သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော
သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော
ယေရှုခရစ်ပြောခဲ့သော စဉ်းစားမှုကိုလှုံ့ဆော်ပေးသည့် ပုံဥပမာများစွာတွင် မြေပိုင်ရှင်သူကြွယ်တစ်ဦးအကြောင်းပါရှိသည်။ မြေပိုင်ရှင်သည် အနာဂတ်ကောင်းစားလုံခြုံရေးအတွက် စီမံရာတွင် သိုလှောင်ရုံများဆောက်ရန် အစီအစဉ်ဆွဲခဲ့သည်။ သို့တိုင် ယေရှု၏ပုံဥပမာတွင် ထိုသူအား “အချင်းလူမိုက်” ဟုခေါ်ထားသည်။ (လုကာ ၁၂:၁၆-၂၁) အဘယ့်ကြောင့် ဤမျှပြင်းထန်စွာ ကောက်ချက်ချရသနည်း။
ဤသူကြွယ်သည် မိမိအနာဂတ်ရေးကိုစီမံရာတွင် ဘုရားသခင်အား ထည့်သွင်းစဉ်းစားခြင်းမပြု၊ သူ့လယ်ယာ သီးထွက်ဖြစ်ထွန်းမှုအတွက် ဘုရားသခင်အား စိုးစဉ်းမျှဂုဏ်တင်ခြင်းမရှိသောကြောင့် ဖြစ်ပုံရသည်။ (မဿဲ ၅:၄၅) သို့ပြုမည့်အစား “အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိ၏။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ ခြင်းကိုပြုလော့” ဟုသူကြွားလုံးထုတ်ခဲ့သည်။ သူ၏ကြိုးစားအားထုတ်မှုရလဒ်များက “မြင့်သောမြို့ရိုး” ကဲ့သို့ဖြစ်မည်ဟု သူစိတ်ကူးယဉ်နေသည်။—သု. ၁၈:၁၁။
အဆိုပါဘဝင်မြင့်စိတ်မျိုးကို တပည့်ဖြစ်သူယာကုပ်က ဤသို့သတိပေးရေးသားခဲ့၏– “‘ယနေ့ နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့။ ထိုမြို့၌တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်ပြုကြကုန်အံ့’ ဟုဆိုတတ်သောသူတို့ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်သောအခိုးအငွေ့ ဖြစ်၏။”—ယာကုပ် ၄:၁၃၊ ၁၄။
ဤအတိုင်းပင် ယေရှုပုံဥပမာမှသူကြွယ်ကို ဤသို့ဆိုခဲ့သည်– “အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း။” ပျောက်ကွယ်သွားသော အခိုးအငွေ့ကဲ့သို့ပင် သူကြွယ်ကြီးသည် သူ၏စိတ်ကူးအိပ်မက်ကို အကောင်အထည်မဖော်မီ သေဆုံးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့အတွက် သင်ခန်းစာရှာတွေ့ပါသလော။ ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ထို့အတူ ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်ဟုမိန့်တော်မူ၏။” သင်သည် “ဘုရားသခင်ရှေ့တော်၌ ဆင်းရဲ” နေသလော။