မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မရာဇဝင်စတုတ္ထစောင်မှ ပေါ်လွင်ချက်များ

ဓမ္မရာဇဝင်စတုတ္ထစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဓမ္မရာဇဝင်စတုတ္ထစောင်​မှ ပေါ်လွင်​ချက်​များ

ဓမ္မရာဇဝင်စတုတ္ထစောင်​သည် ဓမ္မရာဇဝင်တတိယစောင်​၏​အဆက်​ဖြစ်သည်။ ယင်းသည် မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​မှ​ရှင်ဘုရင် ၁၂ ပါး၊ တောင်ပိုင်း​ယုဒ​နိုင်ငံ​မှ​ရှင်ဘုရင် ၁၇ ပါး၊ အားလုံးပေါင်း​ရှင်ဘုရင် ၂၉ ပါး​အကြောင်း​ဖြစ်သည်။ ပရောဖက်​များ​ဖြစ်​ကြသော ဧလိယ၊ ဧလိရှဲ၊ ဟေရှာယ​တို့၏ လုပ်ဆောင်မှုများ​ကိုလည်း ဓမ္မရာဇဝင်စတုတ္ထစောင်​တွင် ဖော်ပြ​ထား​သည်။ ယင်းသည် နှစ်ကာလ​အစဉ်​အတိုင်း အတိအကျ​မဟုတ်သော်လည်း ရှမာရိ​နှင့် ယေရုရှလင်​မြို့​ပျက်စီး​ချိန်​အထိ အဖြစ်အပျက်​များ​ကို မှတ်တမ်း​တင်ထား​သည်။ ဓမ္မရာဇဝင်စတုတ္ထစောင်​သည် နှစ်ပေါင်း ၃၄၀ ကြာ​ကာလ​ကို ခြုံငုံ​ဖော်ပြ​သည်၊ ဘီ.စီ.အီး. ၉၂၀ မှ ဤ​စာစောင်​ကို ပရောဖက်​ယေရမိ ရေးသား​ပြီးစီး​ချိန်​ဖြစ်သော ဘီ.စီ.အီး. ၅၈၀ အထိ​အကြောင်း​ဖြစ်သည်။

ဓမ္မရာဇဝင်စတုတ္ထစောင်​သည် ကျွန်ုပ်​တို့အတွက် မည်မျှ​အဖိုးထိုက်​သနည်း။ ယင်းက ယေဟောဝါ​နှင့် ကိုယ်တော်​၏​ပြုမူ​ဆက်ဆံပုံ​များ​အကြောင်း အဘယ်အရာ​သွန်သင်ပေး​သနည်း။ ဤ​စာစောင်​တွင်​ဖော်ပြ​ထားသော ဘုရင်​များ၊ ပရောဖက်​များနှင့် အခြားသူများ​၏​လုပ်ရပ်များ​မှ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ ဓမ္မရာဇဝင်စတုတ္ထစောင်​မှ အဘယ်အရာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ကြ​စို့။

ဧလိယ​၏​အရိုက်အရာကို ဧလိရှဲ​ဆက်ခံ

(၄ ဓမ္မ​ရာဇဝင် ၁:၁–၈:၂၉)

ဣသရေလ​ရှင်ဘုရင်​အာခဇိ​သည် မိမိ​အိမ်​တွင် လဲကျ​၍ နာမကျန်း​ဖြစ်​လေ​သည်။ ပရောဖက်​ဧလိယ​ထံ​မှ သူ​သေရ​လိမ့်​မည်​ဟူသော သတင်းရ​ရှိခဲ့​သည်။ အာခဇိ​ကွယ်လွန်​သော် သူ၏​ညီတော်​ယောရံ နန်းတက်​လေ​သည်။ ထို​အချိန်အတွင်း ယုဒ​နိုင်ငံ​ကို ယောရှဖတ် အုပ်ချုပ်​နေသည်။ ဧလိယ​သည် လေပွေ​ဖြင့်​ခေါ်ဆောင်​ခံရ​ကာ လက်ထောက်​ဖြစ်သူ​ဧလိရှဲ​က ပရောဖက်​တစ်ပါး​အဖြစ် သူ၏​အရိုက်အရာကို ဆက်ခံ​သည်။ ၎င်းနောက် ဧလိရှဲ​သည် အမှုတော်​ဆောင်​ချိန်​အနှစ် ၆၀ အတွင်း အံ့ဖွယ်အမှု​များစွာ ပြုလုပ်​ခဲ့​သည်။—“ဧလိရှဲ​၏​အံ့ဖွယ်အမှု​များ” လေးထောင့်ကွက်​ကို​ရှု။

မောဘ​ရှင်ဘုရင်​တစ်ပါး​က ဣသရေလ​လူမျိုး​ကို ပုန်ကန်​သောအခါ ယောရံ၊ ယောရှဖတ်၊ ဧဒုံ​ရှင်ဘုရင်​တို့သည် သူ့ကို​စစ်တိုက်​ဖို့ ထွက်​လာ​ခဲ့​ကြသည်။ ယောရှဖတ်​၏​သစ္စာရှိ​မှု​ကြောင့် သူတို့ အနိုင်​ရခဲ့​ကြသည်။ နောက်ပိုင်း​တွင် ရှုရိ​ရှင်ဘုရင်​သည် ဣသရေလ​လူမျိုး​ကို လျှပ်​တစ်​ပြ​က်​တိုက်ခိုက်​ရန် စီစဉ်​လေ​သည်။ သို့ရာတွင် ဧလိရှဲ​က ထို​အစီအစဉ်ကို ဖျက်​လိုက်​သည်။ ထို​အခါ ရှုရိ​ရှင်ဘုရင်​က အမျက်ထွက်​ကာ ဧလိရှဲ​ကို​ဖမ်းဆီး​ရန် “မြင်းစီးသူရဲ၊ ရထား​စီး​သူ​ရဲ၊ ဗိုလ်ခြေများ​ကို​စေလွှတ်” လိုက်​သည်။ (၄ ဓမ္မ​ရာဇဝင် ၆:၁၄) ဧလိရှဲ​သည် အံ့ဖွယ်အမှု​နှစ်ခု​ပြု​ကာ ရှုရိ​လူ​တို့​နှင့် စစ်​ပြေငြိမ်း​သွား​စေ​ခဲ့​သည်။ အတန်​ကြာသော် ရှုရိ​ဘုရင်​ဗင်ဟာဒဒ်​သည် ရှမာရိ​မြို့ကို ဝိုင်းရံ​ပိတ်ဆို့​ထား​လေ​သည်။ ယင်းကြောင့် အကြီးအကျယ်​အစာ​ခေါင်းပါး​ခဲ့​သော်လည်း အစာ​ခေါင်းပါး​ဘေး​အဆုံးတိုင်​မည်​ဟု ဧလိရှဲ​ကြိုဟော​လေ​၏။

နောက်ပိုင်း​တွင် ဧလိရှဲ​သည် ဒ​မ​သက်​မြို့​သို့ ထွက်သွား​၏။ ရှင်ဘုရင်​ဗင်ဟာဒဒ်​သည် နာမကျန်း​ဖြစ်နေ​ရာ မိမိ​ပြန်​နာလန်ထူ​မ​ထူ​သိ​လို​၍ ဟာ​ဇေ​လ​ကို​စေလွှတ်​ကာ စုံစမ်း​စေ​သည်။ ရှင်ဘုရင်​သေဆုံး​ပြီး ဟာ​ဇေ​လ​နန်းတက်​လိမ့်​မည်​ဟု ဧလိရှဲ ကြိုဟော​သည်။ နောက်​တစ်နေ့​တွင် ဟာ​ဇေ​လ​သည် ရှင်ဘုရင်​ကို “အဝတ်” စို​နှင့်​ဖိ​သတ်​ပြီး ထီးနန်း​ဆက်ခံ​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၈:၁၅) ယုဒပြည်​တွင် ယောရှဖတ်​၏​သားတော် ယဟောရံ​သည် ဘုရင်​ဖြစ်လာ​ပြီး​နောက် သူ၏​သားတော်​အာခဇိ​က ထီးနန်း​ဆက်ခံ​ခဲ့​သည်။—“ယုဒ​နိုင်ငံ​နှင့် ဣသရေလ​နိုင်ငံ​၏​ရှင်ဘုရင်များ” လေးထောင့်ကွက်​ကို​ရှု။

ကျမ်းစာ​မေးခွန်းများ​၏​အဖြေ–

၂:၉—ဧလိရှဲ​သည် ‘ဧလိယ​၏​ဝိညာဉ်​နှစ်ဆ​သော​အဖို့​ကို’ အဘယ်ကြောင့်​တောင်း​ရသနည်း။ ဧလိရှဲ​သည် ဣသရေလ​လူမျိုး၏ ပရောဖက်​တစ်ပါး​အဖြစ် တာဝန်​ထမ်းဆောင်​ရန် ဧလိယ​နည်းတူ ရဲရင့်​ဖို့၊ ကြောက်စိတ်​မရှိဖို့ လို​ပေမည်။ ဧလိရှဲ​က ယင်းကို​အသိအမှတ်ပြု​ကာ ဧလိယ​၏​ဝိညာဉ်​နှစ်ဆ​သော​အဖို့​ကို တောင်း​ရခြင်း​ဖြစ်၏။ ဧလိယ​သည် ဧလိရှဲ​အား မိမိ​အရိုက်အရာ​ဆက်ခံသူ​အဖြစ် ခန့်အပ်​ခဲ့​ပြီး ခြောက်​နှစ်​တိုင် သူ၏​နောက်လိုက်​ဖြစ်​ခဲ့​သည်၊ ထို့​ကြောင့် ဧလိရှဲ​က ဧလိယ​အား မိမိ၏​ဝိညာဉ်​ရေး​ဖခင်​အဖြစ် ရှုမြင်​သည်၊ ဧလိရှဲ​သည် ဧလိယ​၏​ဝိညာဉ်​ရေးသား​ဦး​သဖွယ် ဖြစ်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁၉-၂၁; ၄ ဓမ္မ​ရာဇဝင် ၂:၁၂) ယင်းကြောင့် သားဦး​ဖြစ်သူ​သည် ဖခင်​၏​အမွေ​နှစ်ဆ​ကို ရထိုက်​သကဲ့သို့ ဧလိရှဲ​လည်း ဧလိယ​ထံ​မှ ဝိညာဉ်​ရေး​အမွေ​နှစ်ဆ​သော​အဖို့​ကို တောင်းဆို​ကာ ရရှိခဲ့​ခြင်း​ဖြစ်သည်။

၂:၁၁—“ဧလိယ​သည် လေပွေ​အားဖြင့်” တက်​သွားသော “ကောင်းကင်” ကား​အဘယ်နည်း။ ယင်းသည် ဤ​စကြဝဠာ​နှင့် အလှမ်းဝေး​သော​နေရာ​မဟုတ်သကဲ့သို့ ဘုရားသခင်​နှင့် ကိုယ်တော့်​ကောင်းကင်သား​များ ကျိန်းဝပ်​ရာ​နေရာလည်း မဟုတ်ပေ။ (တရားဟောရာ ၄:၁၉; ဆာလံ ၁၁:၄; မဿဲ ၆:၉; ၁၈:၁၀) ဧလိယ​တက်​သွားခဲ့​သော “ကောင်းကင်” သည် မိုးကောင်းကင်​လေထု​ဖြစ်သည်။ (ဆာလံ ၇၈:၂၆; မဿဲ ၆:၂၆) ဧလိယ​သည် မီး​မြင်း​နှင့်​မီး​ရထား​ဖြင့် ကမ္ဘာ့​လေထု​ထဲ​ဖြတ်သန်း​သွား​ကာ ကမ္ဘာ​မြေ​၏​အခြား​တစ်​နေရာသို့ ပြောင်းရွှေ့​ခံရ​ပြီး အတန်ကြာ ဆက်​အသက်ရှင်ခဲ့​သည်။ နှစ်​အတန်​ကြာသော် ဧလိယ​သည် ယုဒ​ရှင်ဘုရင် ယဟောရံ​ထံ စာ​တစ်စောင်​ရေးပို့​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၂၁:၁၊ ၁၂-၁၅

၅:၁၅၊ ၁၆—ဧလိရှဲ​သည် နေမန်​၏​လက်ဆောင်​ကို အဘယ်ကြောင့်​လက်မခံခဲ့​သနည်း။ နေမန်​၏​ရောဂါ အံ့ဖွယ်​ပျောက်ကင်း​သွားခြင်း​သည် မိမိ​အစွမ်း​ဖြင့်​မဟုတ်ဘဲ ယေဟောဝါ​၏​တန်ခိုးတော်​ဖြစ်သည်​ကို ဧလိရှဲ အသိအမှတ်ပြု​သောကြောင့် လက်ဆောင်​ကို လက်မခံခဲ့​ချေ။ သူ့​အနေ​နှင့် ဘုရားသခင်​ခန့်အပ်​ထားသော​အခွင့်အရာ​မှ အကျိုးအမြတ်​ရှာ​ရန် လုံးဝ​စဉ်းစား​မည်​မဟုတ်ပေ။ ယနေ့ စစ်မှန်သော​ဝတ်ပြုသူ​များသည် ယေဟောဝါ​၏​လုပ်ငန်းတော်​မှ အမြတ်​မ​ထုတ်​ကြ​ချေ။ “သင်တို့သည် အဖိုး​မပေး​ဘဲ ကျေးဇူးတော်​ကို​ခံရ​ကြပြီ​ဖြစ်၍ အဖိုး​မခံ​ဘဲ ပေးကမ်း​ကြလော့” ဟူသော ယေရှု၏​သတိပေး​ချက်​ကို သူတို့​နှလုံး​သွင်း​ကြသည်။—မဿဲ ၁၀:၈

၅:၁၈၊ ၁၉—နေမန်​သည် ဘာသာရေး​လုပ်ရပ်​တစ်ခု လုပ်ဆောင်​ရခြင်း​ကြောင့် ခွင့်လွှတ်​မှု​တောင်းခံ​နေခြင်း​လော။ ရှုရိ​ရှင်ဘုရင်​သည် အသက်အရွယ်​အိုမင်း​ကာ အားအင်ချည့်နဲ့​နေပြီ​ဖြစ်​ရာ နေမန်​ကို မှီ​တွဲ​နေရ​သည်။ ရှင်ဘုရင်​က ရိမ္မုန်​ကျောင်းတွင် ဦးချ​ဝတ်ပြု​သည့်​အခါ နေမန်​လည်း အလားတူ​ပြု​ခဲ့​ရသည်။ သို့ရာတွင် နေမန်​သည် ရှင်ဘုရင်​၏​ခန္ဓာကိုယ်​ကို ဖေးမ​ပေး​ရန် အလုပ်​သဘော​ဆန်​ဆန်​သာ ထိုသို့​လုပ်ဆောင်ခြင်း​ဖြစ်​ပြီး ကိုးကွယ်​လို​စိတ်​မရှိခဲ့​ချေ။ ဤ​တွင် နေမန်​က ထို​နိုင်ငံရေး​ဝတ္တရား​ကို လုပ်ဆောင်​ရသည့်​အတွက် ခွင့်လွှတ်​မှု​တောင်းခံ​နေခြင်း​ဖြစ်သည်။ ဧလိရှဲ​က နေမန်​ကို​ယုံကြည်​စွာ​ဖြင့် “ငြိမ်​ဝပ်​စွာ​သွားလော့” ဟု​ဆို​လေ​သည်။

ကျွန်ုပ်​တို့အတွက်​သင်ခန်းစာ–

၁:၁၃၊ ၁၄အကဲခတ်​လေ့လာခြင်း​နှင့် နှိမ့်ချစွာ​လုပ်ဆောင်ခြင်း​တို့​က အသက်ကို​ကယ်တင်​နိုင်​သည်။

၂:၂၊ ၄၊ ဧလိရှဲ​သည် ခြောက်​နှစ်​ခန့် ဧလိယ​၏​နောက်လိုက်​ဖြစ်​ခဲ့​သော်လည်း သူနှင့် လုံးဝ​မခွဲခွာ​လို​ခဲ့​ပေ။ သစ္စာစောင့်သိမှု​နှင့် ခင်မင်မှု​ပုံသက်သေ​ကောင်း​ပါ​တကား!—သု. ၁၈:၂၄

၂:၂၃၊ ၂၄ဧလိရှဲ​ကို ဤသို့​လှောင်ပြောင်​ရသော အဓိက​အကြောင်းရင်း​ကား ဧလိယ​၏​ဝတ်လုံကို ခေါင်း​ပြောင်​သူ​တစ်ဦး ဝတ်ဆင်​ထားခြင်း​ကြောင့်​ဖြစ်​ဟန်​တူ​သည်။ ဧလိရှဲ​သည် ဘုရားသခင်​၏​ကိုယ်စားလှယ်​ဖြစ်​ကြောင်း ကလေး​များ​သိထားကြ​ရာ သူ့ကို လုံးလုံး​မရှိစေ​လို​ကြ​ချေ။ သူတို့က “တက်​ဦး​လော့၊” တစ်နည်း​အားဖြင့် ဗေသလ​အထိ ဆက်​တက်​သွားလော့၊ သို့​မဟုတ် ဧလိယ​ကဲ့သို့ ခေါ်ဆောင်​ခံ​လော့​ဟု ပြောဆို​ကြသည်။ ထို​ကလေး​များသည် မိဘတို့​၏​ရန်လို​သဘောထားမျိုး တင်ပြ​နေကြောင်း ထင်ရှား​သည်။ မိဘများသည် မိမိတို့​ကလေး​များ​အား ဘုရားသခင့်​ကိုယ်စားလှယ်​တို့ကို လေးစားရန် သွန်သင်​ပေးဖို့ အလွန်​အရေးကြီး​ပေ​သည်!

၃:၁၄၊ ၁၈၊ ၂၄ယေဟောဝါ​၏​နှုတ်မြွက်​စကား​များသည် အစဉ်​ဖြစ်ပျက်​လာ​သည်။

၃:၂၂နံနက်​စောစော​နေရောင်​က ရေ​ကို သွေး​ဟု​ထင်ယောင်ထင်မှား​ဖြစ်စေ​သည်၊ အကြောင်း​မှာ တူး​ခါ​စ ရေ​မြောင်း​များ​ထဲ​တွင် အနီရောင်​ရွှံ့စေး​ပါ​၍​ဖြစ်​ပေမည်။ ယေဟောဝါ​သည် မိမိ၏​ရည်ရွယ်ချက်​ပြည့်စုံစေရန် သဘာဝ​ဖြစ်ရပ်​များ​ကို အသုံးပြု​ခဲ့​ပေမည်။

၄:၈-၁၁ဧလိရှဲ​သည် “ဘုရားသခင်​၏​သန့်ရှင်းသူ” ဖြစ်​ကြောင်း ရှုနင်​မြို့သူ အသိအမှတ်ပြု​ကာ သူ့ကို ဧည့်ဝတ်ပြု​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏​သစ္စာရှိ​ဝတ်ပြုသူ​များ​ကို ထပ်တူ​မပြု​သင့်​ပေ​လော။

၅:၃ဣသရေလ​မိန်းမငယ်​သည် အံ့ဖွယ်အမှု​များ​ကို ဘုရားသခင်​ပြုလုပ်​နိုင်​ကြောင်း ယုံကြည်ခဲ့​၏။ မိမိ၏​ယုံကြည်ချက်ကို ထုတ်ပြော​ဖို့​လည်း သတ္တိ​ရှိသည်။ အသင်​လူငယ်တို့​လည်း ဘုရားသခင့်​ကတိတော်​တို့ကို ယုံကြည်​စိတ်ချ​ရန် ကြိုးစား​ကြ​ပြီး ဆရာ/ဆရာမ​များနှင့် အတန်းဖော်​များ​အား အမှန်တရား​အကြောင်း​ပြောပြ​ဖို့ သတ္တိ​မွေး​ပါသလော။

၅:၉-၁၉မာနကြီး​သူ​တစ်ဦး​ပင် နှိမ့်ချမှုကို သင်ယူ​နိုင်​ကြောင်း နေမန်​၏​ပုံသက်သေ​က မဖော်​ပြ​ပေ​လော။—၁ ပေတရု ၅:၅

၅:၂၀-၂၇လိမ်လည်​ဖို့​ကြိုးစား​ခြင်း​က အကျိုး​နည်း​လိုက်​လေ​ခြင်း! နှစ်​ဘဝ​စံ​ခြင်း​ကြောင့် စိတ်ပူ​ပန်​မှု၊ ပူဆွေး​မှု​တို့​ဖြစ်တတ်​ကြောင်း စေ့စေ့​သုံးသပ်ခြင်းက အဆိုပါ​လမ်းစဉ်​မျိုးကို ရှောင်ကြဉ်​စေ​သည်။

ဣသရေလ​နှင့် ယုဒ​လူမျိုး​တို့ ပြည်နှင်ခံရ​ကြ

(၄ ဓမ္မ​ရာဇဝင် ၉:၁–၂၅:၃၀)

ယေဟု​သည် ဣသရေလ​နိုင်ငံ​၏ ဘိသိက်ခံ​ရှင်ဘုရင်​ဖြစ်သည်။ သူသည် ဖင့်နွှဲ​မနေ​ဘဲ အာဟပ်​၏​အမျိုးအနွယ်​ကို တိုက်ခိုက်​ရန် စစ်​ဆင်နွှဲ​ခဲ့​သည်။ ယေဟု​သည် ‘ဗာလ​ဝတ်ပြုရေးကို ဣသရေလ​ပြည်​မှ ပယ်ရှား​ဖျက်ဆီး’ နိုင်​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၀:၂၈) အာခဇိ​၏​မယ်တော် အာသလိ​သည် ယေဟု​လက်ချက်​ဖြင့် မိမိ၏​သားတော် သေဆုံး​ရ​ကြောင်း​သိ​လေ​သော် ‘ယုဒ​နိုင်ငံ​၏ ဆွေ​တော်​မျိုး​တော်​အပေါင်း​တို့ကို သုတ်သင်​ပယ်ရှင်း​ရန်​ထ’ ကာ ထီးနန်း​သိမ်း​လိုက်​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၁:၁) အာခဇိ​၏​သားငယ် ယောရှ​မှာ​မူ လွတ်မြောက်သွား​ကာ ခြောက်​နှစ်​တိုင် ပုန်းလျှိုး​နေခဲ့​ပြီး​နောက် ယုဒ​နိုင်ငံ​၏​ဘုရင်​အဖြစ် ခန့်အပ်​ခံရ​သည်။ ယဇ်ပုရောဟိတ် ယောယဒ​၏​သွန်သင်မှု​ကြောင့် ယောရှ​သည် ယေဟောဝါ​ရှေ့တော်မှောက်​၌ ဖြောင့်မတ်​ရာ​ကို ဆက်​လုပ်ဆောင်ခဲ့​သည်။

ယေဟု​နောက်ပိုင်း​တွင် ဣသရေလ​နိုင်ငံ​ကို​အုပ်စိုး​သော ရှင်ဘုရင်​အားလုံး ယေဟောဝါ​၏​ရှေ့မှောက်​တွင် မကောင်းမှု​ပြု​ခဲ့​ကြသည်။ ယေဟု​၏​မြေး​လက်ထက်​တွင် ဧလိရှဲ သေဆုံး​သွား​သည်။ ယောရှ​ပြီး​နောက် စတုတ္ထ​မြောက်​ယုဒ​ရှင်ဘုရင်​မှာ အာခတ်​ဖြစ်​ပြီး သူသည် ‘ထာဝရ​ဘုရားသခင်​ရှေ့တော်၌ တရားသော​အမှုကို​မပြု’ ခဲ့​ချေ။ (၄ ဓမ္မ​ရာဇဝင် ၁၆:၁၊ ၂) သို့ရာတွင် သားတော်​ဟေဇကိ​သည် ‘ယေဟောဝါ​၏​နောက်​တော်​သို့ အစဉ်အမြဲ​လိုက်’ သော​ဘုရင်​ဖြစ်​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၇:၂၀; ၁၈:၆) ယုဒပြည်​ကို ဟေဇကိ​စိုးစံချိန်​နှင့် ဣသရေလ​ပြည်​ကို ဟောရှေ​အုပ်စိုးချိန်​ဖြစ်သော ဘီ.စီ.အီး. ၇၄၀ တွင် အာရှုရိရှင်ဘုရင် ရှာ​လ​မနေ​ဇာ​သည် “ရှမာရိ​မြို့ကို​ရပြီး​လျှင် ဣသရေလ​အမျိုး​ကို အာရှုရိပြည်​သို့​သိမ်းသွား” ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၇:၆သမ္မာ) ထို့နောက် တိုင်းတစ်ပါးသား​များ​ကို ဣသရေလ​နိုင်ငံ​သို့ ခေါ်သွင်း​လာ​ရာ ရှမာရိ​ဘာသာ​တရား ပေါ်ပေါက်​လာ​ခဲ့​သည်။

ယုဒ​နိုင်ငံ​တွင် ဟေဇကိ​နောက်ပိုင်း ဘုရင်​ခု​နစ်​ပါး​အနက် ယောရှိ​တစ်ပါး​တည်း​သာ မှားယွင်းသော​ဝတ်ပြုရေးကို ဖယ်ရှား​ခဲ့​သည်။ နောက်ဆုံး ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်​လူမျိုး​သည် ယေရုရှလင်​မြို့ကို သိမ်းပိုက်​လိုက်ပြီး ‘ယုဒ​အမျိုး​သည် မိမိ​ပြည်​မှ​သိမ်းသွားခြင်း​ကို​ခံရ’ လေ​သည်။—၄ ဓမ္မ​ရာဇဝင် ၂၅:၂၁

ကျမ်းစာ​မေးခွန်း​အဖြေ​များ–

၁၃:၂၀၊ ၂၁—ယင်း​အံ့ဖွယ်အမှု​က ဘာသာရေး​အထိမ်းအမှတ်​များ​ကို ကြည်ညို​လေးမြတ်​ဖို့ အားပေးပါ​သလော။ အားမပေး​ပါ။ ဧလိရှဲ​၏​အရိုး​ကို ကြည်ညို​လေးမြတ်​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​မထား​ပါ။ ဧလိရှဲ​အသက်ရှင်စဉ်​က ပြုလုပ်​ခဲ့​သော အံ့ဖွယ်အမှု​များ​ကဲ့သို့​ပင် ယင်းသည်​လည်း ဘုရားသခင်​၏​တန်ခိုးတော်​ဖြင့် ဖြစ်ပျက်​လာ​၏။

၁၅:၁-၆—ယေဟောဝါ​သည် ဩဇိ​မင်း​အား အဘယ်ကြောင့် နူနာ​စွဲ​စေ​ခဲ့​သနည်း။ ‘ဩဇိ​မင်း​သည် တန်ခိုး​ကြီးသော​အခါ . . . ထောင်လွှား​သော​စိတ်​ထ​သဖြင့် မိမိ​ဘုရားသခင်​ယေဟောဝါ​ကို ပြစ်မှား​၍ နံ့သာပေါင်း​ကို မီးရှို့​ရာ​ယဇ်​ပလ္လင်​ပေါ်မှာ မီးရှို့ခြင်း​ငှာ ယေဟောဝါ​၏ ဗိမာန်တော်​ထဲ​သို့​ဝင်​လေ​၏။’ ယဇ်ပုရောဟိတ်​တို့​က “ရှင်ဘုရင်​သြဇိ​နောက်​တော်​သို့​လိုက်၍ ဆီးတား” ကာ “သန့်ရှင်း​ရာ​ဌာန​ထဲ​က ထွက်သွား​လော့” ဟု​ဆို​ကြ​သော် သူသည် ယဇ်ပုရောဟိတ်​တို့ကို အမျက်ထွက်​သောကြောင့် နူနာ​စွဲ​လေ​၏။—၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၀

၁၈:၁၉-၂၁၊ ၂၅—ဟေဇကိ​သည် အီဂျစ်​ပြည်​နှင့် မဟာမိတ်ဖွဲ့​ခဲ့​သလော။ မ​ဖွဲ့​ခဲ့​ပါ။ ရာ​ဗ​ရှာ​ခ​၏​စွပ်စွဲချက်​သည် မှား​၏၊ ‘ယေဟောဝါ​၏​အခွင့်’ နှင့်​လာ​သည်​ဟု သူ​ပြောဆို​သကဲ့သို့ပင် ဖြစ်သည်။ သစ္စာရှိ​ဘုရင်​ဟေဇကိ​သည် ယေဟောဝါ​ကို​သာ အကြွင်းမဲ့​ကိုးစား​သည်။

ကျွန်ုပ်​တို့အတွက်​သင်ခန်းစာ–

၉:၇၊ ၂၆အာ​ဟ​တ်​အမျိုး​ကို ပြင်းပြင်းထန်ထန်​တရား​စီရင်ခြင်း​က မှားယွင်းသော​ဝတ်ပြုရေး​နှင့် အပြစ်မဲ့​သူ၏​အသွေးသွန်းခြင်း​ကို ယေဟောဝါ အလွန်​မုန်းတီး​ကြောင်း ဖော်ပြ​နေသည်။

၉:၂၀ယေဟု​သည် ရထား​ကို​ပြင်းပြင်း​နှင်​သူ​အဖြစ် နာမည်​ရထား​ခြင်း​က မိမိ၏​တာဝန်​ကို​ထမ်းဆောင်​ရန် အလွန်​စိတ်​ထက်သန်​ကြောင်း ဖော်ပြ​နေသည်။ အသင်​လည်း ဘုရားသခင့်​နိုင်ငံတော်​သတင်း​ကြွေးကြော်​ရာ​တွင် ထက်သန်​သူ​တစ်ဦး​ဟု လူသိ​များ​သလော။—၂ တိမောသေ ၄:၂

၉:၃၆၊ ၃၇; ၁၀:၁၇; ၁၃:၁၈၊ ၁၉၊ ၂၅; ၁၄:၂၅; ၁၉:၂၀၊ ၃၂-၃၆; ၂၀:၁၆၊ ၁၇; ၂၄:၁၃‘ယေဟောဝါ​၏​နှုတ်မြွက်​စကား​သည် အမြဲ​ပင် အမှန်​အောင်​လိမ့်​မည်’ ကို ကျွန်ုပ်​တို့​စိတ်ချ​နိုင်​သည်။—ဟေရှာယ ၅၅:၁၀၊ ၁၁

၁၀:၁၅ရထား​ပေါ်​သို့​တက်​ရန် ယေဟု​၏​ဖိတ်ခေါ်ချက်​ကို ယောနဒပ် လိုလိုလားလား​လက်ခံ​သကဲ့သို့ “လူအုပ်ကြီး” သည် ခေတ်​သစ်​ယေဟု​ဖြစ်သော ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏ ဘိသိက်ခံ​နောက်လိုက်​များ​ကို တလိုတလား ထောက်ခံ​အားပေး​ကြသည်။—ဗျာ. ၇:၉

၁၀:၃၀၊ ၃၁ယေဟု​ကို အပြစ်ကင်း​သူ​ဟု မှတ်တမ်းတင်​မထား​သော်လည်း သူ၏​လုပ်ဆောင်မှု​အားလုံး​ကို ယေဟောဝါ တန်ဖိုး​ထား​တော်​မူ​သည်။ ‘ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို မေ့လျော့​သည်​တိုင်အောင် အဓမ္မအမှု​ကို ပြု​တော်​မ​မူ။’—ဟေဗြဲ ၆:၁၀

၁၃:၁၄-၁၉ယေဟု​၏​မြေး​တော် ဟော​ရှ​သည် အားမစိုက်​ဘဲ မြား​ဖြင့်​မြေကြီးကို သုံးကြိမ်​သာ​ရိုက်​ခဲ့​သောကြောင့် ရှုရိ​လူ​တို့ကို တိုက်ခိုက်​ရာ​တွင် အကန့်အသတ်​သာ အနိုင်​ရခဲ့​သည်။ ကျွန်ုပ်​တို့အား ယေဟောဝါ​အပ်နှင်း​ထားသော​တာဝန်​ကို စိတ်ပါလက်ပါ​နှင့် ထက်သန်​စွာ​ထမ်းဆောင်​ရန် ကိုယ်တော် မျှော်လင့်​တော်​မူ​သည်။

၂၀:၂-၆ယေဟောဝါ​သည် ‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင်’ ဖြစ်သည်။—ဆာလံ ၆၅:၂

၂၄:၃၊ ၄မနာရှေ​၏​သွေးပြစ်​ကျူးလွန်​မှု မှတ်တမ်း​တွင် ယေဟောဝါ​သည် ယုဒ​၏ “အပြစ်​များ​ကို လွှတ်တော်​မ​မူ။” အပြစ်မဲ့​သူတို့၏​အသွေးကို ဘုရားသခင် တန်ဖိုး​ထား​တော်​မူ​သည်။ အပြစ်မဲ့​သူတို့၏​အသွေးကို သွန်း​သူများ​အား ဖျက်ဆီးခြင်း​ဖြင့် ယေဟောဝါ​လက်စားချေ​ပေး​မည်​ကို စိတ်ချ​နိုင်​ပါ​သည်။—ဆာလံ ၃၇:၉-၁၁; ၁၄၅:၂၀

ကျွန်ုပ်​တို့အတွက် အဖိုးထိုက်​လှ

ဓမ္မရာဇဝင်စတုတ္ထစောင်​သည် ယေဟောဝါ​ရှင်​အား ကတိတော်​များ​ကို ပြည့်စုံ​စေသော​အရှင်​အဖြစ် သရုပ်ဖော်​သည်။ နိုင်ငံ​နှစ်​နိုင်ငံ​မှ​ပြည်သား​များ​ဖြစ်သည့် ဦးဆုံး ဣသရေလ​နိုင်ငံ​နှင့် နောက်ပိုင်း​တွင် ယုဒ​နိုင်ငံ​မှ​လူများ ပြည်နှင်ခံရခြင်း​က တရားဟောရာ ၂၈:၁၅–၂၉:၂၈ တွင်​ဖော်ပြ​ထားသော ပရောဖက်ပြုချက်​ဆိုင်ရာ တရား​စီရင်ချက်​ပြည့်စုံ​ခဲ့​ပုံ​ကို သတိပြု​စေ​သည်။ ဓမ္မရာဇဝင်စတုတ္ထစောင်​တွင် ဧလိရှဲ​ကို ယေဟောဝါ​၏​နာမတော်​နှင့် စစ်မှန်သော ဝတ်ပြုရေး​အတွက် အလွန်​စိတ်အား​ထက်သန်​သော ပရောဖက်​တစ်ပါး​အဖြစ် ဖော်ပြ​ထား​သည်။ ဟေဇကိ​နှင့် ယောရှိ​တို့အား ဘုရားသခင့်​ပညတ်​များ​လေးစား​သော နှိမ့်ချမှု​ရှိ​ဘုရင်​များ​အဖြစ် ဖော်ပြ​ထား​သည်။

ဓမ္မရာဇဝင်စတုတ္ထစောင်​တွင် ဖော်ညွှန်း​ထားသော ဘုရင်​များ၊ ပရောဖက်​များနှင့် အခြားသူများ​တို့၏​သဘောထား၊ လုပ်ရပ်များ​ကို သုံးသပ်​သည့်​အခါ အဘယ်အရာ​အတွက် ကြိုးစား​ရပြီး အဘယ်အရာကို ရှောင်​ရမည့်​အကြောင်း အဖိုးတန်​သင်ခန်းစာ​ရရှိ​သည် မဟုတ်လော။ (ရောမ ၁၅:၄; ၁ ကောရိန္သု ၁၀:၁၁) မှန်ပါသည်၊ ‘ဘုရားသခင်​၏​နှုတ်မြွက်​စကား​သည် အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်​တတ်​သည်။’—ဟေဗြဲ ၄:၁၂

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဧလိရှဲ​၏​အံ့ဖွယ်အမှု​များ

၁။ ယော်ဒန်​မြစ်ရေကို နှစ်ခြမ်း​ကွဲ​သွား​စေ​သည်။—၄ ဓမ္မ​ရာဇဝင် ၂:၁၄

၂။ ယေရိခေါမြို့​၏ မကောင်းသော​ရေ​ကို ရေချို​ဖြစ်စေ​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၂:၁၉-၂၂

၃။ ဆိုးသွမ်း​သော​လူငယ်များ ဝက်ဝံ​ကိုက်​ခံရ​ကြသည်။—၄ ဓမ္မ​ရာဇဝင် ၂:၂၃၊ ၂၄

၄။ စစ်တပ်​အတွက် ရေ​ရရှိစေ​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၃:၁၆-၂၆

၅။ မုဆိုးမ​တစ်ဦး စား​ဆီ​ရရှိခဲ့သည်။—၄ ဓမ္မ​ရာဇဝင် ၄:၁-၇

၆။ မြုံနေ​သော​ရှုနင်​မြို့သူ​တစ်ဦး ကလေး​ရရှိခဲ့သည်။—၄ ဓမ္မ​ရာဇဝင် ၄:၈-၁၇

၇။ ကလေး​သည် သေ​ရာ​မှ ရှင်ပြန်ထမြောက်​လာ​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၄:၁၈-၃၇

၈။ အဆိပ်​ရှိသော​ဟင်း​တစ်​အိုး စား၍​ရလေ​သည်။—၄ ဓမ္မ​ရာဇဝင် ၄:၃၈-၄၁

၉။ မုန့်​အ​လုံး ၂၀ ဖြင့် လူ​တစ်​ရာ​ကို ကျွေးမွေး​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၄:၄၂-၄၄

၁၀။ နေမန်​၏​နူနာ ပျောက်ကင်း​သွား​သည်။—၄ ဓမ္မ​ရာဇဝင် ၅:၁-၁၄

၁၁။ နေမန်​၏​နူနာသည် ဂေဟာဇိ​ကို စွဲ​လေ​သည်။—၄ ဓမ္မ​ရာဇဝင် ၅:၂၄-၂၇

၁၂။ ပုဆိန်ရိုး ရေ​တွင်​ပေါ်လာ​သည်။—၄ ဓမ္မ​ရာဇဝင် ၆:၅-၇

၁၃။ ကျေးကျွန်​တစ်ဦး​သည် ကောင်းကင်တမန်​ရထား​တပ်​ကြီး​ကို မြင်ရ​သည်။—၄ ဓမ္မ​ရာဇဝင် ၆:၁၅-၁၇

၁၄။ ရှုရိ​စစ်တပ် မျက်စိကန်း​သွား​သည်။—၄ ဓမ္မ​ရာဇဝင် ၆:၁၈

၁၅။ ရှုရိ​စစ်တပ် မျက်စိ​ပြန်မြင်​လာ​သည်။—၄ ဓမ္မ​ရာဇဝင် ၆:၁၉-၂၃

၁၆။ လူသေ​တစ်ဦး အသက်ပြန်ရှင်​လာ​သည်။—၄ ဓမ္မ​ရာဇဝင် ၁၃:၂၀၊ ၂၁

[စာမျက်နှာ ၁၂ ပါ ဇယား/ ရုပ်ပုံများ]

ယုဒ​နိုင်ငံ​နှင့် ဣသရေလ​နိုင်ငံ​၏​ရှင်ဘုရင်များ

ရှောလု/ဒါဝိဒ်/ရှောလမုန်– ဘီ.စီ.အီး. ၁၁၁၇/၁၀၇၇/၁၀၃၇ *

ယုဒ​နိုင်ငံ​ရက်စွဲ(ဘီ.စီ.အီး.)ဣသရေလ​နိုင်ငံ

ရောဗောင် ․ ၉၉၇ ․ ယေရောဗောင်

အ​ဘိ​ယ/အာသ ․ ၉၈၀/၉၇၈ ․

․ ၉၇၆/၉၇၅/၉၅၂ ․ နာ​ဒဒ်/ဗာရှာ/ဧ​လာ

․ ၉၅၁/၉၅၁/၉၅၁ ․ ဇိမရိ/သြ​မ​ရိ/တိ​ဗနိ

․ ၉၄၀ ․ အာဟပ်

ယောရှဖတ် ․ ၉၃၇ ․

․ ၉၂၀/၉၁၇ ․ အာခဇိ/ယောရံ

ယဟောရံ ․ ၉၁၃ ․

အာခဇိ ․ ၉၀၆ ․

(အာသလိ) ․ ၉၀၅ ․ ယေဟု

ယောရှ ․ ၈၉၈ ․

․ ၈၇၆/၈၅၉ ․ ယော​ခတ်/ယောရှ

အာမဇိ ․ ၈၅၈ ․

․ ၈၄၄ ․ ဒုတိယ​မြောက် ယေရောဗောင်

အာဇရိ (ဩဇိ) ․ ၈၂၉ ․

․ ၈၀၃/၇၉၁/၇၉၁ ․ ဇာခရိ/ရှ​လ္လုံ/မေနဟင်

․ ၇၈၀/၇၇၈ ․ ပေ​က​ဟိ/ပေကာ

ယောသံ/အာခတ် ․ ၇၇၇/၇၆၂ ․

․ ၇၅၈ ․ ဟောရှေ

ဟေဇကိ ․ ၇၄၆ ․

․ ၇၄၀ ․ ရှမာရိ​မြို့​သိမ်းပိုက်​ခံ​ခဲ့​ရ

မနာရှေ/အာမုန်/ယောရှိ ․ ၇၁၆/၆၆၁/၆၅၉ ․

ယော​ခတ်/ယောယကိမ် ․ ၆၂၈/၆၂၈ ․

ယေခေါနိ/ဇေဒကိ ․ ၆၁၈/၆၁၇ ․

ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ ․ ၆၀၇ ․

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 66 ရက်စွဲ​တချို့​သည် နန်း​စတက်​သည့်​နှစ်ကို ခန့်မှန်း​တွက်ချက်​ထား​သည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

နေမန်​သည် နှိမ့်ချမှု​ပြ​ခဲ့​ရာ ယေဟောဝါ​၏​တန်ခိုးတော်​ဖြင့် ရောဂါ​ပျောက်ကင်း​ခဲ့

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ဧလိယ ‘လေပွေ​အားဖြင့် ကောင်းကင်​သို့​ချီဆောင်​ခံရ’ သည်​ဖြစ်၍ အဘယ်​သို့​ဖြစ်သွား​သနည်း