“အသွေးတော်မြတ်” ဖြင့် ကယ်နုတ်ခံရ
“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏”
“အသွေးတော်မြတ်” ဖြင့် ကယ်နုတ်ခံရ
ယေဟောဝါ၏အကြီးမားဆုံးသော မေတ္တာပြသည့်လုပ်ရပ်မှာ မိမိ၏တစ်ပါးတည်းသော သားတော်ကို စေလွှတ်ပြီး ရွေးနုတ်ဖိုးအဖြစ်သားတော်၏စုံလင်သော လူ့အသက်ကို ပေးဆက်ခြင်းဖြစ်သည်။ မစုံလင်သောလူသည် “မိမိညီအစ်ကိုကို . . . အလျှင်းမရွေးနိုင်။ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်။ . . . ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏” ဟုဆိုထားသောကြောင့် အပြစ်ရှိသောလူသားများအနေနှင့် ထိုသို့သောရွေးနုတ်ဖိုးကို ကျွန်ုပ်တို့အလွန်လိုအပ်သည်။ (ဆာလံ ၄၉:၆-၉) “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ” သည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်စရာပါတကား!—ယောဟန် ၃:၁၆။
ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို မည်သို့ကယ်နုတ်သနည်း။ ယေဟောဝါဘုရားသခင်ဘက်မှတင်ပြသည့် ဤထူးခြားသောမေတ္တာပါလုပ်ရပ်ကြောင့် ကျွန်ုပ်တို့လွတ်မြောက်လာသည့် နည်းလမ်းလေးခုကို သုံးသပ်ကြည့်ကြစို့။
ရွေးနုတ်ဖိုးအားဖြင့် ဖြေလွှတ်ခြင်း
ပထမအချက်မှာ၊ ယေရှု၏ပူဇော်ရာယဇ်က အမွေခံထားရသောအပြစ်မှ ကျွန်ုပ်တို့ကို ကယ်နုတ်နိုင်သည်။ ကျွန်ုပ်တို့အားလုံး အပြစ်သားများအဖြစ် မွေးဖွားလာကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏ပညတ်ကို မချိုးဖောက်မီကပင် အပြစ်ရှိကြသည်။ မည်သို့ဖြစ်နိုင်သနည်း။ ရောမ ၅:၁၂ က ဤသို့ဆို၏– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိ” ကြ၏။ အပြစ်ရှိသောအာဒံ၏ သားသမီးများအနေနှင့် ကျွန်ုပ်တို့သည် သူ၏မစုံလင်သောအခြေအနေကို အမွေရထားကြသည်။ သို့သော် ရွေးနုတ်ဖိုးပေးဆက်ခြင်းက အမွေခံရသောအပြစ်၏အနှောင်အဖွဲ့မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်သည်။ (ရောမ ၅:၁၆) ယေရှုသည် ‘လူအပေါင်းတို့အတွက် အသေခံ’ ခြင်းဖြင့် အာဒံသားသမီးများရရှိထားသော အပြစ်၏အကျိုးဆက်များကို ခံယူတော်မူသည်။—ဟေဗြဲ ၂:၉; ၂ ကောရိန္သု ၅:၂၁; ၁ ပေတရု ၂:၂၄။
ဒုတိယအချက်မှာ၊ ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို အပြစ်၏ဆိုးဝါးသောအကျိုးဆက်များမှ လွတ်မြောက်စေနိုင်သည်။ “အပြစ်တရား၏အခကား သေခြင်းပေတည်း။” (ရောမ ၆:၂၃) ဘုရားသခင့်သားတော်သည် မိမိ၏ပူဇော်ရာယဇ်သေခြင်းအားဖြင့် နာခံမှုရှိသောလူသားများအတွက် ထာဝရအသက်ရရှိစေခဲ့သည်။ အမှန်တွင် “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။”—ယောဟန် ၃:၃၆။
ဘုရားသခင့်သားတော်ကို ယုံကြည်မှသာလျှင် အပြစ်၏အကျိုးဆက်များမှ ကျွန်ုပ်တို့ကယ်နုတ်ခြင်းခံရနိုင်ကြောင်း သတိပြုပါ။ ယင်းတွင် ကျွန်ုပ်တို့ဘဝ၌ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ ဘုရားသခင့်အလိုတော်နှင့်အညီ နေထိုင်ခြင်း ပါဝင်သည်။ ကျွန်ုပ်တို့လိုက်စားမိခဲ့သည့် မှားသောလမ်းစဉ်မှန်သမျှကို စွန့်ပယ်ပြီး ဘုရားသခင့်စိတ်တော်ရွှင်လန်းစေသည့်အရာကို လုပ်ဆောင်ရမည်။ တမန်တော်ပေတရုက “သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်” ရန် လိုကြောင်း ပြောဆိုခဲ့သည်။—တမန်တော် ၃:၂၀။
တတိယအချက်မှာ၊ ယေရှုဆက်သခဲ့သောပူဇော်ရာယဇ်က မကြည်လင်သော ကိုယ်ကိုကိုယ်သိသောစိတ်မှ လွတ်စေသည်။ ယေဟောဝါထံအပ်နှံကာ နှစ်ခြင်းခံပြီးသော ယေရှု၏တပည့်အားလုံးသည် စိတ်သက်သာမှု ရရှိကြသည်။ (မဿဲ ၁၁:၂၈-၃၀) ကျွန်ုပ်တို့မစုံလင်ကြသော်လည်း ကြည်လင်သော ကိုယ်ကိုကိုယ်သိသောစိတ်ဖြင့် ဘုရားသခင့်အမှုတော်ထမ်းဆောင်ရာတွင် များစွာရွှင်လန်းမှု ခံစားရသည်။ (၁ တိမောသေ ၃:၉; ၁ ပေတရု ၃:၂၁) မိမိတို့၏အပြစ်များကို ဝန်ခံပြီး ယင်းတို့ကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကရုဏာပြခံရကာ ကိုယ်ကိုကိုယ်သိသောစိတ်၏ နှောင့်ယှက်ခြင်းမှ သက်သာမှုရရှိကြသည်။—သု. ၂၈:၁၃။
အကူအညီနှင့် မျှော်လင့်ချက်ရှိစေခြင်း
နောက်ဆုံးအချက်မှာ၊ ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ကျွန်ုပ်တို့၏အနေအထားနှင့် ပတ်သက်၍ စိုးရိမ်ကြောက်ရွံ့စိတ်မှ လွတ်မြောက်ကြသည်။ တမန်တော်ယောဟန် ဤသို့ရေးခဲ့၏– “တစ်စုံတစ်ယောက်သောသူသည် အပြစ်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။” (၁ ယောဟန် ၂:၁) အကူအညီပေးသူတစ်ဦးအဖြစ် ယေရှု၏အခန်းကဏ္ဍနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက် ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။” (ဟေဗြဲ ၇:၂၅) ကျွန်ုပ်တို့တွင် အပြစ်၏အစွန်းအထင်းများ ရှိနေသမျှကာလပတ်လုံး ဘုရားသခင်ရှေ့မှောက် တော်မှန်သောအနေအထားရှိရန် ယဇ်ပုရောဟိတ်မင်းကြီးယေရှု၏ အကူအညီကို ကျွန်ုပ်တို့လိုအပ်လိမ့်မည်။ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ်ယေရှုသည် ကျွန်ုပ်တို့အကျိုးအတွက် မည်သို့လုပ်ဆောင်ခဲ့သနည်း။
အေဒီ ၃၃ ခုနှစ်၌ ယေရှုရှင်ပြန်ထမြောက်ပြီး ရက်လေးဆယ်အကြာတွင် ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွသွားကာ ထိုတွင် ကိုယ်တော့် “အသွေးတော်မြတ်” ၏တန်ဖိုးကို ဘုရားသခင်ထံ ဆက်သခဲ့သည်။ ရလဒ်အနေဖြင့် မကြာမီ ယေရှုသည် နာခံမှုရှိသောလူသားများကို အပြစ်နှင့် သေခြင်းမှ ရွေးနုတ်တော်မူလိမ့်မည်။ * (၁ ပေတရု ၁:၁၈၊ ၁၉) ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့၏မေတ္တာနှင့် နာခံမှုကိုရထိုက်သည်ဟု သင်သဘောမတူပေလော။
ထို့အပြင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏မေတ္တာနှင့် နာခံမှုကို ရထိုက်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် “ရွေးနုတ်”ဖိုး ဖြင့်အပြစ်လွှတ်ခြင်းကို မေတ္တာပါစွာ စီစဉ်ပေးခဲ့သည်။ (၁ ကောရိန္သု ၁:၃၀) ကျွန်ုပ်တို့၏ ယခုအသက်တာအတွက်သာမဟုတ် ကျွန်ုပ်တို့၏ထာဝစဉ်အသက်ရှင်နိုင်ခွင့် အလားအလာအတွက်ပါ ကိုယ်တော်အပေါ် ကျွန်ုပ်တို့အကြွေးတင်နေကြသည်။ ထို့ကြောင့် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” ရန် ကျွန်ုပ်တို့တွင် အကြောင်းရင်းများစွာရှိပါသည်။—တမန်တော် ၅:၂၉။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ယေဟောဝါသက်သေများ၏ ၂၀၀၆ ခုနှစ်ပြက္ခဒိန်၊ မတ်/ဧပြီတို့ကို ကြည့်ပါ။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
သင်သိပါသလော
• ယေရှုသည် သံလွင်တောင်ပေါ်မှ ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။—တမန်တော် ၁:၉၊ ၁၂။
• ယေရှု၏တက်ကြွတော်မူခြင်းကို ကိုယ်တော့်သစ္စာရှိတမန်တော်များသာ မြင်တွေ့ ခဲ့သည်။—တမန်တော် ၁:၂၊ ၁၁-၁၃။