ယေရှုခရစ်ကျင့်တော်မူသည်နည်းတူ ဆက်၍ကျင့်ကြလော့
ယေရှုခရစ်ကျင့်တော်မူသည်နည်းတူ ဆက်၍ကျင့်ကြလော့
“[ဘုရားသခင်] ၌ ငါတည်၏ဟု ဆိုသောသူသည် ထိုသခင် [ယေရှု] ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။”—၁ ယောဟန် ၂:၆။
၁၊ ၂။ ယေရှုကို စေ့စေ့ထောက်ရှုရာ၌ အဘယ်အရာ ပါဝင်သနည်း။
“ငါတို့ယုံကြည်ခြင်း၏ ဦးစီးခေါင်းဆောင်၊ ငါတို့ယုံကြည်ခြင်းကို စုံလင်စေသောအရှင် ယေရှုကို စေ့စေ့ထောက်ရှု၍ ငါတို့ရှေ့၌ထားသော ပြိုင်ပွဲအတွက် ခံနိုင်ရည်ရှိရှိဖြင့် ပြေးကြကုန်အံ့” ဟုတမန်တော်ပေါလုက ရေးသားခဲ့၏။ (ဟေဗြဲ ၁၂:၁၊ ၂၊ ကဘ) သစ္စာရှိလမ်းစဉ်လိုက်ရန် ယေရှုခရစ်ကို စေ့စေ့ထောက်ရှုဖို့လို၏။
၂ ခရစ်ယာန် ဂရိကျမ်းစာတွင် အသုံးပြုထားသည့် “စေ့စေ့ထောက်ရှု” စကားလုံးသည် မူရင်းဘာသာစကား၌ “အာရုံမလွဲဘဲ စူးစိုက်ကြည့်ခြင်း၊” “အရာတစ်ခုကိုမြင်ရန် အခြားအရာတစ်ခုမှ အာရုံလွှဲခြင်း” ဟူ၍အဓိပ္ပာယ်ရှိသည်။ ရည်ညွှန်းကျမ်းတစ်စောင်က “အားကစားကွင်းရှိ ပြေးလမ်းကြောင်းအတိုင်း ပန်းတိုင်သို့ အရှိန်ဖြင့်ပြေးနေသော ဂရိအပြေးသမားတစ်ဦးသည် ပွဲကြည့်ပရိသတ်ဘက်သို့ အာရုံလွှဲလိုက်သည့် တစ်ခဏချင်းတွင် သူ၏အရှိန် လျော့သွားတတ်သည်။ ခရစ်ယာန်တစ်ဦးသည်လည်း ထို့အတူဖြစ်တတ်၏” ဟု ဖော်ပြထားသည်။ အာရုံထွေပြားခြင်းသည် ဝိညာဉ်ရေးတိုးတက်မှုကို နှောင့်နှေးစေနိုင်၏။ ယေရှုခရစ်ကို ကျွန်ုပ်တို့ စေ့စေ့ထောက်ရှုကြရမည် ဖြစ်သည်။ ဦးစီးခေါင်းဆောင်ထံမှ ကျွန်ုပ်တို့ အဘယ်အရာ မျှော်လင့်သနည်း။ “ဦးစီးခေါင်းဆောင်” ဟုပြန်ဆိုထားသော ဂရိဝေါဟာရသည် “အရာရာတိုင်းတွင် ဦးစီးဦးဆောင်ပြုကာ စံနမူနာပြသူ” ကိုဆိုလိုသည်။ ယေရှုကို စေ့စေ့ထောက်ရှုရာ၌ ကိုယ်တော်၏စံနမူနာကို လိုက်လျှောက်ရန်လို၏။
၃၊ ၄။ (က) ယေရှုခရစ် ကျင့်တော်မူသည်နည်းတူ ကျင့်ရာတွင် ကျွန်ုပ်တို့ဘက်မှ အဘယ်အရာလိုအပ်သနည်း။ (ခ) အဘယ်မေးခွန်းများကို အာရုံစိုက်သင့်သနည်း။
၃ “[ဘုရားသခင်] ၌ ငါတည်၏ဟု ဆိုသောသူသည် ထိုသခင် [ယေရှု] ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်” ဟု ကျမ်းစာကဆိုသည်။ (၁ ယောဟန် ၂:၆) ယေရှုသည် ခမည်းတော်၏ ပညတ်တော်များကို စောင့်ရှောက်ခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း ယေရှု၏ပညတ်များကို စောင့်ရှောက်ခြင်းအားဖြင့် ဘုရားသခင်၌ တည်နေကြရမည်။—ယောဟန် ၁၅:၁၀။
၄ သို့ဖြစ်၍ ယေရှုကျင့်တော်မူသည်နည်းတူ ကျင့်ရာတွင် ကိုယ်တော်အား ဦးစီးခေါင်းဆောင်အဖြစ် စေ့စေ့ရှုမှတ်ပြီး ကိုယ်တော်၏ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ရန်လိုသည်။ ယင်းနှင့်စပ်လျဉ်း၍ သုံးသပ်ရမည့် အရေးကြီးသည့် မေးခွန်းများမှာ ဤသို့ဖြစ်၏– ယနေ့ ကျွန်ုပ်တို့ကို ခရစ်တော် မည်သို့ ဦးဆောင်နေသနည်း။ ကိုယ်တော်၏ကျင့်ဆောင်ပုံ ကျင့်ဆောင်နည်းကို တုပခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်သို့ အကျိုးသက်ရောက်သနည်း။ ယေရှုခရစ်၏ ပုံသက်သေကို လိုက်လျှောက်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
မိမိ၏နောက်လိုက်များအား ခရစ်တော် ဦးဆောင်ပုံ
၅။ ကောင်းကင်သို့မတက်ကြွမီ နောက်လိုက်များကို ယေရှု အဘယ်ကတိ ပေးခဲ့သနည်း။
၅ ရှင်ပြန်ထမြောက်ခဲ့သည့် ယေရှုခရစ်သည် ကောင်းကင်သို့မတက်ကြွမီ တပည့်များရှေ့ ပေါ်လာပြီး သူတို့အား အရေးကြီးသောလုပ်ငန်းတစ်ခု ပေးအပ်ခဲ့သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ” ကြလော့ဟု မိန့်ဆိုခဲ့၏။ ထိုအချိန်၌ ဦးစီးခေါင်းဆောင်သည် တပည့်နောက်လိုက်များ ဤတာဝန်ကို ထမ်းဆောင်စဉ်ကာလတစ်လျှောက် သူတို့နှင့်အတူ ရှိမည်ဟုလည်း ဤသို့ကတိပေးခဲ့သည်– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ဤအစီအစဉ်စနစ်၏ နိဂုံးပိုင်းတွင် ယေရှုခရစ်သည် နောက်လိုက်များနှင့် မည်သို့အတူ ရှိတော်မူသနည်း။
၆၊ ၇။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို မည်သို့ဦးဆောင်နေသနည်း။
၆ ယေရှုက “ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္စျယ် တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်” ဟု မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၂၆) ယေရှု၏နာမတော်ကြောင့် စေလွှတ်သည့် သန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ ကျွန်ုပ်တို့ကို လမ်းညွှန်၍ ခွန်အားပေးသည်။ ယင်းသည် ဝိညာဉ်ရေးအလင်း ထွန်းလင်းပေးကာ “ဘုရားသခင်၏ နက်နဲသောအရာ” တို့ကို သိနားလည်စေ၏။ (၁ ကောရိန္သု ၂:၁၀) ထို့ပြင် ‘ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း’ တည်းဟူသော ဘုရားသခင်ရေးရာ အရည်အသွေးများသည် ဝိညာဉ်အသီးများဖြစ်ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် ၎င်းအရည်အသွေးများကို ပြုစုပျိုးထောင်နိုင်ပါသည်။
၇ သမ္မာကျမ်းစာကို လေ့လာသင်ယူပြီး သိရှိရာတို့ကို ကျင့်သုံးသည့်အခါ ယေဟောဝါ၏ဝိညာဉ်တော်က ကျွန်ုပ်တို့အား ဉာဏ်ပညာ၊ ချင့်ချိန်နိုင်စွမ်း၊ သိနားလည်နိုင်စွမ်း၊ အသိပညာ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းတို့၌ တိုးပွားလာစေရန် ကူညီပေးသည်။ (သု. ၂:၁-၁၁) ထို့ပြင် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား စုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်အောင်လည်း ကူညီပေး၏။ (၁ ကောရိန္သု ၁၀:၁၃; ၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၁၃) “ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကိုယ် ကင်းစင်စေလျက် . . . သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြ” ရန် ခရစ်ယာန်များကို တိုက်တွန်းထား၏။ (၂ ကောရိန္သု ၇:၁) ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီမပါဘဲ ဘုရားသခင်တောင်းဆိုသည့်အတိုင်း သန့်ရှင်းစင်ကြယ်နိုင်ပါမည်လော။ ယနေ့ ကျွန်ုပ်တို့ကို ဦးဆောင်ရာ၌ ယေရှုအသုံးပြုနေသည့် နည်းတစ်နည်းမှာ မိမိအား ယေဟောဝါဘုရားသခင် အသုံးပြုခွင့်ပေးထားသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်၏။—မဿဲ ၂၈:၁၈။
၈၊ ၉။ ခရစ်တော်သည် ဦးဆောင်မှုအတွက် ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ ကို မည်သို့ အသုံးပြုလျက်ရှိသနည်း။
၈ ယနေ့ အသင်းတော်ကို ခရစ်တော် ဦးဆောင်နေသည့် နောက်နည်းတစ်နည်းကို သုံးသပ်ကြည့်ပါ။ မိမိရောက်ရှိခြင်းနှင့် ဤအစီအစဉ်စနစ်၏ ဆုံးခန်းကာလနှင့်ပတ်သက်၍ ယေရှု ဤသို့မိန့်ဆိုခဲ့၏– “အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌အပ်လိမ့်မည်။”—မဿဲ ၂၄:၃၊ ၄၅-၄၇။
၉ “အရှင်” မှာ ယေရှုခရစ်ဖြစ်၏။ “ကျွန်” မူကား မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဖွား ခရစ်ယာန်အုပ်စုဖြစ်သည်။ ဤကျွန်အတန်းအစားသည် ယေရှု၏ မြေကြီးဆိုင်ရာ အကျိုးစီးပွားကို စောင့်ရှောက်ရန်နှင့် အချိန်တန် ဝိညာဉ်အစာ ပြင်ဆင်ပေးရန် တာဝန်အပ်နှင်းခံရသည်။ စုပေါင်းဖွဲ့စည်းထားသည့် ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ မှ အရည်အချင်းရှိသည့် ကြီးကြပ်မှူးအနည်းငယ်သည် အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းကာ ကျွန်အတန်းအစား၏ ကိုယ်စားလှယ်အနေနှင့် တာဝန်ထမ်းဆောင်သည်။ သူတို့သည် ကမ္ဘာချီ နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပြီး အချိန်တန် ဝိညာဉ်အစာအာဟာရ ထောက်ပံ့ပေးလျက်ရှိ၏။ ခရစ်တော်သည် ဝိညာဉ်တော်ဖွား ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ နှင့် ယင်း၏အုပ်ချုပ်ရေးအဖွဲ့အားဖြင့် အသင်းတော်ကို ဦးဆောင်လျက်ရှိသည်။
၁၀။ အကြီးအကဲများအပေါ် အဘယ်သဘောထား ရှိသင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၀ ခရစ်တော်ဦးဆောင်မှု၏ ထင်ရှားသည့် သရုပ်သကန် နောက်တစ်ခုမှာ “လူ့အသွင်ဆုလာဘ်များ” ဖြစ်သော ခရစ်ယာန်အကြီးအကဲများ၊ သို့မဟုတ် ကြီးကြပ်မှူးများဖြစ်သည်။ “ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလို့ငှာ” ဤသူတို့ကို ပေးထားခြင်းဖြစ်သည်။ (ဧဖက် ၄:၈၊ ကဘ၊ ၁၁၊ ၁၂) ၎င်းတို့နှင့်စပ်လျဉ်း၍ ဟေဗြဲ ၁၃:၇ က ဤသို့ဖော်ပြထားသည်– ‘ဘုရားသခင်၏ နှုတ်မြွက်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူသည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။’ အကြီးအကဲများသည် အသင်းတော်တွင် ဦးစီးဦးဆောင်ပြုကြ၏။ သူတို့သည် ခရစ်တော်ယေရှုကို တုပကြသည့်အတွက် သူတို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တုပထိုက်ပေသည်။ (၁ ကောရိန္သု ၁၁:၁) ကျွန်ုပ်တို့သည် ဤအကြီးအကဲအစီအစဉ်ကို ကျေးဇူးတင်ကြောင်း “လူ့အသွင်ဆုလာဘ်များ” ၏ စကားကိုနားထောင်၍ လက်အောက်ခံခြင်းအားဖြင့် ဖော်ပြနိုင်သည်။—ဟေဗြဲ ၁၃:၁၇။
၁၁။ ခရစ်တော်သည် ယနေ့ မိမိ၏နောက်လိုက်များကို အဘယ်နည်းများဖြင့် ဦးဆောင်နေသနည်း၊ ကိုယ်တော့်နည်းတူကျင့်ရာတွင် အဘယ်အရာပါဝင်သနည်း။
၁၁ ယေရှုခရစ်သည် ယနေ့ မိမိ၏နောက်လိုက်များကို သန့်ရှင်းသောဝိညာဉ်တော်၊ ‘သစ္စာနှင့် သတိပညာရှိသောကျွန်’ နှင့် အသင်းတော်အကြီးအကဲများအားဖြင့် ဦးဆောင်လျက်ရှိသည်။ ခရစ်တော်ကျင့်သည့်နည်းတူ ကျင့်ရာ၌ ကိုယ်တော်ဦးဆောင်သည့် နည်းလမ်းကို နားလည်သဘောပေါက်၍ လက်အောက်ခံခြင်း ပါဝင်သည်။ ထို့ပြင် ကိုယ်တော်ကျင့်ဆောင်သည့်နည်းကို တုပဖို့လည်းလို၏။ တမန်တော်ပေတရုက ‘အကြောင်းမူကား ထိုသို့အလို့ငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ’ ဟုရေးသားခဲ့သည်။ (၁ ပေတရု ၂:၂၁) ယေရှု၏ စုံလင်သောပုံသက်သေကို လိုက်လျှောက်ခြင်းက ကျွန်ုပ်တို့အပေါ် အဘယ်နည်းဖြင့် အကျိုးသက်ရောက်မှု ရှိသင့်သနည်း။
အခွင့်အာဏာ ကျင့်သုံးရာ၌ မျှတမှုရှိပါ
၁၂။ ခရစ်တော်၏စံနမူနာမှ အဘယ်အသွင်အပြင်ကို အသင်းတော်အကြီးအကဲများ အထူးစိတ်ဝင်စားသနည်း။
၁၂ ယေရှုသည် ခမည်းတော်ထံမှ ပြိုင်ဘက်ကင်းသည့် အခွင့်အာဏာ ရရှိထားသော်လည်း ယင်းကို မျှတစွာ အသုံးပြုသည်။ အသင်းတော်ရှိသူအားလုံး၊ အထူးသဖြင့် ကြီးကြပ်မှူးများသည် “လူအပေါင်းတို့ရှေ့တွင် မျှတသည့်သဘောကို ထင်ရှားစေ” သင့်သည်။ (ဖိလိပ္ပိ ၄:၅၊ ကဘ; ၁ တိမောသေ ၃:၂၊ ၃) အကြီးအကဲများသည် အသင်းတော်တွင် အခွင့်အာဏာ အတော်အတန်ရရှိထားကြသဖြင့် ယင်းကိုကျင့်သုံးရာတွင် ခရစ်တော်၏ခြေရာကို လိုက်လျှောက်ရန် အလွန်အရေးကြီးသည်။
၁၃၊ ၁၄။ အခြားသူတို့ကို ဘုရားသခင်အားဝတ်ပြုရန် အားပေးရာတွင် အကြီးအကဲများသည် ခရစ်တော်ကို အဘယ်နည်းဖြင့် တုပနိုင်ကြသနည်း။
၁၃ ယေရှုသည် တပည့်များ တတ်နိုင်သည့်အတိုင်းအတာကို ထည့်သွင်းစဉ်းစားပေးသည်။ သူတို့တတ်နိုင်သည်ထက်ပို၍ အတင်းအကျပ် မတောင်းဆိုခဲ့ပါ။ (ယောဟန် ၁၆:၁၂) ယေရှုသည် နောက်လိုက်များကို ဖိအားမပေးဘဲ ဘုရားသခင့်အလိုတော် ထမ်းဆောင်ရာတွင် “ကြိုးစားအားထုတ်ကြ” ရန် အားပေးသည်။ (လုကာ ၁၃:၂၄) ကိုယ်တော်သည် ရှေ့ဆုံးမှ ဦးဆောင်ပြခြင်းဖြင့်လည်းကောင်း၊ သူတို့နှလုံးကို စေ့ဆော်ပေးခြင်းဖြင့်လည်းကောင်း ထိုသို့ပြုခဲ့၏။ ထို့အတူ ယနေ့ ခရစ်ယာန်အကြီးအကဲများသည် အခြားသူတို့ကို ဘုရားသခင့် အမှုမဆောင်လျှင် ရှက်စရာကောင်းမည်၊ အပြစ်ရှိမည်ဟု ခြိမ်းခြောက်မည့်အစား ယေဟောဝါနှင့် ယေရှုကိုချစ်၍၊ လူသားချင်းတို့ကိုချစ်၍ အမှုတော်ဆောင်ရန် အားပေးကြသည်။—မဿဲ ၂၂:၃၇-၃၉။
၁၄ ယေရှုသည် အပ်နှင်းထားသည့် အခွင့်အာဏာကို အလွဲသုံးစားပြု၍ လူတို့၏ဘဝကို ကြိုးကိုင်ခြယ်လှယ်ခြင်း မပြုခဲ့ပေ။ မမီနိုင်သည့် စံနှုန်းများ၊ မရေမတွက်နိုင်သော စည်းမျဉ်းများလည်း မချမှတ်ခဲ့ချေ။ ကိုယ်တော်သည် မောရှေမှတစ်ဆင့်ပေးခဲ့သည့် ပညတ်တရား၏ အခြေခံမူများကို သဘောပေါက်စေခြင်းဖြင့် လူတို့ကို စေ့ဆော်ပေးခဲ့သည်။ (မဿဲ ၅:၂၇၊ ၂၈) ယေရှုခရစ်ကို တုပသည့်အနေနှင့် အကြီးအကဲများသည် စိတ်ကူးပေါက်ရာ စည်းမျဉ်းများ ချမည်မဟုတ်၊ တစ်ယူသန်စိတ်ထားလည်း ရှိမည်မဟုတ်။ ဝတ်စားဖြီးလိမ်းပုံ၊ အပန်းဖြေခြင်း၊ ဖျော်ဖြေရေး အစရှိသည်တို့၌ အကြီးအကဲများသည် မိက္ခာ ၆:၈၊ ၁ ကောရိန္သု ၁၀:၃၁-၃၃ နှင့် ၁ တိမောသေ ၂:၉၊ ၁၀ တို့တွင် ဖော်ပြထားသည့် မူများကို နားလည်သဘောပေါက်အောင် ကြိုးစားကူညီပေးကြသည်။
စာနာပါ၊ ခွင့်လွှတ်ပါ
၁၅။ တပည့်များ၏ ပျက်ကွက်မှုကို ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၅ ခရစ်တော်သည် နောက်လိုက်များ၏ ပျက်ကွက်မှုများနှင့် အမှားများကို ကိုင်တွယ်ရာတွင် ကျွန်ုပ်တို့လိုက်လျှောက်ရန် စံနမူနာထားခဲ့၏။ လူသားအဖြစ် မြေကြီးပေါ်တွင် နေထိုင်ခဲ့သည့် ကိုယ်တော်၏နောက်ဆုံးညမှ ဖြစ်ရပ်နှစ်ခုကို သုံးသပ်ကြည့်ပါ။ ဂေသရှေမန်ဥယျာဉ်သို့ရောက်ပြီးနောက် ယေရှုသည် “ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွား၍၊” “ဤအရပ်၌ စောင့်နေကြလော့” ဟုမိန့်တော်မူ၏။ “ထိုမှအနည်းငယ်လွန်ပြန်လျှင် မြေပေါ်မှာပျပ်ဝပ်၍” ဆုတောင်းလေ၏။ ဆုတောင်းပြီး ပြန်လာသောအခါ တပည့်တို့သည် “အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူ” ၏။ ယေရှု မည်သို့တုံ့ပြန်သနည်း။ ကိုယ်တော်က “စိတ်ဝိညာဉ်ကား စေတနာရှိသော်ငြားလည်း ကိုယ်မူကား အားနည်းသည်” ဟု မိန့်တော်မူလေသည်။ (မာကု ၁၄:၃၂-၃၈) ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ငေါက်ငမ်းကြိမ်းမောင်းမည့်အစား စာနာမှုပြခဲ့သည်တကား။ ထိုည၌ပင် ပေတရုသည် ယေရှုကိုမသိဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုခဲ့၏။ (မာကု ၁၄:၆၆-၇၂) နောက်ပိုင်းတွင် ပေတရုကို ယေရှု မည်သို့ဆက်ဆံခဲ့သနည်း။ ‘သခင်ဘုရားသည် ထမြောက်လာပြီး ရှိမုန် [ပေတရု] အား ကိုယ်ကိုပြခဲ့၏။’ (လုကာ ၂၄:၃၄) “ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသောသူတို့သည် မြင်ရကြ၏” ဟု ကျမ်းစာကဆို၏။ (၁ ကောရိန္သု ၁၅:၅) ယေရှုသည် မကျေမချမ်းဖြစ်မည့်အစား နောင်တရသည့် တမန်တော်ပေတရုကို ခွင့်လွှတ်၍ ခွန်အားပေးခဲ့သည်။ နောက်ပိုင်းတွင် ယေရှုသည် ပေတရုအား ကြီးလေးသောတာဝန်များ ပေးအပ်ခဲ့လေသည်။—တမန်တော် ၂:၁၄; ၈:၁၄-၁၇; ၁၀:၄၄၊ ၄၅။
၁၆။ ယုံကြည်သူချင်းများသည် တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည့်အခါ၊ သို့မဟုတ် ပြစ်မှားမိသည့်အခါ ယေရှုကျင့်တော်မူသည်နည်းတူ မည်သို့ကျင့်ဆောင်နိုင်သနည်း။
၁၆ မစုံလင်မှုကြောင့် ယုံကြည်သူချင်းများက တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ကို စိတ်ပျက်စေသည့်အခါ၊ သို့မဟုတ် ပြစ်မှားမိသည့်အခါ ကျွန်ုပ်တို့လည်း ယေရှုနည်းတူ စာနာမှုပြ၍ ခွင့်လွှတ်သင့်သည် မဟုတ်ပေလော။ ယုံကြည်သူချင်းတို့ကို ပေတရုက ဤသို့တိုက်တွန်းခဲ့၏– “သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။ သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလို့ငှာ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။” (၁ ပေတရု ၃:၈၊ ၉) အခြားသူတစ်ဦးက ယေရှုနည်းတူ ကျွန်ုပ်တို့ကို မဆက်ဆံလျှင်၊ စာနာမှုမပြလျှင်၊ ခွင့်မလွှတ်ဘဲနေလျှင်ကော။ ထိုသို့ဖြစ်လျှင်ပင် ကျွန်ုပ်တို့သည် ယေရှုကို ကြိုးစားတုပ၍ အခြားသူတို့အပေါ် ကိုယ်တော်နည်းတူ ဆက်ဆံရန်တာဝန်ရှိသည်။—၁ ယောဟန် ၃:၁၆။
ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားကို ရှေးဦးထားပါ
၁၇။ ယေရှုသည် ဘုရားသခင့်အလိုတော် ဆောင်ခြင်းကို အသက်တာတွင် ရှေးဦးထားကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၇ ကျွန်ုပ်တို့သည် ယေရှုခရစ်ကျင့်တော်မူသည်နည်းတူ ကျင့်ဆောင်ရန် နောက်တစ်နည်းရှိပါသေးသည်။ ယေရှု၏အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာခြင်းသည် အဓိကဖြစ်၏။ ရှမာရိနယ်၊ ရှုခါမြို့အနီးတွင် ရှမာရိအမျိုးသမီးတစ်ဦးကို ဟောပြောပြီးသည့်နောက် တပည့်များအား ယေရှုက “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၃၄) ခမည်းတော်၏ အလိုတော်ဆောင်ခြင်းသည် ယေရှုကို ထောက်မခဲ့၏၊ ယေရှုအတွက် ယင်းသည် အစားအစာကဲ့သို့ အာဟာရဖြစ်စေသည့်အပြင် အာသာပြေစေရုံမက အမောလည်းပြေစေသည်။ ယေရှုကိုတုပ၍ ဘုရားသခင့်အလိုတော် ဆောင်ခြင်း အပေါ် အာရုံစိုက်မည်ဆိုလျှင် ဘဝသည် အမှန်တကယ်ပင် အဓိပ္ပာယ်ပြည့်ဝပြီး ကျေနပ်ရောင့်ရဲမည် မဟုတ်ပေလော။
၁၈။ အချိန်ပြည့်လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်ရန် သားသမီးများကို အားပေးခြင်းမှ အဘယ်ကောင်းချီးများ ခံစားရသနည်း။
၁၈ မိဘများအနေဖြင့် သားသမီးများကို အချိန်ပြည့် အမှုဆောင်လုပ်ငန်း လုပ်ဆောင်ရန် အားပေးမည်ဆိုလျှင် မိဘရော သားသမီးများပါ ကောင်းချီးများစွာ ခံစားကြရမည်။ ဖခင်တစ်ဦးသည် အမြွှာသားနှစ်ဦးကို ငယ်ရွယ်စဉ်ကတည်းက ရှေ့ဆောင်လုပ်ရန် အားပေးခဲ့၏။ သူတို့သည် ကျောင်းပြီးသွားသောအခါ ရှေ့ဆောင်လုပ်ကြသည်။ ယင်းကြောင့် ဖခင်ဖြစ်သူသည် မည်မျှဝမ်းသာကြောင်း ဤသို့စာရေးပြောပြသည်– “သားတွေက ကျွန်တော်တို့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူး။ ‘ဖွားမြင်သော သားသမီးတို့သည် ထာဝရဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်’ တယ်လို့ ကျေးဇူးတင်စွာဖြင့် ပြောနိုင်ပါတယ်။” (ဆာလံ ၁၂၇:၃) သားသမီးများသည် အချိန်ပြည့်လုပ်ငန်း လုပ်ဆောင်သည့်အတွက် မည်သို့အကျိုးခံစားရသနည်း။ သားသမီး ငါးယောက်ရှိသော မိခင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့ကလေးအားလုံး ရှေ့ဆောင်လုပ်တဲ့အတွက် ယေဟောဝါနဲ့ ပိုပြီးရင်းနှီးလာတယ်၊ ကိုယ်ပိုင်လေ့လာမှုလုပ်တဲ့အကျင့် တိုးတက်လာတယ်၊ အချိန်ကို ပညာရှိရှိ သုံးတတ်လာတယ်၊ ဘဝမှာ ဝိညာဉ်ရေးရာတွေကို ဦးစားထားတတ်လာကြတယ်။ သူတို့အားလုံး ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ခဲ့ရပေမဲ့ သူတို့ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်နှင့်ပတ်သက်ပြီး တစ်ယောက်မှ နောင်တမရကြဘူး။”
၁၉။ လူငယ်များအနေဖြင့် အနာဂတ်အတွက် အဘယ်အစီအစဉ်များကို ပညာရှိစွာ သုံးသပ်သင့်သနည်း။
၁၉ လူငယ်တို့ အနာဂတ်အတွက် အဘယ်အစီအစဉ် ရှိထားသနည်း။ အတတ်ပညာဆိုင်ရာ နယ်ပယ်တစ်ခုခုတွင် ထူးချွန်သူတစ်ဦးဖြစ်ရန် ကြိုးစားနေပါသလော။ သို့တည်းမဟုတ် အချိန်ပြည့်အမှုဆောင်လုပ်ငန်း လုပ်ကိုင်ရန် ဦးတည်ကြိုးစားနေသလော။ ပေါလုက “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနုတ်ကြလော့။ ထို့ကြောင့် သတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏ အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့” ဟု ဆုံးမခဲ့သည်။—ဧဖက် ၅:၁၅-၁၇။
သစ္စာစောင့်သိပါ
၂၀၊ ၂၁။ ယေရှုသည် အဘယ်နည်းဖြင့် သစ္စာစောင့်သိခဲ့သနည်း၊ ကိုယ်တော်၏ သစ္စာစောင့်သိမှုကို မည်သို့တုပနိုင်သနည်း။
၂၀ ယေရှု ကျင့်တော်မူသည်နည်းတူ ကျင့်ဆောင်ရန် ကိုယ်တော်၏ သစ္စာစောင့်သိမှုကို အတုယူရန်လိုသည်။ ယေရှု၏ သစ္စာစောင့်သိမှုနှင့်စပ်လျဉ်း၍ ကျမ်းစာက ဤသို့ဆို၏– “ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။” ယေရှုသည် ဘုရားသခင့် အလိုတော်ဆောင်ခြင်းဖြင့် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သစ္စာစောင့်သိခဲ့သည်။ ကိုယ်တော်သည် ညှဉ်းဆဲရာနှက်တိုင်ပေါ် အသေခံသည်အထိ နာခံမှုရှိခဲ့၏။ ကျွန်ုပ်တို့လည်း ယေရှုခရစ်၌ရှိသော “ထိုစိတ်သဘော” ရှိရမည့်အပြင် ဘုရားသခင့်အလိုတော်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်ကြရမည်။—ဖိလိပ္ပိ ၂:၅-၈။
၂၁ ယေရှုသည် မိမိ၏သစ္စာရှိ တမန်တော်များအပေါ်၌လည်း သစ္စာစောင့်သိခဲ့၏။ သူတို့တွင် အားနည်းချက်များ၊ မစုံလင်မှုများရှိသော်လည်း သူတို့ကို “အဆုံးတိုင်အောင် ချစ်တော်မူ၏။” (ယောဟန် ၁၃:၁) ထိုနည်းတူ ကျွန်ုပ်တို့လည်း ညီအစ်ကိုများ၏ မစုံလင်မှုများကြောင့် အပြစ်တင်ဝေဖန်သည့်သဘော မရှိသင့်ချေ။
ယေရှု၏ပုံသက်သေအတိုင်း လိုက်လျှောက်လော့
၂၂၊ ၂၃။ ယေရှု၏ပုံသက်သေအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။
၂၂ ကျွန်ုပ်တို့သည် မစုံလင်သည့် လူသားများအနေနှင့် စုံလင်သော စံနမူနာရှင်၏ ခြေရာအတိုင်း တိတိကျကျ လိုက်လျှောက်နိုင်မည် မဟုတ်သော်လည်း ထက်ကြပ်မကွာ လိုက်နိုင်အောင် ကြိုးစားနိုင်ပါသည်။ ထိုသို့ ကြိုးစားလိုက်လျှောက်ရာ၌ ခရစ်တော်၏ ဦးဆောင်သည့်နည်းလမ်းကို နားလည်၍ လက်အောက်ခံရမည်၊ ၎င်းပြင် ကိုယ်တော်၏ပုံသက်သေအတိုင်း လိုက်လျှောက်ရမည်။
၂၃ ကျွန်ုပ်တို့သည် ခရစ်တော်ကို တုပကြမည်ဆိုလျှင် ကောင်းချီးများစွာ ခံစားရမည်ဖြစ်သည်။ မိမိ၏ဆန္ဒထက် ဘုရားသခင့် အလိုတော်ဆောင်ခြင်းကို အာရုံစိုက်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝသည် အဓိပ္ပာယ်ပိုပြည့်ဝလာပြီး ကျေနပ်ရောင့်ရဲမှု ရှိလာမည်။ (ယောဟန် ၅:၃၀; ၆:၃၈) ကြည်လင်သော ကိုယ်ကိုကိုယ်သိသောစိတ်လည်း ရှိလာမည်။ ထိုအခါ ကျွန်ုပ်တို့၏ ကျင့်ဆောင်ပုံသည် အတုယူစရာ ဖြစ်လာပေမည်။ ယေရှုက ဝန်လေး၍ ပင်ပန်းနေသူအားလုံး စိတ်လန်းဆန်းမှုရရန် မိမိထံချဉ်းကပ်ကြပါဟု ခေါ်ဖိတ်ခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) ကျွန်ုပ်တို့သည် ယေရှု၏စံနမူနာအတိုင်း လိုက်လျှောက်ကြမည်ဆိုလျှင် အခြားသူများလည်း ကျွန်ုပ်တို့နှင့်ပေါင်းသင်းရခြင်းမှ လန်းဆန်းမှုရနိုင်ပါမည်။ သို့ဖြစ်၍ ယေရှုကျင့်တော်မူသည်နည်းတူ ဆက်၍ကျင့်ကြပါစို့။
သင်မှတ်မိသလော
• ယနေ့ ခရစ်တော်သည် မိမိ၏နောက်လိုက်များကို မည်သို့ ဦးဆောင်နေသနည်း။
• အကြီးအကဲများသည် ဘုရားသခင်ပေး အခွင့်အာဏာကို ကျင့်သုံးရာတွင် ခရစ်တော်၏ ဦးဆောင်မှုအတိုင်း မည်သို့ လိုက်လျှောက်နိုင်ကြသနည်း။
• အခြားသူတို့၏ အားနည်းချက်များကို ကိုင်တွယ်ရာတွင် ယေရှု၏ပုံသက်သေအတိုင်း မည်သို့လိုက်လျှောက်နိုင်သနည်း။
• လူငယ်များသည် ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားကို မည်သို့ ရှေးဦးထားနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခရစ်ယာန်အကြီးအကဲများသည် ခရစ်တော်၏ဦးဆောင်မှုအတိုင်း လိုက်လျှောက်ရန် ကျွန်ုပ်တို့ကို ကူညီပေး
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံများ]
လူငယ်တို့ အကျိုးနပ်သော ခရစ်ယာန်အသက်တာအတွက် အဘယ်အစီအစဉ်များ ရှိထားသနည်း