‘ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်’
‘ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်’
“အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေ. ၁၂:၁၃) ဘုရားသခင့်မှုတ်သွင်းမှုဖြင့် ရှေးဣသရေလဘုရင် ရှောလမုန်ချလိုက်သော ဤကောက်ချက်သည် ထိုးထွင်းပိုင်းခြားဉာဏ်ဖြင့် ပြည့်ဝလိုက်လေခြင်း။ ဘိုးဘေးယောဘသည်လည်း ဘုရားသခင်အား ကြောက်ရွံ့ခြင်း၏တန်ဖိုးကို ပိုင်းခြားနားလည်ခဲ့သည်။ ထို့ကြောင့် သူက ‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့် မကောင်းမှုကိုရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်း’ ဆိုခဲ့သည်။—ယောဘ ၂၈:၂၈။
ယေဟောဝါအား ကြောက်ရွံ့ခြင်းသည် အလွန်အရေးကြီးသည်ဟု သမ္မာကျမ်းစာက ဆိုထားသည်။ ဘုရားသခင်အား ရိုသေခန့်ညားစိတ်ကို မွေးမြူခြင်းသည် အဘယ်ကြောင့် ပညာရှိလမ်းစဉ်ဖြစ်သနည်း။ ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် ယေဟောဝါအား ဝတ်ပြုသူ တစ်ဦးချင်းနှင့် အုပ်စုလိုက်ကို မည်သို့အကျိုးပြုသနည်း။ နယပုံပြင် အခန်းကြီး ၁၄၊ အခန်းငယ် ၂၆ မှ ၃၅ ကအဖြေပေးပါသည်။ *
“ခိုင်ခံ့သောကိုးစားရာ” ရင်းမြစ်
‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူသည် ခိုင်ခံ့သောကိုးစားရာကိုရ၏။ သူ၏သားသမီးတို့လည်း ခိုလှုံရာကိုရကြလိမ့်မည်’ ဟုရှောလမုန်ဆို၏။ (သု. ၁၄:၂၆၊ သမ္မာ) ဘုရားသခင်ကိုကြောက်ရွံ့သူတစ်ဦး၏ ယုံကြည်ကိုးစားရာ ရင်းမြစ်မှာ သစ္စာစောင့်တော်မူသော အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်မှလွဲ၍ အခြားမဖြစ်နိုင်ပါ။ ထိုသို့သောသူသည် ရှေ့တွင် ကြုံတွေ့ရမည့်အရာများကို ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ရင်ဆိုင်နိုင်လိမ့်မည်။ သူ၏အနာဂတ်မှာ တာရှည်ပြီး ပျော်ရွှင်ကျေနပ်မှုခံစားရမည်။
သို့သော် ဤလောကနှင့် ယင်း၏အစီအစဉ်များ၊ ယင်း၏အဖွဲ့အစည်းများ၊ ယင်း၏စိတ်ကူးစိတ်သန်းများနှင့် ယင်း၏ပစ္စည်းဥစ္စာများကို ယုံကြည်အားထားသူတို့၏ အနာဂတ်ကော မည်သို့ရှိမည်နည်း။ သူတို့ မည်သို့ပင် မျှော်လင့်ထားပါစေ၊ သူတို့၏အနာဂတ် တိုတောင်းပါလိမ့်မည်။ အကြောင်းမှာ ‘လောကနှင့် လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ ထာဝရတည်၏’ ဟု သမ္မာကျမ်းစာဆိုထားသောကြောင့်ဖြစ်သည်။ (၁ ယောဟန် ၂:၁၇) သို့ဖြစ်၍ “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း” ကျွန်ုပ်တို့ “ချစ်” ရန်အကြောင်းရှိပါမည်လော။—၁ ယောဟန် ၂:၁၅။
ဘုရားသခင်အားကြောက်ရွံ့သော မိဘတို့သည် မိမိတို့သားသမီးများ “ခိုလှုံရာကိုရ” စေဖို့ အဘယ်သို့ကြပ်မတ်လုပ်ဆောင်နိုင်သနည်း။ ‘အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းတရားကို သင်တို့အားငါသွန်သင်မည်’ ဟု ဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၃၄:၁၁) မိဘများက မိမိတို့၏သားသမီးများကို အပြောနှင့်သာမက အလုပ်နှင့်ပါ သွန်သင်ပေးသောအခါ သူတို့သည် ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားသော အမျိုးသား၊ အမျိုးသမီးများအဖြစ် ကြီးပြင်းလာဖို့အကြောင်းများသည်။—သု. ၂၂:၆။
‘ထာဝရဘုရားသခင်ကိုကြောက်ရွံ့သောသဘောသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏’ ဟုရှောလမုန်ဆက်ပြောသည်။ (သု. ၁၄:၂၇) စစ်မှန်သောဘုရားသခင်သည် “အသက်စမ်းရေ” ရင်းမြစ်ဖြစ်သောကြောင့် ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် “အသက်စမ်းရေတွင်း” ဖြစ်၏။ (ယေရမိ ၂:၁၃) ယေဟောဝါ၊ ယေရှုတို့နှင့်ဆိုင်သော အသိပညာကို ကျွန်ုပ်တို့ဆည်းပူးခြင်းက ထာဝရအသက်ရစေနိုင်သည်။ (ယောဟန် ၁၇:၃) ထို့ပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းက အသေခံရာကျော့ကွင်းများမှ လွှဲရှောင်စေနိုင်သည်။ မည်သို့အားဖြင့်နည်း။ “ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏” ဟု နယပုံပြင် ၁၃:၁၄ ကဆို၏။ ယေဟောဝါကိုကြောက်ရွံ့ပြီး ပညတ်တော်များကိုလိုက်နာကာ ကိုယ်တော့်စကားတော်၏ လမ်းညွှန်မှုကိုခံယူသောအခါ အချိန်မတိုင်မီ သေဆုံးစေနိုင်သော အန္တရာယ်ရှိသည့်အမူအကျင့်များနှင့် စိတ်လှုပ်ရှားမှုများမှ ကျွန်ုပ်တို့ ကာကွယ်ခံကြရသည်မဟုတ်လော။
“ရှင်ဘုရင်၏ဘုန်းတော်”
ရှောလမုန်သည် သူ၏နန်းစံချိန်အများစုအတွင်း ယေဟောဝါအား နာခံ၍ ကိုယ်တော်အား ကြောက်ရွံ့ရိုသေသော ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ ယင်းက သူ၏အုပ်ချုပ်ရေးကို အောင်မြင်စေခဲ့သည်။ ဘုရင်တစ်ပါး၏အုပ်ချုပ်ရေး အောင်မြင်မှုရှိမရှိ အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။ နယပုံပြင် ၁၄:၂၈ ကဤသို့အဖြေပေးသည်– “ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား မင်းအကျိုးနည်းခြင်းရှိ၏။” ဘုရင်တစ်ပါး၏အောင်မြင်မှုကို တိုင်းသူပြည်သားတို့၏ ကောင်းစားမှုနှင့် တိုင်းတာနိုင်သည်။ သူ၏အုပ်စိုးမှုကို လက်အောက်ခံလိုသော ပြည်သားများပြားပါမူ ယင်းက သူ့ကို အုပ်စိုးရှင်ကောင်းအဖြစ် ဖော်ပြနေခြင်းဖြစ်သည်။ ရှောလမုန်သည် “ပင်လယ်တစ်ပါး [ပင်လယ်နီ] မှ တစ်ပါး [မြေထဲပင်လယ်] တိုင်အောင်လည်းကောင်း၊ [ဥဖရတ်]မြစ်မှသည် မြေစွန်းတိုင်အောင် . . . အစိုးရ” ခဲ့သည်။ (ဆာလံ ၇၂:၆-၈) သူ၏အုပ်ချုပ်မှုသည် မကြုံဖူးသော ငြိမ်သက်အေးချမ်းမှုဖြင့် ထူးခြားထင်ရှားခဲ့သည်။ (၃ ဓမ္မရာဇဝင် ၄:၂၄၊ ၂၅) ရှောလမုန်သည် အောင်မြင်သောအုပ်စိုးရှင် ဖြစ်ခဲ့သည်။ တစ်ဖက်တွင်မူ ရှင်ဘုရင်ကို လူကြိုက်နည်းခြင်းက သူ၏ဘုန်းအသရေကို ယုတ်လျော့စေ၏။
ဤကိစ္စတွင် သာ၍ကြီးမြတ်သောရှောလမုန်ဖြစ်သည့် မေရှိယဘုရင် ယေရှုခရစ်၏ဘုန်းအသရေနှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိသနည်း။ ယနေ့ပင် ကိုယ်တော်အား လက်အောက်ခံနေကြသူများအကြောင်း စဉ်းစားကြည့်ပါ။ ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင်ကိုကြောက်ရွံ့ပြီး ခရစ်တော်၏အုပ်ချုပ်မှုကို လက်အောက်ခံရန် ဆုံးဖြတ်ထားသောအမျိုးသား၊ အမျိုးသမီး ခြောက်သန်းကျော်ရှိသည်။ သူတို့သည် ယေရှုကို ယုံကြည်ကြပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို စည်းလုံးစွာ ဝတ်ပြုနေကြသည်။ (ယောဟန် ၁၄:၁) အနှစ်တစ်ထောင်အုပ်ချုပ်မှု အကုန်တွင် ဘုရားသခင့် မှတ်ဉာဏ်ထဲရှိသူအားလုံးတို့သည် ရှင်ပြန်ထမြောက်လာကြမည်။ ထိုအခါ မြေကြီးပရဒိသုတွင် မိမိတို့ဘုရင်ကို ကျေးဇူးတင်ကြောင်း ဖော်ပြသည့် ပျော်ရွှင်သော ဖြောင့်မတ်သူများနှင့် ပြည့်နေပါလိမ့်မည်။ ယင်းက ခရစ်တော်၏အုပ်ချုပ်မှု အောင်မြင်ကြောင်းဖော်ပြသည့် အကောင်းဆုံးအထောက်အထားတစ်ခု ဖြစ်ပါလိမ့်မည်။ ထူးမြတ်လှသည့် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဆက်၍စွဲကိုင်ထားကြပါစို့။
ဝိညာဉ်ရေးနှင့် ကာယရေးအကျိုးကျေးဇူးများ
ဘုရားသခင်အား ရိုသေခန့်ညားခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို အေးချမ်းစေနိုင်သည်။ ထိုသို့ဖြစ်ရသည့်အကြောင်းမှာ ဉာဏ်ပညာ၏အရည်အသွေးများတွင် ကောင်းစွာချင့်ချိန်သုံးသပ်နိုင်စွမ်းနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းတို့ ပါဝင်သောကြောင့်ဖြစ်၏။ “အမျက်ထွက်နှေးသောသူသည် ဉာဏ်ပညာကြွယ်ဝ၏။ စိတ်တိုသောသူမူကား မိုက်မဲခြင်းကိုမြှောက်ပင့်ပေး၏” ဟု နယပုံပြင် ၁၄:၂၉ [ကဘ] ကဆို၏။ ဒေါသမချုပ်တည်းခြင်းသည် ဝိညာဉ်ရေးကို ဆိုးကျိုးသက်ရောက်စေကြောင်း ပိုင်းခြားသိမြင်နိုင်စွမ်းက နားလည်စေသည်။ ‘ဘုရားသခင့်နိုင်ငံတော်ကို အမွေ’ မခံရစေနိုင်သော အကျင့်များတွင် “ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း” တို့ပါဝင်သည်။ (ဂလာတိ ၅:၁၉-၂၁) တော်သင့်မှန်ကန်သော အမျက်ဒေါသကိုပင် မသိုထားဖို့ ကျွန်ုပ်တို့ကို အကြံပြုထားသည်။ (ဧဖက် ၄:၂၆၊ ၂၇) စိတ်တိုခြင်းသည် နောင်တရစရာ အပြုအမူ၊ အပြောအဆိုမျိုးကို မဆင်မခြင်ပြုမိစေနိုင်သည်။
အမျက်ဒေါသ၏ ကာယဆိုးကျိုးများကိုဖော်ပြရာတွင် ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– “ငြိမ်သက်သောစိတ်သည် ကာယအသက်ရှင်ရာအကြောင်း၊ စိတ်ပြင်းထန်အားကြီးခြင်းမူကား အရိုးများဆွေးမြေ့ရာအကြောင်းဖြစ်၏။” (သု. ၁၄:၃၀၊ သမ္မာ) အမျက်ထွက်ခြင်းနှင့် ဒေါသကြီးခြင်းကြောင့်ဖြစ်သည့် ရောဂါများတွင် အသက်ရှူလမ်းကြောင်းရောဂါများ၊ သွေးတိုးခြင်း၊ အသည်းရောဂါများနှင့် ပန်ကရိယထိခိုက်ခြင်းတို့ပါဝင်သည်။ ဆရာဝန်များက အမျက်ထွက်ခြင်းနှင့် ဒေါသကြီးခြင်းကို အနာခွက်များ၊ အင်ပျဉ်များ၊ ပန်းနာရင်ကျပ်၊ အရေပြားရောဂါများနှင့် အစာမကြေရောဂါများကိုပင် ဖြစ်စေသည့် ဆိုးဝါးပြင်းထန်သော စိတ်လှုပ်ရှားမှုစာရင်းတွင် ထည့်ထားကြသည်။ တစ်ဖက်တွင်မူ “ငြိမ်သက်သောစိတ်သည် ကာယအသက်ရှင်ရာအကြောင်း” ဖြစ်၏။ (သု. ၁၄:၃၀၊ သမ္မာ) သို့ဖြစ်၍ “ငြိမ်သက်ခြင်းနှင့်လည်းကောင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်လည်းကောင်း ယှဉ်သောအရာတို့ကို မီအောင်လိုက်” ခြင်းသည် ပညာရှိရာရောက်၏။—ရောမ ၁၄:၁၉။
ဘုရားသခင်အားကြောက်ရွံ့ခြင်းက မျက်နှာမလိုက်ရန် ကူညီပေး
‘ဆင်းရဲသူကို ညှဉ်းဆဲသောသူသည် ဖန်ဆင်းတော်မူသောအရှင်ကိုကဲ့ရဲ့ရာ၊ နွမ်းပါးသူကို သနားသောသူမူကား ဘုရားသခင်ကို ရိုသေရာရောက်၏” ဟုရှောလမုန်ဆို၏။ (သု. ၁၄:၃၁၊ သမ္မာ) ဘုရားသခင်အား ကြောက်ရွံ့သူတစ်ဦးသည် တစ်ပါးတည်းသောဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်က လူသားအားလုံးကို ဖန်ဆင်းထားသည်ဟု အသိအမှတ်ပြုသည်။ နွမ်းပါးသူသည်လည်း လူလူချင်းအတူတူဖြစ်ရာ ထိုသူအား ဆက်ဆံပုံက ဖန်ဆင်းရှင်အား ဂယက်ရိုက်သည်။ ဘုရားသခင်အား ဂုဏ်တင်ရန် ကျွန်ုပ်တို့သည် အခြားသူများကို မျက်နှာမလိုက်ဘဲ မျှမျှတတဆက်ဆံကြရမည်။ ဆင်းရဲနွမ်းပါးသောခရစ်ယာန်ကို ဝိညာဉ်ရေးအရ ဘက်မလိုက်တမ်း အာရုံစိုက်ပေးသင့်သည်။ ကျွန်ုပ်တို့သည် ဆင်းရဲချမ်းသာမရွေး လူအားလုံးကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောကြရမည်။
ဘုရားသခင်အား ကြောက်ရွံ့ခြင်း၏ အကျိုးကျေးဇူးနောက်တစ်ခုကို ပညာရှိဘုရင်က ဤသို့ဆို၏– “ဆိုးသောသူသည် မိမိပြုသောအဆိုးအားဖြင့် လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား အကျင့်စုံလင်ခြင်း [“သမာဓိစောင့်သိခြင်း၊” ကဘ] အားဖြင့် ခိုလှုံရာကိုရ၏။” (သု. ၁၄:၃၂၊ သမ္မာ) ဆိုးသောသူသည် မည်သို့လှဲခြင်းကိုခံရသနည်း။ ထိုသူ ဘေးတွေ့သောအခါ နာလန်ထူနိုင်စွမ်း လုံးလုံးမရှိခြင်းဖြစ်သည်ဟု ဆိုကြ၏။ ဘုရားသခင်ကို ကြောက်ရွံ့သူမူကား ဘေးတွေ့သောအခါ ဘုရားသခင်အပေါ် သမာဓိစောင့်သိခြင်းအားဖြင့် ခိုလှုံရာကိုရ၏။ သူသည် ယေဟောဝါအား သေသည့်တိုင်အောင် အကြွင်းမဲ့ယုံကြည်ကိုးစားသည်ဖြစ်ရာ ယောဘကဲ့သို့ “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်” ဟု စိတ်ပိုင်းဖြတ်ထားပါလိမ့်မည်။—ယောဘ ၂၇: ၅၊ ကဘ။
သမာဓိစောင့်သိနေနိုင်ရန် ဘုရားသခင်အားကြောက်ရွံ့ခြင်းနှင့် ဉာဏ်ပညာရှိဖို့လိုသည်။ ဉာဏ်ပညာကို အဘယ်တွင် ရှာတွေ့နိုင်သနည်း။ နယပုံပြင် ၁၄:၃၃ က ဤသို့အဖြေပေးသည်– “ဉာဏ်ရှိသောသူ၏နှလုံး၌ ပညာကျိန်းဝပ်တတ်၏။ မိုက်သောသူတို့၏ အထဲ၌ရှိသောအရာမူကား ထင်ရှားတတ်၏။” မှန်ပါသည်၊ အသိဉာဏ်ရှိသူ၏နှလုံး၌ ဉာဏ်ပညာကို ရှာတွေ့နိုင်ပါသည်။ သို့သော် မိုက်သောသူတို့၏ အတွင်းသဘောသည် အဘယ်နည်းဖြင့် ထင်ရှားလာသနည်း။ အကိုးအကားစာအုပ်တစ်အုပ်အရ “မိုက်သောသူသည် ပညာရှိဟု အထင်ခံလိုစိတ်ပြင်းပြနေရာ ပညာစကားဟု သူယူမှတ်ရာကို လွှတ်ခနဲ ပြောတတ်သည်။ သို့သော် ယင်းက ပညာမရှိ၊ မိုက်မဲကြောင်းကိုသာ ထင်ရှားပြ၏။”
“ပြည်သားတို့ကိုချီးမြှောက်”
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် တစ်ဦးချင်းစီအပေါ်အကျိုးသက်ရောက်ပုံမှ လူမျိုးတစ်မျိုးလုံးအပေါ် အကျိုးသက်ရောက်ပုံကို ပြောင်းလဲအာရုံစိုက်စေရာတွင် ဣသရေလရှင်ဘုရင်က ဤသို့ဆို၏– “ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကိုချီးမြှောက်တတ်၏။ . . . အပြစ်မူကား ပြည်သားများတို့ကို ရှုတ်ချတတ်၏။” (သု. ၁၄:၃၄) အဆိုပါမူသည် ဣသရေလလူမျိုး၏ အဖြစ်အပျက်တွင် ပေါ်လွင်ထင်ရှားခဲ့သည်။ ဘုရားသခင်၏မြင့်မားသောစံနှုန်းများကို စွဲစွဲမြဲမြဲလိုက်နာခြင်းကြောင့် ဣသရေလနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် ချီးမြှောက်ခံခဲ့ရသည်။ သို့သော် မနာခံသည့်လုပ်ရပ်များကို ထပ်တလဲလဲပြုကျင့်ခြင်းက အရှက်တကွဲအကျိုးနည်းဖြစ်စေပြီး အဆုံးတွင် ယေဟောဝါ၏ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ဤမူသည် မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုးတော်နှင့်လည်း သက်ဆိုင်သည်။ ခရစ်ယာန်အသင်းတော်သည် ဘုရားသခင်၏ဖြောင့်မတ်သောမူများကို စွဲစွဲမြဲမြဲလိုက်နာသောကြောင့် ဤလောကနှင့် ခြားနားသည်။ သို့သော် အဆိုပါမြင့်မားသောအခြေအနေကို ဆက်ထိန်းသိမ်းနိုင်ရန် ကျွန်ုပ်တို့တစ်ဦးချင်းသည် စင်ကြယ်သောအသက်တာဖြင့် နေထိုင်ရကြမည်။ အပြစ်ပြုကျင့်ခြင်းက ကျွန်ုပ်တို့ကိုယ်တိုင်ကို အရှက်ရစေသည့်အပြင် အသင်းတော်နှင့် ဘုရားသခင်ကိုပါ ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေသည်။
ရှင်ဘုရင်ကို နှစ်သက်စေသောအရာနှင့်ပတ်သက်၍ ရှောလမုန်က “ပညာရှိသောကျွန်အား ရှင်ဘုရင်သည် ကျေးဇူးပြုတတ်၏။ အရှက်ခွဲတတ်သောကျွန်မူကား အမျက်တော်ကိုခံရမည်” ဟုဆို၏။ နယပုံပြင် ၁၆:၁၃ ကလည်း ဤသို့ဖော်ပြသည်– “ဖြောင့်မတ်သောနှုတ်ခမ်းတို့သည် ရှင်ဘုရင်နှစ်သက်ရာဖြစ်၏။ မှန်ကန်စွာပြောသောသူကို ရှင်ဘုရင်ချစ်တတ်၏။” ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာနှင့် ထိုးထွင်းသိမြင်မှုရှိရှိ ပြုမူကျင့်ကြံပြီး ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏နှုတ်ခမ်းကို အသုံးပြုသောအခါ ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် ဘုရင်ဖြစ်တော်မူသော ယေရှုခရစ် အလွန်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ စစ်မှန်သောဘုရားသခင်အား ကြောက်ရွံ့ခြင်းမှရသော ကောင်းချီးများကိုခံစားရင်း အဆိုပါလုပ်ငန်း၌ အလုပ်များနေကြပါစို့။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နယပုံပြင် ၁၄:၁-၂၅ ဆွေးနွေးချက်အတွက် ကင်းမျှော်စင် ၂၀၀၄၊ နိုဝင်ဘာ ၁၅၊ စာမျက်နှာ ၂၆-၉ နှင့် ၂၀၀၅၊ ဇူလိုင် ၁၅၊ စာမျက်နှာ ၁၇-၂၀ ကိုရှု။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို သင်ယူနိုင်