မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
‘ထာဝရဘုရားသခင် မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။’—၂ ကောရိန္သု ၆:၁၇။
၁။ စိတ်ရင်းမှန်သူများစွာတို့သည် အဘယ်ဝိညာဉ်ရေးအခြေအနေမျိုးတွင် ရှိနေကြသနည်း။
စိတ်ရင်းမှန်သူများစွာတို့သည် ဘုရားသခင်အကြောင်း၊ လူ့အနာဂတ်အကြောင်း တိကျမှန်ကန်စွာ မသိကြချေ။ ဝိညာဉ်ရေးနှင့်ပတ်သက်၍ သူတို့အလွန်သိရှိလိုသည့် ထိုအကြောင်းများကို ဂဃနဏမသိကြသောကြောင့် ဘဝတွင် ယောင်ချာချာဖြစ်နေကြရရှာသည်။ သန်းပေါင်းများစွာသောသူတို့မှာ ဖန်ဆင်းရှင်၏စိတ်တော်ကိုထိခိုက်စေသည့် အယူသီးမှုများ၊ ထုံးတမ်းစဉ်လာများနှင့် ပွဲနေ့များ၏ ကျွန်များဖြစ်နေကြသည်။ မီးငရဲ၊ သုံးပါးတစ်ဆူဘုရား၊ မသေနိုင်သောစိုးလ် သို့မဟုတ် အခြားသွန်သင်ချက်အမှားများကို ယုံကြည်လက်ခံသည့် အိမ်နီးချင်းများနှင့် ဆွေမျိုးများ သင်၌ရှိပေမည်။
၂။ ဘာသာရေးခေါင်းဆောင်များ မည်သို့ပြုခဲ့ကြသနည်း၊ အဘယ်ရလဒ်ရသနည်း။
၂ ဤဝိညာဉ်ရေးအမှောင်ထု ဖုံးလွှမ်းနေခြင်းမှာ အဘယ်ကြောင့်နည်း။ အံ့ဩစရာမှာ ဘာသာတရားကြောင့်ပင်ဖြစ်သည်။ အတိအကျဆိုရလျှင် ဘုရားသခင့်အတွေးအခေါ်နှင့် ဆန့်ကျင်သည့်သွန်ချက်များကို သင်ပေးခဲ့ကြသော ဘာသာရေးအဖွဲ့အစည်းများနှင့် ၎င်း၏ခေါင်းဆောင်များဖြစ်သည်။ (မာကု ၇:၇၊ ၈) ယင်းကြောင့် လူအများသည် ဘုရားသခင့်စိတ်တော်ကို ထိခိုက်အောင်ပြုမူနေကြလျက်ပင် မိမိတို့သည် စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်နေကြသည်ဟု ယူဆသည်အထိ လှည့်ဖြားခံနေကြရသည်။ ဝမ်းနည်းစရာကောင်းသော ဤအခြေအနေသည် မဟာဗာဗုလုန်ကြောင့်ပင်ဖြစ်သည်။
၃။ မဟာဗာဗုလုန်ကို အဓိကအားပေးလှုံ့ဆော်သူကား မည်သူနည်း၊ သမ္မာကျမ်းစာတွင် သူ့ကိုမည်သို့ဖော်ပြထားသနည်း။
၃ မဟာဗာဗုလုန်၏နောက်ကွယ်တွင် မျက်မြင်မရသတ္တဝါတစ်ပါးရှိ၏။ ထိုသတ္တဝါနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ဆို၏– ‘ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောမင်းသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။’ (၂ ကောရိန္သု ၄:၄) ‘ဤလောကကိုအစိုးရသောမင်း’ သည် စာတန်ပင်ဖြစ်သည်။ သူသည် မဟာဗာဗုလုန်ကို အဓိကအားပေးလှုံ့ဆော်သူဖြစ်သည်။ “စာတန်ပင်လျှင် အလင်းနှင့်ဆိုင်သော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်းတရား၏အမှုဆောင် ဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဖွယ်ရှိသနည်း” ဟုပေါလုရေးသားခဲ့သည်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅၊ သမ္မာ) စာတန်သည် အဆိုးကို အကောင်းဟု ထင်မြင်စေပြီး မုသာကို လူတို့ယုံကြည်လက်ခံရန် လှည့်ဖြားပါသည်။
၄။ ရှေးဣသရေလလူမျိုးအတွက် ဘုရားသခင့်ပညတ်တွင် အယူမှားပရောဖက်များနှင့်ပတ်သက်၍ အဘယ်သို့ဆိုသနည်း။
၄ ထို့ကြောင့် မဟာဗာဗုလုန်ကို သမ္မာကျမ်းစာက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားရခြင်းဖြစ်သည်! သာဓကအနေနှင့်၊ မောရှေပညတ်က အယူမှားပရောဖက်များကိုရှောင်ကြဉ်ဖို့ ဘုရားသခင့်ရွေးချယ်ခံလူမျိုးတော်ကို အတိအလင်းသတိပေးထားသည်။ မှားယွင်းသောသွန်သင်ချက်များနှင့် ဝတ်ပြုရေးကို အားပေးထောက်ခံသူ မည်သူမဆိုသည် ‘ဘုရားသခင်ထံတော်မှ လွှဲစေခြင်းငှာ . . . ဟောပြောသောကြောင့် အသေသတ်ခြင်းကိုခံရ’ မည်ဖြစ်သည်။ ‘ထို ဆိုးညစ်သူကို သူတို့အထဲက ပယ်ရှင်း’ ရန် ဣသရေလလူမျိုး မိန့်မှာခံခဲ့ရသည်။ (တရားဟောရာ ၁၃:၁-၅) မှန်ပါသည်၊ မဟာဗာဗုလုန်ကို ဆိုးညစ်မှုအဖြစ် ယေဟောဝါရှုမြင်တော်မူ၏။—ယေဇကျေလ ၁၃:၃။
၅။ ယနေ့ အဘယ်သတိပေးချက်များကို ကျွန်ုပ်တို့ဂရုပြုသင့်သနည်း။
၅ မဟာဗာဗုလုန်ကို ယေဟောဝါ ခါးခါးသီးသီးရွံမုန်းသည့်နည်းတူ ယေရှုခရစ်နှင့် တမန်တော်များလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တပည့်များကို ယေရှုဤသို့သတိပေးခဲ့သည်– ‘အတွင်း၌ ကြမ်းတမ်းသောတောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော အယူမှားပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။’ မဿဲ ၇:၁၅; မာကု ၁၃:၂၂၊ ၂၃) ပေါလုလည်း ဤသို့ရေးသားခဲ့သည်– ‘အမှန်တရားကို ဆီးတားနှိပ်စက်သောသူတို့ပြုတတ်သော ဘာသာတရားမဲ့နေခြင်းအမှု၊ တရားကိုလွန်ကျူးခြင်းအမှုအမျိုးမျိုးတို့တစ်ဖက်၌ ဘုရားသခင်၏အမျက်တော်သည် ကောင်းကင်မှာထင်ရှားလျက်ရှိ၏။’ (ရောမ ၁:၁၈) ခရစ်ယာန်စစ်များအနေနှင့် အဆိုပါသတိပေးချက်များကို ဂရုပြုပြီး ကျမ်းစာအမှန်တရားကို ထိမ်ဝှက်သူ သို့မဟုတ် မှားယွင်းသောသွန်သင်ချက်များကို ဖြန့်ဝေသူတို့နှင့် ခပ်ကင်းကင်းနေရန် အလွန်အရေးကြီးလှပေသည်!—၁ ယောဟန် ၄:၁။
(‘မဟာဗာဗုလုန်’ မှထွက်လော့
၆။ ‘မဟာဗာဗုလုန်’ ကို သမ္မာကျမ်းစာတွင် မည်သို့တင်စားဖော်ပြထားသနည်း။
၆ မဟာဗာဗုလုန်ကို ဗျာ.ကျမ်း၌ မည်သို့ဖော်ပြထားကြောင်း သုံးသပ်ကြည့်ပါ။ ယင်းကို တိုင်းနိုင်ငံများနှင့် လူများအပေါ် ဩဇာရှိသော၊ မူးယစ်နေသည့် ပြည့်တန်ဆာတစ်ဦးအဖြစ် တင်စားဖော်ပြထားသည်။ ဤပုံဆောင်အမျိုးသမီးသည် ရှင်ဘုရင်များစွာနှင့် မတရားမေထုန်ပြုပြီး ဘုရားသခင်အား မှန်ကန်စွာဝတ်ပြုကိုးကွယ်သူတို့၏အသွေးနှင့် မူးယစ်နေသည်။ (ဗျာ. ၁၇:၁၊ ၂၊ ၆၊ ၁၈) သူ၏ညစ်ညမ်း၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမူအကျင့်နှင့် လိုက်ဖက်သည့်အမည်ကို နဖူးပေါ်၌ ရေးထားသည်။ ထိုအမည်ကား “ဗာဗုလုန်မြို့ကြီး” ဖြစ်၏။ သူသည် “ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ” ဖြစ်၏။—ဗျာ. ၁၇:၅။
၇၊ ၈။ မဟာဗာဗုလုန်သည် မိမိကိုယ်ကိုပြည့်တန်ဆာ မည်သို့ဖြစ်စေခဲ့ပြီနည်း၊ အဘယ်ရလဒ်များ ရသနည်း။
၇ မဟာဗာဗုလုန်အကြောင်း ကျမ်းစာဖော်ပြချက်သည် ကမ္ဘာ့ဘာသာတရားများနှင့် ကိုက်ညီသည်။ အမှန်မှာ ထောင်နှင့်ချီသောဘာသာတရားများသည် ကမ္ဘာ့ဘာသာရေးအဖွဲ့အစည်းတစ်ခုတည်းတွင် မရှိကြသော်လည်း သူတို့၏ရည်ရွယ်ချက်နှင့် လုပ်ရပ်တို့မှာမူ တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်၏။ ဗျာ.ကျမ်းပါ အကျင့်ပျက်အမျိုးသမီးကဲ့သို့ ဗာဗုလုန်ဝတ်ပြုရေးသည် အုပ်ချုပ်ရေးများကို အကြီးအကျယ်သြဇာလွှမ်းခဲ့ပြီ။ အိမ်ထောင်ရေးသစ္စာကိုဖျက်သော အမျိုးသမီးကဲ့သို့ မဟာဗာဗုလုန်သည် နိုင်ငံရေးအဖွဲ့အစည်းတိုင်းနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် မိမိကိုယ်ကိုပြည့်တန်ဆာဖြစ်စေခဲ့ပြီ။ တပည့်တော်ယာကုပ်က ဤသို့ရေးသားခဲ့သည်– ‘မတရားသောမေထုန်၌မှီဝဲသောယောက်ျားမိန်းမတို့၊ လောကမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့သောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။’—ယာကုပ် ၄:၄။
၈ မဟာဗာဗုလုန်နှင့် အုပ်ချုပ်ရေးများ ရောပြွမ်းခြင်းကြောင့် ကိုယ်စိတ်ဆင်းရဲစရာ များစွာဖြစ်ပေါ်လာခဲ့ပြီ။ အာဖရိကန် နိုင်ငံရေးဆန်းစစ်လေ့လာသူ ဒေါက်တာဇိုလီလာ မန်ကြူက “ဘာသာရေးနှင့် နိုင်ငံရေးပူးပေါင်းမှုကြောင့် ကမ္ဘာ့သမိုင်းသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့နှင့် ပြည့်နှက်နေသည်” ဟုဖော်ပြခဲ့သည်။ မကြာသေးမီက သတင်းစာတစ်စောင်တွင် ဤသို့ဆို၏– “ယနေ့ အန္တရာယ်အကြီးမားဆုံးနှင့် သွေးထွက်သံယိုအဖြစ်ဆုံး ပဋိပက္ခများ ဖြစ်ပွားရခြင်းမှာ ဘာသာရေးကြောင့်ဖြစ်သည်။” လူသန်းပေါင်းများစွာတို့သည် ဘာသာရေးက သွေးထိုးပေးသောပဋိပက္ခများတွင် အသက်ဆုံးခဲ့ကြရသည်။ မဟာဗာဗုလုန်သည် ဘုရားသခင်၏ကျေးကျွန်စစ်များကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြရာ ပုံဆောင်သဘောအရ သူတို့၏အသွေးနှင့် မူးယစ်နေသည်။—ဗျာ. ၁၈:၂၄။
၉။ မဟာဗာဗုလုန်ကို ယေဟောဝါရွံမုန်းကြောင်း ဗျာ.ကျမ်းတွင် မည်သို့ဖော်ပြထားသနည်း။
၉ မဟာဗာဗုလုန်၏အဖြစ်အပျက်ကိုကြည့်လျှင် ယင်းကို ယေဟောဝါ မည်မျှရွံမုန်းကြောင်း ဗျာ. ၁၇:၁၆၊ ၁၇ တွင် ဤသို့ဆို၏– “ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည် ပြည့်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကိုကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” ဦးဆုံးအနေနှင့် သားရဲကြီးသည် သူ့ကိုဆွဲဖြဲသတ်ဖြတ်ပြီး စားပစ်မည်။ ထို့နောက် ကျန်ကြွင်းသမျှကို မီးရှို့၍အစဖျောက်ပစ်မည်။ မကြာမီ ကမ္ဘာ့တိုင်းနိုင်ငံများသည် မဟာဗာဗုလုန်ကို အလားတူပြုကြပါလိမ့်မည်။ ထိုသို့ပြုရန် ဘုရားသခင်လှုံ့ဆော်ပေးမည်။ (ဗျာ. ၁၇:၁၇) ကမ္ဘာ့ဘာသာရေးအင်ပါယာတည်းဟူသော မဟာဗာဗုလုန်သည် ဖျက်ဆီး ခံရဖို့ သေချာနေပြီ။ ၎င်းသည် “နောက်တစ်ဖန်မပေါ်မရှိရ။”—ဗျာ. ၁၈:၂၁။
သိသာထင်ရှားသည်။၁၀။ မဟာဗာဗုလုန်ကို ကျွန်ုပ်တို့ မည်သို့သဘောထားသင့်သနည်း။
၁၀ မှန်သောဘာသာကိုးကွယ်သူများသည် မဟာဗာလုန်ကို မည်သို့သဘောထားသင့်သနည်း။ သမ္မာကျမ်းစာက ဤသို့အတိအလင်းမိန့်မှာသည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲကထွက်ကြလော့။” (ဗျာ. ၁၈:၄) ဘေးမှလွတ်မြောက်လိုသူတို့သည် အချိန်မနှောင်းမီ မဟာဗာဗုလုန်မှ ထွက်ကြရမည်။ နောက်ဆုံးကာလတွင် လူအများသည် အမည်ခံခရစ်ယာန်မျှသာဖြစ်ကြလိမ့်မည်ဟု ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်က ကြိုဟောခဲ့သည်။ (မဿဲ ၂၄:၃-၅) ထိုသို့သောသူများကို ကိုယ်တော်က ‘သင်တို့ကို ငါအလျှင်းမသိ။ မတရားမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ’ ဟုပြောဆိုသည်။ (မဿဲ ၇:၂၃) ယခု နန်းထိုင်ဘုရင် ယေရှုခရစ်သည် ဗာဗုလုန်နှင့် အလျှင်းမပတ်သက်ပါ။
ကင်းကင်းရှင်းရှင်းနေခြင်း—မည်သို့နည်း
၁၁။ မဟာဗာဗုလုန်နှင့် ကင်းကင်းရှင်းရှင်းနေရန် အဘယ်အရာပြုသင့်သနည်း။
၁၁ စစ်မှန်သောခရစ်ယာန်များသည် မဟာဗာဗုလုန်၏သွန်သင်ချက်များကို ငြင်းပယ်ပြီး ယင်းနှင့် ကင်းကင်းရှင်းရှင်းနေကြသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာအကြောင်း လိမ်ညာပြောဆိုသော အသံလွှင့်အစီအစဉ်များနှင့် စာပေများကိုပါ ကျွန်ုပ်တို့ရှောင်ကြသည်။ (ဆာလံ ၁၁၉:၃၇) မဟာဗာဗုလုန်နှင့်ဆက်နွှယ်သည့် အဖွဲ့အစည်းများ ကြီးမှူးကျင်းပသော မိတ်ဆုံပွဲများနှင့် အပန်းဖြေမှုများ၌လည်း ကျွန်ုပ်တို့ပါဝင်မည်မဟုတ်ကြပါ။ ထို့ပြင် မဟာဗာဗုလုန်ကို မည်သည့်နည်းဖြင့်မျှ ထောက်ခံအားပေးခြင်းမပြုကြပါ။ (၁ ကောရိန္သု ၁၀:၂၁) ဤသို့ရှောင်ကြဉ်ခြင်းသည် ‘ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် လုယူဖျက်ဆီး’ သူတို့မှ ကျွန်ုပ်တို့ကို အကာအကွယ်ပေးသည်။—ကောလောသဲ ၂:၈။
၁၂။ လူတစ်ဦးသည် မဟာဗာဗုလုန်နှင့် မည်သို့အဆက်ဖြတ်နိုင်သနည်း။
၁၂ လောလောဆယ် ဗာဗုလုန်ဘာသာဝင်တစ်ဦးဖြစ်နေသူသည် ယေဟောဝါသက်သေဖြစ်လိုပါက မည်သို့နည်း။ အများအားဖြင့် နုတ်ထွက်စာတင်ခြင်းက မဟာဗာဗုလုန်အဝင် မဖြစ်လိုတော့ကြောင်း သက်သေထင်ရှားစေသည်။ ထိုသူသည် မဟာဗာဗုလုန်၏ညစ်ညမ်းမှုမှန်သမျှကို လုံးဝရှောင်ကြဉ်ရန် ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ အထူးအရေးကြီး၏။ သက်သေခံဖြစ်လိုသူတစ်ဦး၏လုပ်ရပ်များသည် ထိုဘာသာနှင့် လုံးဝမပတ်သက်တော့ကြောင်း
ယခင်ဘာသာရေးအဖွဲ့အစည်းနှင့် အဆက်ပြတ်ပြီးဖြစ်ကြောင်း လူအများရှေ့ ထင်ရှားစွာပြသင့်သည်။၁၃။ မဟာဗာဗုလုန်နှင့် ကင်းရှင်းဖို့လိုကြောင်းနှင့်ပတ်သက်၍ ကျမ်းစာအကြံပြုချက်ကား အဘယ်နည်း။
၁၃ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– ‘မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သောထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကိုခံရမည်နည်း။ ဘုရားသခင်၏အိမ်တော်သည် ရုပ်ပုံတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ . . . ထိုကြောင့် ထာဝရဘုရားသခင် မိန့်တော်မူပြန်သည်ကား၊ သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။’ (၂ ကောရိန္သု ၆:၁၄-၁၇) မဟာဗာဗုလုန်နှင့် ကင်းကင်းရှင်းရှင်းနေခြင်းဖြင့် အဆိုပါစကားကို ကျွန်ုပ်တို့လိုက်နာကြသည်။ ကျွန်ုပ်တို့သည် မဟာဗာဗုလုန်ဘာသာဝင်များကိုလည်း ရှောင်ဖို့ ပေါလု၏အကြံပေးချက်က တောင်းဆိုသလော။
‘ပညာနှင့်ဆက်ကျင့်ဆောင်လော့’
၁၄။ မဟာဗာဗုလုန်တွင်ရှိသူများကို ကျွန်ုပ်တို့လုံးဝ ရှောင်ကြရမည်လော။ ရှင်းပြပါ။
၁၄ မှန်သောဘာသာကိုးကွယ်သူများသည် မဟာဗာဗုလုန်ဘာသာဝင်များနှင့် လုံးဝအဆက်အသွယ်ဖြတ်ကြရမည်လော။ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသူများကို လုံးဝအဖက်မလုပ်ဘဲ နေရမည်လော။ မဟုတ်ပါ။ အကြီးမြတ်ဆုံးပညတ်နှစ်ခုမှ ဒုတိယပညတ်က “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟုဆို၏။ (မဿဲ ၂၂:၃၉) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အခြားသူများအား ပြောပြခြင်းဖြင့် ကိုယ်နှင့်စပ်ဆိုင်သောသူကိုချစ်ကြောင်း ကျွန်ုပ်တို့တင်ပြကြသည်။ သူတို့ကိုကျမ်းစာသင်ပေးခြင်း၊ မဟာဗာဗုလုန်နှင့် ကင်းရှင်းဖို့လိုကြောင်း သူတို့ကို သိမြင်လာစေခြင်းဖြင့်လည်း သူတို့ကိုချစ်ကြောင်း တင်ပြကြသည်။
၁၅။ ‘လောကနှင့်မဆက်ဆံ’ ခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၁၅ အခြားသူများကို သတင်းကောင်းဟောပြောကြသော်လည်း ယေရှု၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့သည် ‘ဤလောကနှင့်မဆက်ဆံ’ ကြပါ။ (ယောဟန် ၁၅:၁၉) ဤတွင်ပါသည့် ‘လောက’ ဟူသောစကားရပ်သည် ဘုရားသခင်နှင့်ကင်းကွာနေသော လူ့အဖွဲ့အစည်းကို ဆိုလို၏။ (ဧဖက် ၄:၁၇-၁၉; ၁ ယောဟန် ၅:၁၉) ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်တော်ကိုထိခိုက်စေသည့် စိတ်သဘောထားများ၊ ပြုမူပြောဆိုပုံများကို ရှောင်ခြင်းဖြင့် လောကနှင့်သီးခြားနေကြသည်။ (၁ ယောဟန် ၂:၁၅-၁၇) ထို့ပြင် “မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်” ၏ဟူသော မူနှင့်အညီ ခရစ်ယာန်စံနှုန်းများအတိုင်း မနေထိုင်သူတို့နှင့် ကျွန်ုပ်တို့တရင်းတနှီးမနေကြပါ။ (၁ ကောရိန္သု ၁၅:၃၃) လောကနှင့်မဆက်ဆံခြင်းဟူသည် ‘လောကအညစ်အကြေးနှင့် ကင်းစင်’ ခြင်းဖြစ်သည်။ (ယာကုပ် ၁:၂၇) ထို့ကြောင့် လောကနှင့်သီးခြားနေခြင်းဟူသည် အခြားသူများနှင့် လုံးဝအဆက်အသွယ်မပြုဘဲနေခြင်းကို မဆိုလိုပါ။—ယောဟန် ၁၇:၁၅၊ ၁၆; ၁ ကောရိန္သု ၅:၉၊ ၁၀။
၁၆၊ ၁၇။ ခရစ်ယာန်များသည် ကျမ်းစာအမှန်တရားမသိသူများနှင့် မည်သို့ဆက်ဆံသင့်သနည်း။
၁၆ သို့ဖြစ်၍ ကျမ်းစာအမှန်တရား မသိသူများကို ကျွန်ုပ်တို့မည်သို့ ဆက်ဆံကြရမည်နည်း။ ကောလောသဲအသင်းတော်ကို ပေါလုဤသို့စာရေးခဲ့သည်– “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက်၊ ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကိုရွေးနုတ်ကြလော့။ လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကောလောသဲ ၄:၅၊ ၆) တမန်တော်ပေတရုက ဤသို့ရေးခဲ့သည်– ‘စိတ်နှလုံးထဲ၌ ခရစ်တော်ကို သခင်အဖြစ် ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။’ (၁ ပေတရု ၃:၁၅) ပေါလုက “အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြု” လော့ဟု ခရစ်ယာန်များကို အကြံပြုခဲ့သည်။—တိတု ၃:၂။
၁၇ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် အခြားသူများနှင့် ခက်ထန်စွာ၊ အထင်အမြင်သေးစွာ မဆက်ဆံကြပါ။ အခြားဘာသာဝင်များကို ချိုးချိုးဖဲ့ဖဲ့နှိမ်ပြောခြင်းလည်း လုံးဝမပြုကြပါ။ ထိုသို့ပြုမည်အစား အိမ်ရှင်၊ အိမ်နီးချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက မညှာမတာ၊ ဆဲဆိုလာလျှင်ပင် အလိမ္မာသုံးကြသည်။—ကောလောသဲ ၄:၆; ၂ တိမောသေ ၂:၂၄။
‘စင်ကြယ်သောတရားစကားကို စွဲလမ်းလော့’
၁၈။ မဟာဗာဗုလုန်သို့ ပြန်လှည့်သွားသူတို့သည် အဘယ်ဝမ်းနည်းဖွယ် ဝိညာဉ်ရေးအခြေအနေတွင် ရှိကြသနည်း။
၁၈ ကျမ်းစာအမှန်တရားကိုသိပြီးမှ မဟာဗာဗုလုန်သို့ ပြန်လှည့်သွားသူတစ်ဦး၏အဖြစ်သည် အလွန်ဝမ်းနည်းစရာပင်! ထိုသို့သောလမ်းစဉ်၏ ဝမ်းနည်းဖွယ်အကျိုးဆက်များကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– ‘ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့်၊ လောကညစ်ညူးခြင်းနှင့်ကင်းလွတ်ပြီးမှ၊ တစ်ဖန်ကျော့မိ၍ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက် သာ၍ဆိုး၏။ . . . ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်းဆေးပြီးမှ ရွှံ့တွင်လူးပြန်၏ဟု မှန်သောစကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။’—၂ ပေတရု ၂:၂၀-၂၂။
၁၉။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အန္တရာယ်ပြုနိုင်သည့်အရာမှန်သမျှကို သတိရှိနေဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၁၉ ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အန္တရာယ်ပြုနိုင်သော မည်သည့်အရာကိုမဆို သတိပြုရမည်။ ထိုအန္တရာယ်များနှင့် အမှန်ပင်ကြုံတွေ့နိုင်၏။ တမန်တော်ပေါလုက ဤသို့သတိပေးသည်– ‘ဝိညာဉ်တော်သည် အတည့်အလင်းဖွင့်ပြတော်မူသည်ကား၊ နောင်ကာလ၌ ကိုယ်ကိုကိုယ်သိသောစိတ်တွင် သံပူခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကိုပြောတတ်သောသူတို့၏လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော စကားတို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။’ (၁ တိမောသေ ၄:၁-၂) အဆိုပါ “နောင်ကာလ၌” ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ မဟာဗာဗုလုန်နှင့် ကင်းကင်းရှင်းရှင်းမနေသူများသည် ‘လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆိုသူများ၏ ခပ်သိမ်းသောသွန်သင်ချက်ကြောင့် ဖရိုဖရဲလွင့်သွား’ နိုင်သည်။—ဧဖက် ၄:၁၃၊ ၁၄။
၂၀။ မဟာဗာဗုလုန်၏အဖျက်သြဇာမှ မိမိတို့ကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။
၂၀ မဟာဗာဗုလုန်၏အဖျက်သြဇာမှ ကျွန်ုပ်တို့ကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။ ယေဟောဝါပြင်ဆင်ပေးထားရာများကို သုံးသပ်ကြည့်ပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို ကျွန်ုပ်တို့ရရှိထားကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှတစ်ဆင့် ဝိညာဉ်အစာကိုလည်း အလျှံပယ် ပေးသနားထားတော်မူပြီ။ (မဿဲ ၂၄:၄၅) ကျွန်ုပ်တို့သည် အမှန်တရားကို တိုးသိနားလည်လာသည်နှင့်အမျှ ‘ရင့်ကျက်သူများအဖို့ဖြစ်သော ကြေခဲသောအစာကို’ စားချင်စိတ်၊ ဝိညာဉ်ရေးရာအမှန်တရား သင်ယူသည့်နေရာတွင် အတူတကွစုဝေးလိုစိတ် မရှိသင့်ပေလော။ (ဟေဗြဲ ၅:၁၃၊ ၁၄; ဆာလံ ၂၆:၈) ကျွန်ုပ်တို့ကြားနာထားသည့် “စင်ကြယ်သောတရားစကားအချုပ်အခြာကို . . . စွဲလမ်း” နိုင်ဖို့ ယေဟောဝါ၏ပြင်ဆင်ပေးချက်များမှ အပြည့်အဝအကျိုးရယူရန် စိတ်ပိုင်းဖြတ်ကြပါစို့။ (၂ တိမောသေ ၁:၁၃) သို့ဖြင့် မဟာဗာဗုလုန်နှင့် ကင်းကင်းရှင်းရှင်းနေနိုင်ကြပါမည်။
သင် အဘယ်အရာသိရှိခဲ့ပြီနည်း
• ‘မဟာဗာဗုလုန်’ ဟူသည် အဘယ်နည်း။
• မဟာဗာဗုလုန်နှင့် ကင်းကင်းရှင်းရှင်းနေရန် အဘယ်အရာပြုရမည်နည်း။
• ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ထိခိုက်မည့် အဘယ်အန္တရာယ်များကို ရှောင်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
‘မဟာဗာဗုလုန်’ ကိုအကျင့်ပျက်အမျိုးသမီးတစ်ဦးအဖြစ် အဘယ်ကြောင့်တင်စားဖော်ပြထားကြောင်း သင်သိသလော
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
“မဟာဗာဗုလုန်သည်” ဖျက်ဆီးခံရဖို့ သေချာနေပြီ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့် ယုံကြည်ချက်ချင်းမတူသူများအပေါ်‘ဖြည်းညင်းသောသဘောနှင့် အလွန်နူးညံ့သိမ်မွေ့’ သော သဘောပြကြ