တည်ကြည်မြဲမြံ—ယခင်နှင့်ယခု
တည်ကြည်မြဲမြံ—ယခင်နှင့်ယခု
ချက်ခ်သမ္မတနိုင်ငံနှင့် စလိုဗေးကီးယားနိုင်ငံတို့၏နယ်စပ်အနီးရှိ ပိုလန်နိုင်ငံတောင်ပိုင်းတွင် ဗီစဝါဟုခေါ်သည့် မြို့လေးတစ်မြို့ရှိသည်။ သင်သည် ဗီစဝါမြို့ကို တစ်ခါမျှကြားဖူးမည်မဟုတ်သော်လည်း ယင်း၏သမိုင်းကို စစ်မှန်သောခရစ်ယာန်များ အလွန်စိတ်ဝင်စားကြလိမ့်မည်။ ယေဟောဝါအား သမာဓိနှင့် စိတ်ထက်သန်မှုတို့ဖြင့် ဝတ်ပြုကိုးကွယ်ခဲ့သည့် သမိုင်းကြောင်းဖြစ်သည်။ မည်သို့အားဖြင့်နည်း။
ဗီစဝါမြို့လေးသည် ရင်သပ်ရှုမောဖွယ်ကောင်းသည့် သဘာဝအလှကို ဆင်မြန်းထားသော တောင်တန်းဒေသတွင် တည်ရှိသည်။ ရေစီးသန်သောမြစ်ငယ်များနှင့် စမ်းချောင်းနှစ်ခုတို့သည် သစ်တောထူထပ်သည့် တောင်များ၊ ချိုင့်ဝှမ်းများကြား ကွေ့ပတ်စီးဆင်းပြီး ဗီတူလာမြစ်နှင့်ပေါင်းသွားသည်။ ဖော်ရွေပျူငှာသော ဒေသခံလူတို့နှင့် ထူးခြားသည့် ဒေသန္တရ,ရာသီဥတုတို့ကြောင့် ဗီစဝါမြို့သည် နွေရာသီ အားရက်အနားယူရာ နေရာနှင့် ဆောင်းရာသီအပန်းဖြေနေရာဖြစ်သည့် ဆေးကုသမှုခံယူရာဌာနအဖြစ် နာမည်ကြီးလာ၏။
၁၅၉၀ ပြည့်လွန်နှစ်များက အဆိုပါအမည်ဖြင့် ထိုနေရာတွင် ပထမဦးဆုံးအခြေချနေထိုင်ခဲ့ကြပုံရသည်။ သစ်စက်တစ်ခု တည်ထောင်လိုက်ပြီး မကြာမီ ထိုတောတောင်အရပ်တွင် လူတို့အခြေချနေထိုင်ကြကာ သိုးနွားတိရစ္ဆာန်များမွေးမြူ၍ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ သို့သော် အဆိုပါနှိမ့်ချသူများသည် ခရစ်ယာန်ဘာသာရေးအပြောင်းအလဲ လေပွေထဲကျရောက်ခဲ့သည်။ သုတေသီ အဲန်ဒရေဇ် အော့တ်ဇက်ခ်၏အဆိုအရ မာတင်လူသာအစပြုခဲ့သည့် ခရစ်ယာန်ဘာသာရေးပြုပြင်ပြောင်းလဲမှုက ထိုဒေသအပေါ် အလွန်အကျိုးသက်ရောက်ခဲ့ပြီး လူသာရင်အယူဝါဒသည် “၁၅၄၅ ခုနှစ်တွင် နိုင်ငံတော်ခရစ်ယာန်ဘာသာတရား” ဖြစ်လာလေသည်။ သို့တိုင် အနှစ်သုံးဆယ်စစ်ပွဲနှင့် တန်ပြန်ပြုပြင်ပြောင်းလဲရေးတို့က ထိုအခြေအနေကို သိသိသာသာ ပြောင်းလဲစေခဲ့၏။ “၁၆၅၄ ခုနှစ်တွင် ပရိုတက်စတင့်ဘာသာဝင်များထံမှ ချာ့ခ်ျအဆောက်အဦအားလုံးကို သိမ်းယူပြီး သူတို့၏ဝတ်ပြုရေးကို ပိတ်ပင်ကာ သမ္မာကျမ်းစာနှင့် အခြားဘာသာရေးစာအုပ်များကို သိမ်းလိုက်သည်” ဟုအော့တ်ဇက်ခ်က ဆက်ပြောပြ၏။ သို့တိုင် ဒေသခံလူအများစုသည် လူသာရင်များဖြစ်ကြ၏။
ဦးဆုံးကျမ်းစာအမှန်တရားမျိုးစေ့များ
ဝမ်းသာစရာမှာ သာ၍အရေးပါသော ခရစ်ယာန်ဘာသာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့၏။ ၁၉၂၈ ခုနှစ်တွင် ထိုစဉ်က ကျမ်းစာကျောင်းသားများဟု ခေါ်ခဲ့သော စိတ်ထက်သန်သည့် ယေဟောဝါသက်သေနှစ်ဦးသည် ကျမ်းစာအမှန်တရားမျိုးစေ့များကို ဦးဆုံးကြဲခဲ့ကြ၏။ နောက်တစ်နှစ်တွင် ယာန် ဂေါ့မော့လာသည် ဗီစဝါမြို့သို့ ရောက်ရှိလာပြီး ဓာတ်ပြားစက်နှင့် ကျမ်းစာဟောပြောချက်များ ဖွင့်ပြခဲ့သည်။ ထို့နောက် သူသည် အနီးအနားက ချိုင့်ဝှမ်းတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ထိုတွင် အာရုံစိုက်နားထောင်သူ၊ အဲန်ဒရေဇ် ရာခ်ျကာအမည်ရှိ လက်ခံနာယူသောနှလုံးရှိသည့် တုတ်ခိုင်သန်မာသော တောင်ပေါ်သားတစ်ဦးကို တွေ့ခဲ့သည်။ ရာခ်ျကာသည် သူ၏ကျမ်းစာကို ချက်ချင်းထုတ်ပြီး ဓာတ်ပြားဟောပြောချက်များတွင် ပါရှိသည့်အကြောင်းအရာများ မှန်မမှန် စစ်ဆေးကြည့်၏။ ထို့နောက် သူက “ကျွန်တော့်ညီအစ်ကို၊ အခုမှပဲ ကျွန်တော် အမှန်တရားတွေ့တော့တယ်! ပထမကမ္ဘာစစ်ရဲ့ ကတုတ်ကျင်းထဲမှာ ရှိတုန်းကတည်းက အဖြေကိုရှာခဲ့တာ!” ဟုပြောသည်။
အလွန်စိတ်ထက်သန်စွာဖြင့် ရာခ်ျကာသည် သူ၏သူငယ်ချင်း ယာဇာနှင့် အဲန်ဒရေဇ် ပီလ်ခ်တို့ကို ဂေါ့မော့လာနှင့် မိတ်ဆက်ပေးခဲ့ရာ သူတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ထက်သန်စွာ တုံ့ပြန်ခဲ့ကြ၏။ ပြင်သစ်နိုင်ငံတွင် ကျမ်းစာအမှန်တရား သိရှိခဲ့သော အဲန်ဒရေဇ် တာရ်နာသည် ဘုရားသခင့်သတင်းတရားအသိပညာကို ထိုသူတို့ ပို၍နားလည်စေရန် ကူညီပေးခဲ့သည်။ မကြာမီ သူတို့ နှစ်ခြင်းခံလိုက်ကြလေ၏။ ဗီစဝါမြို့မှ ကျမ်းစာကျောင်းသားလူနည်းစုကို ကူညီပေးရန် အနီးအပါးမြို့များမှ ညီအစ်ကိုများသည် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း သူတို့ထံ လည်ပတ်လာခဲ့ကြသည်။ အံ့အားသင့်စရာ ရလဒ်ကောင်းများရခဲ့၏။
စိတ်ဝင်စားသူလူသစ်များ ထူးထူးခြားခြားတိုးများလာ၏။ ဒေသခံလူသာရင်မိသားစုများသည် သူတို့အိမ်တွင် ကျမ်းစာဖတ်လေ့ဖတ်ထရှိကြ၏။ ထို့ကြောင့် မီးငရဲ၊ သုံးပါးပေါင်းတစ်ဆူအယူတို့နှင့်ပတ်သက်၍ ယုံကြည်စိတ်ချနိုင်သော ကျမ်းစာအကြောင်းပြချက်များကို သူတို့တွေ့ရှိသည်နှင့် လူအများသည် အမှားနှင့် အမှန်ကို ခွဲခြားသိမြင်ကြသည်။ မိသားစုများစွာသည် မှားယွင်းသောဘာသာရေးသွန်သင်ချက်များကို စွန့်လွှတ်လိုက်ကြသည်။ သို့နှင့် ဗီစဝါမြို့ရှိအသင်းတော်သည် တိုးတက်လာရာ ၁၉၃၉ ခုနှစ်တိုင်လေသော် ၁၄၀ ခန့်ရှိလာလေ၏။ သို့သော် ထိုအသင်းတော်ရှိ လူကြီးအများစု နှစ်ခြင်းမခံကြသည်မှာ အံ့ဩစရာဖြစ်၏။ “နှစ်ခြင်းမခံရသေးတဲ့ ဒီကြေညာသူတွေဟာ ယေဟောဝါဘက် မရပ်တည်နိုင်ကြတဲ့သူတွေမဟုတ်ဘူး။ သူတို့ ရင်ဆိုင်ခဲ့ကြရတဲ့ ယုံကြည်ခြင်းစမ်းသပ်မှုတွေကြား သူတို့ သမာဓိရှိတာကို ပြခဲ့ကြတယ်” ဟုထိုအစောပိုင်းသက်သေခံတစ်ဦးဖြစ်သူ ဟယ်လီနာကဆို၏။
ကလေးများကော အသို့နည်း။ မိဘများသည် အမှန်တရားတွေ့ရှိပြီဖြစ်ကြောင်း သူတို့သိရှိကြသည်။ ဖရဲန့်ချီရှက်ခ် ဘရာဇ်က ဤသို့ဖော်ပြသည်– “ကျွန်တော့်အဖေက အမှန်တရားတွေ့ပြီလို့ သိတာနဲ့ အစ်ကိုနဲ့ကျွန်တော့်ကို သင်ပေးတယ်။ ကျွန်တော်တို့က ရှစ်နှစ်နဲ့ ဆယ်နှစ်ပဲရှိသေးတယ်။ အဖေက ကျွန်တော်တို့ကို ‘ဘုရားသခင်က ဘယ်သူလဲ၊ သူ့နာမည်က ဘာလဲ။ ယေရှုခရစ်အကြောင်း ဘာသိသလဲ’ စတဲ့ မေးခွန်းရိုးရိုးလေးတွေ မေးတတ်တယ်။ ကျွန်တော်တို့က အဖြေတွေကို ကျမ်းချက်နဲ့အတူ ရေးဖြေခဲ့ရတယ်။” သက်သေခံနောက်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော့်မိဘတွေက ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လက်ခံပြီး ၁၉၄၀ ပြည့်နှစ်မှာ လူသာရင်ချာ့ခ်ျက နုတ်ထွက်လိုက်လို့ ကျောင်းမှာ ကျွန်တော့်ကို ရန်လုပ်ကြပြီး ဝိုင်းရိုက်ကြတယ်။ ကျွန်တော့်စိတ်ထဲကို ကျမ်းစာမူတွေ ထည့်သွင်းပေးတဲ့အတွက် မိဘတွေကို တကယ်ကျေးဇူးတင်တယ်။ အဲဒါကြောင့် အဲ့ဒီအခက်အခဲတွေကို ကျွန်တော်ကျော်လွှားနိုင်ခဲ့တယ်။”
စမ်းသပ်ခံရသော ယုံကြည်ခြင်း
ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး ထိုဒေသကို နာဇီသိမ်းပိုက်လိုက်သည့်အခါ ယေဟောဝါသက်သေများကို အစဖျောက်ပစ်ရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။ အစပိုင်းတွင် လူကြီးများ အထူးသဖြင့် ဖခင်များကို အခွင့်အရေးအချို့ရရှိရန် ဂျာမန်အမျိုးသားစာရင်းတွင် လက်မှတ်ထိုးခိုင်းသည်။ သက်သေခံများသည် နာဇီတို့နှင့်ပူးပေါင်းရန် ငြင်းပယ်ခဲ့ကြသည်။ စစ်မှုထမ်းရန် အသက်ပြည့်သော ညီအစ်ကိုများနှင့် စိတ်ဝင်စားသူများသည် စစ်ထဲဝင်မည်လော၊ ပြင်းထန်သည့်အပြစ်ဒဏ်ခံပြီး ပြတ်ပြတ်သားသား ကြားနေကြမည်လော ဟူသော အခက်အခဲကို ရင်ဆိုင်ခဲ့ကြရသည်။ ၁၉၄၃ ခုနှစ်တွင် ဂက်စတာပိုတို့ ဖမ်းဆီးခဲ့သော အဲန်ဒရေဇ် ရှဲလ်ဘောတ်က ဤသို့ပြောပြသည်– “စစ်မှုမထမ်းရင် အော့ဇ်ဝစ်အကျဉ်းစခန်းကို အပို့ခံရမှာဖြစ်တယ်။ ကျွန်တော် နှစ်ခြင်းမခံရသေးပေမဲ့ မဿဲ ၁၀:၂၈၊ ၂၉ မှာ ယေရှုအာမခံထားတဲ့စကားကို ကျွန်တော်သိတယ်။ တကယ်လို့ ယေဟောဝါအပေါ် ကျွန်တော့်ရဲ့ယုံကြည်ချက်ကြောင့် သေသွားခဲ့ရင်တောင် ကျွန်တော့်ကို ကိုယ်တော် အသက်ပြန်ပေးနိုင်တယ်ဆိုတာ ကျွန်တော်သိထားတယ်။”
၁၉၄၂ ခုနှစ် အစောပိုင်းတွင် နာဇီတို့သည် ဗီစဝါမြို့မှ ညီအစ်ကို ၁၇ ဦးကို ဖမ်းဆီးသွားသည်။ သုံးလအတွင်း အော့ဇ်ဝစ်အကျဉ်းစခန်း၌ ၁၅ ဦးသေဆုံးသွားသည်။ ယင်းက ဗီစဝါမြို့တွင် ကျန်ရှိနေသေးသော သက်သေခံများအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။ သူတို့၏ယုံကြည်ခြင်းကို စွန့်မည့်အစား အလျှော့မပေးဘဲ ယေဟောဝါအပေါ် သူတို့ဆက်၍တည်ကြည်ခဲ့ကြသည်! နောက်ခြောက်လ အတွင်း ဗီစဝါမြို့တွင် ကြေညာသူ နှစ်ဆတိုးလာ၏။ မကြာမီမှာပင် အခြားသူများကို ထပ်ပြီးဖမ်းဆီးခဲ့၏။ ဟစ်တလာ၏သိမ်းကျုံးရမ်းကားမှုကို ညီအစ်ကို ၈၃ ဦး၊ စိတ်ဝင်စားသူများနှင့် ကလေးများပါ ခံခဲ့ကြရသည်။ သူတို့ထဲမှ ငါးဆယ့်သုံးဦးကို အကျဉ်းစခန်းများ (အများအားဖြင့် အော့ဇ်ဝစ်) သို့မဟုတ် ပိုလန်၊ ဂျာမနီနှင့် ဘိုဟီးမီးယားတို့မှ သတ္တုတွင်းများနှင့် ကျောက်တွင်းများရှိ အလုပ်ကြမ်းစခန်းများသို့ ပို့လိုက်သည်။
တည်ကြည်မြဲမြံ
အော့ဇ်ဝစ်အကျဉ်းစခန်းတွင် နာဇီတို့သည် သက်သေခံများကို ချက်ချင်းလွှတ်ပေးမည့် မျှော်လင့်ချက်ဖြင့် ကြိုးစားဖြားယောင်းခဲ့ကြသည်။ ညီအစ်ကိုတစ်ဦးအား အက်စ်အက်စ်အစောင့်တစ်ဦးက “ကျမ်းစာကျောင်းသားမဟုတ်တော့ပါဘူးလို့ လက်မှတ်ထိုးလိုက်ရင် မင်းကို ချက်ချင်းလွှတ်ပေးမယ်၊ မင်းအိမ်ပြန်နိုင်မယ်” ဟုပြောခဲ့သည်။ ထိုသို့ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သော်လည်း ထိုညီအစ်ကိုသည် ယေဟောဝါအပေါ် ထားရှိသည့် တည်ကြည်မှုကို အလျှော့မပေးခဲ့ချေ။ ထို့ကြောင့် သူသည် ရိုက်နှက်၊ လှောင်ပြောင်ခံရပြီး ဂျာမနီနိုင်ငံရှိ အော့ဇ်ဝစ်နှင့် မီတဲလ်ဘော်ဒိုရာအကျဉ်းစခန်းတို့တွင် အလုပ်ကြမ်းလုပ်ခဲ့ရသည်။ ဤညီအစ်ကိုသည် အကျဉ်းစခန်းမှမလွတ်မီလေးတွင် ဤအကျဉ်းစခန်းကို ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း သေဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သည်။
မကြာသေးမီက သေဆုံးသွားသော သက်သေခံတစ်ဦးဖြစ်သူ ပါဗဲလ် ရှဲလ်ဘောတ်သည် တစ်ချိန်က ဤသို့ပြောပြခဲ့သည်– “ကျွန်တော့်ကို ဂက်စတာပိုတို့ စစ်ဆေးမေးမြန်းတိုင်း ဘာဖြစ်လို့ ဂျာမန်စစ်တပ်ထဲ မဝင်တာလဲ၊ ဟိုင်းလ်ဟစ်တလာလို့ မပြောတာလဲလို့ ခဏခဏမေးကြတယ်။” ခရစ်ယာန်ကြားနေမှုအကြောင်း ကျမ်းစာကိုအခြေပြု ရှင်းပြပြီးနောက် သူ့ကို စစ်လက်နက်စက်ရုံတွင် အလုပ်လုပ်ကိုင်ရန် ဒဏ်ခတ်ခဲ့၏။ “ကျွန်တော့်သိစိတ်က ဒီအလုပ်ကို လက်မခံတဲ့အတွက် ကျွန်တော့်ကို သတ္တုတွင်းကိုပို့လိုက်တယ်။” သို့တိုင် သူသည် ဆက်၍သစ္စာတည်ကြည်ခဲ့၏။
အကျဉ်းချမခံရသူ အမျိုးသမီးများနှင့် ကလေးများသည် အော့ဇ်ဝစ်စခန်းတွင် အကျဉ်းကျနေသူများထံ စားစရာအထုပ်များ ပို့ပေးခဲ့ကြသည်။ ထိုစဉ်က လူငယ်ဖြစ်သူ ညီအစ်ကိုတစ်ဦးက ဤသို့ပြောပြသည်– “နွေရာသီရောက်တိုင်း ကျွန်တော်တို့ တောထဲမှာ ခရန့်ဘယ်ရီသီးတွေ ခူးပြီး ဂျုံနဲ့လဲယူကြတယ်။ ညီအစ်မတွေက ပေါင်မုန့်လုံးတွေ ဖုတ်ကြပြီး ဝက်ဆီသုတ်ပေးတယ်။ အဲ့ဒီမုန့်လုံးတွေကို ကျွန်တော်တို့က အကျဉ်းကျနေတဲ့ ယုံကြည်သူချင်းတွေဆီကို နည်းနည်းဆီ ပို့ပေးကြတယ်။”
ဗီစဝါမြို့မှ သက်သေခံလူကြီးစုစုပေါင်း ၅၃ ဦးကို အကျဉ်းစခန်းများသို့ပို့ပြီး အလုပ်ကြမ်းလုပ်ခိုင်းသည်။ သူတို့ထဲမှ သုံးဆယ့်ရှစ်ဦးသည် သေဆုံးသွားရှာသည်။
လူငယ်မျိုးဆက် ပေါ်ပေါက်လာ
ယေဟောဝါသက်သေများ၏ ကလေးများသည်လည်း နာဇီ၏ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရရှာ၏။ ကလေးအချို့ကို ဘိုဟီးမီးယားရှိ ယာယီစခန်းများသို့ သူတို့၏မိခင်များနှင့်အတူ ပို့ခဲ့သည်။ တခြားကလေးများကို သူတို့မိဘနှင့်ခွဲပြီး လော့ဒ်ဇ်မြို့ရှိ နာမည်ကြီးကလေးအကျဉ်းစခန်းသို့ ပို့ခဲ့သည်။
သူတို့ထဲမှ သုံးဦးက ဤသို့ပြောပြ၏– “ဂျာမန်တွေက အသက်ငါးနှစ်ကနေ ကိုးနှစ်ရှိတဲ့ ကျွန်တော်တို့ဆယ်ယောက်ကို ခေါ်ပြီး လော့ဒ်ဇ်မြို့ကို ပထမဆုံးပို့လိုက်တယ်။ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် အားပေးဖို့ ဆုတောင်းကြတယ်၊ ကျမ်းစာအကြောင်းတွေ ဆွေးနွေးကြတယ်။ ခံရပ်နိုင်ဖို့ မလွယ်ခဲ့ပါဘူး။” ၁၉၄၅ ခုနှစ်တွင် ထိုကလေးသူငယ်အားလုံး အိမ်သို့ပြန်လာနိုင်ခဲ့ကြသည်။ သူတို့သည် အသက်ရှင်ကြသေးသော်လည်း အရိုးပေါ်အရေတင် အထိတ်တလန့်ဖြစ်နေကြ၏။ သို့တိုင် ဘယ်အရာကမျှ သူတို့၏သမာဓိကို မချိုးဖျက်နိုင်ခဲ့ကြချေ။
ထို့နောက် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း
ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး၌ ဗီစဝါမြို့မှ သက်သေခံများသည် ယုံကြည်ခြင်း ခိုင်ခံ့နေဆဲရှိကြပြီး ဟောပြောခြင်းလုပ်ငန်းကို အားတက်သရော ဇွဲလုံ့လနှင့် ပြန်စတင်ရန် အသင့်ရှိနေကြ၏။ ညီအစ်ကိုများသည် ဗီစဝါမြို့မှ ၂၅ မိုင်ကျော်တွင် နေထိုင်ကြသူများထံ သွားရောက်လည်ပတ် ဟောပြော၍ ကျမ်းစာ,စာပေများကို ဝေငှခဲ့ကြသည်။ “မကြာခင်မှာပဲ ကျွန်တော်တို့မြို့မှာ တက်ကြွလှုပ်ရှားတဲ့အသင်းတော်သုံးခုရှိလာတယ်” ဟုယာန် ကဇို့ခ်က ပြောပြသည်။ သို့သော် ခရစ်ယာန်ဘာသာရေးလွတ်လပ်မှုသည် ကြာရှည်မတည်တံ့ခဲ့ချေ။
နာဇီတို့ကျဆုံးပြီးနောက် တက်လာသော ကွန်မြူနစ်အစိုးရသည် ၁၉၅၀ ပြည့်နှစ်တွင် ပိုလန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏လှုပ်ရှားမှုကို ပိတ်ပင်ခဲ့၏။ ထို့ကြောင့် ဒေသခံညီအစ်ကိုများသည် ခရစ်ယာန်ဓမ္မအမှုကို ကြံဖန်ပြုလုပ်ခဲ့ကြရသည်။ တစ်ခါတစ်ရံ အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် ဂျုံဝယ်ယူလိုသည့်ပုံစံမျိုးဖြင့် လူတို့ထံ လည်ပတ်ခဲ့ကြရ၏။ ခရစ်ယာန်အစည်းအဝေးများကို ညပိုင်းတွင် အုပ်စုငယ်များဖြင့် ကျင်းပလေ့ရှိ၏။ မည်သို့ပင်ဆိုစေ၊ လုံခြုံရေးအမှုထမ်းများသည် ယေဟောဝါသက်သေများစွာကို နိုင်ငံခြားထောက်လှမ်းရေးဌာနတစ်ခုအတွက် သူလျှိုများဟု အခြေအမြစ်မရှိ စွဲချက်တင်ပြီး ဖမ်းဆီးခဲ့ကြသည်။ အရာရှိအချို့က ပါဗဲလ် ပီလ်ခ်အား “ဟစ်တလာက မင်းတို့ကို မချိုးနိုင်ခဲ့ပေမဲ့ ငါတို့ ချိုးဖျက်ပြမယ်” ဟုခနဲ့တဲ့တဲ့ဖြင့် ခြိမ်းခြောက်ခဲ့သည်။ သို့တိုင် သူသည် ထောင်ဒဏ်ငါးနှစ်ကျခဲ့စဉ် ယေဟောဝါအပေါ် တည်ကြည်ခဲ့သည်။ သက်သေခံလူငယ်အချို့သည် ဆိုရှယ်လစ်နိုင်ငံရေးစာချုပ်တစ်ခုကို လက်မှတ်မရေးထိုးခဲ့ကြသည့်အတွက် ကျောင်းထုတ်ခံရကြ၏၊ အလုပ်ဖြုတ်ခံခဲ့ကြရ၏။
သူတို့နှင့်အတူ ယေဟောဝါဆက်ရှိ
၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးအခြေအနေ ပြောင်းလဲခဲ့သည်၊ ထို့နောက် ယေဟောဝါသက်သေများကို ပိုလန်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုလိုက်လေသည်။ ဗီစဝါမြို့မှ ယေဟောဝါအား မြဲမြံတည်ကြည်စွာ ကိုးကွယ်သူများသည် သူတို့၏လုပ်ငန်းကို အရှိန်အဟုန်တိုးမြှင့်ခဲ့ကြကြောင်း ရှေ့ဆောင်များဖြစ်သည့် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်အရေအတွက် တိုးများလာခြင်းက ဖော်ပြသည်။ ဤဒေသမှ ညီအစ်ကို၊ ညီအစ်မပေါင်း ၁၀၀ ခန့်သည် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခဲ့ကြ၏။ ထို့ကြောင့် ဤမြို့ကို ရှေ့ဆောင်စက်ရုံဟု ခေါ်ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ။
အတိတ်တွင် ဘုရားသခင်၏ကျေးကျွန်များကို ကိုယ်တော်ထောက်မကူညီခဲ့ခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆို၏– ‘ယေဟောဝါသည် ငါတို့ဘက်မှာရှိတော်မမူလျှင် လူတို့သည် ငါတို့ရန်ဘက်၌နေကြသောအခါ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။’ (ဆာလံ ၁၂၄:၂၊ ၃) ကျွန်ုပ်တို့၏ခေတ်တွင် လူအများသည် စိတ်ဝင်စားမှုမရှိ၊ ကိုယ်ကျင့်တရားပျက်ပြားနေသည့်ကြား ဗီစဝါမြို့မှ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် သူတို့၏သမာဓိကို ကြိုးစားဆက်ထိန်းထားကြသောကြောင့် ကောင်းချီးများစွာ ခံစားနေကြရ၏။ ထိုဒေသရှိ သက်သေခံလူမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်သည် တမန်တော်ပေါလု၏ ဤစကားများ မှန်ကန်ကြောင်း သက်သေထူနိုင်ခဲ့ကြပြီ– “ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည်နည်း။”—ရောမ ၈:၃၁။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အမီလီယာ ကဇော့ခ်သည် သူ၏ကလေးများ ဟီလီနာ၊ အမဲလီယာ၊ ယာန်တို့နှင့်အတူ ဘိုဟီးမီးယားနိုင်ငံရှိ ယာယီအကျဉ်းစခန်းသို့ အပို့ခံခဲ့ရ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ပါဗဲလ် ရှဲလ်ဘောတ်သည် စစ်မှုမထမ်းခြင်းကြောင့်သတ္တုတွင်းတွင် အလုပ်လုပ်ရန် အပို့ခံခဲ့ရ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အော့ဇ်ဝစ်သို့ ညီအစ်ကိုများ အပို့ခံရပြီး သေဆုံးသွားခဲ့သော်လည်းဗီစဝါမြို့တွင် လုပ်ငန်းတော် တိုးတက်မြဲတိုးတက်နေ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ပါဗဲလ် ပီလ်ခ်နှင့် ယာန် ပိုလာခ်တို့သည် လော့ဒ်ဇ်မြို့ရှိ လူငယ်အကျဉ်းစခန်းသို့ အပို့ခံခဲ့ရ
[Picture Credit Line on page 25]
Berries and flowers: © R.M. Kosinscy/www.kosinscy.pl