မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ဘာသာကို သင် ရွေးချယ်သင့်သနည်း

အဘယ်ဘာသာကို သင် ရွေးချယ်သင့်သနည်း

အဘယ်​ဘာသာ​ကို သင် ရွေးချယ်​သင့်​သနည်း

‘[ခရစ်ယာန်] ဘာသာ​အသီးသီး​ဟာ ပန်းတိုင်​တစ်ခု​တည်း​ကို ဦးတည်​တဲ့ လမ်း​အသွယ်သွယ်​ပဲ။ တကယ်တော့ ဘုရားသခင်​တစ်ဆူတည်း​ပဲ မဟုတ်လား။’ ဘာသာရေး​အသင်းအဖွဲ့​တစ်ခုခု​နှင့် ပူးပေါင်း​ခြင်း​သည် အရေးပါ​သော်လည်း မည်သည့်​ဘာသာ​ကို​ပင်​ရွေးချယ်​ပါစေ အကြောင်း​မထူး​ဟု ယူဆ​သူများစွာ​သည် ထိုသို့ သဘောထားကြ​သည်။

အဆုံးမဲ့​တန်ခိုးရှင်​ဘုရားသခင် တစ်ဆူတည်း​ရှိတော်မူသော​ကြောင့် ရုတ်တရက်​ကြည့်​လျှင် ဤ​အချေအတင်​စကား​သည် ယုတ္တိ​ရှိ​ပုံ​ပေါက်​သည်။ (ဟေရှာယ ၄၄:၆; ယောဟန် ၁၇:၃; ၁ ကော​ရိန္တု ၈:၅, ၆) သို့သော် စစ်မှန်သော​ဘုရားသခင်​ကို ကိုးကွယ်​ပါ​သည်​ဟု ပြောဆို​ကြ​သည့် [ခရစ်ယာန်] ဘာသာရေး​အုပ်စု​အသီးသီး​၏ သိသာ​ထင်ရှားသော ကွဲပြား​ချက်​များ​သာမက ဆန့်ကျင်ဖီလာ​မှုများ​ကို​ပင် ကျွန်ုပ်​တို့ လျစ်လျူရှု​၍​မရနိုင်​ချေ။ ၎င်းတို့၏​အမူအကျင့်များ၊ ယုံကြည်ချက်များ၊ သွန်သင်ချက်​များနှင့် တောင်းဆိုချက်​များသည် လုံးဝ မတူညီ​ကြ​ချေ။ ၎င်းတို့သည် အလွန်​ကွဲပြား​ခြားနား​သောကြောင့် ဘာသာ​တစ်ခု သို့​မဟုတ် အုပ်စု​တစ်စု​၏​အသင်းသားများ​သည် အခြားသူများ​၏​သွန်သင်ချက်၊ ယုံကြည်ချက်​တို့ကို နားမလည်၊ လက်မခံနိုင်​ကြ​ပေ။

အခြား​တစ်ဖက်​တွင်​မူ ယေရှု​က “ဘုရားသခင်​သည် . . . ဝိညာဉ်​ဖြစ်​တော်​မူ​၏။ ဘုရားသခင်​ကို ကိုးကွယ်​သော​သူတို့သည်၊ . . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [အမှန်]တရား​နှင့်​လည်းကောင်း ကိုးကွယ်​ရမည်” ဟု မိန့်တော်မူ၏။ (ယောဟန် ၄:၂၄သမ္မာ) ဘုရားသခင်​အား အမှန်တရား​နှင့် ဝတ်ပြု​ကိုးကွယ်​ခြင်း​က ဘုရားသခင်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း၊ ကိုယ်တော့်​ရည်ရွယ်ချက်များ​မှာ အဘယ်အရာ​ဖြစ်​ကြောင်း၊ ကိုယ်တော်​သည် မည်သို့​မည်​ပုံ ဝတ်ပြု​ကိုးကွယ်​ခံ​လို​ကြောင်း​နှင့်​စပ်လျဉ်း၍ ရှေ့နောက်​မညီ​သည့် အယူအဆ​များစွာ​ရှိ​ခြင်း​ကို ခွင့်ပြု​ပါသလော။ ကိုယ်တော်​အား ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​ပုံ​သည် အဆုံးမဲ့​တန်ခိုးရှင်​အတွက် အရေးမပါ​ဟု ယုံကြည်ခြင်း​သည် ယုတ္တိတန်​၏​လော။

ယခင်​နှင့် မျက်မှောက်ခေတ် ခရစ်ယာန်စစ်​များ

ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် တစ်ခါတစ်ရံ သဘောထား​ကွဲလွဲ​ခဲ့​ကြ​၏။ သာဓက​အနေ​ဖြင့် ကောရိန္သု​အသင်းတော်​ရှိသူတို့​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု ဤသို့​ဆို​ခဲ့​သည်– “ငါ့​ညီအစ်ကို​တို့၊ သင်တို့သည် အချင်းချင်း​မသင့်၊ ရန်​တွေ့​ခြင်း​ရှိသည်​ကို ခလောဣ​အိမ်သား​အချို့​တို့သည် ပြော​ကြ​၏။ သင်တို့​က၊ ‘ငါသည် ပေါလု​တပည့်ဖြစ်​၏။’ ‘ငါသည် အာပေါလု​တပည့်ဖြစ်​၏။’ ‘ငါသည် ကေဖ​တပည့်ဖြစ်​၏။’ ‘ငါသည် ခရစ်တော်​တပည့်ဖြစ်​၏’ ဟု အသီးအသီး​ပြော​ကြသော​ကြောင့် ငါ​ဆို​ရ၏။”—၁ ကောရိန္သု ၁: ၁၁၊ ၁၂

ပေါလု​သည် ထိုသို့​သဘောထားကွဲ​မှုများ​ကို အသေးအဖွဲ​ကိစ္စ​အဖြစ် ယူမှတ်ခဲ့​သလော။ လူတစ်ဦး​ချင်း​စီ​သည် ကယ်တင်ခြင်း​ရ​ရန် မိမိ​လမ်း​မိမိ​လျှောက်​နေကြ​ခြင်း​လော။ ဝေးလေစွ! ပေါလု ဤသို့​သတိပေး​ခဲ့​သည်– “ညီအစ်ကို​တို့၊ သင်တို့​ရှိသမျှသည် စကား​တညီတညွတ်​တည်း​ဖြစ်၍ အချင်းချင်း​မ​ကွဲပြား​ဘဲ စိတ်သဘော တစ်သံ​တစ်သမတ်တည်း​ရှိသည်​နှင့် စေ့စပ်​စုံလင်​ကြ​မည်​အကြောင်း၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏​နာမတော်​ကို အမှီပြု၍ သင်တို့ကို ငါ​နှိုးဆော်​တောင်းပန်​ပါ​၏။”—၁ ကောရိန္သု ၁:၁၀

ယုံကြည်ချက်​တူညီ​ရန် အတင်းအကျပ်​လုပ်​ယူ၍ မရပါ။ တစ်ဦးစီ​သည် အသေအချာ​လေ့လာ​ဆန်းစစ်​ပြီး ဆင်ခြင်​သုံးသပ်​ကာ ယူဆချက်​တစ်မျိုးတည်း​ကို လက်ခံခြင်း​ဖြင့်​သာ ထိုသို့​ဖြစ်​နိုင်​သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​ကို ကိုယ်တိုင်​လေ့လာ​ပြီး သိရှိ​ခဲ့​ရာ​တို့ကို လက်တွေ့​ကျင့်သုံး​လို​ခြင်း​သည် ပေါလု​တင်ပြ​ခဲ့​သည့် စည်းလုံးမှု​မျိုး​ရရှိရန် အရေးပါသည့် လုပ်ဆောင်ချက်များ​ဖြစ်၏။ ယင်း​သို့​သော စည်းလုံးမှု​မျိုးကို ရှာတွေ့နိုင်​ပါ​မည်​လော။ ကျွန်ုပ်​တို့​တွေ့ရှိ​ခဲ့​ကြ​သည့်​အတိုင်း ဘုရားသခင်​သည် မိမိ​လူမျိုးတော်ကို အုပ်စု​တစ်စု​အနေ​ဖြင့် ဆက်ဆံ​လာ​ခဲ့​သည်​မှာ ကြာမြင့်​ခဲ့​ပေ​ပြီ။ ယနေ့ ထို​အုပ်စု​ကို ခွဲခြား​သိမြင်​နိုင်​ပါသလော။

စစ်မှန်သော​အဖွဲ့အစည်း​နှင့် ပေါင်းသင်း​ခြင်း​၏ အကျိုးကျေးဇူးများ

တစ်ချိန်က ဆာလံဆရာ​ဒါဝိဒ်​သည် ဤသို့​မေးခဲ့​ဖူး​သည်– “အို​ထာဝရ​ဘုရား[သခင်] တဲ​တော်​၌ အဘယ်သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်ရှင်းသော​တောင်တော်​ပေါ်မှာ အဘယ်သူ​သည်​နေရ​ပါ​မည်​နည်း။” ယင်းသည် အမှန်ပင် စဉ်းစား​တွေးတော​စ​ရာ မေးခွန်း​တစ်ခု​ဖြစ်၏။ ဒါဝိဒ်က “ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့်​၍ သစ္စာ​စကား​ကို စိတ်နှလုံး​ပါ​လျက်​ပြော​သော​သူ” ဟု​ဖြေဆို​ခဲ့​၏။ (ဆာလံ ၁၅:၁၊ ၂) သမ္မာကျမ်းစာ​ကို တိကျ​မှန်ကန်​စွာ သိ​နားလည်​ထားခြင်း​သည် ဘုရားသခင်​၏​တောင်းဆိုချက်​များနှင့် ညီညွတ်​သည့်​ဘာသာ​ကို ခွဲခြား​သိမြင်​စေ​၏။ ထို​အခါ လူတစ်ဦး​သည် ယင်း​အုပ်စု​နှင့်​ပူးပေါင်း​ခြင်း​ဖြင့် ဘုရားသခင်​အား “. . . ဝိညာဉ်​နှင့်​လည်းကောင်း၊ [အမှန်]တရား​နှင့်​လည်းကောင်း” တစည်းတလုံး ဝတ်ပြု​ကိုးကွယ်​နေကြ​သူများ​နှင့် တည်ဆောက်မှု​ရှိသည့် ပေါင်းသင်းမှု​ရ​ပါ​လိမ့်​မည်။

ယနေ့ စိတ်ဝမ်း​ကွဲပြား​နေသည့်​လောကတွင်​ပင် ယုံကြည်ခြင်း​နှင့်​အကျင့်​တွင် တစည်းတလုံး​တည်း​ရှိ​နိုင်​ကြောင်း ယေဟောဝါသက်သေ​များ ဖော်ပြ​ခဲ့​ကြပြီ။ သူတို့​အထဲ​တွင် ဘာသာ​အသီးသီး​နှင့် လူမျိုးစု​အသီးသီး​တို့​မှ ထွက်​လာ​ခဲ့​သူ မြောက်မြားစွာ​ရှိ၏။ အခြား​သက်သေခံ​များသည် ယခင်​က မသိ​ဝါဒီ​များ၊ ဘုရားသခင်​မဲ့​ဝါဒီ​များ​ဖြစ်​ခဲ့​ကြသည်။ ထို့​ပြင် အခြားသူ​တို့​မှာ​မူ ဘာသာ​တရားကို အလေးအနက်​သဘော​မထားခဲ့ကြ​သူများ ဖြစ်သည်။ ဤ​ကွဲပြား​ခြားနား​သော ဘာသာ​အသီးသီး၊ ယဉ်ကျေးမှု​အဖုံဖုံ​နှင့် အတွေးအခေါ်​အမျိုးမျိုး​တို့​မှ ထွက်​လာ​ခဲ့​ကြ​သူတို့သည် ယနေ့ ကမ္ဘာ​ပေါ်​တွင် မ​တွေ့ရှိ​နိုင်သော ဘာသာရေး​စည်းလုံးမှု​၌ ယခု ပျော်မွေ့​နေကြ​သည်။

ဤ​ကဲ့သို့​သော စည်းလုံးမှု​၏​အခြေခံ​သည် ဘုရားသခင့်​နှုတ်​မြွတ်​စကားတော် သမ္မာကျမ်းစာ​ပင်​ဖြစ်၏။ သို့သော် အခြား​သူများကို အာဏာ​ဖြင့် စေခိုင်း​၍​မရ​ကြောင်း ယေဟောဝါသက်သေ​များ သိရှိ​ထား​ကြသည်။ သို့​တိုင် ဝတ်ပြုရေး​ကိစ္စ​များ​တွင် အခြားသူ​တို့သည် ခိုင်မြဲ​သည့်​အုတ်မြစ် သမ္မာကျမ်းစာ​အပေါ်​အခြေခံ​ပြီး ရွေးချယ်​ပြုမူ​စေရန် အားပေး​ခွင့်​ရသည့်​အတွက် သူတို့ အလွန်​ဝမ်းမြောက်​ကြသည်။ ဤနည်းဖြင့် ဘုရားသခင်​အား ‘ဝိညာဉ်​နှင့်​လည်းကောင်း၊ အမှန်တရား​နှင့်​လည်းကောင်း’ ဝတ်ပြုခြင်း​မှ​ရရှိနိုင်​သည့် အကျိုးကျေးဇူးများ​ကို လူများစွာ ထပ်မံ​ခံစား​နိုင်​ကြ​ပေမည်။

ယနေ့ အကျိုးယုတ်​စေသော ဩဇာ​လွှမ်းမိုးမှု​များနှင့် သွေးဆောင်မှုများ​၏​အန္တရာယ်​သည် အလွန်​ကြီးမား​လှ​၏။ ထို့​ကြောင့် စစ်မှန်သော​ပေါင်းသင်းမှု​ကို ရွေးချယ်​ရန် အလွန်​အရေးကြီး​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ပညာရှိ​တို့​နှင့် ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။” “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့ ယိုယွင်း​တတ်၏။” (သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃) ဘုရားသခင်​၏ စစ်မှန်သော​ဝတ်ပြုသူ​တို့​နှင့် ပေါင်းသင်း​ခြင်း​သည် အကာအကွယ်​ဖြစ်သည်။ ထို့​ကြောင့် သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို ဤသို့​နှိုးဆော်​ထား​၏– “ထို​မှတစ်ပါး၊ မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့။ လူ​အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ကြ​နှင့်။ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြလော့။ ကာလ​အချိန်​ရောက်လု​နီး​သည်ကို ထောက်​သဖြင့် သာ၍​ကြိုးစား​ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) မိတ်ဆွေစစ်​များ​ဖြစ်သည့် ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များသည် အချင်းချင်း​တို့၏​တာဝန်​များ​ကို ဘုရားသခင့်​ရှေ့တော်မှောက်​၌ တာဝန်​ကျေပွန်​စေရန် မေတ္တာပါ​စွာ ဖေးမ​ကူညီ​ကြ​ခြင်း​သည် ကောင်းချီး​တစ်ရပ်​ပါ​တကား!

အော့တ်​မာ​သည် ဤ​ရှုမြင်ပုံကို ထောက်ခံ​ပြောဆို​သည်။ သူသည် ဂျာမနီ​နိုင်ငံ​ရှိ . . . မိသားစုတွင် ကြီးပြင်း​လာ​ခဲ့​ရာ ချာ့ခ်ျ​မ​တက်​တော့​ချေ။ သူ​ဤသို့​ရှင်းပြ​၏– “ကျွန်တော် ချာ့ခ်ျ​တက်​တိုင်း စိတ်​ထဲမှာ ဟာတာတာ​နဲ့​ပဲ ပြန်လာ​ခဲ့​ရတယ်။” မည်သို့​ပင်​ဖြစ်စေ သူသည် ဘုရားသခင်​ကို ဆက်​ပြီး​ယုံကြည်ခဲ့​သည်။ ထို့နောက် ယေဟောဝါသက်သေ​များနှင့် အဆက်အသွယ်​ရပြီး သူတို့သည် ဘုရားသခင့်​ကျေးကျွန် အစစ်အမှန်များ​ဖြစ်​ကြ​ကြောင်း လက်ခံ​ယုံကြည်​လာ​၏။ ထို​အခါ သူတို့နှင့်​ပူးပေါင်း​ဖို့​လို​ကြောင်း သိရှိ​လာ​သည်။ ယခု သူ​ဤသို့​ဆို​၏– “ကမ္ဘာချီ​အဖွဲ့အစည်း​မှာ ပါဝင်​လုပ်ဆောင်ခွင့်​ရလို့ စိတ်နှလုံး​ငြိမ်သက် ပျော်ရွှင်​မိတယ်။ တိကျ​မှန်ကန်​တဲ့​ကျမ်းစာ​အသိပညာ ပို​ပြီး​ရရှိ​စေဖို့ တဖြည်းဖြည်း​ချင်း အကူအညီ​ရခဲ့တယ်။ အဲဒါဟာ ကျွန်တော့်​အတွက် တကယ်​တန်ဖိုး​ရှိတယ်။”

ရှာဖွေ​နေ​သူများ​အတွက် ဖိတ်ခေါ်ချက်

စိတ်နှလုံး​တညီတညွတ်​တည်း ပူးပေါင်း​ဆောင်ရွက်ခြင်း​သည် တစ်ဦးချင်း​စီ တ​သီး​တခြား​လုပ်ဆောင်ခြင်း​ထက် လုပ်ငန်း​ကို ပို​တွင်ကျယ်​စေ​သည်။ သာဓက​အနေ​ဖြင့် နောက်တော်လိုက်​များနှင့် ယေရှု​ခွဲခွာ​ခါနီး​တွင် ကိုယ်တော် ဤသို့​သွန်သင်​ပေး​ခဲ့​၏– “သင်တို့​သွား​၍ လူမျိုးတကာ​တို့ကို ငါ့​တပည့်​ဖြစ်စေ​လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​နာမ၌ ဗတ္တိဇံ​ကို​ပေး​ကြလော့။ ငါသည် သင်တို့အား ပေး​သမျှ​သော​ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ . . . ကြလော့။” (မဿဲ ၂၈:၁၉၊ ၂၀) လမ်းညွှန်မှု​မရှိ၊ အဖွဲ့အစည်း​မ​ရှိလျှင် အဆိုပါ​လုပ်ငန်းကြီး​ကို ကျေနပ်မှု​ရှိ​ရှိ မည်သို့​ပြီးမြောက်​စေနိုင်​မည်​နည်း။ ဘုရားသခင်​ကို တ​သီး​တခြား ဝတ်ပြု​ကိုးကွယ်​လျှင် ဤ​ဝိညာဉ်​ရေး​ဆိုင်ရာ ညွှန်ကြားချက်​ကို မည်သို့ လိုက်နာ​နိုင်​မည်​နည်း။

လွန်​ခဲ့​သည့်​နှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​မှ​သတင်းတရားကို နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​ရှိ လူ​တို့​ထံ​ရောက်ရှိ​ရန် ကျမ်းစာ​အခြေပြု​စာအုပ်၊ စာအုပ်​ငယ်​များ၊ ဘရိုရှာ​များ ၉၁,၉၃၃,၂၈၀ နှင့် မဂ္ဂဇင်း​ပေါင်း ၆၉၇,၆၀၃,၂၄၇ စောင်​ကို ဖြန့်ချိ​ခဲ့​ကြသည်။ ယင်းသည် ရိုင်းပင်း​ကူညီ​မှုမရှိ တစ်ဦးချင်း​စီ​လုပ်ဆောင်ခြင်း​ထက် အစီအစဉ်​စနစ်တကျ တစည်းတလုံး​ပူးပေါင်း​ဆောင်ရွက်ခြင်း​၏ ထူးခြားသော သာဓက​ပင်​ဖြစ်သည်!

ကျမ်းစာ​စာပေ​များ ဖြန့်ချိ​သည့်​အပြင် ယေဟောဝါသက်သေ​တို့သည် ဘုရားသခင်​တောင်းဆိုရာ​များ​ကို လူ​တို့ ကောင်းစွာ သဘောပေါက်​နားလည်စေ​ရန် အခမဲ့​ကျမ်းစာ​သင်ပေး​ကြသည်။ လွန်​ခဲ့​သည့်​နှစ်​တွင် တစ်ဦးချင်း​စီ​ကို​ဖြစ်စေ၊ အုပ်စု​လိုက်​ဖြစ်စေ ပျမ်းမျှ​ကျမ်းစာ​သင်အံမှု ၅,၇၂၆,၅၀၉ ခု အပတ်စဉ်​ကျင်းပ​ခဲ့​ကြသည်။ ဤသို့ ကျမ်းစာ​သင်ကြား​ပေး​မှု​ကြောင့် လူ​သန်းပေါင်း​များစွာ​သည် ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ ခိုင်မြဲ​သော​အခြေခံ​ပေါ် ရွေးချယ်မှု​ပြု​နိုင်​ခဲ့ပြီ။ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့် မြင့်မြတ်​သော တောင်းဆိုချက်​များ​ကို သင့်​အား သင်ယူ​စေ​လို​ပါ​သည်။ ထို့နောက် သင်​ကိုယ်တိုင် ရွေးချယ်​ပြုမူ​နိုင်​သည်။—ဧဖက် ၄:၁၃; ဖိလိပ္ပိ ၁:၉; ၁ တိမောသေ ၆:၂၀; ၂ ပေတရု ၃:၁၈

သင်သည် ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​လိုလျှင် [ခရစ်ယာန်] ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​နှင့်​ပူးပေါင်း​ဖို့ အလွန်​ပင် အရေးကြီး​သည်၊ မည်သည့်​ဘာသာရေး​အုပ်စု​နှင့်​မဆို မဟုတ်ပါ။ ဘာသာ​တရားကို သင်​ရွေးချယ်ရာ​တွင် အယူဝါဒ သို့​မဟုတ် တစ်ဆင့်​စကား​ကို​အခြေပြု​၍​မဟုတ်ဘဲ တိကျ​မှန်ကန်သော ကျမ်းစာ​အသိပညာ​ပေါ် အခြေခံ​ဖို့​လို​သည်။ (သု. ၁၆:၂၅) စစ်မှန်သော​ဘာသာ​၏ တောင်းဆိုချက်​များ​ကို သင်ယူပါ။ ၎င်းတို့ကို သင့်ကိုယ်​ပိုင်​ယုံကြည်ချက်​တို့​နှင့် နှိုင်းယှဉ်​ကြည့်​ပါ။ ထို့နောက် တွေ့ရှိချက်​နှင့်​အညီ ရွေးချယ်​ပါ​လေ။—တရားဟောရာ ၃၀:၁၉

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စည်းလုံးမှု​မဲ့​သော လောကတွင် ယေဟောဝါသက်သေ​များ စ​ည်​လုံး​နေကြ