအမှုတွင် ထိထိရောက်ရောက်ဟောပြောတတ်သူများ ဖြစ်လာစေရန် လေ့ကျင့်ပေးခြင်းဖြင့် ယင်းလုပ်ငန်းကို ပို၍ပျော်ရွှင်စရာဖြစ်စေနိုင်သည်။ လူငယ်များသည် မိမိတို့ကောင်းစွာလုပ်ကိုင်နိုင်သည့် အလုပ်မှ ပျော်ရွှင်မှုရတတ်ကြသည်မဟုတ်လော။ မိဘများသည် လူငယ်များထံမှ သူတို့တတ်နိုင်သည်ထက် မတောင်းဆိုဘဲ မျှတသည့်သဘောပြခြင်းဖြင့် ဓမ္မအမှုတွင် သူတို့ကိုရွှင်လန်းမှုရရှိစေနိုင်သည်။—ကမ္ဘာဦး ၃၃:၁၃၊ ၁၄။
၁၃ ထို့အပြင် ဘုရားသခင်ကို အတူတကွ ချီးမွမ်းသည့်မိသားစုသည် ရင်းနှီးမှုနှောင်ကြိုးကိုဖြစ်စေသည်။ မယုံကြည်သူခင်ပွန်းသည်က စွန့်ပစ်ထား၍ သားသမီးငါးဦးနှင့် ကျန်ရစ်ခဲ့သူ ညီအစ်မတစ်ဦးကို သုံးသပ်ကြည့်ပါ။ သူသည် သားသမီးများကို ကျွေးမွေးပြုစုရန် အလုပ်ဝင်လုပ်ခဲ့ရသည်။ သားသမီးများ၏ဝိညာဉ်ရေးကို လျစ်လျူရှုသည့်အထိ သူအလုပ်များလွန်းခဲ့သလော။ သူ ဤသို့ပြန်ပြောပြသည်– “ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို ဝီရိယရှိရှိ ကျွန်မလေ့လာပြီး ဖတ်ခဲ့သမျှကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားခဲ့တယ်။ သားသမီးတွေကို အစည်းအဝေးတွေနဲ့ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုမှာပါဝင်ဖို့ မှန်မှန်ခေါ်သွားတယ်။ ကျွန်မကြိုးစားခဲ့တဲ့ရလဒ်က ဘာလဲ။ သားသမီးငါးယောက်စလုံး နှစ်ခြင်းခံပြီးကြပြီ။” ဓမ္မအမှုတွင် အပြည့်အဝပါဝင်ခြင်းက သင့်သားသမီးများကို ‘ယေဟောဝါ၏အလိုတော်နှင့်အညီ ဆုံးမသွန်သင်’ ရန် သင့်ကြိုးစားအားထုတ်မှုများကို ထောက်ကူပေးပါလိမ့်မည်။—ဧဖက် ၆:၄။
၁၄။ (က) လူငယ်များသည် ကျောင်းတွင် ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ထင်ရှားစေနိုင်သနည်း။ (ခ) ‘သတင်းကောင်းကြောင့် ရှက်ကြောက်ခြင်း’ မရှိစေရန် လူငယ်များကို အဘယ်အရာက ကူညီပေးနိုင်သနည်း။
၁၄ လူငယ်တို့၊ ဥပဒေက ခွင့်ပြုသည့်တိုင်းပြည်တွင် သင်တို့နေထိုင်သည်ဆိုလျှင် ကျောင်းတွင် သက်သေခံခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသလော၊ သို့မဟုတ် လူကိုကြောက်စိတ်က သင့်ကို ဟန့်တားသလော။ (သု. ၂၉:၂၅) ပွာတီရီကိုမှ ၁၃ နှစ်အရွယ် သက်သေခံတစ်ဦးက ဤသို့စာရေးသည်– “ဒါဟာ အမှန်တရားပဲလို့ သိထားတဲ့အတွက် ကျောင်းမှာ ဟောပြောဖို့မရှက်ဘူး။ အတန်းထဲမှာ လက်ထောင်ပြီး ကျမ်းစာကနေ သိခဲ့တာတွေကို အမြဲတမ်းပြောပြတယ်။ အားတဲ့အချိန်မှာ စာကြည့်တိုက်သွားပြီး လူငယ်များအမေးစာအုပ်ကို ကျွန်မဖတ်တယ်။” * သူ၏ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးခဲ့သလော။ သူ ဤသို့ပြောပြ၏– “တစ်ခါတလေ ကျွန်မရဲ့အတန်းဖော်တွေက မေးခွန်းတွေမေးကြတယ်၊ စာအုပ်တောင် တောင်းကြည့်တယ်။” ဤသို့မပြုဘဲ သင်တွန့်ဆုတ်နေမည်ဆိုလျှင် သင်သည် ဝီရိယရှိရှိ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ပြီး “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်” ကား အဘယ်အရာဖြစ်ကြောင်း အတိအကျသိရှိလာဖို့လိုပေမည်။ (ရောမ ၁၂:၂) သင်သိရှိလာသည့်အရာသည် အမှန်တရားပင်ဖြစ်ကြောင်း ယုံကြည်စိတ်ချပြီဆိုလျှင် ‘သတင်းကောင်းကြောင့်’ ဘယ်တော့မျှ “ရှက်ကြောက်” တော့မည်မဟုတ်ချေ။—ရောမ ၁:၁၆။
လုပ်ငန်းတော် ‘တံခါး’ တစ်ခု
၁၅၊ ၁၆။ အဘယ် ‘ကြီးစွာသော[လုပ်ငန်းတော်]တံခါးထဲ ခရစ်ယာန်အချို့ ဝင်ရောက်ခဲ့ပြီနည်း၊ အဘယ်ကောင်းချီးများ ခံစားခဲ့ရပြီနည်း။
၁၅ တမန်တော်ပေါလုက မိမိအတွက် “အလွန်ကြီးစွာသော [လုပ်ငန်းတော်] တံခါး” ပွင့်လျက်ရှိသည်ဟု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၆:၉) သင့်အခြေအနေများက သင့်အား လုပ်ငန်းတော်တံခါး တစ်ခုခုထဲဝင်ခွင့်ပြုပါသလော။ မှန်မှန် သို့မဟုတ် အရန်ရှေ့ဆောင်လုပ်ငန်း၌ သင်ပါဝင်မည်ဆိုလျှင် ဟောပြောခြင်းလုပ်ငန်းတွင် တစ်လလျှင် နာရီ ၇၀ သို့မဟုတ် ၅၀ ပါဝင်ဖို့လိုမည်။ ရှေ့ဆောင်များ၏ သစ္စာရှိလုပ်ဆောင်မှုအတွက် ခရစ်ယာန်ချင်းများက သူတို့ကို တန်ဖိုးထားလေးမြတ်ကြသည်။ သို့သော် သူတို့သည် ဓမ္မအမှုတွင် အချိန်ပို၍ပါဝင်ကြသည့်အတွက် အခြားညီအစ်ကိုညီအစ်မများထက် ထူးကဲသည်မဟုတ်ပါ။ ယင်းအစား ယေရှုအားပေးခဲ့သည့် ဤသဘောထားမျိုးကို သူတို့မွေးမြူရန် ကြိုးစားကြသည်– “ငါတို့သည်သခင်၌ ကျေးဇူးပြုသောအစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်။”—လုကာ ၁၇:၁၀။
၁၆ ရှေ့ဆောင်လုပ်ငန်း၌ပါဝင်ရန် ကိုယ့်ကိုယ်ကိုပဲ့ပြင်ဖို့၊ ကိုယ်ရေးကိုယ်တာကိစ္စတို့ကို အစီအစဉ်စနစ်တကျပြုလုပ်ဖို့နှင့် ကိုယ်ကျိုးစွန့်ဖို့လိုသည်။ သို့သော် ရရှိသည့်ကောင်းချီးများသည် လုပ်ကိုင်ရကျိုးနပ်၏။ “ဘုရားသခင်ရဲ့ နှုတ်[မြွက်]တော်ကို မှန်ကန်စွာကိုင်တွယ်နိုင်ခြင်းက တကယ့်ကောင်းချီးတစ်ခုပါပဲ” ဟု တာမီကာအမည်ရှိ ရှေ့ဆောင်လူငယ်တစ်ဦးက ပြောသည်။ “ရှေ့ဆောင်လုပ်တဲ့အခါ ကျမ်းစာကို များများအသုံးပြုရတယ်။ ကျွန်မ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ အိမ်ရှင်တစ်ဦးစီနဲ့သင့်တော်မယ့် ကျမ်းချက်တွေကို အခုစဉ်းစားတတ်ပြီ။” (၂ တိမောသေ ၂:၁၅) မိုက်ကာအမည်ရှိ ရှေ့ဆောင်တစ်ဦးက “လူ့အသက်တာကို အမှန်တရားက ဘယ်လောက် အကျိုးပြုနိုင်တယ်ဆိုတာကို တွေ့မြင်ရတာ တကယ့်ကောင်းချီးတစ်ခုပဲ” ဟုဆိုသည်။ မက်သယူးအမည်ရှိ လူငယ်တစ်ဦးကလည်း “အမှန်တရားထဲ တစ်ယောက်ယောက်ဝင်လာတာကို တွေ့ မြင်ရတဲ့” ရွှင်လန်းမှုကို အလားတူဖော်ပြခဲ့တယ်။ “ဘယ်လိုရွှင်လန်းမှုမျိုးနဲ့မှ အစားထိုးလို့မရဘူး။”
၁၇။ ရှေ့ဆောင်လုပ်ခြင်းနှင့်ပတ်သက်၍ အပျက်သဘောကို ခရစ်ယာန်တစ်ဦး မည်သို့အောင်မြင်ခဲ့သနည်း။
၁၇ ရှေ့ဆောင်လုပ်ငန်းတံခါးထဲ ဝင်ရန် သင်စဉ်းစားကြည့်နိုင်မည်လော။ သင်ဝင်လိုစိတ်ရှိမည်ဖြစ်သော်လည်း အရည်အချင်းမရှိဟု ခံစားနေရပေမည်။ “ရှေ့ဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွန်မ အပျက်သဘောရှိခဲ့တာ” ဟူ ကဲန်ယာတာအမည်ရှိ ညီအစ်မငယ်တစ်ဦး ပြောပြသည်။ “ကျွန်မမှာ အရည်အချင်းမရှိဘူးလို့ ခံယူခဲ့တယ်။ နိဒါန်းတွေ ဘယ်လိုပျိုးရမှန်း၊ ကျမ်းချက်တွေကို ဘယ်လိုကျိုးကြောင်းဆင်ခြင်ရမှန်း မသိခဲ့ဘူး။” သို့ရာတွင် အကြီးအကဲများက ရင့်ကျက်သောရှေ့ဆောင်ညီအစ်မတစ်ဦးအား သူနှင့်အတူ တွဲအမှုဆောင်ရန် စီစဉ်ပေးခဲ့ကြသည်။ ကဲန်ယာတာက “သူနဲ့အတူ တွဲအမှုဆောင်ရတာ ပျော်စရာပဲ။ ဒါနဲ့ပဲ ကျွန်မ ရှေ့ဆောင်လုပ်ချင်လာတော့တယ်” ဟုပြောပြသည်။ အသင်လည်း အားပေးမှုနှင့် လေ့ကျင့်ပေးမှုရလျှင် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်လို ပေမည်။
၁၈။ ခရစ်ယာန်သာသနာပြုလုပ်ငန်းထမ်းဆောင်သူတို့ အဘယ်ကောင်းချီးများ ခံစားနိုင်စရာရှိသနည်း။
၁၈ ရှေ့ဆောင်လုပ်ငန်းမှ တခြားလုပ်ငန်းတော်အခွင့်ထူးများ ရရှိလာပေမည်။ သာဓကအနေနှင့် စုံတွဲတချို့သည် နိုင်ငံရပ်ခြားတစ်နေရာရာတွင် သွားရောက်ဟောပြောနိုင်ရန် ခရစ်ယာန်သာသနာပြုသင်တန်းတက်ဖို့ အရည်အချင်းပြည့်မီလာကြပေမည်။ ခရစ်ယာန်သာသနာပြုများသည် နိုင်ငံအသစ်တစ်ခုတွင် အလိုက်သင့်ပြုပြင်ပြောင်းလဲရ၏၊ ဘာသာစကားအသစ်၊ ယဉ်ကျေးမှုအသစ်ကို သင်ယူရ၏၊ အစားအစာအသစ်တို့ကို စားတတ်လာရ၏။ သို့သော် ရရှိသည့်ကောင်းချီးများသည် အဆိုပါအဆင်မပြေမှုများကို အသေးအဖွဲဖြစ်စေပါသည်။
မက္ကဆီကိုနိုင်ငံမှ ဝါရင့်ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်သူ မီလ်ဒရက်က ဤသို့ပြောပြသည်– “ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာကို တစ်ခါမှ ဝမ်းမနည်းခဲ့ဖူးဘူး။ ကလေးဘဝကတည်းက ကျွန်မ သာသနာပြုဖြစ်ချင်ခဲ့တာ။” အဘယ်ကောင်းချီးများကို သူခံစားခဲ့ရပြီနည်း။ “ကျွန်မရဲ့ဇာတိမြေမှာ ကျမ်းစာသင်အံမှုရဖို့ မလွယ်ဘူး။ ဒီမှာတော့ ကျမ်းစာသင်သားလေးယောက်ကို လယ်ကွင်းလုပ်ငန်းမှာ တစ်ချိန်တည်း စပါဝင်ဖို့ ကူညီပေးခွင့်ရတယ်။!”၁၉၊ ၂၀။ ဗေသလလုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာလုပ်ငန်းနှင့် ဓမ္မအမှုလေ့ကျင့်ရေးကျောင်းတို့သည် လူများစွာအား အဘယ်ကောင်းချီးများ ခံစားစေခဲ့ပြီနည်း။
၁၉ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးများရှိ ဗေသလလုပ်ငန်းတွင် အမှုထမ်းနေကြသူတို့သည်လည်း ကြွယ်ဝသောကောင်းချီးများ ခံစားနေကြရသည်။ ဂျာမနီနိုင်ငံတွင် အမှုထမ်းနေသော လူငယ်ညီအစ်ကို စဗဲန်က သူ၏ဗေသလလုပ်ငန်းနှင့်ပတ်သက်၍ ဤသို့ပြောပြသည်– “တည်မြဲတဲ့တန်ဖိုးရှိလုပ်ငန်းကို ကျွန်တော်လုပ်ကိုင်နေရတယ်လို့ ယူဆတယ်။ ကျွန်တော်ကျွမ်းကျင်တဲ့အလုပ်ကို ဒီလောကမှာ အသုံးချနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ဒေဝါလီခံတော့မယ့် ဘဏ်မှာ ငွေစုနေတာနဲ့ပဲတူတယ်။” မှန်ပါသည်၊ လစာမဲ့စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် အမှုဆောင်ဖို့ အတော်ကိုယ်ကျိုးစွန့်ရသည်။ သို့သော် စဗဲန်က ဤသို့ဆိုသည်– “အိမ်ပြန်ရောက်သွားတဲ့အခါ တစ်နေ့လုံးလုပ်ကိုင်ခဲ့တာတွေဟာ ယေဟောဝါအတွက်လို့ သိရတယ်။ အဲဒီအသိစိတ်က တကယ့်ကိုပျော်ရွှင်စရာကောင်းတယ်။”
၂၀ ညီအစ်ကိုတချို့သည် နိုင်ငံရပ်ခြားရှိ ဌာနခွဲဆောက်လုပ်ရေး အပြည်ပြည်ဆိုင်ရာလုပ်ငန်းတော်တွင် ပါဝင်ရသည့် ကောင်းချီးကို ခံစားနေကြရသည်။ နိုင်ငံခြားတွင် ရှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့သည့် စုံတွဲတစ်တွဲက ဤသို့ရေးသားခဲ့သည်– “ဒီမှာရှိတဲ့ ညီအစ်ကိုတွေဟာ သိပ်ချစ်စရာကောင်းတယ်။ သူတို့နဲ့ခွဲခွာရမှာကိုစဉ်းစားပြီး ဝမ်းနည်းတယ်၊ ဒါနဲ့ဆိုရင် ‘ဝမ်းနည်းကြေကွဲ’ ရတာ ရှစ်ကြိမ်မြောက်ပဲ။ တကယ်ထူးခြားတဲ့ အတွေ့အကြုံပဲ!” ထို့အပြင် ဓမ္မအမှုလေ့ကျင့်ရေးကျောင်းလည်းရှိသေး၏။ ထိုတွင်အရည်အချင်းပြည့်မီသော တစ်ကိုယ်ရေညီအစ်ကိုများ ဝိညာဉ်ရေးလေ့ကျင့်မှုရရှိသည်။ ကျောင်းဆင်းတစ်ဦးက ဤသို့ရေးသားခဲ့သည်– “သိပ်ကောင်းတဲ့ ဒီကျောင်းကို တက်ခွင့်ရတဲ့အတွက် ဘယ်လိုကျေးဇူးတင်စကားပြောရမှန်း မသိဘူး။ တခြားဘယ်အဖွဲ့အစည်းက အဲသလောက် ကြိုးစားပြီး လေ့ကျင့်ပေးမှာလဲ။”
၂၁။ ဘုရားသခင့်လုပ်ငန်းတော်တွင် ခရစ်ယာန်အားလုံး အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ရသနည်း။
၂၁ မှန်ပါသည်၊ လုပ်ငန်းတော်တံခါးများစွာ ပွင့်လျက်ရှိ၏။ ကျွန်ုပ်တို့အများစုသည် ဗေသလတွင်ဖြစ်စေ၊ နိုင်ငံခြားရပ်ခြားတွင်ဖြစ်စေ အမှုထမ်းဆောင်ခွင့် ရရှိမည် မဟုတ်ပါ။ ခရစ်ယာန်များသည် အခြေအနေအမျိုးမျိုးကြောင့် “အသီး” သီးသည့်ပမာဏချင်းတူကြမည် မဟုတ်ကြောင်း ယေရှုကိုယ်တိုင် အသိအမှတ်ပြုခဲ့သည်။ (မဿဲ ၁၃:၂၃) သို့ဖြစ်၍ ခရစ်ယာန်များအဖြစ် ကျွန်ုပ်တို့၏စိန်ခေါ်ချက်မှာ အခြေအနေပေးသလောက် ယေဟောဝါ၏အမှုတော်တွင် အတတ်နိုင်ဆုံး အပြည့်အဝပါဝင်ရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်သည့်အခါ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားနေစေကြသဖြင့် ကိုယ်တော်၏စိတ်တော်နှင့်တွေ့ကြောင်း စိတ်ချနိုင်သည်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သက်ကြီးရွယ်အို ညီအစ်မအက်သဲလ်အကြောင်း သုံးသပ်ကြည့်ပါ။ သူသည် အခြားလူနာများကို မှန်မှန်သက်သေခံသည်၊ တယ်လီဖုန်းဖြင့်လည်း သက်သေခံသည်။ များစွာမစွမ်းဆောင်နိုင်သော်လည်း လုပ်ငန်းတော်တွင် စိုးလ်အကြွင်းမဲ့ သူပါဝင်လျက်ရှိသည်။—မဿဲ ၂၂:၃၇။
၂၂။ (က) ကျွန်ုပ်တို့သည် နောက်ထပ်အဘယ်နည်းများဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်သနည်း။ (ခ) အဘယ် အလွန်ပျော်စရာကောင်းသောအချိန်ကို စောင့်မျှော်နိုင်သနည်း။
၂၂ ဟောပြောခြင်းသည် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေသည့် နည်းတစ်နည်းမျှဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်စဉ်၊ ကျောင်းတက်စဉ်၊ အိမ်တွင်ရှိစဉ် ကျွန်ုပ်တို့၏အမူအကျင့်နှင့် အသွင်အပြင်တို့ကို ဂရုစိုက်ခြင်းဖြင့် ယေဟောဝါ၏စိတ်တော်ကို ရွှင်ပြုံးစေနိုင်ကြသည်။ (သု. ၂၇:၁၁) နယပုံပြင် ၂၈:၂၀ တွင် ဤသို့ကတိပြုသည်– “[တည်ကြည်]သောသူသည် ကောင်းချီးမင်္ဂလာနှင့်ကြွယ်ဝလိမ့်မည်။” ထို့ကြောင့် ကောင်းချီးကြွယ်ဝစွာရိတ်သိမ်းနိုင်မည်အကြောင်း ဘုရားသခင့်လုပ်ငန်းတော်တွင် ‘များစွာကြဲ’ သင့်၏။ (၂ ကောရိန္သု ၉:၆) ဤသို့ပြုခြင်းဖြင့် “အသက်ရှိသောသူအပေါင်းတို့သည်” ယေဟောဝါရသင့်ရထိုက်တော်မူသည့် ဘုန်းကို ထင်ရှားစေကြမည့် အလွန်ပျော်ရွှင်စရာကောင်းသော ထိုအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်ခွင့် ရရှိကြပါလိမ့်မည်!—ဆာလံ ၁၅၀:၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ကို ယေဟောဝါသက်သေများထုတ်ဝေ။
သင်မှတ်မိသလော
• ဘုရားသခင့်လူမျိုးသည် ယေဟောဝါ၏အမှုတော်ကို “နေ့ညမပြတ်” မည်သို့ထမ်းဆောင်ကြသနည်း။
• ဂဒ်မျိုးနွယ်သည် အဘယ်စိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသနည်း၊ ယင်းက ခရစ်ယာန်များအား ယနေ့ အဘယ်အရာ သွန်သင်ပေးသနည်း။
• လယ်ကွင်းဓမ္မအမှုက စာတန်၏တိုက်ခိုက်မှုများကို မည်သို့ ကာကွယ်ပေးသနည်း။
• အဘယ် ‘ပွင့်လျက်ရှိသောတံခါး’ ထဲ လူတချို့ ဝင်ခဲ့ကြပြီနည်း၊ သူတို့ အဘယ်ကောင်းချီးများ ခံစားကြရသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဂဒ်အမျိုးသားများသည် တိုက်ခိုက်လုယက်သူတို့ကို တိုက်ထုတ်ရ သကဲ့သို့ ခရစ်ယာန်များလည်း စာတန့်တိုက်ခိုက်မှုများကို တိုက်ရမည်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လယ်ကွင်းဓမ္မအမှုတွင် တည်ဆောက်မှု ဖြစ်စေသော ပေါင်းသင်းမှုမှ ကျွန်ုပ်တို့အကျိုးခံစားရ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ရှေ့ဆောင်လုပ်ငန်းသည်
၁။ အပြည်ပြည်ဆိုင်ရာလုပ်ငန်း
၂။ ဗေသလလုပ်ငန်း
၃။ ခရစ်ယာန်သာသနာပြုလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းတော်အခွင့်ထူးများအတွက် တံခါးပွင့်စေ