“ယေဟောဝါ၏နာမတော်ကို ကြေညာရန်”
“ယေဟောဝါ၏နာမတော်ကို ကြေညာရန်”
ကမ္ဘာတစ်ဝန်းတွင် ကင်းမျှော်စင်နှင့် ၎င်း၏တွဲဖက်မဂ္ဂဇင်း နိုးလော့! တို့တွင်ပါသော ဝိညာဉ်ရေးရာအကြောင်းများနှင့် မှတ်သားစရာများအတွက် ယင်းတို့ကို တန်ဖိုးထားနေကြပြီ။ မကြာသေးမီက ပြင်သစ်နိုင်ငံမှ စာရှုသူတစ်ဦးသည် ယင်းကိုတင်ပြသည့် အောက်ပါစာကို ရေးပို့ခဲ့သည်–
“ကျွန်မဟာ အာဖရိကဇာတိပါ၊ ကျောင်းပညာသိပ်မရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မကြာသေးခင်က သင်တို့ရဲ့မဂ္ဂဇင်းတွေကို ကျွန်မစဖတ်ရှုလာတယ်။ အကြောင်းအရာတွေက စိတ်ဝင်စားစရာဖြစ်ပြီး တကယ်တန်ဖိုးရှိတာပဲ။ ရှင်တို့ရဲ့မဂ္ဂဇင်းကြောင့် ကျွန်မဝေါဟာရတွေကြွယ်လာပြီး အမှားနည်းနည်းနဲ့ စာရေးနိုင်ပြီ။
“လူတွေ၊ ဒီကမ္ဘာဂြိုဟ်၊ ပြီးတော့ ဖန်ဆင်းရှင်နဲ့ပတ်သက်တာအားလုံးကို သင်တို့ဆွေးနွေးတင်ပြနိုင်တာ အံ့အားသင့်မိတယ်။ ဆောင်းပါးတွေကလည်း ရိုးရိုးရှင်းရှင်းဖြစ်တော့ ဖတ်ချင်စိတ်များလာတယ်။ လူတန်းစားအမျိုးမျိုးကို တစ်ပြိုင်တည်း သင်ပေးနိုင်တဲ့စွမ်းရည် ဘယ်သူ့မှာမှ မရှိပါဘူး။
“ပြီးတော့ ဒါတွေအားလုံးကို စီးပွားဖြစ်မဟုတ်ဘဲ ယေဟောဝါရဲ့နာမတော်ကို ကြေညာပေးဖို့သက်သက် ထုတ်ဝေနေတာသိရလို့လည်း အံ့ဩမိတယ်။ ကိုယ်တော်ရဲ့မျက်နှာသာကို သင်တို့ ရရှိထားတယ်ဆိုတာ ကျွန်မသိတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ လူတွေကို သင်ပေးဖို့ ဖန်ဆင်းရှင်ထံက ခွန်အားဆက်ပြီး ယူနိုင်ကြပါစေ။”
ယေဟောဝါသက်သေများသည် လောလောဆယ်တွင် ကျမ်းစာပညာပေးလုပ်ငန်းကို နိုင်ငံပေါင်း ၂၃၅ နိုင်ငံ၌ ဆောင်ရွက်နေကြပါသည်။ ကင်းမျှော်စင်ကို ဘာသာစကား ၁၄၈ ဘာသာ၊ နိုးလော့!ကို ၈၇ ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည်။ လူတစ်စုံတစ်ယောက်ကိုချီးမွမ်းဖို့ ဤဂျာနယ်များကို ထုတ်ဝေနေခြင်း မဟုတ်ပါ။ ၎င်းတို့တွင်ပါသော ကျမ်းစာအခြေပြုသွန်သင်ချက်များနှင့် နောက်ဆုံးပေါ်သတင်းအချက်အလက်များမှာ ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ရည်ရွယ်ပါသည်၊ ကိုယ်တော်က “ငါယေဟောဝါသည် . . . သင်တို့ကိုယ်တိုင်အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင် . . . ဖြစ်၏” ဟုမိန့်တော်မူသည်။ (ဟေရှာယ ၄၈:၁၇၊ ကဘ) ကျမ်းစာလေ့လာရန် အထောက်အကူပြုသော ဤစာစောင်များအကူအညီဖြင့် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုရာတွင် အသင်ကိုယ်တိုင် အကျိုးများစွာခံစားရပါလေစေ။