ယေဟောဝါ၏ ပျော်ရွှင်သော ကျေးကျွန်များ
ယေဟောဝါ၏ ပျော်ရွှင်သော ကျေးကျွန်များ
“ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃၊ ကဘ။
၁။ စစ်မှန်သောပျော်ရွှင်မှုကား အဘယ်နည်း၊ ယင်းက အဘယ်အရာကို ထင်ဟပ်ပြသနည်း။
ယေဟောဝါ၏လူများ ပိုင်ဆိုင်ထားသည့်အဖိုးတန်အရာတစ်ခုမှာ ပျော်ရွှင်မှုဖြစ်သည်။ ဆာလံဆရာဒါဝိဒ်က ဤသို့ကြွေးကြော်ခဲ့သည်– “ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောလူမျိုးသည် ပျော်ရွှင်၏။” (ဆာလံ ၁၄၄:၁၅၊ ကဘ) ပျော်ရွှင်မှုသည် ချမ်းသာသုခတစ်ပါးဖြစ်၏။ စိတ်နှလုံးထဲမှ အူလှိုက်သည်းလှိုက်ပျော်ရွှင်မှုသည် ယေဟောဝါ၏ ကောင်းချီးခံစားရသည်ဟူသည့်အသိမှ ဖြစ်ပေါ်ခံစားလာရခြင်းဖြစ်သည်။ (သု. ၁၀:၂၂) ထိုသို့သောပျော်ရွှင်မှုက မိမိသည် ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးသောဆက်ဆံရေးရရှိထားပြီး ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်နေသည်ဟု အသိအမှတ်ပြုနေခြင်းကို ထင်ဟပ်ပြသည်။ (ဆာလံ ၁၁၂:၁; ၁၁၉:၁၊ ၂) ကျွန်ုပ်တို့ ပျော်ရွှင်နိုင်သည့် အကြောင်းရင်းကိုးခုကို ယေရှု ဖော်ပြခဲ့ခြင်းမှာ စိတ်ဝင်စားစရာဖြစ်သည်။ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးပါ ပျော်ရွှင်မှု သို့မဟုတ် ပီတိဖြစ်ခြင်းဆိုသည့်အရာများကို ဆန်းစစ်ကြရာတွင် ‘ပျော်ရွှင်သော ဘုရားသခင်’ ယေဟောဝါကို တည်ကြည်စွာဝတ်ပြုကြမည်ဆိုလျှင် ကျွန်ုပ်တို့ မည်မျှပျော်ရွှင်နိုင်ကြောင်း သဘောပေါက်ကြပါလိမ့်မည်။—၁ တိမောသေ ၁:၁၁၊ ကဘ။
မိမိတို့တွင် ဝိညာဉ်ရေး လိုလျက်နေကြောင်း သတိပြုမိခြင်း
၂။ ပျော်ရွှင်မှုအကြောင်း ယေရှု အဘယ်အချိန်တွင် ဟောကြားတော်မူခဲ့သနည်း၊ ကိုယ်တော့်အဖွင့်ဟောပြောချက်ကား အဘယ်နည်း။
၂ စီ.အီး. ၃၁ ခုနှစ်၌သမိုင်းတွင် အကျော်ကြားဆုံးဟောပြောချက်တစ်ခုကို ယေရှု ဟောကြားခဲ့သည်။ ဂါလိလဲပင်လယ်ကို အပေါ်စီးမှမြင်နိုင်သည့် တောင်စောင်းတစ်ခုတွင် ယေရှု ဟောပြောခဲ့သောကြောင့် တောင်ပေါ်တရားတော်ဟု ၎င်းကိုခေါ်တွင်ခဲ့သည်။ မဿဲခရစ်ဝင်ကျမ်းတွင် ဤသို့ဖော်ပြသည်– ‘ထိုလူအပေါင်းတို့ကိုမြင်လျှင်၊ ယေရှုသည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တို့အား ဆုံးမတော်မူသည်မှာ၊ ‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် သူတို့ပိုင်ဆိုင်ရာဖြစ်သတည်း။’’ တိုက်ရိုက်ပြန်ဆိုလျှင် ယေရှု၏အဖွင့်စကားများကို ဤသို့ဖတ်ရသည်– “ဝိညာဉ်ရေးဆင်းရဲသူများသည် ပျော်ရွှင်ကြ၏၊” သို့မဟုတ် “ဝိညာဉ်ရေး ငတ်ပြတ် တောင်းစားသူတို့သည် ပျော်ရွှင်ကြ၏။” (မဿဲ ၅:၁-၃; နိုင်ငံတော်ကြားညှပ်; အောက်ခြေမှတ်ချက်) ခေတ်သုံးအင်္ဂလိပ်ဘာသာပြန်ကျမ်းတွင် “ဝိညာဉ်ရေးတွင် ဆင်းရဲကြောင်း သိသူတို့သည် ပျော်ရွှင်ကြ၏” ဟုဖတ်ရသည်။
၃။ နှိမ့်ချသောသဘောထားသည် ကျွန်ုပ်တို့အား မည်သို့ ပျော်ရွှင်စေသနည်း။
၃ ကိုယ်တော်၏တောင်ပေါ်တရားတော်တွင် လူတစ်ဦးသည် ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်းကို သတိပြုမိလျှင် သာ၍ပျော်ရွှင်သူဖြစ်ကြောင်း ယေရှု ထောက်ပြခဲ့သည်။ မိမိတို့၏အပြစ်ရှိသော အခြေအနေကို အပြည့်အဝသတိပြုမိသည့် နှိမ့်ချမှုရှိသူ ခရစ်ယာန်များသည် ခရစ်တော်၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်အပေါ်အခြေပြု၍ ယေဟောဝါထံ ခွင့်လွှတ်မှုရရှိရန် တောင်းပန်ကြသည်။ (၁ ယောဟန် ၁:၉) ထို့ကြောင့် သူတို့သည် စိတ်ငြိမ်သက်မှုနှင့် စစ်မှန်သောပျော်ရွှင်မှုကို ခံစားကြရသည်။ ‘အပြစ်မှလွတ်ခြင်း၊ အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည် ပျော်ရွှင်၏။’—ဆာလံ ၃၂:၁; ၁၁၉:၁၆၅။
၄။ (က) ကျွန်ုပ်တို့ရော အခြားသူများပါ ဝိညာဉ်ရေးတွင် လိုလျက်နေသည်ကို သတိပြုမိကြောင်း အဘယ်နည်းများဖြင့် ဖော်ပြနိုင်သနည်း။ (ခ) ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုသည့်အခါ အဘယ်အရာက ကျွန်ုပ်တို့၏ပျော်ရွှင်မှုကို တိုးပွားစေသနည်း။
၄ ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိခြင်းက သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုရန်၊ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှ “အချိန်တန်” ပြင်ဆင်ပေးသည့် ဝိညာဉ်အစာကို မှီဝဲရန်၊ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေး၏။ (မဿဲ ၂၄:၄၅; ဆာလံ ၁:၁၊ ၂; ၁၁၉:၁၁၁; ဟေဗြဲ ၁၀:၂၅) လူသားချင်းကိုချစ်သည့်မေတ္တာက အခြားသူများ ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်းကို သတိပြုမိစေပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောသွန်သင်ရာတွင် စိတ်ထက်သန်သူများဖြစ်စေသည်။ (မာကု ၁၃:၁၀; ရောမ ၁:၁၄-၁၆) အခြားသူများအား ကျမ်းစာအမှန်တရားဝေမျှပေးခြင်းက ကျွန်ုပ်တို့ကို ပျော်ရွှင်စေ၏။ (တမန်တော် ၂၀:၂၀၊ ၃၅) ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် ထူးကဲသောမျှော်လင့်ချက်နှင့် ထိုနိုင်ငံတော်က ဆောင်ကြဉ်းပေးမည့် ကောင်းချီးများကို တွေးတောဆင်ခြင်သည့်အခါ ကျွန်ုပ်တို့၏ပျော်ရွှင်မှုမှာ သာ၍နက်ရှိုင်းလာသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်သော “သိုးစုငယ်” အတွက် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်မှာ ခရစ်တော်၏နိုင်ငံတော်အစိုးရအဖွဲ့ဝင်များအဖြစ် ကောင်းကင်တွင် မသေနိုင်သောအသက် ရရှိကြမည်ဖြစ်သည်။ (လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၅၀၊ ၅၄) “အခြားသိုးတို့” အတွက်မူ ထိုနိုင်ငံတော်အစိုးရလက်အောက်ရှိ မြေကြီးပရဒိသုတွင် ထာဝရအသက်ရရှိကြမည်ဖြစ်သည်။—ယောဟန် ၁၀:၁၆; ဆာလံ ၃၇:၁၁; မဿဲ ၂၅:၃၄၊ ၄၆။
ဝမ်းနည်းပူဆွေးသူများ ပျော်ရွှင်နိုင်ပုံ
၅။ (က) “ဝမ်းနည်းပူဆွေးသောသူတို့” ဟူသည့် အသုံးအနှုန်းသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ထိုသို့ဝမ်းနည်းပူဆွေးသောသူတို့သည် မည်သို့ စိတ်သက်သာမှုရရှိကြသနည်း။
၅ ယေရှုဖော်ပြခဲ့သော ပျော်ရွှင်မှုနှင့်ပတ်သက်သည့် နောက်ထပ်စကားသည် ဆန့်ကျင်ပုံရသည်။ ကိုယ်တော်က “ဝမ်းနည်းပူဆွေးသောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ သူတို့သည် နှစ်သိမ့်မှုကိုခံရကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၊ ကဘ) ဝမ်းနည်းပူဆွေးနေသူသည် တစ်ချိန်တည်းတွင် မည်သို့ ပျော်ရွှင်နိုင်မည်နည်း။ ယေရှုဆိုလိုရာကို သဘောပေါက်ရန် မည်သို့သောဝမ်းနည်းပူဆွေးမှုမျိုးကို ပြောနေကြောင်း သုံးသပ်ရန်လိုမည်။ ကျွန်ုပ်တို့ကိုယ်တိုင်၏ အပြစ်ရှိသောအခြေအနေသည် ဝမ်းနည်းပူဆွေးစရာဖြစ်သင့်ကြောင်း တပည့်ဖြစ်သူယာကုပ်က ရှင်းပြသည်။ သူ ဤသို့ရေးသားခဲ့သည်– “အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။ ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်းဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈-၁၀) မိမိတို့၏အပြစ်ရှိသောအခြေအနေကြောင့် အမှန်တကယ် ဝမ်းနည်းနေသူတို့သည် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပြီး ယေဟောဝါ၏အလိုတော်ဆောင်ခြင်းအားဖြင့် စစ်မှန်သောနောင်တ တင်ပြကြမည်ဆိုလျှင် မိမိတို့၏အပြစ်များ ခွင့်လွှတ်ခံရနိုင်ကြောင်း သိရှိကြသည့်အခါ နှစ်သိမ့်မှုရရှိကြသည်။ (ယောဟန် ၃:၁၆; ၂ ကောရိန္သု ၇:၉၊ ၁၀) သို့ဖြစ်၍ သူတို့သည် ယေဟောဝါနှင့် အဖိုးတန်သောဆက်ဆံရေး ရရှိနိုင်ပြီး ကိုယ်တော်အား ထာဝစဉ်ဝတ်ပြုချီးမွမ်းမည့် မျှော်လင့်ချက်ကို ရရှိကြသည်။ ယင်းက စိတ်ပျော်ရွှင်မှုကို ရရှိစေသည်။—ရောမ ၄:၇၊ ၈။
၆။ လူတချို့သည် အဘယ်သဘောဖြင့် ဝမ်းနည်းပူဆွေးကြသနည်း၊ သူတို့မည်သို့ သက်သာမှုရရှိကြသနည်း။
၆ ယေရှု၏မိန့်ဆိုချက်တွင် မြေကြီးပေါ် အနှံ့အပြားရှိ စက်ဆုပ်ရွံရှာဖွယ်အခြေအနေများကြောင့် ဝမ်းနည်းပူဆွေးနေသူတို့လည်း ပါဝင်သည်။ ဟေရှာယ ၆၁:၁-၃ ပါပရောဖက်ပြုချက်သည် မိမိနှင့်သက်ဆိုင်ကြောင်း ယေရှု ဤသို့ဖော်ပြခဲ့သည်– “ထာဝရဘုရား[သခင်]၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏အနာကို စည်းစေခြင်းငှာလည်းကောင်း၊ . . . စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း . . . ငါ့ကို စေလွှတ်တော်မူပြီ။” ထိုတာဝန်ကို “အခြားသိုးတို့” ၏အကူအညီဖြင့် မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွားခရစ်ယာန်များလည်း ထမ်းဆောင်နေကြသည်။ သူတို့အားလုံးသည် ‘[ခရစ်ယာန်ဘောင်ကို ပုံဆောင်သော အယူဖောက်ပြန်သည့်] ယေရုရှလင်မြို့အလယ်၌ လျှောက်သွားပြီး မြို့ထဲ၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့၏” နဖူးကို ပုံဆောင်သဘောအရ မှတ်သားရသည့်လုပ်ငန်းတွင် ပါဝင်နေကြသည်။ (ယေဇကျေလ ၉:၄) ထိုသို့ဝမ်းနည်းပူဆွေးသောသူတို့သည် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြောင့် နှစ်သိမ့်မှုရရှိကြသည်။ (မဿဲ ၂၄:၁၄) စာတန်၏ဆိုးညစ်သောအစီအစဉ်စနစ်သည် များမကြာမီ ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်ဖြင့် အစားထိုးခြင်းခံရတော့မည်ဖြစ်ကြောင်း သူတို့သိရှိကြသည့်အတွက် ပျော်ရွှင်ကြ၏။
နူးညံ့သိမ်မွေ့သောသူတို့သည် ပျော်ရွှင်ကြ
၇။ “နူးညံ့သိမ်မွေ့သော” ဟူသည့်ဝေါဟာရသည် အဘယ်အရာကို မဆိုလိုသနည်း။
၇ ယေရှုသည် တောင်ပေါ်တရားတော်တွင် ဤသို့ ဆက်ဟောပြောခဲ့သည်– “နူးညံ့သိမ်မွေ့သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် မြေကြီးကို အမွေရကြလတ္တံ့။” (မဿဲ ၅:၅၊ ကဘ) နူးညံ့သိမ်မွေ့သည့်သဘောကို တစ်ခါတစ်ရံ အားနည်းမှုဟု ယူဆတတ်ကြသည်။ သို့ရာတွင် ထိုသို့မဟုတ်ပါ။ “နူးညံ့သိမ်မွေ့သော” ဟု ဘာသာပြန်ဆိုထားသည့် စကားလုံး၏အဓိပ္ပာယ်ကို ကျမ်းစာပညာရှင်တစ်ဦးက ဤသို့ရှင်းပြသည်– “[နူးညံ့သိမ်မွေ့] သူ၏အမြင့်မြတ်ဆုံးလက္ခဏာမှာ အပြည့်အဝချုပ်တည်းနိုင်သူဖြစ်ခြင်းဖြစ်သည်။ ယင်းသည် ကြံ့ခိုင်မှုနည်းသောနူးညံ့မှု၊ စိတ်ပျော့ပျောင်းမှု၊ ငြိမ်ခံနေတတ်မှုမျိုး မဟုတ်ချေ။ ယင်းသည် ထိန်းချုပ်ထားသည့် ခွန်အားတစ်မျိုးဖြစ်သည်။” ယေရှုက မိမိကိုယ်ကို ဤသို့ဖော်ပြခဲ့သည်– “ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသော စိတ်သဘောရှိ၏။” (မဿဲ ၁၁:၂၉) သို့တိုင် ယေရှုသည် ဖြောင့်မှန်သောမူများကို သတ္တိရှိရှိ ခုခံကာကွယ်ပေးခဲ့ပါသည်။—မဿဲ ၂၁:၁၂၊ ၁၃; ၂၃:၁၃-၃၃။
၈။ နူးညံ့သိမ်မွေ့ခြင်းသည် အဘယ်အရာနှင့် အလွန်နီးစပ်သနည်း၊ အခြားသူများနှင့် ကျွန်ုပ်တို့ဆက်ဆံရာတွင် ယင်းအရည်အသွေးရှိဖို့ အဘယ်ကြောင့် လိုအပ်သနည်း။
၈ သို့ဖြစ်၍ နူးညံ့သိမ်မွေ့မှုသည် ကိုယ်ကိုကိုယ်ချုပ်တည်းခြင်းနှင့် အလွန်နီးစပ်သည်။ စင်စစ်တွင် တမန်တော်ပေါလုသည် ‘ဝိညာဉ်အသီးများ’ ကိုဖော်ပြသည့်အခါ နူးညံ့သိမ်မွေ့ခြင်းနှင့် ကိုယ်ကိုကိုယ်ချုပ်တည်းခြင်းတို့ကို တွဲဖော်ပြခဲ့သည်။ (ဂလာတိ ၅:၂၂၊ ၂၃) နူးညံ့သိမ်မွေ့ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် ပျိုးထောင်ပေးရမည်။ ယင်းသည် ခရစ်ယာန်အသင်းတော်၏ အတွင်း၊ အပြင်ရှိလူများနှင့် အသင့်အတင့်ရှိစေသည့် ခရစ်ယာန်အရည်အသွေးတစ်ခုဖြစ်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။။”—ကောလောသဲ ၃:၁၂၊ ၁၃။
၉။ (က) နူးညံ့သိမ်မွေ့သောသဘောကို အခြားသူများနှင့် ဆက်ဆံရာ၌သာ အဘယ်ကြောင့် တင်ပြရသည်မဟုတ်သနည်း။ (ခ) နူးညံ့သိမ်မွေ့သူများသည် ‘မြေကြီးကို မည်သို့အမွေရ’ ကြမည်နည်း။
၉ သို့ရာတွင် အခြားလူများနှင့် ဆက်ဆံရာ၌သာ နူးညံ့သိမ်မွေ့ဖို့ လိုသည်မဟုတ်ပါ။ ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးမှုကို စိတ်လိုကိုယ်လျောက် လက်အောက်ခံခြင်းအားဖြင့် နူးညံ့သိမ်မွေ့မှုကို ကျွန်ုပ်တို့တင်ပြကြသည်။ ဤကိစ္စတွင် အဓိကစံနမူနာရှင်မှာ ယေရှုခရစ်ဖြစ်သည်၊ ဤကမ္ဘာပေါ် ကိုယ်တော်ရှိစဉ် နူးညံ့သိမ်မွေ့ခြင်းနှင့် ခမည်းတော်၏အလိုတော်ကို အပြည့်အဝလက်အောက်ခံခြင်းတို့ကို ဖော်ပြခဲ့သည်။ (ယောဟန် ၅:၁၉၊ ၃၀) ယေရှုသည် မြေကြီးကို အုပ်စိုးရန် ခန့်အပ်ခံထားရသောကြောင့် ကိုယ်တော်သည် ယင်းကိုဦးဆုံးအမွေရသူဖြစ်သည်။ (ဆာလံ ၂:၆-၈; ဒံယေလ ၇:၁၃၊ ၁၄) ယင်းအမွေကို ကိုယ်တော်သည် ‘မြေကြီးကို ရှင်ဘုရင်များအဖြစ် အုပ်စိုး’ ရန် ‘လူအမျိုးအနွယ်ခပ်သိမ်းမှ’ ရွေးနုတ်ထားသော ‘တွဲဖက်အမွေခံ’ ၁၄၄,၀၀၀ နှင့်မျှဝေခံစားတော်မူ၏။ (ရောမ ၈:၁၇; ဗျာ. ၅:၉၊ ၁၀; ၁၄:၁၊ ၃၊ ၄; ဒံယေလ ၇:၂၇) ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက်အုပ်စိုးရှင်များသည် ပရောဖက်ပြုချက်ဖြစ်သော ဤဆာလံစကား၏ ပျော်ရွှင်ဖွယ်ပြည့်စုံမှုကို ခံစားကြရမည့် သန်းနှင့်ချီသည့် သိုးကဲ့သို့သော အမျိုးသားအမျိုးသမီးများကို အုပ်စိုးကြပါလိမ့်မည်– “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁; မဿဲ ၂၅:၃၃၊ ၃၄၊ ၄၆။
ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြ
၁၀။ ‘ဖြောင့်မတ်ခြင်းတရားကို ဆာငတ်’ သူတို့ ဝပြောနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။
၁၀ ဂါလိလဲတောင်ဆင်ခြေလျှောတွင် ယေရှုဟောပြောစဉ် ကိုယ်တော်နောက်ထပ်ဖော်ပြသောပျော်ရွှင်မှုမှာ ‘ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့’ ဟူ၍ဖြစ်သည်။ (မဿဲ ၅:၆၊ ကဘ) ခရစ်ယာန်များအတွက် ဖြောင့်မတ်မှုစံနှုန်းကို ယေဟောဝါ ချမှတ်ထားတော်မူသည်။ သို့ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် တစ်နည်းအားဖြင့် ဘုရားသခင့်လမ်းညွှန်မှုကို ဆာငတ်ကြသည်။ ထိုသို့သောသူများသည် မိမိတို့၏အပြစ်နှင့် မစုံလင်မှုကို ကောင်းစွာသတိပြုမိကြပြီး ယေဟောဝါ၏ရှေ့မှောက်တော်တွင် နှစ်သက်လက်ခံဖွယ် အနေအထားရရှိလိုကြသည်။ ထို့ကြောင့် သူတို့သည် နောင်တရပြီး ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အခြေပြု၍ ခွင့်လွှတ်မှုရရှိရန် ကြိုးစားကြမည်ဆိုလျှင် ဘုရားသခင်၏ရှေ့မှောက်တွင် ဖြောင့်မတ်သည့် အနေအထားရရှိနိုင်ကြောင်း သမ္မာကျမ်းစာမှ သိရှိလာကြသည့်အခါ သူတို့ အလွန်ပျော်ရွှင်ကြပေသည်!—တမန်တော် ၂:၃၈; ၁၀:၄၃; ၁၃:၃၈၊ ၃၉; ရောမ ၅:၁၉။
၁၁၊ ၁၂။ (က) ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဖြောင့်မတ်ခြင်းတရားကို မည်သို့ရရှိကြသနည်း။ (ခ) ဝိညာဉ်တော်ဖွားများ၏ အပေါင်းပါများသည် ဖြောင့်မတ်ခြင်းတရားဆာငတ်မှု မည်သို့ပြေသွားမည်နည်း။
၁၁ ထိုသို့သောသူများသည် ‘ချင်ရဲပြေကြ’ မည်ဖြစ်ရာ ပျော်ရွှင်ကြမည်ဟု ယေရှုဆိုခဲ့သည်။ (မဿဲ ၅:၆၊ နိုင်ငံတော်ကြားညှပ်) ကောင်းကင်တွင် ခရစ်တော်နှင့်အတူ ‘ဘုရင်များအဖြစ် အုပ်စိုး’ ရန်ဖိတ်ခေါ်ခံရသူ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် “အသက်နှင့်ယှဉ်သောဖြောင့်မတ်ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ” ၏။ (ရောမ ၅:၁၊ ၉၊ ၁၆-၁၈) သူတို့ကို ယေဟောဝါ ဖြစ်ပွားစေသဖြင့် ဝိညာဉ်ရေးသားများအဖြစ် မွေးစားထား၏။ သို့နှင့် သူတို့သည် ခရစ်တော်၏ ကောင်းကင်နိုင်ငံတော်အစိုးရတွင် ဘုရင်များနှင့် ယဇ်ပုရောဟိတ်များဖြစ်လာကြရန် အခေါ်ခံရသည့် ကိုယ်တော်၏တွဲဖက်အမွေခံများဖြစ်လာကြသည်။—ယောဟန် ၃:၃; ၁ ပေတရု ၂:၉။
၁၂ ထိုဝိညာဉ်တော်ဖွားများ၏အပေါင်းပါများသည် အသက်နှင့်ယှဉ်သောဖြောင့်မတ်ခြင်းအခွင့်ကို မရကြသေးပါ။ သို့ရာတွင် ခရစ်တော်သွန်းလောင်းခဲ့သော အသွေးကို ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ရှေ့မှောက်တော်တွင် ဖြောင့်မတ်သည့်အနေအထားကို အတိုင်းအတာတစ်ခုအထိ ရရှိထားကြသည်။ (ယာကုပ် ၂:၂၂-၂၅; ဗျာ. ၇:၉၊ ၁၀) သူတို့သည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကာလတွင် ကယ်တင်ခံရရန် ယေဟောဝါ၏မိတ်ဆွေများအဖြစ် ဖြောင့်မတ်သူများဖြစ်ကြသည်။ (ဗျာ. ၇:၁၄) သူတို့၏ ဖြောင့်မတ်ခြင်းတရားဆာငတ်မှုသည် “ကောင်းကင်သစ်” အောက်ရှိမည့် “ဖြောင့်မတ်ခြင်းတရားတည်နေရာ” မြေကြီးသစ်တွင် သူတို့နေထိုင်ကြသည့်အခါ ထပ်၍ပြေသွားပါလိမ့်မည်။—၂ ပေတရု ၃:၁၃; ဆာလံ ၃၇:၂၉။
သနားစုံမက်တတ်သူတို့သည် ပျော်ရွှင်ကြ
၁၃၊ ၁၄။ ကျွန်ုပ်တို့သည် အဘယ်လက်တွေ့ကျသောနည်းဖြင့် ကရုဏာရှိသူများဖြစ်ကြောင်း တင်ပြသင့်သနည်း၊ အဘယ်အကျိုးရရှိမည်နည်း။
၁၃ မိမိ၏တောင်ပေါ်တရားတော်တွင် ယေရှု ဤသို့ဆက်ပြောသည်– “သနားစုံမက်တတ်သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။” (မဿဲ ၅:၇၊ ကဘ) တရားရေးသဘောအရ သနားစုံမက်ခြင်းဟူသည် အပြစ်ကျူးလွန်သူတစ်ဦးကို တရားသူကြီးက သက်ညှာမှုပြပြီး တရားဥပဒေအတိုင်း အပြည့်အဝအပြစ်ဒဏ်မပေးခြင်းဖြစ်သည်ဟု နားလည်ရ၏။ သို့ရာတွင် သမ္မာကျမ်းစာတွင် အသုံးပြုထားသည့်သဘောအရ “သနားစုံမက်ခြင်း” ဟုပြန်ဆိုထားသည့် မူရင်းစကားလုံးများသည် အခွင့်မသာသူတို့ကို သက်သာမှုရရှိစေရန် ကြင်နာထောက်ထားခြင်း၊ သနားခြင်းသဘောကို အများဆုံး ရည်ညွှန်းသည်။ သို့ဖြစ်၍ သနားစုံမက်တတ်သူများသည် ထောက်ထားစာနာမှုကို ပြတတ်ကြသည်။ အကူအညီလိုသူအား ‘သနားသဖြင့်ပြုမူသော’ သူတစ်ဦး၏ ပုံသက်သေကောင်းကို အိမ်နီးချင်းစိတ်ရှိသူ ရှမာရိအမျိုးသားပုံဥပမာတွင် ယေရှုဖော်ပြခဲ့သည်။—လုကာ ၁၀:၂၉-၃၇။
၁၄ သနားစုံမက်ခြင်းအားဖြင့် ပျော်ရွှင်မှုရရန် အကူအညီလိုအပ်သူများကို ကြင်နာမှုပြရန်လိုသည်။ (ဂလာတိ ၆:၁၀) ယေရှုသည် ကိုယ်တော်တွေ့မြင်သူများအပေါ် စာနာမှုပြခဲ့သည်။ “သူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ [သွန်သင်ခြင်း] ကို ပေးတော်မူ၏။” (မာကု ၆:၃၄) လူသားတို့အလိုအပ်ဆုံးအရာမှာ ဝိညာဉ်ရေးရာဖြစ်ကြောင်း ယေရှုသဘောပေါက်ခဲ့သည်။ ကျွန်ုပ်တို့လည်း အခြားသူများ အလိုအပ်ဆုံးအရာဖြစ်သည့် ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကိုဟောပြောခြင်းအားဖြင့် ထောက်ထားစာနာတတ်သူ၊ သနားစုံမက်တတ်သူများဖြစ်ကြောင်း တင်ပြနိုင်ကြသည်။ (မဿဲ ၂၄:၁၄) သက်ကြီးရွယ်အို ခရစ်ယာန်ချင်းများ၊ မုဆိုးမများ၊ မိဘမဲ့များကို လက်တွေ့ကျကျကူညီပေးပြီး “စိတ်ငယ်သောသူတို့ကို အားပေး” နိုင်သည်။ (၁ သက်သာလောနိတ် ၅:၁၄; သု. ၁၂:၂၅; ယာကုပ် ၁:၂၇) သို့ပြုခြင်းဖြင့် ပျော်ရွှင်မှုရရှိမည်သာမက ယေဟောဝါ၏ကရုဏာတော်ကို ခံစားရသူများဖြစ်လာနိုင်သည်။—တမန်တော် ၂၀:၃၅; ယာကုပ် ၂:၁၃။
စိတ်နှလုံးဖြူစင်ပြီး ငြိမ်သက်စေသောသူ
၁၅။ ကျွန်ုပ်တို့သည် စိတ်နှလုံးဖြူစင်ပြီး ငြိမ်သက်စေသောသူများ မည်သို့ဖြစ်နိုင်ကြမည်နည်း။
၁၅ ယေရှုက ဆဋ္ဌမနှင့် သတ္တမမြောက် ပျော်ရွှင်မှုတို့ကို ဤသို့ဖော်ပြခဲ့သည်– “စိတ်နှလုံးဖြူစင်သောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။ ငြိမ်သက်စေသောသူများသည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ‘ဘုရားသခင်၏သားတော်များ’ ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။” (မဿဲ ၅:၈၊ ၉၊ ကဘ) စိတ်နှလုံးဖြူစင်သူသည် ကိုယ်ကျင့်တရားသန့်ရှင်းရုံသာမက ဝိညာဉ်ရေးဘက်၌လည်း စင်ကြယ်ပြီး ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြု၏။ (၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၈၆:၁၁) “ငြိမ်သက်စေသောသူများ” ဟုပြန်ဆိုထားသည့် မူရင်းစကားလုံး၏ဆိုလိုရင်းမှာ “ရန်ငြိမ်းစေသူများ” ဖြစ်သည်။ ငြိမ်သက်စေသောသူများသည် မိမိတို့၏ခရစ်ယာန်ညီအစ်ကိုချင်းများနှင့်ဖြစ်စေ၊ အိမ်နီးချင်းများနှင့်ဖြစ်စေ တတ်နိုင်သမျှအတိုင်း ငြိမ်းချမ်းစွာ အသင့်အတင့်နေထိုင်ကြ၏။ (ရောမ ၁၂:၁၇-၂၁) သူတို့သည် “သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်” တတ်ကြသည်။—၁ ပေတရု ၃:၁၁။
၁၆၊ ၁၇။ (က) ဝိညာဉ်တော်ဖွားများကို ‘ဘုရားသခင်၏သားများ’ ဟုအဘယ်ကြောင့် ခေါ်ကြသနည်း၊ သူတို့သည် ‘ဘုရားသခင်ကို မည်သို့မြင်’ ကြသနည်း။ (ခ) “အခြားသိုးတို့” သည် ‘ဘုရားသခင်ကို မည်သို့မြင်’ သနည်း။ (ဂ) “အခြားသိုး” တို့သည် ‘ဘုရားသခင်၏သားများ’ ဟူ၍ အဘယ်အချိန်တွင် အဘယ်နည်းဖြင့် အပြည့်အဝဖြစ်လာကြမည်နည်း။
၁၆ စိတ်နှလုံးဖြူစင်၍ ငြိမ်သက်စေသောသူတို့အား “‘ဘုရားသခင်၏သားများ’ ဟုခေါ်ဝေါ်” ကြပြီး “ဘုရားသခင်ကို မြင်ရကြ” လိမ့်မည်ဟု ကတိပြုသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် မြေကြီးပေါ်ရှိစဉ်ပင် ယေဟောဝါ၏ ‘သားများ’ အဖြစ် မွေးစားခံရကြသည်။ (ရောမ ၈:၁၄-၁၇) သူတို့သည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူနေထိုင်ရန် ရှင်ပြန်ထမြောက်သွားကြသည့်အခါ သူတို့သည် ယေဟောဝါ၏မျက်မှောက်တော်တွင် အမှုထမ်းကြကာ ကိုယ်တော်ကို အမှန်တကယ် မြင်ကြရ၏။—၁ ယောဟန် ၃:၁၊ ၂; ဗျာ. ၄:၉-၁၁။
၁၇ ငြိမ်သက်စေသော “အခြားသိုး” တို့သည် မိမိတို့၏ “ထာဝရအဘ” ဖြစ်လာသူ သိုးထိန်းကောင်း ခရစ်တော်ယေရှုလက်အောက်တွင် ယေဟောဝါအား ဝတ်ပြုကြသည်။ (ယောဟန် ၁၀:၁၄၊ ၁၆; ဟေရှာယ ၉:၆) ခရစ်တော် အနှစ်တစ်ထောင်အုပ်စိုးပြီးနောက် နောက်ဆုံးစမ်းသပ်ခံရခြင်းကို အောင်မြင်သူတို့သည် ယေဟောဝါ၏မြေကြီးဆိုင်ရာ သားများအဖြစ် မွေးစားခံရကြမည်ဖြစ်ပြီး “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ကိုဝင်စားကြရလိမ့်မည်။ (ရောမ ၈:၂၁; ဗျာ. ၂၀:၇၊ ၉) ယင်းကို စောင့်မျှော်ရင်း ယေဟောဝါအား မိမိတို့၏ခမည်းတော်အဖြစ် ခေါ်ဝေါ်ကြသည်၊ အကြောင်းမှာ ကိုယ်တော်အား အသက်ပေးရှင်အဖြစ် အသိအမှတ်ပြုကြကာ မိမိတို့၏အသက်တာကို ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံထားကြသောကြောင့်ဖြစ်သည်။ (ဟေရှာယ ၆၄:၈) ထိုအခါ ရှေးခေတ် ယောဘနှင့် မောရှေတို့နည်းတူ ယုံကြည်ခြင်းမျက်စိဖြင့် “ဘုရားသခင်ကို မြင်” နိုင်ကြ၏။ (ယောဘ ၄၂:၅; ဟေဗြဲ ၁၁:၂၇) ‘စိတ်နှလုံးမျက်စိ’ ဖြင့်ဖြစ်စေ၊ ဘုရားသခင်နှင့်ပတ်သက်သည့် တိကျမှန်ကန်သော အသိပညာတို့ဖြင့်ဖြစ်စေ ယေဟောဝါ၏အံ့ဖွယ်ဂုဏ်ရည်တော်များကို သူတို့သိမြင်နိုင်ကြပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းဖြင့် ကိုယ်တော်အား ကြိုးစားတုပကြသည်။—ဧဖက် ၁:၁၈; ရောမ ၁:၁၉၊ ၂၀; ၃ ယောဟန် ၁၁။
၁၈။ ယေရှုဖော်ပြခဲ့သော ပျော်ရွှင်မှု ပထမခုနစ်မျိုးအရ ယနေ့ မည်သူတို့သည် အမှန်တကယ် ပျော်ရွှင်နေကြသနည်း။
၁၈ ဝိညာဉ်ရေး လိုလျက်နေကြောင်းသတိပြုမိသူ၊ ဝမ်းနည်းပူဆွေးသူ၊ နူးညံ့သိမ်မွေ့သူ၊ ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူ၊ သနားစုံမက်တတ်သောသူ၊ စိတ်နှလုံးဖြူစင်သူ၊ ငြိမ်သက်စေသောသူတို့သည် ယေဟောဝါ၏အမှုတော်ထမ်းဆောင်ခြင်းဖြင့် စစ်မှန်သော ပျော်ရွှင်မှုကို ခံစားကြရကြောင်း တွေ့ရှိခဲ့ကြရပြီ။ သို့တိုင် ထိုသူတို့သည် ဆန့်ကျင်မှုမက နှိပ်စက်ညှဉ်းပန်းမှုကိုပင် အမြဲတမ်း တွေ့ကြုံရင်ဆိုင်ခဲ့ကြရသည်။ ယင်းကြောင့် သူတို့ပျော်ရွှင်မှု လျော့နည်းသွားသလော။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။
ပြန်လည်သုံးသပ်ခြင်းဖြင့်
• ဝိညာဉ်ရေးလိုလျက်နေကြောင်း သတိပြုသူတို့သည် အဘယ်ပျော်ရွှင်မှုကို ခံစားကြရသနည်း။
• ဝမ်းနည်းပူဆွေးသူတို့သည် အဘယ်နည်းများဖြင့် စိတ်သက်သာမှုရကြသနည်း။
• နူးညံ့သိမ်မွေ့ မှုကို ကျွန်ုပ်တို့ မည်သို့တင်ပြကြသနည်း။
• ကျွန်ုပ်တို့သည် သနားစုံမက်သူ၊ စိတ်နှလုံးဖြူစင်သူ၊ ငြိမ်သက်စေတတ်သူများ အဘယ်ကြောင့် ဖြစ်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
“ဝိညာဉ်ရေးတွင် လိုလျက် နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ”
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
‘သနားစုံမက်တတ်သောသူတို့သည် ပျော်ရွှင်ကြ’
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
‘ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြ’