သင်သည် ‘ယေဟောဝါ၏ တရားတော်’ ၌မွေ့လျော်ပါသလော
သင်သည် ‘ယေဟောဝါ၏ တရားတော်’ ၌မွေ့လျော်ပါသလော
‘ယေဟောဝါ၏တရားတော်၌ မွေ့လျော် . . . သောသူသည် မင်္ဂလာရှိ၏။’—ဆာလံ ၁:၁၊ ၂။
၁။ ယေဟောဝါ၏ ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ အဘယ်ကြောင့် ပျော်ရွှင်နေကြရသနည်း။
ယေဟောဝါသည် ကျွန်ုပ်တို့ကို တည်ကြည်သော ကျေးကျွန်များအနေနှင့် ထောက်မကူညီပြီး ကောင်းချီးပေးတော်မူသည်။ စုံစမ်းနှောင့်ယှက်မှုများစွာကို ကျွန်ုပ်တို့ ရင်ဆိုင်ရသည်မှာ မှန်၏။ သို့သော်လည်း စစ်မှန်သောပျော်ရွှင်မှုကို ခံစားကြရပါသည်။ ယင်းသည် အံ့အားသင့်စရာမဟုတ်ပါ၊ အကြောင်းမှာ “ပျော်ရွှင်တော်မူသော ဘုရားသခင်” ကို ကျွန်ုပ်တို့ ကိုးကွယ်ကြရာ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ စိတ်နှလုံးကို ရွှင်လန်းစေသည့်အတွက်ဖြစ်သည်။ (၁ တိ မောသေ ၁:၁၁၊ ကဘ; ဂလာတိ ၅:၂၂) ရွှင်လန်းခြင်းဟူသည် ကောင်းမွန်သောအရာတစ်ခုခုကို မျှော်လင့်ခြင်း၊ ရယူပိုင်ဆိုင်ရခြင်းမှ ဖြစ်ပေါ်လာသော ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။ ကောင်းကင်ခမည်းတော်သည် ကောင်းမြတ်စုံလင်သော ဆုကျေးဇူးများကို ကျွန်ုပ်တို့အား အမှန်ပေးသနားတော်မူ၏။ (ယာကုပ် ၁:၁၇) ယင်းတို့ကြောင့် ကျွန်ုပ်တို့ ပျော်ရွှင်ကြရခြင်းဖြစ်သည်!
၂။ အဘယ်ဆာလံသီချင်းတို့ကို ကျွန်ုပ်တို့ ဆွေးနွေးကြမည်နည်း။
၂ ဆာလံကျမ်းတွင် ပျော်ရွှင်ခြင်းအကြောင်း အထူးဖော်ပြထား၏။ ဥပမာ၊ ဆာလံ ၁ နှင့် ၂ တို့တွင် ယင်းကို အထူးတင်ပြထားသည်။ ယေရှုခရစ်၏ အစောပိုင်းနောက်လိုက်များက ဒုတိယဆာလံကို ဣသရေလရှင်ဘုရင်ဒါဝိဒ် ရေးစပ်ခဲ့သည်ဟု ဆိုကြသည်။ (တမန်တော် ၄:၂၅၊ ၂၆) ပထမဆာလံကို ရေးစပ်သော အမည်မဖော်သူက သူ၏မှုတ်သွင်းခံသီချင်းကို ဤစကားလုံးများဖြင့် အစပြုထား၏– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက် . . . သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။” (ဆာလံ ၁:၁၊ ၂) ဝမ်းမြောက်စရာ အကြောင်းများကို ဆာလံ ၁ နှင့် ၂ ကမည်သို့ဖော်ပြကြောင်း ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတို့တွင် လေ့လာကြည့်ကြစို့။
ပျော်ရွှင်မှု၏လျှို့ဝှက်ချက်
၃။ ဆာလံ ၁:၁၊ ၂ အရ ဘုရားသခင့်ဝတ်၌ မွေ့လျော်သောသူတစ်ဦး ပျော်ရွှင်ရသည့် အကြောင်းရင်းအချို့ကား အဘယ်နည်း။
၃ ဘုရားသခင့်ဝတ်၌ မွေ့လျော်သောသူသည် အဘယ်ကြောင့်ပျော်ရွှင်ကြောင်း ဆာလံ ၁ က ဖော်ပြထား၏။ ထိုသို့ပျော်ရွှင်ရသည့် အကြောင်းရင်းတချို့ကို ဆာလံဆရာက ဤသို့ဖော်ကျူးခဲ့၏– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင် . . . သောသူသည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ၏။”—ဆာလံ ၁:၁၊ ၂။
၄။ ဇာခရိနှင့် ဧလိရှဗက်တို့သည် ပုံသက်သေကောင်းသော အဘယ်လမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြသနည်း။
၄ အမှန်တကယ်ပျော်ရွှင်သူများဖြစ်ကြရန် ယေဟောဝါ၏ ဖြောင့်မှန်သော တောင်းဆိုချက်များနှင့်အညီ နေထိုင်ကျင့်ကြံကြရမည်။ နှစ်ခြင်းဆရာယောဟန်၏ မိဘများဖြစ်လာသည့် ရွှင်လန်းဖွယ်အခွင့်ထူးရရှိခဲ့ကြသူ ဇာခရိနှင့် ဧလိရှဗက်တို့သည် “ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့်လွတ်သဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်” သူများဖြစ်ခဲ့ကြသည်။ (လုကာ ၁:၅၊ ၆) ကျွန်ုပ်တို့သည် ထပ်တူလမ်းစဉ်မျိုး လိုက်လျှောက်ကာ ‘မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊’ သူတို့၏ မကောင်းသောအကြံအစည်များကို လက်မခံဘဲနေမည်ဆိုလျှင် ပျော်ရွှင်နိုင်ကြပါသည်။
၅။ ‘အပြစ်ပြုသူတို့၏လမ်း’ ကိုရှောင်ရန် အဘယ်အရာက ထောက်ကူပေးနိုင်သနည်း။
၅ လူဆိုးတို့၏ အတွေးမျိုး ကျွန်ုပ်တို့ မတွေးလျှင် ‘လူဆိုးတို့၏လမ်းတွင် ကျွန်ုပ်တို့ ရပ်’ နေမည်မဟုတ်။ လူဆိုးတို့အား တွေ့ရတတ်သည့် အကျင့်ပျက် အပန်းဖြေသည့်နေရာများ၊ နာမည်ဆိုးသောနေရာများတွင် ကျွန်ုပ်တို့ရှိမည်မဟုတ်ပေ။ ကျမ်းစာနှင့်မညီသော အမူအကျင့်များကို ပြုကျင့်ရန် ကျွန်ုပ်တို့သွေးဆောင်ခံရမည်ဆိုလျှင်ကော အသို့နည်း။ သို့ဖြစ်လျှင် တမန်တော်ပေါလု၏ ဤစကားများနှင့်အညီ ပြုမူကျင့်ကြံရန် ဘုရားသခင့်အကူအညီရဖို့ ဆုတောင်းကြစို့– “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။” (၂ ကောရိန္သု ၆:၁၄) ကျွန်ုပ်တို့ကသာ ဘုရားသခင်ကို အားထားမှီခိုပြီး “စိတ်နှလုံး ဖြူစင်” ကြမည်ဆိုလျှင် အပြစ်ပြုသူတို့၏ စိတ်ဓာတ်နှင့် ဘဝပုံစံကို ငြင်းပယ်ကြမည်၊ “ဟန်ဆောင်ခြင်းကင်းသော ယုံကြည်ခြင်း” နှင့်အတူ သန့်ရှင်းသောစိတ်ထား၊ ဖြူစင်သောစိတ်ဆန္ဒများ ရှိကြမည်ဖြစ်သည်။—မဿဲ ၅:၈; ၁ တိမောသေ ၁:၅၊ ကဘ။
၆။ မထီမဲ့မြင်ပြုသောသူတို့ကို အဘယ်ကြောင့် သတိပြုသင့်သနည်း။
၆ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် “မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်” ကြရပါ။ တချို့က ဘုရားသခင့်ဝတ်၌ မွေ့လျော်ခြင်းကိုပင် မထီမဲ့မြင်ပြုကြသည်၊ သို့သော် အယူဖောက်ပြန်သူများဖြစ်လာကြသည့် ခရစ်ယာန်ဖြစ်ခဲ့ဖူးသူတို့သည် ဤ ‘နောက်ဆုံးကာလ’ တွင်ပို၍ပင် မထီမဲ့မြင်ပြု ကဲ့ရဲ့ကြသည်။ တမန်တော်ပေတရုက ယုံကြည်သူချင်းများကို ဤသို့သတိပေးခဲ့၏– “ချစ်သူတို့ . . . ရှေးဦးစွာ သိမှတ်အပ်သောအရာမူကား နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ ‘သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေတရု ၃:၁-၄) ကျွန်ုပ်တို့သည် ‘မထီမဲ့မြင်ပြုသောသူတို့နှင့်အတူ မထိုင်’ ကြပါက သူတို့ကြုံတွေ့ ကြရမည့် ဘေးဆိုးကို ရှောင်ရှားနိုင်ကြမည်။—သု. ၁:၂၂-၂၇။
၇။ ဆာလံ ၁:၁ ပါစကားများကို အဘယ်ကြောင့် နှလုံးသွင်းသင့်သနည်း။
၇ ဆာလံ ၁ ၏အဖွင့်စကားကို ကျွန်ုပ်တို့နှလုံးမသွင်းပါက သမ္မာကျမ်းစာလေ့လာခြင်းမှ ရရှိခဲ့သော ဝိညာဉ်ရေးရာများ ဆုံးရှုံးသွားနိုင်သည်။ ထိုအခါ ကျွန်ုပ်တို့၏ဆိုးညစ်ခြင်းသည် တရွေ့ရွေ့တိုး၍ ဆိုးညစ်သွားနိုင်သည်။ မတရားသောသူတို့၏ တိုက်တွန်းခြင်းကိုလိုက်မိပါက ဝိညာဉ်ရေးတွင် စတင်ဆုတ်ယုတ်ကျဆင်းလာပေမည်။ ထို့နောက် သူတို့နှင့် ပေါင်းသင်းနေကျဖြစ်လာရာ နောက်ဆုံး ယုံကြည်ခြင်းမရှိသော အယူဖောက်ပြန်သည့် မထီမဲ့မြင်ပြုသူများပင် ဖြစ်လာနိုင်သည်။ မတရားသောသူတို့နှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်၏တရားတော်နှင့် မညီသောစိတ်ဓာတ်များ တိုးပွားလာစေနိုင်ပြီး ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကောင်းကို ပျက်စီးသွားစေနိုင်ကြောင်း ထင်ရှားသည်။ (၁ ကောရိန္သု ၁၅:၃၃; ယာကုပ် ၄:၄) ထိုသို့ ဘယ်တော့မျှ အဖြစ်မခံလေနှင့်!
၈။ ဝိညာဉ်ရေးရာများအပေါ် ဆက်၍အာရုံစိုက်နေနိုင်ရန် အဘယ်အရာက အကူအညီပေးမည်နည်း။
၈ ဝိညာဉ်ရေးရာများအပေါ် အာရုံစိုက်နေစေရန်နှင့် လူဆိုးတို့နှင့် မပေါင်းဖော်ကြရန် ဆုတောင်းခြင်းက ကူညီပေးပါမည်။ “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့” ဟု ပေါလုရေးသားခဲ့သည်။ တမန်တော်က မှန်ကန်သော၊ အလေးအနက်ထားရသော၊ ဖြောင့်မတ်သော၊ စင်ကြယ်သော၊ ချစ်ဖွယ်ကောင်းသော၊ အသရေရှိသော၊ မွန်မြတ်သော၊ ချီးမွမ်းဖွယ်ဖြစ်သောအရာတို့ကို ဆင်ခြင်သုံးသပ်ရန် အားပေးခဲ့သည်။ (ဖိလိပ္ပိ ၄:၆-၈၊ ကဘ) သို့ဖြစ်၍ ပေါလု၏ ဆုံးမစကားနှင့်အညီ ပြုမူကျင့်ကြံကြစို့၊ မတရားသောသူအဖြစ်သို့ ဘယ်တော့မျှ မရောက်ပါစေနှင့်။
၉။ ကျွန်ုပ်တို့သည် မကောင်းသောအမူအကျင့်များကို ရှောင်ကြဉ်ကြသည်မှန်သော်လည်း လူမျိုးအပေါင်းတို့ကို မည်သို့ ကြိုးစားကူညီပေးကြသနည်း။
၉ မကောင်းသောအမူအကျင့်များကို ကျွန်ုပ်တို့ ငြင်းပယ်ကြသည်မှန်သော်လည်း တမန်တော်ပေါလုက ရောမဘုရင်ခံ ဖေလဇ်အား “ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်းတရားကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်းကိုလည်းကောင်း” ဟောပြောခဲ့သကဲ့သို့ အခြားသူများကို လိမ္မာပါးနပ်စွာ သက်သေခံကြပါသည်။ (တမန်တော် ၂၄:၂၄၊ ၂၅; ကောလောသဲ ၄:၆) ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို လူမျိုးအပေါင်းအား ကျွန်ုပ်တို့ဟောပြောကြပြီး သူတို့ကို ကြင်နာစွာ ပြုမူဆက်ဆံကြ၏။ “ထာဝရအသက်ကို တလိုတလားရှိသူ” တို့သည် ယုံကြည်သူများဖြစ်လာကြပြီး ဘုရားသခင်၏ တရားတော်၌ မွေ့လျော်ကြလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။—တမန်တော် ၁၃:၄၈၊ ကဘ။
သူသည် ယေဟောဝါ၏ တရားတော်၌ မွေ့လျော်မည်
၁၀။ ကိုယ်ပိုင်လေ့လာမှုပြုလုပ်စဉ် စိတ်နှလုံးထဲ စွဲမှတ်သွားနိုင်ရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။
၁၀ ပျော်ရွှင်သူနှင့်ပတ်သက်၍ ဆာလံဆရာက သူသည် “ထာဝရဘုရား[သခင်]၏ တရားတော်၌ မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်” ၏ဟု ထပ်ဆင့်ဆိုသည်။ (ဆာလံ ၁:၂၊ သမ္မာ) ဘုရားသခင့်ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏တရားတော်၌ မွေ့လျော်’ လေ့ရှိကြ၏။ ကျွန်ုပ်တို့ ကိုယ်ပိုင်လေ့လာမှုပြု၍ တွေးတောဆင်ခြင်သည့်အခါ ဖြစ်နိုင်လျှင် ကျမ်းစာကို အသံတိုးတိုးဖြင့် “ဖတ်ရွတ်” နိုင်သည်။ မည်သည့်ကျမ်းပိုဒ်ကိုမဆို ထိုသို့ဖတ်ရွတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ စွဲမှတ်သွားပေမည်။
၁၁။ သမ္မာကျမ်းစာကို အဘယ်ကြောင့် “နေ့ညမပြတ်” ဖတ်သင့်သနည်း။
၁၁ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုရန် အားပေးထားသည်။ (မဿဲ ၂၄:၄၅) လူတို့အား ယေဟောဝါသိစေလိုသော သတင်းစကားကို ပိုမိုသိကျွမ်းလိုသည့် စိတ်ဆန္ဒကြောင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ “နေ့ညမပြတ်၊”—အကြောင်းတစ်ခုခုကြောင့် အိပ်မပျော်သည့်ညများတွင်ပင် ဖတ်ရှုကြပေမည်။ ပေတရုက “ကယ်တင်ခြင်းအလို့ငှာ [နှုတ်မြွက်စကားတော်] ၏နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဖွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်ရှိကြလော့” ဟုတိုက်တွန်းခဲ့၏။ (၁ ပေတရု ၂:၁-၃) သင်သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုပြီး နှုတ်မြွက်စကားတော်နှင့် ရည်ရွယ်တော်မူချက်များကို ညအခါ ဆင်ခြင်တွေးတောခြင်း၌ မွေ့လျော်သလော။ ဆာလံဆရာသည် ယင်းသို့ပြုခဲ့၏။—ဆာလံ ၆၃:၅။
၁၂။ ဘုရားသခင့်တရားတော်ကို မွေ့လျော်ပါက ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ကြမည်နည်း။
၁၂ ကျွန်ုပ်တို့၏ ထာဝရပျော်ရွှင်မှုသည် ဘုရားသခင့်တရားတော်၌ မွေ့လျော်ခြင်းအပေါ် မူတည်သည်။ ဘုရားသခင့်တရားတော်သည် စုံလင်ဖြောင့်မတ်တော်မူပြီး ယင်းကိုစောင့်ရှောက်ခြင်းသည် အလွန်အကျိုးကြီး၏။ (ဆာလံ ၁၉:၇-၁၁) တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့၏– “လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။” (ယာကုပ် ၁:၂၅) ယေဟောဝါ၏တရားတော်၌ ကျွန်ုပ်တို့ အမှန်မွေ့လျော်ပါက ဝိညာဉ်ရေးရာအကြောင်းများကို မသုံးသပ်သည့်ရက်ဟူ၍ ရှိမည်မဟုတ်ပါ။ ‘ဘုရားသခင်၏ နက်နဲသောအရာတို့ကို ရှာဖွေ’ ရန်၊ ကျွန်ုပ်တို့ဘဝအသက်တာတွင် ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားများကို ရှေးဦးရှာရန် အမှန်လှုံ့ဆော်ခံရကြမည်။—၁ ကောရိန္သု ၂:၁၀-၁၃; မဿဲ ၆:၃၃။
သူသည် အပင်ကဲ့သို့ဖြစ်မည်
၁၃-၁၅။ ရေပေါများသောအရပ်တွင်စိုက်သော သစ်ပင်နှင့် ကျွန်ုပ်တို့ အဘယ်သဘောမျိုးဖြင့် တူနိုင်ကြသနည်း။
၁၃ ဖြောင့်မတ်သူအကြောင်း ဖော်ပြရာတွင် ဆာလံဆရာက ဤသို့ထပ်ဆင့်ဆို၏– “ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်။” (ဆာလံ ၁:၃) မစုံလင်သူအားလုံးနည်းတူ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူ ကျွန်ုပ်တို့သည်လည်း ဘဝပြဿနာများ ကြုံတွေ့ကြရသည်။ (ယောဘ ၁၄:၁) ယုံကြည်ခြင်းနှင့်ဆက်နွှယ်သော နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြားသော စုံစမ်းနှောင့်ယှက်မှုများကို ကျွန်ုပ်တို့ ရင်ဆိုင်ကြရပေမည်။ (မဿဲ ၅:၁၀-၁၂) သို့ရာတွင် ကြံ့ခိုင်သန်မာသော အပင်တစ်ပင်သည် လေပြင်းတိုက်ခတ်မှုကို ခံရပ်နိုင်သကဲ့သို့ ဘုရားသခင်၏အကူအညီဖြင့် ထိုစမ်းသပ်မှုများကို ကျွန်ုပ်တို့ အောင်မြင်စွာ ခံနိုင်မည်။
၁၄ ရေမပြတ်ရနေသော အပင်တစ်ပင်သည် ပူပြင်းသောရာသီ၊ သို့မဟုတ် မိုးခေါင်ချိန်တွင် ခြောက်သွေ့သွားမည်မဟုတ်။ ထိုနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သူများဖြစ်ကြမည်ဆိုလျှင် အစဉ်မပြတ်ထောက်ပံ့ပေးနိုင်သော ယေဟောဝါဘုရားသခင်ထံမှ ခွန်အားရရှိနေကြမည်။ ပေါလုသည် ဘုရားသခင်ကို မျှော်ကိုးခဲ့သဖြင့် “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော အရှင် [ယေဟောဝါ] အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏” ဟုဆိုနိုင်ခဲ့၏။ (ဖိလိပ္ပိ ၄:၁၃၊ သမ္မာ) ကျွန်ုပ်တို့သည် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြမှုကိုခံရပြီး ဝိညာဉ်ရေးထောက်မမှု အမြဲရရှိနေမည်ဆိုလျှင် အသီးမသီး၊ ဝိညာဉ်ရေးတွင်သေသူအဖြစ် ခြောက်သွေ့ညှိုးနွမ်းသွားမည်မဟုတ်ပါ။ ဘုရားသခင့် လုပ်ငန်းတော်တွင် အသီးသီးကြသည့်အပြင် ကိုယ်တော်၏ ဝိညာဉ်တော်အသီးများကိုလည်း ထင်ရှားစွာသီးပြနေကြမည်။—ယေရမိ ၁၇:၇၊ ၈; ဂလာတိ ၅:၂၂၊ ၂၃။
၁၅ “နှင့်တူ၏” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးကို အသုံးပြုခြင်းဖြင့် ဆာလံဆရာသည် ဂုဏ်ရည်တူသော အရာနှစ်ခုကို နှိုင်းယှဉ်ပြ၏။ ကွဲပြားခြားနားလင့်ကစား တစ်စုံတစ်ရာသော အရည်အသွေးရှိသည့် အရာနှစ်ခုကို သူနှိုင်းယှဉ်ပြနေခြင်းဖြစ်သည်။ လူနှင့် အပင်သည် မတူပါ၊ သို့သော် ရေပေါများသောအရပ်တွင် စိုက်ထားသည့် အခက်အလက်အရွက် စိုပြေဝေဆာသောသစ်ပင်က ‘ယေဟောဝါ၏ တရားတော်၌ မွေ့လျော်သောသူတို့’ ခံစားကြရသော ဝိညာဉ်ရေးချမ်းသာကြွယ်ဝမှုကို ဆာလံဆရာအား သတိရစေပုံရသည်။ ဘုရားသခင်၏တရားတော်၌ ကျွန်ုပ်တို့ မွေ့လျော်ပါက ကျွန်ုပ်တို့၏နေ့ရက်များသည် သစ်ပင်၏နေ့ရက်ကာလကဲ့သို့ ဖြစ်နိုင်ပါသည်။ အမှန်ဆိုရလျှင် ထာဝစဉ်ပင် အသက်ရှင်နိုင်ကြ၏။—ယောဟန် ၁၇:၃။
၁၆။ ‘ကျွန်ုပ်တို့ ပြုလေသမျှ’ အဘယ်ကြောင့်နှင့် အဘယ်သို့ ‘အောင်မြင်’ သနည်း။
၁၆ ဖြောင့်မှန်သောလမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်လျှောက်ကြစဉ် စုံစမ်းနှောင့်ယှက်မှုများ၊ အခက်အခဲများ၏ ဖိအားပေးမှုများကို ခံရပ်နိုင်ရန် ယေဟောဝါ ကူညီတော်မူသည်။ ထို့ကြောင့် ဘုရားသခင်၏ လုပ်ငန်းတော်တွင်ရွှင်လန်းပြီး အသီးသီးကြသည်။ (မဿဲ ၁၃:၂၃; လုကာ ၈:၁၅) ကျွန်ုပ်တို့သည် ယေဟောဝါ၏အလိုတော်ကို အဓိကထားလုပ်ဆောင်ကြသောကြောင့် ‘ကျွန်ုပ်တို့ ပြုလေသမျှ အောင်မြင်သည်။’ ကိုယ်တော်၏ ရည်ရွယ်တော်မူချက်များသည် အစဉ်ပြည့်ဝအောင်မြင်သည်ဖြစ်ရာ ကိုယ်တော်၏ တောင်းဆိုချက်များ၌ ကျွန်ုပ်တို့ မွေ့လျော်ကြသောကြောင့် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ ချမ်းသာကြွယ်ဝကြသည်။ (ကမ္ဘာဦး ၃၉:၂၃; ယောရှု ၁:၇၊ ၈; ဟေရှာယ ၅၅:၁၁) အခက်အခဲများကို ကျွန်ုပ်တို့ ရင်ဆိုင်နေရချိန်တွင်ပင် ထိုသို့ဖြစ်ကြ၏။—ဆာလံ ၁၁၂:၁-၃; ၃ ယောဟန် ၂။
မတရားသောသူတို့သည် ကြီးပွားတိုးတက်နေပုံရှိ
၁၇၊ ၁၈။ (က) ဆာလံဆရာသည် မတရားသောသူကို အဘယ်အရာနှင့် နှိုင်းယှဉ်သနည်း။ (ခ) မတရားသောသူသည် ရုပ်ပစ္စည်းကြွယ်ဝသည့်တိုင် အဘယ်ကြောင့် တည်မြဲသည့်လုံခြုံမှု မရှိသနည်း။
၁၇ မတရားသောသူ၏အခြေအနေနှင့် ဖြောင့်မတ်သူ၏ အခြေအနေသည် အလွန်ကွာခြားသည်! မတရားသောသူတို့သည် အတန်ကြာ ရုပ်ပစ္စည်းကြွယ်ဝပုံရသော်လည်း ဝိညာဉ်ရေးတွင် မကြွယ်ဝကြပါ။ ယင်းကို ဆာလံဆရာ ဆက်ပြောသော ဤစကားများကဖော်ပြ၏– “မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သောဖွဲ [“အမှော်၊” ကဘ] နှင့်တူကြ၏။ တရားဆုံးဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။” (ဆာလံ ၁:၄၊ ၅) “မတရားသောသူတို့မူကား ထိုကဲ့သို့မဟုတ်” ဟု ဆာလံဆရာဆိုသည်ကို သတိပြုပါ။ အသီးများစွာသီးပြီး ကြာရှည်တည်သော အပင်များနှင့် နှိုင်းယှဉ်ခဲ့သော ဘုရားသခင်ဝတ်၌ မွေ့လျော်သူတို့နှင့် မတရားသောသူတို့ မတူကြကြောင်းကို ဆိုလိုခြင်းဖြစ်သည်။
၁၈ မတရားသောသူတို့သည် ရုပ်ပစ္စည်းကြွယ်ဝကြသည့်တိုင် သူတို့၌ တည်မြဲသည့် လုံခြုံမှုမရှိကြပါ။ (ဆာလံ ၃၇:၁၆; ၇၃:၃၊ ၁၂) အမွေကိစ္စဆုံးဖြတ်ပေးရန် တောင်းဆိုလာသူကို ယေရှုဖော်ပြခဲ့သည့် ပုံဥပမာထဲမှ စဉ်းစားဆင်ခြင်မှုမရှိသော သူဌေးနှင့် သူတို့တူကြ၏။ ယေရှုဤသို့ မိန့်တော်မူခဲ့၏– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” ယင်းအချက်ကို ယေရှုပုံဖော်ရာတွင် မြေကောင်း၍ အသီးအနှံများလှသောကြောင့် သိုလှောင်တိုက်များကိုဖျက်ပြီး သူ၏ပစ္စည်းအားလုံးဝင်ဆံ့သည့် ပို၍ကြီးသောတိုက်များကို ဆောက်လုပ်ရန်စီစဉ်သည့် သူဌေးတစ်ဦးအကြောင်း မိန့်တော်မူခဲ့သည်။ ထိုသူသည် စားသောက်၊ ပျော်မွေ့ရန် ကြံစည်ခဲ့သည်။ သို့သော် ဘုရားသခင် ဤသို့မိန့်တော်မူ၏– “အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း။” ယင်းအချက်ကို အလေးအနက်ပြုလို၍ ယေရှုဤသို့ထပ်၍ မိန့်တော်မူ၏– “ထို့အတူ ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်။”—လုကာ ၁၂:၁၃-၂၁။
၁၉၊ ၂၀။ (က) ရှေးခေတ်က စပါးလှေ့ပုံလှေ့နည်းကို ဖော်ပြပါ။ (ခ) မတရားသောသူတို့ကို စပါးမှော်နှင့် အဘယ်ကြောင့် နှိုင်းယှဉ်ထားသနည်း။
၁၉ မတရားသောသူသည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” ၏။ ထို့ကြောင့် ထိုသူတို့သည် စပါးစေ့ပေါ် ကပ်နေသောအလွှာပါး၊ စပါးမှော်ကဲ့သို့ပင် လုံခြုံမှုနှင့် ငြိမ်သက်မှုမရှိကြချေ။ ရှေးအချိန်က ဂျုံစပါးကို ရိတ်သိမ်းပြီးနောက် အများအားဖြင့် ကုန်းမြင့်မြေပြန့်ကွက်လပ်တစ်ခုရှိ ကောက်နယ်တလင်းသို့ သယ်ယူကြသည်။ ကောက်ရိုးများကျိုးကျေပြီး စပါးစေ့များကြွေကျစေရန် ထက်သောကျောက်တုံးများ၊ သံသွားများတပ်ထားသည့် စွပ်ဖားဖြင့် ဂျုံစပါးနှံပုံအပေါ် တိရစ္ဆာန်များနှင့် နယ်ကြသည်။ ထို့နောက် နယ်ထားသောစပါးကို ဂေါ်ပြားဖြင့် လေထဲပစ်မြှောက်ကာ လှေ့ယူလေ့ရှိကြသည်။ (ဟေရှာယ ၃၀:၂၄) စပါးစေ့များသည် တလင်းပေါ်ပြန်ကျပြီး ကောက်ရိုးအကျိုးအကြေများသည် လေဖြင့်လွှင့်၍ ဘေးတွင်ကျ၏၊ အမှော်များမှာမူ အဝေးသို့လွင့်စဉ်သွားသည်။ (ရုသ ၃:၂) ဂျုံစပါးမှ အမှိုက်ကျောက်စရစ်ခဲများကို ဆန်ခါဖြင့်ဖယ်ရှားပြီးနောက် ယင်းကိုသိုလှောင်သိမ်းဆည်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။ (လုကာ ၂၂:၃၁) သို့သော် အမှော်များမှာမူ လွင့်သွားပြီဖြစ်သည်။
၂၀ အမှော်များ လွင့်သွားစဉ် မြေပြင်ပေါ်ကျသည့် ဂျုံစပါးစေ့များကို သိမ်းဆည်းကြသကဲ့သို့ပင် ဖြောင့်မတ်သောသူတို့သည် ကျန်ရစ်မည်ဖြစ်ပြီး မတရားသောသူတို့ကိုကား ဖယ်ရှားလိုက်မည်ဖြစ်သည်။ ထိုဆိုးညစ်သူများ မကြာမီ ထာဝရပျက်စီးသွားကြတော့မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ အမှန်တကယ်ဝမ်းမြောက်ကြ၏။ ထိုသူတို့ကိုဖယ်ရှားပြီးနောက် ယေဟောဝါ၏ တရားတော်၌ မွေ့လျော်သောသူတို့သည် ကောင်းချီးများစွာ ခံစားကြရလိမ့်မည်။ နာခံမှုရှိသောသူတို့သည် နောက်ဆုံးတွင် ဘုရားသခင်ပေးသော ထာဝရအသက် ဆုကျေးဇူးကို ရကြလိမ့်မည်။—မဿဲ ၂၅:၃၄-၄၆; ရောမ ၆:၂၃။
ကောင်းချီးရ “ဖြောင့်မတ်သောသူတို့၏လမ်း”
၂၁။ ယေဟောဝါသည် ‘ဖြောင့်မတ်သောသူတို့ကို’ မည်သို့ “သိကျွမ်း” တော်မူသနည်း။
၂၁ ပထမဆာလံကို ဤစကားများဖြင့် နိဂုံးချုပ်ထား၏– “ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရား[သခင်] သိကျွမ်းတော်မူ၏။ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်သတည်း။” (ဆာလံ ၁:၆) ဘုရားသခင်သည် ‘ဖြောင့်မတ်သောသူတို့ကို’ မည်သို့ “သိကျွမ်း” တော်မူသနည်း။ ဖြောင့်မှန်သောလမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်လျှောက်နေကြမည်ဆိုလျှင် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏ ဘုရားသခင့်ရေးရာ ဘဝပုံစံကို အသိအမှတ်ပြုတော်မူပြီး ကျွန်ုပ်တို့အား ကိုယ်တော်၏ မျက်နှာသာရ ကျေးကျွန်များအဖြစ် ရှုမြင်ကြောင်း စိတ်ချနိုင်ပါသည်။ သို့ဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမှန်ဂရုစိုက်တော်မူကြောင်း ယုံကြည်စိတ်ချကာ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုရှိသမျှကို ကိုယ်တော်ထံ လွှဲအပ်နိုင်၍ လွှဲအပ်သင့်ပေသည်။—ယေဇကျေလ ၃၄:၁၁; ၁ ပေတရု ၅:၆၊ ၇။
၂၂၊ ၂၃။ မတရားသောသူတို့နှင့် ဖြောင့်မတ်သောသူတို့သည် မည်သို့ဖြစ်သွားကြမည်နည်း။
၂၂ “ဖြောင့်မတ်သောသူတို့၏လမ်း” သည် ထာဝစဉ်တည်လိမ့်မည်၊ သို့သော် ပြုပြင်ပြောင်းလဲ၍မရသော လူဆိုးတို့သည် ယေဟောဝါ၏ တရားစီရင်ခြင်းကိုခံရသဖြင့် ဆုံးပါးလိမ့်မည်။ သူတို့၏ “လမ်း၊” သူတို့အသက်တာလမ်းစဉ်သည် သူတို့နှင့်အတူ အဆုံးတိုင်လိမ့်မည်။ ဒါဝိဒ်၏ ဤစကားများ ပြည့်စုံမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်၏– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။
၂၃ မတရားသောသူ မရှိတော့သည့် မြေကြီးပရဒိသုတွင် ကျွန်ုပ်တို့ အသက်ရှင်ခွင့်ရမည်ဆိုလျှင် အလွန်ပျော်ရွှင်စရာကောင်းလိမ့်မည်! စိတ်နှိမ့်ချသောသူနှင့် ဖြောင့်မတ်သောသူတို့သည် ‘ယေဟောဝါ၏တရားတော်၌’ အစဉ်မွေ့လျော်ကြမည်ဖြစ်သောကြောင့် စစ်မှန်သောငြိမ်သက်မှုကို ခံစားကြရလိမ့်မည်။ သို့သော် ထိုအချိန်မတိုင်မီ ‘ယေဟောဝါ၏ အမိန့်တော်’ ကိုလိုက်နာကြရမည်။ (ဆာလံ ၂:၇က၊ ကဘ) ယင်းသည် အဘယ်အမိန့်တော်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့နှင့် လူ့မိသားစုတစ်ခုလုံးအတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း သိရှိစေရန် နောက်ဆောင်းပါးက ကူညီပါလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင်၏ တရားတော်၌ မွေ့လျော်သူတစ်ဦးသည် အဘယ်ကြောင့် ပျော်ရွှင်သနည်း။
• ကျွန်ုပ်တို့သည် ယေဟောဝါ၏တရားတော်၌ မွေ့လျော်ကြောင်း အဘယ်အရာကတင်ပြသနည်း။
• လူတစ်ဦးသည် ရေကောင်းစွာရရှိသော အပင်နှင့် မည်သို့ တူနိုင်သနည်း။
• ဖြောင့်မတ်သောသူ၏လမ်းနှင့် မတရားသောသူ၏လမ်းသည် မည်သို့ကွာခြားသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
မတရားသောသူတို့နှင့် မပေါင်းဖော်ရန် ဆုတောင်းခြင်းက ကူညီပေးမည်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဖြောင့်မတ်သောသူသည် အပင်နှင့် အဘယ်ကြောင့်တူသနည်း