သန်းပေါင်းများစွာ ယေဟောဝါကို ဝတ်ပြုနေကြ
“ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏”
သန်းပေါင်းများစွာ ယေဟောဝါကို ဝတ်ပြုနေကြ
ယေဟောဝါ၏ မြင့်မြတ်သောဝတ်ပြုရေးသို့ ကျွန်ုပ်တို့ခေတ်တွင် လူမျိုးအပေါင်းမှ လူများစွာ စုရုံးလာကြမည်ဟု ကျမ်းစာပရောဖက်ပြုချက်များက ကြိုဟောထားသည်။ ဥပမာ၊ ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ယေဟောဝါဘုရားသခင် ဤသို့ကြေညာခဲ့သည်– ‘လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူ၏။’ (ဟဂ္ဂဲ ၂:၇) နောက်ဆုံးသောကာလဖြစ်သည့် ကျွန်ုပ်တို့အချိန်တွင် လူမျိုးအသီးသီးမှလူများသည် ယေဟောဝါနှစ်သက်လက်ခံနိုင်သည့်နည်းဖြင့် ဝတ်ပြုကိုးကွယ်ကြမည်ဟု ဟေရှာယနှင့်မိက္ခာတို့က ပရောဖက်ပြုခဲ့ကြသည်။—ဟေရှာယ ၂:၂-၄; မိက္ခာ ၄:၁-၄။
ယနေ့ ဤပရောဖက်ပြုချက်များ အမှန်ပင်ပြည့်စုံနေပြီလော။ အဖြစ်အပျက်အချို့ကို သုံးသပ်ကြည့်ကြစို့။ လွန်ခဲ့သောဆယ်နှစ်အတွင်း၌ပင် နိုင်ငံပေါင်း ၂၃၀ ကျော်မှ လူသစ် ၃,၁၁၀,၀၀၀ ကျော်သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေ ၁၀ ဦးတွင် ၆ ဦးသည် လွန်ခဲ့သောဆယ်စုနှစ်အတွင်း နှစ်ခြင်းခံခဲ့ကြသည်။ ၂၀၀၄ ခုနှစ်တွင် ပျမ်းမျှအားဖြင့် နှစ်မိနစ်တိုင်း ဆက်ကပ်အပ်နှံလူသစ်တစ်ဦး အသင်းတော်သို့ ဝင်ရောက်လာခဲ့သည်! *
ပထမရာစုကကဲ့သို့ ယနေ့လည်း “လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။” အရေအတွက်တိုးများလာခြင်းက ဘုရားသခင်ကောင်းချီးပေးကြောင်းနှင့် ‘ယေဟောဝါ၏လက်တော်’ သည် မိမိလူမျိုးအပေါ်ရှိကြောင်း သက်သေထူသည်။ (တမန်တော် ၁၁:၂၁) သန်းပေါင်းများစွာအား ယေဟောဝါ၏ဝတ်ပြုရေးသို့ အဘယ်အရာက ပို့ဆောင်ပေးသနည်း။ ဤတိုးတက်မှုက သင့်ကို မည်သို့အကျိုးခံစားစေသနည်း။
စိတ်နှလုံးရိုးဖြောင့်သူများ သွေးဆောင်ခံရကြ
ယေရှုက “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်” ဟုအတိအလင်းမိန့်ဆိုခဲ့သည်။ (ယောဟန် ၆:၄၄) ထို့ကြောင့် ‘ထာဝရအသက်ကို တလိုတလားရှိသူတို့ကို’ ယေဟောဝါ သွေးဆောင်တော်မူကြောင်း ထင်ရှားသည်။ (တမန်တော် ၁၃:၄၈) ဘုရားသခင်၏ဝိညာဉ်တော်သည် လူတို့၏ဝိညာဉ်ရေးလိုအပ်ချက်ကို သိမြင်စေသည်။ (မဿဲ ၅:၃) ကိုယ်ကိုကိုယ်သိသောစိတ်နှောင့်ယှက်ခံရခြင်း၊ မျှော်လင့်ချက်ရှိရန် ကြိုးစားရှာဖွေခြင်း၊ အကျပ်အတည်းကြုံရခြင်းတို့ကြောင့်လည်း လူအချို့သည် ဘုရားသခင်ကိုသိလာရန် ရှာဖွေကြရာ လူတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သိလာကြ၏။—မာကု ၇:၂၆-၃၀; လုကာ ၁၉:၂-၁၀။
ခရစ်ယာန်အသင်းတော်၏ ကျမ်းစာအသိပညာပေးအစီအစဉ်က စိတ်အနှောင့်အယှက်ဖြစ်စေသော မေးခွန်းများ၏အဖြေကို ရရှိစေသဖြင့် လူများစွာသည် ယေဟောဝါ၏ဝတ်ပြုရေးကို နှစ်သက်လာကြပြီ။
“ဘုရားသခင်ရှိတယ်ဆိုရင် လူတွေဘာကြောင့် မတရားမှုခံစားနေရတာလဲ” ဟူသောမေးခွန်းက အီတလီနိုင်ငံမှ မူးယစ်ဆေးရောင်းဝယ်သူ ဒဗီဒါကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူသည် ဘာသာရေးကို စိတ်မဝင်စားသော်လည်း အငြင်းပွားလို၍သာ ဤခက်ခဲသည့်မေးခွန်းကို မေးမြန်းခဲ့သည်။ “ကျိုးကြောင်းခိုင်လုံပြီး ယုံကြည်စိတ်ချရတဲ့အဖြေရမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော်နဲ့စကားပြောခဲ့တဲ့ သက်သေခံက တကယ်စိတ်ရှည်တယ်၊ သူပြောသမျှကို ကျမ်းချက်တွေသုံးပြီး ရှင်းပြတယ်။ အဲ့ဒီလိုပြောဆိုဆွေးနွေးခဲ့ရချိန်က ကျွန်တော့်အတွက် တကယ်အကျိုးရှိခဲ့တယ်။” ယနေ့ ဒဗီဒါသည် သူ၏အသက်တာကို ပြုပြင်ပြောင်းလဲခဲ့ပြီး ယေဟောဝါအား ဝတ်ပြုသူတစ်ဦးဖြစ်နေသည်။
အခြားသူများမူ ဘဝအဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို ရှာဖွေကြရာမှ ယေဟောဝါ၏အဖွဲ့အစည်းသို့ ရောက်လာကြသည်။ ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့မှ စိတ်ရောဂါကုဆရာဝန်မတစ်ဦးသည် မိမိ၏ စိတ်ပိုင်းဆိုင်ရာပြဿနာကို ဖြေရှင်းရန် လုပ်ဖော်ဆောင်ဖက်တစ်ဦးထံ သွားခဲ့သည်။ သူ့အတွက်အံ့သြစရာဖြစ်ခဲ့သည်မှာ ထိုဆရာဝန်က ဇာဂရက်မြို့ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံး ဖုန်းနံပါတ်နှင့် သက်သေခံတစ်ဦးဖြစ်သည့် သူ့အသိမိတ်ဆွေ၏အမည်ကို ပေးခဲ့ခြင်းဖြစ်သည်။ သူက “ဒီလူတွေ မင်းကိုကူညီနိုင်လိမ့်မယ်ထင်တယ်။ မင်းကို ချာ့ခ်ျသွားခိုင်းရင် စကားလည်းမပြောတတ်၊ ဘာမှလည်းမသိတဲ့ သက်မဲ့အရုပ်တွေကိုပဲ တွေ့လိမ့်မယ်။ ချာ့ခ်ျက မင်းကိုကူညီပေးနိုင်လိမ့်မယ်လို့ ငါမထင်ဘူး။ တခြားလူနာတွေကိုလည်း ယေဟောဝါသက်သေတွေဆီ သွားခိုင်းခဲ့ဖူးတယ်၊ မင်းအတွက်လည်း အဲဒါက အကောင်းဆုံးဖြစ်မှာပါ” ဟုပြောခဲ့သည်။ မကြာမီ သက်သေခံမောင်နှံတစ်စုံသည် သူ့ထံရောက်လာပြီး ကျမ်းစာစသင်ပေးခဲ့သည်။ အပတ်အနည်းငယ်အတွင်းပင် ဤစိတ်ရောဂါကုဆရာဝန်မက ဘုရားသခင့်ရည်ရွယ်ချက်ကို သိရှိသည့်အတွက် သူ့ဘဝတွင် အဓိပ္ပာယ်ရှိစေကြောင်း ဝမ်းသာအားရထုတ်ဖော်ပြောဆိုခဲ့သည်။—ဒေ. ၁၂:၁၃။
အကျပ်အတည်းများ ကြုံတွေ့ ကြရသောအခါ ကျမ်းစာအမှန်တရားကသာ စစ်မှန်သောနှစ်သိမ့်မှုပေးနိုင်ကြောင်း လူအများတွေ့ရှိခဲ့ကြပြီ။ ဂရိနိုင်ငံတွင် ခုနစ်နှစ်သားတစ်ဦးသည် ကျောင်းခေါင်မိုးပေါ်မှလိမ့်ကျပြီး သေဆုံးသွားသည်။ လအနည်းငယ်အကြာတွင် သက်သေခံညီအစ်မနှစ်ဦးသည် သူ့မိခင်နှင့်တွေ့ဆုံကြရာ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်းပြောပြ၍ နှစ်သိမ့်ပေးရန် ကြိုးစားခဲ့ကြသည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုအခါ အမျိုးသမီးက ရုတ်တရက်ငိုချလိုက်လေသည်။ သက်သေခံညီအစ်မတို့က “ကျမ်းစာအကြောင်း ပိုသိချင်ရင် ကျွန်မတို့ ဘယ်တော့လာရမလဲ” ဟုမေးလိုက်ရာ ထိုအမျိုးသမီးက “အခုချက်ချင်းပဲ” ဟုပြန်ဖြေဆိုသည်။ ထို့နောက် ညီအစ်မများသည် သူ့အိမ်သို့လိုက်သွားပြီး ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ ယနေ့ သူ၏မိသားစုတစ်စုလုံး ယေဟောဝါအားကိုးကွယ်သူများ ဖြစ်နေကြပြီ။
သင်ကော ပါဝင်နေသလော
ဤကဲ့သို့သော တွေ့ ကြုံမှုများ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပျက်နေပါသည်။ ယေဟောဝါသည် လူမျိုးပေါင်းစုံမှ စစ်မှန်သောဝတ်ပြုသူများစွာကို စုစည်းပြီး လေ့ကျင့်ပေးလျက်ရှိတော်မူသည်။ နိုင်ငံအသီးသီးမှ ဤလူအုပ်ကြီးသည် ချဉ်းကပ်လာနေသော ဤအစီအစဉ်စနစ်၏အဆုံးကို ကပ်ကျော်ပြီး ဖြောင့်မတ်သောကမ္ဘာသစ်တွင် အသက်ရှင်ခွင့်ရရန် စောင့်မျှော်နေကြသည်။—၂ ပေတရု ၃:၁၃။
ယေဟောဝါ၏ကောင်းချီးကြောင့် တစ်ချိန်နှင့်မျှမတူသော ဤစုသိမ်းခြင်းလုပ်ငန်းသည် အောင်မြင်ပြီးမြောက်မှုဆီသို့ ဦးတည်လျက်ရှိသည်။ (ဟေရှာယ ၅၅:၁၀၊ ၁၁; မဿဲ ၂၄:၃၊ ၁၄) ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းတွင် သင်လည်း ထက်သန်စွာပါဝင်နေပါသလော။ ပါဝင်နေပါက ဘုရားသခင့်ထောက်မကူညီမှုရရှိမည်ကို စိတ်ချနိုင်သည်၊ ဆာလံဆရာနည်းတူ ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏’ ဟုပြောဆိုနိုင်ပါလိမ့်မည်။—ဆာလံ ၁၂၁:၂၊ ကဘ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ယေဟောဝါသက်သေများ၏ ၂၀၀၅ ခုနှစ် ပြက္ခဒိန်၊ စက်တင်ဘာ/အောက်တိုဘာကိုရှု
[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]
“ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။”—ယောဟန် ၆:၄၄
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ဤတိုးတက်မှုနောက်ဝယ် မည်သူရှိသနည်း
‘ထာဝရဘုရားသခင်သည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။’—ဆာလံ ၁၂၇:၁။
“အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူလည်းမတတ်နိုင်။ ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။”—၁ ကောရိန္သု ၃:၆၊ ၇။