ယေရှုခရစ်ကား မည်သူနည်း
ယေရှုခရစ်ကား မည်သူနည်း
အန္ဒြေအမည်ရှိသော ဂျူးလူငယ်တစ်ဦးသည် နာဇရက်မြို့သားယေရှု၏စကားများကို ဦးဆုံးကြားနာခဲ့ရချိန်တွင် သူမည်မျှ စိတ်လှုပ်ရှားခဲ့သည်ကို မြင်ယောင်ကြည့်ပါ။ အန္ဒြေသည် အစ်ကိုဖြစ်သူထံ အလျင်အမြန်သွားကာ “ငါတို့သည် မေရှိ [သို့မဟုတ်၊ ခရစ်တော်] ကိုတွေ့ကြပြီ” ဟု ပြောပြခဲ့ကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ (ယောဟန် ၁:၄၁) “မေရှိယ” နှင့် “ခရစ်တော်” ဟူ၍ ပြန်ဆိုလေ့ရှိသော ဟေဗြဲနှင့် ဂရိစကားလုံးသည် “ဘိသိက်ပေးခြင်းခံရသူ” ဟုအဓိပ္ပာယ်ရှိသည်။ ယေရှုသည် ဘိသိက်ပေးခြင်းခံရသူ၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်သောသူ၊ ကတိထားရာ ခေါင်းဆောင်ဖြစ်သည်။ (ဟေရှာယ ၅၅:၄) သမ္မာကျမ်းစာတွင် မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များစွာ ပါရှိသောကြောင့် ထိုအချိန်က ဂျူးများသည် မေရှိယကို မျှော်လင့်နေခဲ့ကြသည်။—လုကာ ၃:၁၅။
ယေရှုသည် ဘုရားသခင် ရွေးချယ်သောသူအမှန်ဖြစ်ကြောင်း မည်သို့သိရသနည်း။ စီ.အီး. ၂၉ ခုနှစ်၊ ယေရှုအသက် ၃၀ တွင် အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ထံသွားကာ ယော်ဒန်မြစ်တွင် နှစ်ခြင်းခံခဲ့သည်။ သမ္မာကျမ်းစာ၌ ဤသို့ဆို၏– “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။” (မဿဲ ၃:၁၆၊ ၁၇) ထိုသက်သေခံချက်စကားတော်ကို ကြားရပြီးနောက် ယေရှုသည် ဘုရားသခင်ရွေးချယ်သောသူဟုတ်မဟုတ် ယောဟန် သံသယဝင်ဖို့မလိုတော့ပေ။ ယေဟောဝါဘုရားသခင်သည် ယေရှုအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းကာ ဘိသိက်ပေးခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ရောက်ရှိလာမည့် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ကိုယ်တော်ကို ခန့်အပ်ခဲ့သည်။ သို့ဖြင့် ယေရှုသည် ယေရှုခရစ်တော်၊ သို့မဟုတ် ဘိသိက်ပေးခြင်းခံရသူယေရှုဖြစ်လာလေသည်။ သို့သော် ယေရှုကို ဘုရားသခင်၏သားတော်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။ ကိုယ်တော်၏ မူလအစမှာ အဘယ်နည်း။
ကိုယ်တော်၏မူလအစ ‘ရှေးကမ္ဘာ’ က
ယေရှု၏ဘဝအသက်တာကို အပိုင်းသုံးပိုင်းခွဲနိုင်သည်။ ပထမအပိုင်းမှာ လူသားအဖြစ်မမွေးဖွားမီ ကြာမြင့်စွာအချိန်ကတည်းက စတင်သည်။ ကိုယ်တော်၏မူလအစကို ‘ရှေးကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏’ ဟု မိက္ခာ ၅:၂ ၌ဖော်ပြသည်။ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်တော်မူခဲ့၏– “ငါမူကား အထက်သား ဖြစ်၏၊”—ဆိုလိုသည်မှာ ကောင်းကင်မှ ကြွလာခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၈:၂၃) ကိုယ်တော်သည် ကောင်းကင်တွင် တန်ခိုးကြီးသော ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးအဖြစ် နေထိုင်ခဲ့သည်။
ဖန်ဆင်းခံရသောအရာအားလုံးသည် အစရှိသောကြောင့် ဘုရားသခင်တစ်ပါးတည်းသာရှိသော အချိန်ရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် မရေမတွက်နိုင်သော ရှေးနှစ်ပေါင်းများစွာကတည်းက ဖန်ဆင်းခြင်းလုပ်ငန်းကိုစတင်သည်။ မည်သူ့ကို ကိုယ်တော် ဦးဆုံးဖန်ဆင်းတော်မူခဲ့သနည်း။ သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်း၌ ယေရှုကို “ဘုရားသခင်၏ . . . သတ္တဝါတို့အထွတ်” ဟုဖော်ပြထားသည်။ (ဗျာ. ၃:၁၄) ယေရှုသည် “သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။” သို့ဖြစ်၍ “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ . . . တို့ကို ဖန်ဆင်းတော်မူ၏။” (ကောလောသဲ ၁:၁၅၊ ၁၆) မှန်ပါသည်၊ ယေရှုသည် ဘုရားသခင်ကိုယ်တိုင် တိုက်ရိုက်ဖန်ဆင်းတော်မူသည့် တစ်ပါးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။ သို့ဖြစ်၍ ကိုယ်တော်ကို ဘုရားသခင်၏ “တစ်ပါးတည်းသောသားတော်” ဟု ခေါ်ဆိုခြင်းဖြစ်သည်။ (ယောဟန် ၃:၁၆) ဘုရားသခင်၏သားဦးကို ‘နှုတ်မြွက်တော်’ ဟုလည်း ခေါ်ဆိုသည်။ (ယောဟန် ၁:၁၄) အဘယ်ကြောင့်နည်း။ အကြောင်းမှာ လူသားတစ်ဦးအဖြစ် မမွေးဖွားလာမီ ကောင်းကင်တွင် ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအဖြစ် အမှုထမ်းခဲ့သောကြောင့်ဖြစ်သည်။
‘နှုတ်မြွက်တော်’ သည် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ” သောအချိန်၊ “အစအဦး” ကတည်းက ယေဟောဝါဘုရားသခင်နှင့်အတူရှိခဲ့သည်။ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုမိန့်တော်မူရာတွင် နှုတ်မြွက်တော်နှင့် ပြောနေခြင်းဖြစ်သည်။ (ယောဟန် ၁:၁; ကမ္ဘာဦး ၁:၁၊ ၂၆) ယေဟောဝါ၏သားဦးသည် ခမည်းတော်နှင့်အတူ တက်ကြွစွာ အလုပ်လုပ်တော်မူခဲ့သည်။ နယပုံပြင် ၈:၂၂-၃၁ တွင် ယေဟောဝါ၏သားဦးက ဤသို့ပြောဆိုခဲ့ကြောင်း ဖော်ပြထား၏– ‘ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့ [ဖန်ဆင်းရှင်၏] အထံတော်ပါးတွင်နေ၍ အစဉ်မပြတ် မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက် ဖန်ဆင်းတော်မူသော မြေကြီးတစ်ပြင်လုံးတွင် ရွှင်လန်းလျက်လျက်နေ၏။’
ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏ တစ်ပါးတည်းသောသားတော်တို့သည် အတူတကွ အလုပ်လုပ်ဆောင်ခြင်းကြောင့် တစ်ဦးကိုတစ်ဦး ကောင်းစွာသိကျွမ်းကြသည့်အထိ အလွန်ရင်းနှီးကြသည်။ မရေမတွက်နိုင်သောနှစ်များတစ်လျှောက် ယေဟောဝါနှင့် ထိုသို့သောရင်းနှီးသည့်ဆက်ဆံရေးက ဘုရားသခင်၏သားတော်အပေါ် အလွန်အကျိုးသက်ရောက်မှု ရှိခဲ့သည်။ နာခံမှုရှိသော ဤသားတော်သည် ခမည်းတော် ယေဟောဝါကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ ကောလောသဲ ၁:၁၅ ၌ယေရှုကို “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” ဟုခေါ်ဆိုခြင်းဖြစ်သည်။ ဝိညာဉ်ရေးလိုအပ်ချက်နှင့် ဘုရားသခင်အကြောင်းသိလိုသော ကျွန်ုပ်တို့၏ဆန္ဒကို ဖြည့်ဆည်းရာတွင် ယေရှုနှင့်ပတ်သက်သောအသိပညာ မရှိမဖြစ်လိုအပ်ရခြင်းမှာ ယင်းအကြောင်းရင်းကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိစဉ် ယေရှုလုပ်ဆောင်ခဲ့သမျှသည် ယေဟောဝါလုပ်ဆောင်စေလိုသောအရာ အတိအကျပင်ဖြစ်သည်။ ထို့ကြောင့် ယေရှုအကြောင်း ပို၍သိရှိလာခြင်းသည် ယေဟောဝါအကြောင်း ပို၍သိရှိလာခြင်းပင်ဖြစ်သည်။ (ယောဟန် ၈:၂၈; ၁၄:၈-၁၀) သို့သော် ယေရှုသည် ကမ္ဘာပေါ် မည်သို့ရောက်လာတော်မူခဲ့သနည်း။
လူသားတစ်ဦးအနေနှင့် ကိုယ်တော်၏ဘဝအသက်တာ
ယေရှုဘဝအသက်တာ၏ ဒုတိယအပိုင်းမှာ ကမ္ဘာမြေကြီးသို့ မိမိ၏သားတော်ကို ဘုရားသခင်စေလွှတ်ချိန်တွင် စတင်သည်။ ယေဟောဝါသည် ကောင်းကင်မှ ယေရှု၏အသက်ကို တည်ကြည်သူဂျူးအပျိုကညာ မာရိ၏သားအိမ်ထဲသို့ အံ့ဖွယ်နည်းဖြင့် ရွှေ့ပြောင်းပေးခဲ့သည်။ ယေရှုသည် လူသားဖခင်တစ်ဦး ပါဝင်ပတ်သက်ခြင်း မရှိသောကြောင့် စုံလင်သူတစ်ဦးအဖြစ် မွေးဖွားလာသည်။ ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအားသည် မာရိအပေါ်သက်ရောက်ကာ သူ့အပေါ် ကိုယ်တော်၏တန်ခိုး “လွှမ်းမိုး” မှုကြောင့် အံ့ဖွယ်နည်းဖြင့် ပဋိသန္ဓေတည်ရှိလာသည်။ ထို့ကြောင့် မာရိသည် စုံလင်သောကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ ယေရှုသည် လက်သမားယောသပ်၏ မွေးစားသားအဖြစ် ကလေးအတော်အတန်များသော နွမ်းပါးသည့်မိသားစုတွင် သားဦးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။—ဟေရှာယ ၇:၁၄; မဿဲ ၁:၂၂၊ ၂၃; မာကု ၆:၃။
ယေရှု၏ကလေးဘဝအသက်တာအကြောင်း အနည်းငယ်သာသိရှိရသည်၊ သို့သော် အဖြစ်အပျက်တစ်ခုမှာ မှတ်သားဖွယ်ဖြစ်သည်။ ယေရှု ၁၂ နှစ်အရွယ်တွင် သူ၏မိဘများသည် နှစ်စဉ်တက်ရောက်လေ့ရှိသော ပသခါပွဲတက်ရန် ယေရုရှလင်မြို့သို့ သွားကြသည်။ ထိုတွင် ယေရှုသည် ဗိမာန်တော်၌ “ဆရာများအလယ်မှာထိုင်၍” အချိန်အတော်ကြာ “ထိုသူတို့နှင့် ဆွေးနွေးမေးမြန်း” ခဲ့သည်။ ထိုမျှမကပါ၊ “သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့သြကြ၏။” မှန်ပါသည်၊ လူငယ်ယေရှုသည် အလေးအနက်စဉ်းစားစရာ ဝိညာဉ်ရေးရာမေးခွန်းများ မေးမြန်းနိုင်ရုံမက အခြားသူများကို အံ့အားသင့်စေသည့် ပညာသားပါသောအဖြေများကိုလည်း ဖြေဆိုနိုင်ခဲ့သည်။ (လုကာ ၂:၄၁-၅၀) ယေရှုသည် နာဇရက်မြို့တွင် ကြီးပြင်းလာစဉ် မွေးစားဖခင် ယောသပ်ထံမှ လက်သမားအတတ်ပညာကိုပါ သင်ယူခဲ့သည်မှာ သေချာသည်။—မဿဲ ၁၃:၅၅။
ယေရှုသည် အသက် ၃၀ အထိ နာဇရက်မြို့တွင် နေထိုင်ခဲ့သည်။ ယင်းနောက် နှစ်ခြင်းခံရန် ယောဟန်ထံသို့သွားခဲ့သည်။ နှစ်ခြင်းခံပြီးသည်နှင့် ဘုရားသခင့်အမှုဆောင်ခြင်းလုပ်ငန်းတွင် အင်တိုက်အားတိုက်ပါဝင်ခဲ့သည်။ သုံးနှစ်ခွဲလုံးလုံး ကိုယ်တော်၏နေရင်းပြည်တစ်လျှောက် လှည့်လည်သွားလာကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခဲ့သည်။ မိမိသည် ဘုရားသခင်စေလွှတ်သောသူဖြစ်ကြောင်း သက်သေအထောက်အထား တင်ပြခဲ့သည်။ မည်သို့အားဖြင့်နည်း။ လူ့အစွမ်းဖြင့် မလုပ်ဆောင်နိုင်သော တန်ခိုးပါသည့်လုပ်ရပ်များ—အံ့ဖွယ်အမှုများစွာ ပြုလုပ်ခဲ့ခြင်းအားဖြင့် ဖြစ်သည်။—မဿဲ ၄:၁၇; လုကာ ၁၉:၃၇၊ ၃၈။
ယေရှုသည် နွေးထွေးကြင်နာပြီး ခံစားချက်အပြည့်ရှိသူဖြစ်သည်။ အခြားသူများကို ကိုယ်တော်ရှုမြင်ပုံ၊ ဆက်ဆံပုံတို့တွင် ကိုယ်တော်၏ကြင်နာမှုကို အထူးတွေ့မြင်ရသည်။ ယေရှုသည် ချဉ်းကပ်ရလွယ်သူ၊ ကြင်နာမှုရှိသူဖြစ်သောကြောင့် လူတို့သည် ကိုယ်တော့်ထံ ဆွဲဆောင်ခံရကြသည်။ ကလေးများပင်လျှင် ကိုယ်တော်နှင့် ရင်းရင်းနှီးနှီးရှိကြသည်။ (မာကု ၁၀:၁၃-၁၆) ထိုခေတ်အခါက အချို့သူတို့သည် အမျိုးသမီးများကို အထင်သေးကြသော်လည်း ယေရှုသည် အမျိုးသမီးများကို လေးလေးစားစား ဆက်ဆံခဲ့သည်။ (ယောဟန် ၄:၉၊ ၂၇) ဆင်းရဲသားများနှင့် အနှိမ်ခံရသူတို့ကို ‘စိတ်နှလုံး သက်သာ’ စေရန် ကိုယ်တော်ကူညီပေးခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော်၏ သွန်သင်ပုံသွန်သင်နည်းသည် ရှင်းလင်းပြီး လက်တွေ့ကျသည်။ နားထောင်နေသူတို့ကို စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့် အကျွမ်းတဝင်ရှိစေရန် လှိုက်လှိုက်လှဲလှဲဆန္ဒရှိကြောင်း ကိုယ်တော်၏သွန်သင်ချက်များက ဖော်ပြသည်။—ယောဟန် ၁၇:၆-၈။
အံ့ဖွယ်အမှုများပြုရာတွင် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုခြင်းဖြင့် ဖျားနာသူများ၊ ဝေဒနာခံစားနေရသူများကို သနားကြင်နာစွာ ကုသပေးခဲ့သည်။ (မဿဲ ၁၅:၃၀၊ ၃၁) ဥပမာ၊ အနူသည်တစ်ဦး ကိုယ်တော့်ထံချဉ်းကပ်ကာ ဤသို့ပြောခဲ့သည်– “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်။” ယေရှု မည်သို့ပြုတော်မူခဲ့သနည်း။ လက်တော်ကိုဆန့်၍ ထိုသူကို တို့ကာ “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူခဲ့သည်။ ထိုသူ နူနာပျောက်ကင်းသွားခဲ့သည်။—မဿဲ ၈:၂-၄။
လူအုပ်ကြီးတစ်စုသည် သုံးရက်ပတ်လုံး စားစရာအလျှင်းမရှိဘဲ ယေရှုနှင့်အတူရှိခဲ့သည့် အချိန်တစ်ချိန်အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် ထိုလူများကို သနားသောကြောင့် “မိန်းမနှင့်သူငယ်ကိုမဆိုဘဲ ယောက်ျားလေးထောင်” ရှိသောသူတို့ကို အံ့ဖွယ်နည်းဖြင့် ကျွေးမွေးခဲ့သည်။ (မဿဲ ၁၅:၃၂-၃၈) အခြားတစ်ချိန်တွင်မူ ယေရှုသည် မိတ်ဆွေတို့၏လုံခြုံမှုကို ခြိမ်းခြောက်သည့်မုန်တိုင်းကို ငြိမ်သက်စေခဲ့သည်။ (မာကု ၄:၃၇-၃၉) လူသေတို့ကို ရှင်ပြန်ထမြောက်ပေးခဲ့သည်။ * (လုကာ ၇:၂၂; ယောဟန် ၁၁:၄၃၊ ၄၄) ယေရှုသည် မစုံလင်သောလူသားများ အနာဂတ်မျှော်လင့်ချက်ရှိစေရန် ကိုယ်တော်၏ စုံလင်သောအသက်ကို တလိုတလားပေးဆက်ခဲ့သည်။ လူသားများကိုချစ်သည့် ယေရှု၏ နက်ရှိုင်းသောမေတ္တာပေတည်း။
ယခု ယေရှုအဘယ်နေရာတွင် ရှိသနည်း
ယေရှုအသက် သုံးဆယ့်သုံးနှစ်ခွဲတွင် ညှဉ်းဆဲရာနှက်တိုင်တွင် သေဆုံးခဲ့သည်။ * သို့သော် သေခြင်းသည် ကိုယ်တော့်ဘဝအသက်တာ၏ အဆုံးမဟုတ်ခဲ့ပါ။ သုံးရက်ကြာပြီးနောက် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏သားတော်ကို ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ရှင်ပြန်ထမြောက်ပေးချိန်တွင် ကိုယ်တော်၏ဘဝအသက်တာ တတိယအပိုင်း စတင်ခဲ့သည်။ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုသည် စီ.အီး. ပထမရာစုတွင် အသက်ရှင်ခဲ့ကြသူ ရာနှင့်ချီသောလူများရှေ့တွင် ကိုယ်ယောင်ထင်ရှားပြခဲ့သည်။ (၁ ကောရိန္သု ၁၅:၃-၈) ၎င်းနောက် ကိုယ်တော်သည် ‘ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်’ ကာ ဘုရင်ရာထူးရရန် စောင့်ဆိုင်းခဲ့ရသည်။ (ဟေဗြဲ ၁၀:၁၂၊ ၁၃) ဘုရင်ဖြစ်လာသည်နှင့် ယေရှု စတင်စိုးစံခဲ့သည်။ သို့ဖြစ်၍ ယနေ့အချိန်တွင် ယေရှုကို ကျွန်ုပ်တို့ မည်သို့ယူမှတ်သင့်သနည်း။ အသက်ထွက်ခါနီး ဝေဒနာခံစားနေရသော သူတစ်ဦးအဖြစ် ယူမှတ်သင့်သလော။ သို့မဟုတ်၊ ကိုးကွယ်ခံထိုက်သူအဖြစ် ယူမှတ်သင့်ပါသလော။ ယခုအချိန်တွင် ယေရှုသည် လူတစ်ဦးမဟုတ်သကဲ့သို့ အတိုင်းအဆမဲ့ တန်ခိုးရှင်ဘုရားသခင်လည်းမဟုတ်ပါ။ ကိုယ်တော်သည် တန်ခိုးကြီးသောဝိညာဉ်ပုဂ္ဂိုလ်၊ စိုးစံလျက်ရှိသော ဘုရင်တစ်ပါးဖြစ်သည်။ များမကြာမီ ကိုယ်တော်သည် ဆင်းရဲခက်ခဲမှုနှင့်ပြည့်နေသော ဤကမ္ဘာပေါ်တွင် မိမိအုပ်ချုပ်မှုကို ထင်ရှားစွာဖော်ပြတော်မူမည်။
ဗျာ. ၁၉:၁၁-၁၆ တွင် ဥပစာစကားကို အသုံးပြုကာ ယေရှုခရစ်သည် မြင်းဖြူစီးသောဘုရင်တစ်ပါးအဖြစ် တရားစီရင်ရန်နှင့် ဖြောင့်မတ်သောစစ်ဆင်နွှဲရန် ကြွလာသည်ဟု ဖော်ပြထားသည်။ ကိုယ်တော့်တွင် “လူမျိုးတို့ကိုဒဏ်ခတ်စရာဖို့ ထက်သောသန်လျက်” ရှိသည်။ မှန်ပါသည်၊ ယေရှုသည် လူဆိုးများကိုဖျက်ဆီးရန် ကိုယ်တော်၏တန်ခိုးကို အသုံးပြုမည်။ ကိုယ်တော်မြေကြီးပေါ်ရှိစဉ် ချမှတ်ခဲ့သော ပုံသက်သေများကို လိုက်လျှောက်ကြသူများ မည်သို့ဖြစ်မည်နည်း။ (၁ ပေတရု ၂:၂၁) ယေရှုနှင့် ကိုယ်တော်၏ခမည်းတော်တို့သည် ထိုသူတို့ကို ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး’ ဖြစ်သည့် အာမဂေဒုန်တွင် ကာကွယ်စောင့်ရှောက်မည်ဖြစ်သောကြောင့် သူတို့သည် ဘုရားသခင့် ကောင်းကင်နိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများအဖြစ် ထာဝစဉ်အသက်ရှင်နိုင်ကြမည်။—ဗျာ. ၇:၉၊ ၁၄; ၁၆:၁၄၊ ၁၆; ၂၁:၃၊ ၄။
ယေရှု၏ ငြိမ်သက်အေးချမ်းသော အုပ်ချုပ်မှုအောက်တွင် လူသားများ၏အကျိုးအတွက် အံ့ဖွယ်အမှုများစွာကို ကိုယ်တော်လုပ်ဆောင်တော်မူမည်။ (ဟေရှာယ ၉:၆၊ ၇; ၁၁:၁-၁၀) ကိုယ်တော်သည် ဖျားနာသူတို့ကို ကုသပေးမည်ဖြစ်ကာ သေခြင်းကို အဆုံးတိုင်စေမည်။ သန်းထောင်နှင့်ချီသောသူတို့ကို ရှင်ပြန်ထမြောက်လာစေရန် ယေရှုကို ဘုရားသခင်အသုံးပြုတော်မူမည်၊ ထိုသူတို့သည် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့်ရကြမည်။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် ကျွန်ုပ်တို့၏အသက်တာသည် ကျွန်ုပ်တို့ မှန်းဆသည်ထက် ပို၍ပျော်ရွှင်စရာကောင်းမည်။ သို့ဖြစ်၍ သမ္မာကျမ်းစာအသိပညာကို ဆက်လေ့လာပြီး ယေရှုနှင့် ပို၍ရင်းနှီးကျွမ်းဝင်ရန် အရေးကြီးသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 15 ယေရှု ပြုလုပ်ခဲ့သည့်အံ့ဖွယ်အမှုများကို လူအများသိကြသည်။ ယေရှု၏ရန်သူများကပင် ကိုယ်တော်သည် “များစွာသောနိမိတ်လက္ခဏာကိုပြ၏” ဟု အသိအမှတ်ပြုခဲ့ကြသည်။—ယောဟန် ၁၁:၄၇၊ ၄၈။
^ အပိုဒ်၊ 17 ယေရှုသည် သစ်တိုင်ပေါ်သေဆုံးခဲ့ခြင်းလော၊ သို့မဟုတ် လက်ဝါးကားတိုင်ပေါ် သေဆုံးခဲ့ခြင်းလော စသည့်ရှင်းပြထားချက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ် စာမျက်နှာ ၃၀၀-၁ ကိုရှု။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ယေရှုသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်လော
ဘာသာတရားကိုင်းရှိုင်းသူများစွာက ယေရှုသည် ဘုရားသခင်ဖြစ်သည်ဟု ဆိုကြ၏။ အချို့သူတို့က ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူ ဖြစ်သည်ဟု အတိအလင်းဆိုပြန်သည်။ ထိုသွန်သင်ချက်အရ “ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၏။သို့တိုင် ၎င်းတို့သည် ဘုရားသခင်သုံးဆူမဟုတ်ဘဲ တစ်ဆူဖြစ်သည်။” ထိုသုံးပါးသည် “ထာဝစဉ်အတူတကွရှိ၍ တန်းတူရည်တူဖြစ်ကြသည်” ဟုယူဆကြ၏။ (ကက်သလစ်စွယ်စုံကျမ်း) ထိုယူဆချက်သည် မှန်ကန်ပါသလော။
ယေဟောဝါဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ (ဗျာ. ၄:၁၁) ကိုယ်တော်သည် အဆုံးအစမရှိသည့် အတိုင်းအဆမဲ့တန်ခိုးရှင် ဖြစ်တော်မူ၏။ (ဆာလံ ၉၀:၂) သို့သော် ယေရှုတွင် အစရှိသည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ဘုရားသခင်ကို မိမိ၏ခမည်းတော်အဖြစ်ရည်ညွှန်းကာ “ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၂၈) မိမိမသိ၊ ကောင်းကင်တမန်များမသိ၊ ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူသည့် အရာအချို့ ရှိကြောင်းကိုလည်း ယေရှုရှင်းပြတော်မူခဲ့သည်။—မာကု ၁၃:၃၂။
ထို့ပြင် ယေရှုသည် မိမိခမည်းတော်ထံ ဤသို့ဆုတောင်းတော်မူခဲ့သည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်။” (လုကာ ၂၂:၄၂) မိမိထက် ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးမဟုတ်လျှင် မည်သူ့ထံ ကိုယ်တော်ဆုတောင်းခြင်းဖြစ်သနည်း။ ထို့အပြင် ယေရှုကို သေခြင်းမှ ထမြောက်ပေးခဲ့သူမှာ ဘုရားသခင်ဖြစ်သည်၊ ယေရှုကိုယ်တိုင်မဟုတ်ပေ။ (တမန်တော် ၂:၃၂) ယေရှု ကမ္ဘာမြေကြီးပေါ်သို့ ကြွမလာမီကဖြစ်စေ၊ မြေကြီးပေါ်တွင် သက်တော်ထင်ရှားစဉ်ကဖြစ်စေ ခမည်းတော်နှင့် သားတော်သည် တန်းတူမဟုတ်ချေ။ ယေရှု ကောင်းကင်သို့ထမြောက်ပြီး နောက်ပိုင်းတွင်ကော အသို့နည်း။ ကောရိန္သုပထမစောင် ၁၁:၃ တွင် ဤသို့ဖော်ပြထား၏– “ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်။” သားတော်သည် ဘုရားသခင်အား အစဉ်အမြဲလက်အောက်ခံမည်မှာ သေချာသည်။ (၁ ကောရိန္သု ၁၅:၂၈) ထို့ကြောင့် ကျမ်းစာတွင် ယေရှုကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်ဟု မဖော်ပြထားခြင်းဖြစ်သည်။ ယင်းအစား ဘုရားသခင်၏သားတော်ဟု ဖော်ပြသည်။
သုံးပါးပေါင်းတစ်ဆူ၏ တတိယပုဂ္ဂိုလ်ဟုခေါ်ကြသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ပုဂ္ဂိုလ်တစ်ဦးမဟုတ်ချေ။ ဘုရားသခင်ထံ ဆုတောင်းရာတွင် ဆာလံဆရာက “ဝိညာဉ်တော်ကိုလွှတ်၍ သူတို့ကို ဖန်ဆင်းတော်မူ” ၏ဟု ဖော်ပြခဲ့သည်။ (ဆာလံ ၁၀၄:၃၀) ဤဝိညာဉ်သည် ဘုရားသခင်ကိုယ်တော်တိုင်မဟုတ်ပါ၊ ကိုယ်တော်အလိုရှိရာကို ပြီးမြောက်အောင်မြင်စေရာတွင် ဘုရားသခင်စေလွှတ်သည့် သို့မဟုတ် အသုံးပြုသည့် တက်ကြွလှုပ်ရှားသောစွမ်းအားတစ်ခုဖြစ်သည်။ ဘုရားသခင်သည် ၎င်းစွမ်းအားဖြင့် ပကတိကောင်းကင်၊ မြေကြီးနှင့် သက်ရှိအပေါင်းတို့ကို ဖန်ဆင်းတော်မူခဲ့၏။ (ကမ္ဘာဦး ၁:၂; ဆာလံ ၃၃:၆) ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုကာ ကျမ်းစာရေးသားရန် လူများကို လှုံ့ဆော်ခဲ့၏။ (၂ ပေတရု ၁:၂၀၊ ၂၁) သို့ဖြစ်၍ သုံးပါးပေါင်းတစ်ဆူသည် ကျမ်းစာသွန်သင်ချက်တစ်ခု မဟုတ်ပါ။ * သမ္မာကျမ်းစာက ‘ငါတို့၏ဘုရားသခင် ထာဝရဘုရားသခင် ယေဟောဝါသည် တစ်ဆူတည်းသော ထာဝရဘုရားသခင် ဖြစ်တော်မူ၏’ ဟုဆိုသည်။—တရားဟောရာ ၆:၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 28 ထပ်ဆင့်အကြောင်းအရာအတွက် ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်ပါ သုံးပါးပေါင်းတစ်ဆူ ခေါင်းစဉ်ကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေရှုနှစ်ခြင်းခံချိန်တွင် ဘုရားသခင်၏ ဘိသက်ပေးခြင်းခံရသူဖြစ်လာ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်ပေးအပ်ထားသော တာဝန်ကို ယေရှုကြိုးစားဆောင်ရွက်ခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယနေ့အချိန်တွင် ယေရှုသည် တန်ခိုးကြီးဘုရင်ဖြစ်