ပရဒိသု–သင့်အတွက်လော
ပရဒိသု–သင့်အတွက်လော
“ခရစ်တော်၏တပည့်ဖြစ်သောလူတစ်ယောက် . . . သည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ . . . သည်အကြောင်းကိုငါသိ၏။”—၂ ကောရိန္သု ၁၂:၂-၄။
၁။ သမ္မာကျမ်းစာပါ အဘယ်ကတိများကို လူများစွာ နှစ်သက်ကြသနည်း။
ပရဒိသု။ မြေကြီးပရဒိသုကို ဘုရားသခင်ကတိထားတော်မူကြောင်း ပထမဦးဆုံးအကြိမ် ကြားခဲ့ဖူးချိန်၌ သင်မည်သို့ခံစားခဲ့ရသည်ကို မှတ်မိသေးသလော။ ‘မျက်စိကန်းသူများ မျက်စိပြန်မြင်လာကြမည်၊ နားပင်းသူများ နားကြားရမည်၊ တောမှ စမ်းရေထွက်မည်’ အကြောင်း သင်သိရှိခဲ့ချိန်ကို ပြန်သတိရပေမည်။ ထို့ပြင် တောခွေးသည် သိုးသငယ်နှင့်အတူနေမည်၊ လူသူငယ်သည် ကျားသစ်နှင့်ကစားမည်ဟူသည့် ပရောဖက်ပြုချက်ကော အသို့နည်း။ မိမိချစ်မြတ်နိုးရသော သေလွန်သူများသည် ထိုပရဒိသုတွင် အမြဲနေထိုင်ရန် ထမြောက်လာမည့်အကြောင်း ဖတ်ရသည့်အခါ ပီတိမဖြစ်ခဲ့ပေလော။—ဟေရှာယ ၁၁:၆; ၃၅:၅၊ ၆; ယောဟန် ၅:၂၈၊ ၂၉။
၂၊ ၃။ (က) ကျမ်းစာအခြေခံသော သင်၏မျှော်လင့်ချက်သည် အခြေအမြစ်ရှိသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ (ခ) မျှော်လင့်ရန်အတွက် အခြား အဘယ်အခြေခံအကြောင်းရင်း ရှိသေးသနည်း။
၂ သင့်မျှော်လင့်ချက်သည် အခြေအမြစ်မရှိရာ မဟုတ်ပါ။ ပရဒိသုနှင့်ပတ်သက်သည့် ကျမ်းစာ၏ကတိများကို ယုံကြည်စိတ်ချစရာ အကြောင်းရှိသည်။ ဥပမာ၊ “သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” ဟူ၍ နှက်တိုင်တင်ခံရသူ လူဆိုးအား ယေရှုပြောခဲ့သောစကားကို သင်ယုံကြည်စိတ်ချသည်။ (လုကာ ၂၃:၄၃) “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏” ဟူသည့်ကတိကိုလည်း သင်ယုံကြည်၏။ ထို့အပြင် ဘုရားသခင်သည် ကျွန်ုပ်တို့၏မျက်ရည်များကို သုတ်ပေးမည်၊ သေခြင်းမရှိတော့၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိတော့ဟူသည့် ကတိများကိုလည်း သင်ယုံကြည်၏။ ယင်းတို့ကား မြေကြီးပရဒိသု ပြန်လည်တည်ရှိမည်ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်!—၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၄။
၃ ဤပရဒိသုမျှော်လင့်ချက်အတွက် နောက်အခြေခံအကြောင်းရင်းတစ်ခုမှာ ကမ္ဘာတစ်ဝန်းရှိခရစ်ယာန်များ ယခုပင် တစ်စိတ်တစ်ဒေသပါဝင်နေသောအရာဖြစ်၏။ ယင်းကား အဘယ်နည်း။ ဘုရားသခင်သည် ဝိညာဉ်ရေးပရဒိသုတစ်ခုကို ဖြစ်ပေါ်စေရာ ၎င်းအတွင်းသို့ မိမိ၏လူမျိုးကို ပို့ဆောင်ပေးခဲ့ပြီ။ “ဝိညာဉ်ရေးပရဒိသု” ဟူသည့်အသုံးအနှုန်းမှာ စိတ်ကူးယဉ်ဆန်ပြီး နားလည်ရခက်ကောင်းခက်နေပေမည်၊ သို့သော် ယင်းပရဒိသုအကြောင်း ကြိုတင်ဟောထားရာ အမှန်တကယ်လည်း တည်ရှိသည်။
ပရဒိသုမြင်ကွင်းတစ်ခု
၄။ ၂ ကောရိန္သု ၁၂:၂-၄ တွင် အဘယ်မြင်ကွင်းအကြောင်း ဖော်ပြထားသနည်း၊ ယင်းကို မည်သူ တွေ့မြင်ခဲ့ဖွယ်ရှိသနည်း။
၄ ဤကိစ္စနှင့်စပ်လျဉ်း၍ တမန်တော်ပေါလု ရေးသားခဲ့သည်ကို သတိပြုပါ– “ခရစ်တော်၏တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်သည်အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓာပါသည်မပါသည်ကို ငါမသိ။ ဘုရားသခင်သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကိုခံရ၍၊ လူမပြောအပ် မပြောနိုင်သောစကားကို ကြားသည်အကြောင်းကိုငါသိ၏။” (၂ ကောရိန္သု ၁၂:၂-၄) ပေါလုက မိမိသည် တမန်တော်အဖြစ်ကို ခံယူထိုက်ကြောင်း ချေပပြောဆိုပြီးပြီးချင်း ထိုစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုသို့သောအတွေ့အကြုံမျိုး တွေ့ကြုံဖူးသည့် အခြားမည်သူ့အကြောင်းမျှ သမ္မာကျမ်းစာက မဖော်ပြထားချေ၊ ယင်းကို ပေါလုတစ်ဦးတည်းသာ ပြောပြ၏။ သို့ဖြစ်၍ ယင်းမြင်ကွင်းကို တွေ့မြင်ခဲ့သူမှာ ပေါလုသာဖြစ်မည်။ ဤထူးကဲဆန်းပြားသည့်အတွေ့အကြုံတွင် မည်သည့် “ပရဒိသု” အတွင်း သူဝင်ခဲ့သနည်း။—၂ ကောရိန္သု ၁၁:၅၊ ၂၃-၃၁။
၅။ ပေါလုသည် အဘယ်အရာကို မမြင်ခဲ့သနည်း၊ ယင်းကြောင့် ဤ “ပရဒိသု” ကား အဘယ်အမျိုးအစားဖြစ်သနည်း။
၅ “တတိယကောင်းကင်” ဟုဆိုသော ကျမ်းပိုဒ်၏ ရှေ့နောက်စကားက ကျွန်ုပ်တို့၏ကမ္ဘာ့လေထုဝန်းကျင်တစ်ဝိုက်ဖြစ်သည်၊ အာကာသဖြစ်သည်၊ သို့မဟုတ် အာကာသရူပဗေဒပညာရှင်များ အဆိုတင်သွင်းသည့် အလားတူစကြဝဠာများဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိချေ။ ကျမ်းစာတွင် လေးနက်မှု၊ ပြင်းထန်မှု၊ ခိုင်မာမှုကိုဖော်ပြရန် နံပါတ်သုံးဂဏန်းကို အသုံးပြုလေ့ရှိသည်။ (ဒေ. ၄:၁၂; ဟေရှာယ ၆:၃; မဿဲ ၂၆:၃၄၊ ၇၅; ဗျာ. ၄:၈) သို့ဖြစ်၍ ပေါလုမြင်ခဲ့သော မြင်ကွင်းမှာ မြင့်မြတ်သောအရာဖြစ်သည်။ ယင်းသည် ဝိညာဉ်ရေးနှင့်ဆိုင်သည်။
၆။ အဘယ်သမိုင်းဆိုင်ရာအဖြစ်အပျက်က ပေါလုတွေ့မြင်ခဲ့ရာကို ထိုးထွင်းသိမြင်စေသနည်း။
၆ အစောပိုင်းတွင် ဖော်ပြခဲ့သော ကျမ်းစာပရောဖက်ပြုချက်များက ကျွန်ုပ်တို့အား ထိုးထွင်းသိမြင်စေသည်။ ဘုရားသခင်၏ တရားဟောရာ ၂၈:၁၅၊ ၆၂-၆၈; ၄ ဓမ္မရာဇဝင် ၂၁:၁၀-၁၅; ၂၄:၁၂-၁၆; ၂၅:၁-၄; ယေရမိ ၂၉:၁၀-၁၄) သို့သော် ထိုမြေနေရာသည် မည်သို့ဖြစ်ခဲ့သနည်း။ ထိုအနှစ် ၇၀ ကာလအတွင်း ထိုနေရာသည် တောထသော၊ ပူပြင်းခြောက်သွေ့သော၊ မြေခွေးတို့ကျက်စားသောနေရာ ဖြစ်နေခဲ့ပါသည်။ (ယေရမိ ၄:၂၆; ၁၀:၂၂) သို့တိုင် ကတိတော်က “ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ ဆိတ်ညံရာအရပ်အလုံးစုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့သို့လည်းကောင်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ် [သို့မဟုတ် ပရဒိသု၊ စက်တွားဂျင့်] ကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ . . . လိမ့်မည်” ဟုဆိုသည်။—ဟေရှာယ ၅၁:၃။
ရှေးခေတ်လူမျိုးသည် သစ္စာမဲ့သဖြင့် ကိုယ်တော်သည် ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုးအား ချင်းနင်းတိုက်ခိုက်ခွင့်ပြုခဲ့သည်။ ယင်းကြောင့် ကျမ်းစာခုနှစ်အရ ဘီ.စီ.အီး. ၆၀၇ တွင် လုံးလုံးဖျက်ဆီးခံခဲ့ရသည်။ ထိုပြည်သည် အနှစ် ၇၀ ကြာ လူဆိတ်ညံမည်၊ ထို့နောက် ဘုရားသခင်သည် နောင်တရသောဂျူးများကို ထိုပြည်သို့ပြန်စေပြီး စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ခွင့်ပြုမည်ဟု ပရောဖက်ပြုချက်က ဖော်ပြ၏။ ဘီ.စီ.အီး. ၅၃၇ မှစ၍ ထိုသို့ဖြစ်ပျက်ခဲ့သည်။ (၇။ အနှစ် ၇၀ လူဆိတ်ညံပြီးနောက် အဘယ်အရာ ဖြစ်ပျက်ခဲ့မည်နည်း။
၇ အနှစ် ၇၀ ကုန်လွန်ပြီးနောက် ထိုသို့ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်၏ကောင်းချီးကြောင့် အခြေအနေ တိုးတက်ကောင်းမွန်လာ၏။ သင့်စိတ်ထဲတွင် ဤပုံကိုဖော်ကြည့်ပါ– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ . . . ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား တော၌စမ်းရေထွက်၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။ တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေးအိပ်ရာနေရာ၌ ကျူပင်နှင့်ဂမာပင်အစား မြက်ပင်ပေါက်လိမ့်မည်။”—ဟေရှာယ ၃၅:၁-၇။
ပြန်လည်တည်ထောင်ပြီး အသွင်ပြောင်းသော လူမျိုးတစ်မျိုး
၈။ ဟေရှာယအခန်းကြီး ၃၅ သည် လူတို့ကို အာရုံစိုက်ကြောင်း မည်သို့သိရသနည်း။
၈ အမှန်တကယ်ထူးခြားသော ပြောင်းလဲမှုပင်! ဆိတ်ညံရာအရပ်မှ ပရဒိသုအဖြစ်သို့ အသွင်ပြောင်းလဲခဲ့လေပြီ။ ထိုနည်းတူ ဤပရောဖက်ပြုချက်နှင့် စိတ်ချနိုင်သည့် အခြားပရောဖက်ပြုချက်များက ဆိတ်ညံရာအရပ်မှ သီးပွင့်ဖြစ်ထွန်းသည့်အခြေအနေ ဖြစ်လာသကဲ့သို့ လူတို့လည်း ပြောင်းလဲလိမ့်မည်ဟု ဖော်ပြသည်။ အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။ အကြောင်းမှာ မိမိတို့ပြည်သို့ “ဝမ်းမြောက်ခြင်းသရဖူကိုဆောင်းလျက်” ပြန်လာကြပြီး “ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်” ကိုရကြမည့် ‘ယေဟောဝါ ကယ်လွှတ်သောသူတို့’ အကြောင်း ဟေရှာယ အာရုံစိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ (ဟေရှာယ ၃၅:၁၀) ယင်းသည် ပကတိမြေကြီးကို မဆိုလိုဘဲ လူတို့ကို ဆိုလို၏။ ထို့အပြင်၊ ဇိအုန်ကို ပြန်ရောက်လာမည့်လူမျိုးအကြောင်း ဟေရှာယက ဤသို့ဖော်ပြသေး၏– ‘ထိုသူတို့သည် ဖြောင့်မတ်ခြင်းသပိတ်ပင်၊ ဘုန်းအသရေတော်ဖို့ ထာဝရဘုရားသခင် စိုက်ပျိုးတော်မူသောအပင်ဟူ၍ သမုတ်ခြင်းကိုခံရကြလိမ့်မည်။ မြေကြီးသည် အပင်ကိုပေါက်စေသကဲ့သို့ . . . ထာဝရဘုရားသခင်သည် ခပ်သိမ်းသောလူမျိုးရှေ့မှာ ဖြောင့်မတ်ခြင်းနှင့်ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူလိမ့်မည်။’ ဘုရားသခင်၏လူမျိုးနှင့်ပတ်သက်၍ ဟေရှာယက ဤသို့လည်းဖော်ပြသည်– ‘ထာဝရဘုရားသခင်သည် သင့်ကို အစဉ်ပဲ့ပြင်တော်မူမည်။ . . . သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသောဥယျာဉ်ကဲ့သို့ . . . ဖြစ်လိမ့်မည်။’ (ဟေရှာယ ၅၈:၁၁; ၆၁:၃၊ ၁၁; ယေရမိ ၃၁:၁၀-၁၂) ထို့ကြောင့် ပကတိမြေ၏ ပတ်ဝန်းကျင်အခြေအနေများ တိုးတက်ပြောင်းလဲလာသကဲ့သို့ ပြန်လည်ထူထောင်လာသည့် ဂျူးလူမျိုးတွင်လည်း ပြောင်းလဲမှုများရှိမည်။
၉။ အဘယ် “ပရဒိသု” ကို ပေါလု မြင်ခဲ့သနည်း၊ အဘယ်အချိန်တွင် ပြည့်စုံခဲ့သနည်း။
၉ ဤသမိုင်းဖြစ်ရပ်က ပေါလုမြင်ခဲ့သည့် မြင်ကွင်းကို နားလည်စေ၏။ ယင်းတွင် “ဘုရားသခင်၏ဥယျာဉ်တော်” ဟု သူသမုတ်ခဲ့သည့် သီးပွင့်ဖြစ်ထွန်းမည့် ခရစ်ယာန်အသင်းတော် ပါဝင်ပတ်သက်သည်။ (၁ ကောရိန္သု ၃:၉) ထိုမြင်ကွင်းသည် အဘယ်အချိန်တွင် ပြည့်စုံရမည်နည်း။ ပေါလုက သူမြင်တွေ့ခဲ့ရာကို အနာဂတ်အဖြစ် အပျက် ‘အဆင်းအာရုံ’ ဟုခေါ်ဆိုခဲ့သည်။ သူသေသွားပြီးနောက်ပိုင်း အယူဖောက်ပြန်မှု အကြီးအကျယ်ဖြစ်လာမည်ကို သူသိထားသည်။ (၂ ကောရိန္သု ၁၂:၁; တမန်တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃၊ ၇) အယူဖောက်ပြန်သူများ ကြီးစိုးအောင်မြင်ပုံရနေစဉ်တွင် စစ်မှန်သောခရစ်ယာန်များကို စိုပြည်သောဥယျာဉ်တစ်ခုနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။ သို့တိုင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်မြှင့်တင်ခံရမည့်အချိန် ရောက်လာရမည်။ ‘ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းနိုင်ကြ’ ရန် ဘုရားသခင်၏လူမျိုးတို့ ပြန်လည်ထူထောင်ခံရကြမည်ဖြစ်သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃) ကောင်းကင်တွင် ဘုရားသခင်၏နိုင်ငံတော် တည်ထောင်ပြီးနောက် နှစ်အနည်းငယ်တွင် ထိုအတိုင်းဖြစ်ပျက်လာသည်။ ဆယ်စုနှစ်များစွာ ကုန်လွန်လေသော် ဘုရားသခင်၏လူမျိုးသည် ပေါလုကြိုတင်မြင်ခဲ့သော ဝိညာဉ်ရေးပရဒိသု၌ မွေ့လျော်နေကြောင်း အလွန်ထင်ရှားလာပါသည်။
၁၀၊ ၁၁။ ကျွန်ုပ်တို့သည် မစုံလင်ကြသော်လည်း ဝိညာဉ်ရေးပရဒိသုတစ်ခုတွင် ရှိနေကြသည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၁၀ မှန်ပါသည်၊ ကျွန်ုပ်တို့တစ်ဦးစီသည် မစုံလင်ကြသောကြောင့် ပေါလုခေတ်ကကဲ့သို့ပင် တစ်ခါတစ်ရံ ခရစ်ယာန်များကြား ပြဿနာများပေါ်လာတတ်ခြင်းကို အံ့ဩစရာမဟုတ်ပါ။ (၁ ကောရိန္သု ၁:၁၀-၁၃; ဖိလိပ္ပိ ၄:၂၊ ၃; ၂ သက်သာလောနိတ် ၃:၆-၁၄) သို့ရာတွင် ယခုပင် ကျွန်ုပ်တို့ မွေ့လျော်နေကြသည့် ဝိညာဉ်ရေးပရဒိသုကို စဉ်းစားကြည့်ပါ။ တစ်ချိန်က ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ဖျားနာခဲ့သည့်အခြေအနေနှင့် ယခု ကုသခံရပြီးသည့်အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ တစ်ချိန်က ငတ်မွတ်ရသည့်အခြေအနေကို ဝိညာဉ်အစာ ဝဝလင်လင်စားသုံးရသည့် လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါ။ ခြောက်သွေ့နေသော ဝိညာဉ်ရေးနယ်ပယ်တွင် ခက်ခက်ခဲခဲရုန်းကန်နေကြမည့်အစား ဘုရားသခင်၏လူမျိုးသည် ကိုယ်တော့်မျက်နှာသာရပြီး ကောင်းချီးများစွာ ခံစားနေကြရသည်။ (ဟေရှာယ ၃၅:၁၊ ၇) မြေတွင်းခန်းကဲ့သို့သော ဝိညာဉ်ရေးမှောင်မိုက်တွင် မမြင်မကန်းဖြစ်နေကြမည့်အစား လွတ်လပ်ခြင်းအလင်းကို မြင်နေရ၍ ဘုရားသခင်၏မျက်နှာသာတော် ရထားကြ၏။ တစ်ချိန်က ကျမ်းစာပရောဖက်ပြုချက်များကို မကြားခဲ့သူများစွာသည် ယခု ကျမ်းစာအကြောင်း ကြားလာကြရပြီး သဘောပေါက်နားလည်နေကြပြီ။ (ဟေရှာယ ၃၅:၅) ဥပမာ၊ ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီ သော ယေဟောဝါသက်သေများသည် ဒံယေလပရောဖက်ပြုချက်ကို အခန်းငယ်တစ်ခုချင်းစီ လေ့လာခဲ့ကြပြီ။ ထို့နောက် ဟေရှာယကျမ်းစောင်ကို တစ်ခန်းချင်းစီ နက်နက်နဲနဲ သုံးသပ်ဆင်ခြင်ခဲ့ကြသည်။ လန်းဆန်းမှုပေးသော ထိုဝိညာဉ်အစာက ဝိညာဉ်ရေးပရဒိသု တည်ရှိကြောင်း ထင်ရှားစေသည် မဟုတ်ပေလော။
၁၁ ထို့ပြင် ဘဝနောက်ခံအသီးသီးမှ စိတ်နှလုံးရိုးဖြောင့်သူများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးဖို့ ကြိုးစားကြစဉ် စရိုက်များစွာ ပြောင်းလဲလာခြင်းကို စဉ်းစားကြည့်ပါ။ ယခင်က သူတို့တွင် ရှိဖူးသည့် လူမဆန်သောစရိုက်များကို ကြိုးစားပြီး ချွတ်ပယ်ခဲ့ကြပြီ။ အသင်လည်း ထိုသို့ ထူးထူးခြားခြားလုပ်ဆောင်ခဲ့ပြီးဖြစ်မည်၊ သင်၏ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများလည်း ထို့အတူပြုခဲ့ပြီဖြစ်သည်။ (ကောလောသဲ ၃:၈-၁၄) ထို့ကြောင့် ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုနှင့် သင်ပေါင်းသင်းရာတွင် သင်သည် ယခင်ကထက် အေးဆေးငြိမ်သက်ပြီး နှစ်လိုဖွယ်ကောင်းသူများ ဖြစ်လာသူတို့နှင့်အတူ ရှိနေမည်။ သူတို့သည် မစုံလင်ကြသေးပါ၊ သို့သော် သူတို့ကို ကြမ်းကြုတ်သောခြင်္သေ့များ သို့မဟုတ် သားရဲတိရစ္ဆာန်များနှင့် လုံးဝမနှိုင်းယှဉ်နိုင်ပါ။ (ဟေရှာယ ၃၅:၉) ဤငြိမ်းချမ်းသာယာသော ဝိညာဉ်ရေးပေါင်းသင်းမှုသည် အဘယ်အရာကို ဖော်ပြသနည်း။ ဝိညာဉ်ရေးပရဒိသုဟု ကျွန်ုပ်တို့ လျောက်ပတ်စွာခေါ်ဆိုနိုင်သည့် ဝိညာဉ်ရေးအခြေအနေ၌ မွေ့လျော်နေကြောင်း ထင်ရှားပါသည်။ ထို့အပြင် ယေဟောဝါအပေါ် ကျွန်ုပ်တို့သစ္စာစောင့်သိကြမည်ဆိုလျှင် ကျွန်ုပ်တို့မွေ့လျော်နိုင်မည့် မြေကြီးပရဒိသုတစ်ခု ရောက်ရှိမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသုက ကြိုတင်ဖော်ပြပါသည်။
၁၂၊ ၁၃။ ဝိညာဉ်ရေးပရဒိသုတွင် ဆက်တည်ရှိနေရန် အဘယ်အရာလုပ်ဆောင်ရမည်နည်း။
၁၂ သို့တိုင် ကျွန်ုပ်တို့ လျစ်လျူမရှုအပ်သည့်အရာတစ်ခု ရှိသေးသည်။ ဘုရားသခင်က ဣသရေလလူမျိုးအား ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် သွား၍ဝင်စားလတ္တံ့သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည်အကြောင်း . . . ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကိုစောင့်ရှောက်ရကြမည်။” (တရားဟောရာ ၁၁:၈၊ ၉) ဝတ်ပြုရာ ၂၀:၂၂၊ ၂၄ တွင်လည်း ထိုပြည်တော်အကြောင်း ဤသို့ဖော်ပြထားသည်– “သင်တို့ကို ငါပို့ဆောင်၍ နေရာချသောပြည်သည် မအော့အန်စေခြင်းငှာ သင်တို့သည် ငါစီရင်ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။ သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည်အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်ဟု ငါ့အမိန့်တော်ရှိ၏။” မှန်ပါသည်၊ ကတိထားရာပြည်တော်ကို ပိုင်ဆိုင်ရေးသည် ယေဟောဝါဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးအပေါ် မူတည်သည်။ ဘုရားသခင်အား ဣသရေလလူမျိုး မနာခံခဲ့ကြသောကြောင့် ကိုယ်တော်သည် မိမိလူမျိုးအပေါ် ဗာဗုလုန်လူမျိုးကို အနိုင်ယူစေပြီး သူတို့နေထိုင်ရာအရပ်မှ မောင်းထုတ်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။
၁၃ ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသုကို အလွန်နှစ်သက်နေကြမည်။ ယင်း၏ပတ်ဝန်းကျင်အခြေအနေမှာ မျက်စိပသာဒကျပြီး စိတ်အေးချမ်းစေ၏။ လူမဆန်သောစရိုက်များကို ကြိုးစားချွတ်ပယ်ခဲ့ကြသည့် ခရစ်ယာန်များနှင့် အသင့်အတင့်ရှိကြ၏။ သူတို့သည် ကြင်နာမှုရှိသည့် ဝိုင်းဝန်းကူညီတတ်သူများဖြစ်ရန် ကြိုးစားနေကြ၏။ သို့တိုင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးပရဒိသုတွင် ဆက်တည်ရှိနေရန် ဤသူတို့နှင့် ဆက်ဆံရေးကောင်းခြင်းထက်မက လိုအပ်သည်။ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးရှိပြီး ကိုယ်တော့်အလိုတော်ဆောင်ရန် လိုသည်။ (မိက္ခာ ၆:၈) ဤဝိညာဉ်ရေးပရဒိသုအတွင်း ကျွန်ုပ်တို့စိတ်လိုကိုယ်လျောက် ဝင်လာခဲ့ကြပြီ၊ သို့သော် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကောင်းကို မထိန်းသိမ်းထားလျှင် ကျွန်ုပ်တို့သည် အပြင်သို့ တရွေ့ရွေ့ထွက်သွားနိုင်၏၊ သို့မဟုတ် နှင်ထုတ်ခံရနိုင်၏။
၁၄။ ဝိညာဉ်ရေးပရဒိသုတွင် ကျွန်ုပ်တို့ဆက်ရှိနေရေးကို အဘယ်အရာက ထောက်ကူပေးမည်နည်း။
၁၄ ကျွန်ုပ်တို့ကို အကူအညီပေးနိုင်သည့် အရေးကြီးသောအချက်တစ်ချက်မှာ ဘုရားသခင့်စကားတော်မှ ခွန်အားဆက်ယူနေခြင်းဖြစ်သည်။ ဆာလံ ၁:၁-၃ ပါဥပစာစကားကို သတိပြုပါ– “မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက် . . . ထာဝရဘုရား[သခင်]၏တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။” ထို့အပြင် သစ္စာနှင့်သတိပညာရှိ ကျေးကျွန်အတန်းအစား၏ ကျမ်းစာအခြေပြု စာအုပ်စာပေများသည် ဝိညာဉ်ရေးပရဒိသုတွင် ရှိသူများကို ဝိညာဉ်အစာကျွေးမွေးပေးသည်။—မဿဲ ၂၄:၄၅-၄၇။
ပရဒိသုအပေါ် သင်၏အမြင်ကို အားဖြည့်ခြင်း
၁၅။ မောရှေသည် ဣသရေလလူမျိုးကို ကတိထားရာပြည်တော်ထဲ အဘယ်ကြောင့် ဦးဆောင်ခေါ်သွားခွင့် မရခဲ့သနည်း၊ သို့သော် အဘယ်အရာကို သူမြင်ခဲ့သနည်း။
၁၅ ပရဒိသု၏ကြိုတင်မြင်ကွင်း နောက်တစ်ခုကို သုံးသပ်ကြည့်ပါ။ တောကန္တာရတွင် အနှစ် ၄၀ တိုင် ဣသရေလလူမျိုး လှည့်လည်ပြီးနောက် မောရှေသည် သူတို့ကို ယော်ဒန်မြစ်အရှေ့ဘက်၊ မောဘလွင်ပြင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ အတိတ်က မောရှေ၏အမှားတစ်ခုကြောင့် ယေဟောဝါသည် မောရှေအား ဣသရေလလူမျိုးကို ဦးဆောင်၍ ယော်ဒန်မြစ်ဖြတ်ကူးခွင့်မပြုခဲ့ချေ။ (တောလည်ရာ ၂၀:၇-၁၂; ၂၇:၁၂၊ ၁၃) ထိုအခါ မောရှေက “အကျွန်ုပ်သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သောတောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါ” ဟုဘုရားသခင်အား အနူးအညွတ်တောင်းပန်လေသည်။ သို့နှင့် မောရှေသည် ကတိထားရာပြည်သို့ ဝင်ခွင့်မရသော်လည်း ပိသဂါတောင်ပေါ်သို့တက်ပြီး ပြည်တော်၏ဒေသ အသီးသီးကို တွေ့မြင်သည့်အခါ “ကောင်းမွန်သောပြည်” အမှန်ဖြစ်ကြောင်း သိရှိခဲ့ရ၏။ ထိုပြည်သည် မည်သို့သောပြည်ဖြစ်မည်ဟု သင်ထင်သနည်း။—တရားဟောရာ ၃:၂၅-၂၇။
၁၆၊ ၁၇။ (က) ရှေးခေတ် ကတိထားရာပြည်တော်သည် များမကြာသေးမီက ထိုပြည်တော်အခြေအနေနှင့် မည်သို့ခြားနားသနည်း။ (ခ) တစ်ချိန်က ကတိထားရာပြည်တော်သည် ပရဒိသုဖြစ်ခဲ့သည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့ ယုံကြည်နိုင်သနည်း။
၁၆ ထိုဒေသကို မကြာသေးမီကပုံစံအရ သင်စိတ်ကူးကြည့်မည်ဆိုလျှင် ခြောက်သွေ့သောသဲပြင်များ၊ ကျောက်ထူထပ် ပေါများလှသည့်ကန္တာရနှင့် ပူလောင်သောပြည်အဖြစ် သင့်စိတ်ကူးတွင် မြင်ယောင်ပေမည်။ သို့ရာတွင်၊ ထိုဒေသတစ်ခုလုံးသည် ကျမ်းစာခေတ်က အတော့်ကိုခြားနားခဲ့သည်ဟု ကောက်ချက်ချစရာ အကြောင်းရှိပါသည်။ သိပ္ပံအမေရိကန်ဂျာနယ်တွင် ရေမြေကျွမ်းကျင်သူ ဒေါက်တာ ဝေါလ်တာ စီ. လော်ဒါမိလ်ခ်က ဤပြည်သည် “အနှစ်တစ်ထောင်ကြာ အလွဲသုံးမှုကြောင့် ပျက်စီး” သွားခဲ့ပြီဟု ရှင်းပြသည်။ ဤမြေဆီလွှာနှင့် သီးနှံအတတ်ပညာရှင်က ဤသို့ရေးသားခဲ့သည်– “တစ်ချိန်တစ်ခါက အလွန်စိုပြည်ခဲ့သောပြည်သည် ‘ကန္တာရ’ ဖြစ်သွားရခြင်းမှာ သဘာဝကြောင့်မဟုတ်ဘဲ လူ့လက်ချက်ကြောင့်ဖြစ်သည်။” အမှန်မှာ “ဤပြည်သည် တစ်ချိန်က ကျေးလက်ပရဒိသုဖြစ်ခဲ့” သည်ဟု သူ့လေ့လာမှုများက ဖော်ပြ၏။ လူတို့၏အလွဲသုံးစားပြုမှုကြောင့် “ကျေးလက်ပရဒိသုတစ်ခု” ပျက်စီးသွားခဲ့ရခြင်းဖြစ်ကြောင်း ထင်ရှားသည်။ *
၁၇ ကျမ်းစာတွင် သင်ဖတ်ခဲ့ရာများကို သုံးသပ်ကြည့်လျှင် ထိုသို့ကောက်ချက်ချခြင်းသည် ဆင်ခြင်တုံတရားနှင့်ညီကြောင်း သင်သဘောပေါက်ပါလိမ့်မည်။ မောရှေမှတစ်ဆင့် လူတို့အားပေးသော ယေဟောဝါ၏ အာမခံချက်ကို ပြန်သတိရပါ– “သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံးကြည့်ရှုတော်မူသောပြည်ဖြစ်၏။”—တရားဟောရာ ၁၁:၈-၁၂။
၁၈။ ကတိထားရာပြည်တော်သည် အဘယ်သို့ရှိခဲ့မည်ကို ဣသရေလလူမျိုးအား ဟေရှာယ ၃၅:၂ ကမည်သို့ဖော်ပြခဲ့မည်နည်း။
၁၈ ကတိထားရာပြည်တော်၏ တချို့သောဒေသများရှိ စိမ်းလန်းစိုပြည်လှပမှုနှင့် သီးပွင့်ဖြစ်ထွန်းမှုတို့ကိုသာ ဖော်ပြကာမျှဖြင့် ပရဒိသုနှင့်တူသော အခြေအနေများကို မြင်ယောင်စေသည်။ ဣသရေလလူမျိုးသည် ဗာဗုလုန်မှ ပြန်လာသည့်အချိန်တွင် ကနဦးပြည့်စုံခဲ့သည့် ဟေရှာယအခန်းကြီး ၃၅ ပါပရောဖက်ပြုချက်က ယင်းကိုထင်ရှားစေသည်။ ဟေရှာယက ဤသို့ကြိုတင်ဟောခဲ့သည်– “အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်းအသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။” (ဟေရှာယ ၃၅:၂) လေဗနုန်၊ ကရမေလ၊ ရှာရုန်တို့ကို ရည်ညွှန်းရုံဖြင့် ဣသရေလလူမျိုးသည် ကျေနပ်အားရဖွယ်၊ နှစ်လိုဖွယ်မြင်ကွင်း မြင်ယောင်ခဲ့မည်။
၁၉၊ ၂၀။ (က) ရှေးခေတ်ရှာရုန်ဒေသကို ဖော်ပြပါ။ (ခ) ပရဒိသုမျှော်လင့်ချက်ကို ကျွန်ုပ်တို့ ပိုမိုခိုင်ခံ့စေနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။
၁၉ ရှမာရိတောင်တန်းများနှင့် ပင်လယ်ကြီး သို့မဟုတ် မြေထဲပင်လယ်ကြားရှိ ပင်လယ်ကမ်းရိုးတန်းလွင်ပြင်တစ်ခုဖြစ်သော ရှာရုန်အရပ်ကို သုံးသပ်ကြည့်ပါ။ (စာမျက်နှာ ၁၀ ပါပုံကို ရှုပါ။) ယင်း၏စိမ်းစိုလှပမှုနှင့် သီးပွင့်ဖြစ်ထွန်းမှုကို လူသိများ၏။ ရေများသဖြင့် မြေသြဇာကောင်းသောပြည်ဖြစ်ပြီး မြောက်ပိုင်းတွင် ဝက်သစ်ချတောကြီးများရှိသည်။ (၁ ရာဇဝင်ချုပ် ၂၇:၂၉; ရှောလမုန်သီချင်း ၂:၁၊ ကဘအောက်ခြေမှတ်ချက်; ဟေရှာယ ၆၅:၁၀) ထို့ကြောင့် ဟေရှာယ ၃၅:၂ က ပြန်လည်တည်ထောင်လာ၍ ပရဒိသုတစ်ခုကဲ့သို့ တင့်တယ်ခြင်းအသရေနှင့် ပွင့်လန်းမည့်ပြည်တစ်ခုအကြောင်း ကြိုတင်ဟောထားခြင်းဖြစ်သည်။ ထိုပရောဖက်ပြုချက်သည် နောက်ပိုင်း၌ ပေါလုတွေ့ခဲ့သောမြင်ကွင်းအတိုင်း နှစ်လိုဖွယ်ဝိညာဉ်ရေးပရဒိသုကို ရည်ညွှန်းသည်။ နောက်ဆုံးတွင် အခြားပရောဖက်ပြုချက်များနှင့်အတူ ဤပရောဖက်ပြုချက်သည် လူသားတို့အတွက် မြေကြီးပရဒိသုကိုမျှော်လင့်စရာအကြောင်း ပိုခိုင်လုံစေသည်။
၂၀ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးပရဒိသုတွင် နေထိုင်ကြစဉ် ယင်းအတွက် ကျွန်ုပ်တို့၏လေးမြတ်မှုနှင့် ကမ္ဘာ့ပရဒိသုအတွက် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ပိုမိုခိုင်ခံ့စေနိုင်၏။ မည်သို့နည်း။ ကျမ်းစာတွင် ကျွန်ုပ်တို့ဖတ်ရသမျှကို ပိုမိုနားလည်သဘောပေါက်လာခြင်းအားဖြင့်ဖြစ်သည်။ ကျမ်းစာပါ ဖော်ပြချက်များနှင့် ပရောဖက်ပြုချက်များတွင် နေရာဒေသတချို့ကို သတ်သတ်မှတ်မှတ်ဖော်ပြထား၏။ ဤဒေသများသည် အဘယ်နေရာတွင်ရှိကြောင်းနှင့် ယင်းတို့သည် ပထဝီဆိုင်ရာ အခြားဒေသများနှင့် မည်သို့ဆက်နွှယ်မှုရှိကြောင်း ပိုမိုနားလည်သဘောပေါက်လိုပါသလော။ နောက်ဆောင်းပါးတွင် ယင်းကို အကျိုးရှိရှိ မည်သို့ လုပ်ဆောင်နိုင်ကြောင်း ကျွန်ုပ်တို့ သုံးသပ်ကြပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ကျမ်းစာပထဝီဝင်ဟူသည့်စာအုပ်တွင် ဒဲနစ္စ ဘေလီ ဤသို့ဖော်ပြသည်– “အပင်များ၏သဘောသဘာဝသည် ကျမ်းစာခေတ်ကတည်းက အကြီးအကျယ် ပြောင်းလဲခဲ့မည်ဖြစ်သည်” အဘယ်အကြောင်းကြောင့်နည်း။ “လူတို့သည် လောင်စာအတွက်ရော၊ အဆောက်အအုံအတွက်ပါ သစ်သားနှင့် ထင်းလိုသဖြင့် . . . သစ်ပင်များကို ခုတ်လှဲခဲ့ကြရာ ထိုမြေသည် ရာသီဥတုဒဏ်ကို အပြင်းအထန်ခံခဲ့ရလေ၏။ ပတ်ဝန်းကျင်ကို ဤသို့ဖျက်ဆီးသောကြောင့် ရာသီဥတုသည် . . . တဖြည်းဖြည်းနှင့် ထိုမြေကို ဖျက်ဆီးသည့် အဓိကတရားခံ ဖြစ်လာလေသည်။”
သင်မှတ်မိသလော
• အဘယ်“ပရဒိသု”ကို မြင်ကွင်းတွင် ပေါလုတွေ့ မြင်ခဲ့သနည်း။
• ဟေရှာယအခန်းကြီး ၃၅ နှင့်စပ်လျဉ်း၍ ယင်း၏ ကနဦး ပြည့်စုံချက်ကား အဘယ်နည်း၊ ယင်းသည် ပေါလုမြင်ခဲ့ရာနှင့် မည်သို့ဆက်စပ်သနည်း။
• ဝိညာဉ်ရေးပရဒိသုအပေါ် ကျွန်ုပ်တို့၏တန်ဖိုးထားလေးမြတ်မှုနှင့် မြေကြီးပရဒိသုမျှော်လင့်ချက်ကို ကျွန်ုပ်တို့ မည်သို့ ပိုမို ခိုင်ခံ့စေနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ပါ ရုပ်ပုံ]
ကတိထားရာပြည်တော်ရှိ သီးပွင့်ဖြစ်ထွန်းသော ရှာရုန်လွင်ပြင်
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ပါ ရုပ်ပုံ]
“ကောင်းမွန်သောပြည်” ဖြစ်ကြောင်း မောရှေသိရှိခဲ့