မည်မျှကြာကြာ လူတို့အသက်ရှင်နိုင်ကြသနည်း
မည်မျှကြာကြာ လူတို့အသက်ရှင်နိုင်ကြသနည်း
စပိန်လူမျိုး စူးစမ်းရှာဖွေသူ ဝှမ်း ပေါန်စေ ဒဲ့ လေယောန်သည် ၁၅၁၃၊ မတ်လ ၃ ရက်နေ့တွင် ထူးခြားသော စူးစမ်းလေ့လာရေးခရီးစဉ်တစ်ခုကို စတင်ခဲ့သည်။ ဘီမီနီကျွန်းသို့ရောက်လို၍ ပွာတီရီကိုကျွန်းမှ ရွက်လွှင့်ခဲ့သည်။ ဒဏ္ဍာရီအရ သူသည် နုပျိုစေသော အံ့ဖွယ်စမ်းရေတစ်ခုကို ရှာပုံတော်ဖွင့်ခဲ့သည်ဆို၏။ ထိုကျွန်းသို့မရောက်ဘဲ ယခု ယူ.အက်စ်.အေ. ဖလော်ရီဒါပြည်နယ်ဟု ခေါ်ဆိုသည့်နေရာတွင် သူ၏သင်္ဘောဆိုက်ခဲ့သည်။ ထိုမရှိသောစမ်းရေကို သူ လုံးဝမတွေ့ခဲ့ပါ။
ယနေ့ လူအများသည် အသက် ၇၀၊ ၈၀ ထက်ပို၍ အသက်မရှည်ကြပါ။ အလွန်သက်တမ်းရှည်သူတို့ကို သမ္မာကျမ်းစာက စာရင်းပြုဖော်ပြထားသော်လည်း ၂၀၀၂ ဂင်းနစ်ကမ္ဘာ့စံချိန်များစာအုပ်က ၁၂၂ နှစ်နှင့် ၁၆၄ ရက် အသက်ရှင်ခဲ့သူသည် အသက်ရှင်ခဲ့သမျှတွင် အသက်အကြီးဆုံးသူဖြစ်သည်ဟု ဆို၏။ (ကမ္ဘာဦး ၅:၃-၃၂) သို့သော် ဆေးပညာကျင့်ဝတ်ဆိုင်ရာပညာရှင် ဂျောန်ဟဲရစ္စက ဤသို့ပြောခဲ့သည်– “ယခု သုတေသနပြု၍ တွေ့ရှိချက်အသစ်အရ အိုမင်းခြင်းကိုမက သေခြင်းကိုပင် ရှောင်လွှဲနိုင်တော့မည့် လူ့လောကကို ရေးရေးမျှတွေ့မြင်နေရပြီဖြစ်သည်။” ၂၁ ရာစု သုတေသီအတော်များများလည်း “အမှန်တကယ် မသေနိုင်သောအဖြစ်၊” “၂၀၉၉ ခုနှစ်တိုင်သော် လူ့သက်တမ်း အကန့်အသတ်မဲ့ခြင်း၊” “ဆဲလ်များ မပြတ်တမ်း ပေါက်ပွားနိုင်ခြင်း” နှင့် အလားတူအကြောင်းအရာများကို ပြောလာကြသည်။
ထာဝစဉ်အသက်ရှင်ခြင်းအိပ်မက်ဟူသော စာအုပ်တွင် မာ့ခ်ဘယ်နီကေက ဤသို့ဆိုသည်– “လူ့ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးနီးပါးသည် ဘဝအသက်တာတစ်လျှောက် အကြိမ်ကြိမ်အသစ်လဲကြသည်။ . . . ကျွန်ုပ်တို့သည် ခုနစ်နှစ်တစ်ကြိမ် အမှန်တကယ် လူသစ်ဖြစ်လာကြသည်။” သို့သော် ထိုသို့ အချိန်အကန့်အသတ်မဲ့ ဖြစ်မနေပါ၊ အကြောင်းမှာ ဆဲလ်များသည် ကြိုတင်သတ်မှတ်ထားသော ခွဲစိတ်ပိုင်းခြားချိန် အကြိမ်ကြိမ်ဖြစ်ပြီးနောက် မပွားတော့ချေ။ ထိုသို့သာမဟုတ်လျှင် “လူ့ခန္ဓာကိုယ်သည် အလွန်ကြာမြင့်စွာ၊ ထာဝစဉ်ပင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်သည်” ဟု ဘယ်နီကေကဆို၏။
ထို့ပြင် တိုတောင်းလှသော လူ့သက်တမ်းအတွင်း ကျွန်ုပ်တို့အသုံးပြုနိုင်သည့် အတိုင်းအတာထက် သာလွန်များပြားစွာ အသုံးပြုနိုင်သော စွမ်းပကားရှိသည့် လူ့ဦးနှောက်၏အံ့ဖွယ်အစွမ်းကိုလည်း သုံးသပ်ကြည့်ပါ။ ဗြိတဲန်နီကာစွယ်စုံကျမ်းအရ လူ့ဦးနှောက်သည် “တစ်သက်တာအတွင်း သုံးနိုင်သည်ထက် ပို၍များပြားသောစွမ်းပကားရှိ၏။” (၁၉၇၆ ခုထုတ်၊ အတွဲ ၁၂၊ စာမျက်နှာ ၉၉၈) ဒေးဗစ် အေ. စူစာ၏ ဦးနှောက်သင်ယူပုံဟူသောစာအုပ်က ဤသို့ဆို၏– “စင်စစ်အားဖြင့် ဦးနှောက်၏ သတင်းအချက်အလက် သိမ်းဆည်းထားနိုင်သော စွမ်းပကားမှာ အကန့်အသတ်မရှိချေ။”—စာမျက်နှာ ၇၈၊ ဒုတိယအကြိမ်ထုတ်။ မူပိုင် ၂၀၀၁။
သုတေသီများသည် ကျွန်ုပ်တို့သေရသော ဇီဝကမ္မဆိုင်ရာအကြောင်းရင်းကို အဘယ်ကြောင့်ရှာမတွေ့နိုင်ကြသနည်း။ လူ့ဦးနှောက်တွင် အဘယ်ကြောင့် ဤမျှကြီးမားသောစွမ်းပကားရှိရသနည်း။ ကျွန်ုပ်တို့သည် ထာဝစဉ် အသိပညာဆည်းပူးနေနိုင်ရန် ပုံစံပြုခံရ၍လော။ ထာဝစဉ်အသက်ရှင်ခြင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် တွေးတောနိုင်ကြရသနည်း။
သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “[ဘုရားသခင်သည်] လူစိတ်နှလုံးကိုလည်း [အဆုံးမဲ့] ကာလ၌ စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်။” (ဒေ. ၃:၁၁) ဤစကားများအရ ထာဝစဉ်အသက်ရှင်ခြင်းအတွေးကို ကျွန်ုပ်တို့စိတ်ထဲတွင် ဘုရားသခင် ထည့်သွင်းထားပေးသည်။ သို့ဖြင့် ဘုရားသခင်အကြောင်း၊ ကိုယ်တော်၏အမှုတော်များအကြောင်း ကျွန်ုပ်တို့သင်ယူစရာများ အမြဲတစေရှိနေပေလိမ့်မည်။ ကျွန်ုပ်တို့သည် အနှစ်ဘီလီယံပေါင်းများစွာမက ထာဝစဉ်ပင် အသက်ရှင်ကြမည်ဆိုလျှင် ဘုရားသခင်၏ အံ့ချီးဖွယ်ဖန်ဆင်းခြင်းလက်ရာများအကြောင်း သင်ယူစရာများ အစဉ်အမြဲရှိနေပါလိမ့်မည်။
ထာဝစဉ်အသက်ရှင်နိုင်ကြောင်း ယေရှုခရစ်၏ ဤစကားများကလည်း ဖော်ပြပါသည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) အသင်ကော။ ထာဝစဉ်အသက်ရှင်လိုပါသလော။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
နုပျိုစေသောစမ်းရေကို ဝှမ်း ပေါန်စေ ဒဲ့ လေယောန် ရှာပုံတော်ဖွင့်ခဲ့
[Credit Line]
Ponce de León: Harper’s Encyclopædia of United States History