မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏စိတ်သဘောထား သင်၌ရှိစေပါ

ခရစ်တော်၏စိတ်သဘောထား သင်၌ရှိစေပါ

ခရစ်တော်၏စိတ်သဘောထား သင်၌ရှိစေပါ

‘ခရစ်တော်ယေရှု၌ရှိသော စိတ်သဘောထားမျိုး သင်တို့၌ရှိပါစေ။’ —ရော. ၁၅:၅

၁။ ကျွန်ုပ်တို့သည် ခရစ်တော်၏စိတ်သဘောထားကိုမွေးမြူရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။

“ငါ့ထံသို့ လာကြလော့။ . . . ငါ့ထံမှ သင်ယူကြလော့။ အကြောင်းမူကား ငါသည် နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘောရှိ၏။ သင်တို့သည် လန်းဆန်းရလိမ့်မည်” ဟုယေရှုခရစ် မိန့်တော်မူခဲ့သည်။ (မ. ၁၁:၂၈၊ ၂၉) ဤနွေးထွေးသောဖိတ်ခေါ်ချက်က ယေရှု၏ မေတ္တာပြည့်ဝသောစိတ်သဘောထားကို ကောင်းစွာဖော်ပြသည်။ ယင်းထက်သာလွန်ကောင်းမြတ်သော စံနမူနာရှင် လူသားတို့တွင်မရှိနိုင်ပါ။ ယေရှုသည် ဘုရားသခင်၏ တန်ခိုးကြီးသောသားတော်ဖြစ်သော်လည်း အထူးသဖြင့် လိုအပ်နေသူတို့ကို စာနာမှု၊ နူးညံ့ကြင်နာမှုတင်ပြခဲ့သည်။

၂။ ယေရှု၏သဘောထားမှ အဘယ်အသွင်အပြင်တို့ကို သုံးသပ်ကြမည်နည်း။

ယေရှု၏စိတ်သဘောထားမျိုးကို ကျွန်ုပ်တို့မည်သို့ပြုစုပျိုးထောင်ပြီး ထိန်းသိမ်းထားနိုင်ပုံနှင့် ကျွန်ုပ်တို့၏အသက်တာတွင် “ခရစ်တော်၏စိတ်သဘောထား” မည်သို့ထင်ဟပ်ပြနိုင်ပုံတို့ကို ဤဆောင်းပါးနှင့် နောက်ဆောင်းပါးနှစ်ခုတွင် သုံးသပ်ကြပါမည်။ (၁ ကော. ၂:၁၆) အသွင်အပြင်ငါးရပ်ဖြစ်သော ယေရှု၏ နူးညံ့သိမ်မွေ့၍စိတ်နှိမ့်ချမှု၊ ကိုယ်တော်၏ကြင်နာမှု၊ ဘုရားသခင်အားကိုယ်တော်၏နာခံမှု၊ ကိုယ်တော်၏ရဲစွမ်းသတ္တိရှိမှုနှင့် ကိုယ်တော်၏တည်တံ့သောမေတ္တာတို့ကို အဓိကအာရုံစိုက်ကြပါမည်။

ခရစ်တော်၏နူးညံ့သိမ်မွေ့မှုမှ သင်ယူပါ

၃။ (က) တပည့်များအား ယေရှုသင်ပေးခဲ့သည့် နှိမ့်ချမှုသင်ခန်းစာတစ်ခုမှာ အဘယ်နည်း။ (ခ) တပည့်များ၏အားနည်းမှုကို ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။

ဘုရားသခင်၏ စုံလင်သောသားတော်ယေရှုသည် မစုံလင်သောအပြစ်သားများအလယ်တွင် အမှုဆောင်ရန် မြေကြီးသို့ တလိုတလားကြွလာခဲ့သည်။ ထိုလူတို့ထဲမှအချို့သည် နောက်ပိုင်း ကိုယ်တော်ကိုအသေသတ်ကြမည်ဖြစ်သည်။ သို့တိုင် ယေရှုသည် ရွှင်လန်းမှုနှင့်ချုပ်တည်းမှု အမြဲရှိခဲ့သည်။ (၁ ပေ. ၂:၂၁-၂၃) အခြားသူတို့၏အမှားများနှင့် မစုံလင်မှုတို့က ကျွန်ုပ်တို့ကိုထိခိုက်ချိန်တွင် ကျွန်ုပ်တို့တွင်လည်း ရွှင်လန်းမှုနှင့်ချုပ်တည်းမှုဆက်ရှိနေစေရန် ယေရှု၏စံနမူနာကို “စေ့စေ့ကြည့်ရှု” ခြင်းက အထောက်အကူပြုနိုင်သည်။ (ဟေဗြဲ ၁၂:၂) ယေရှုက တပည့်များအား မိမိ၏ထမ်းပိုးကို မိမိနှင့်အတူထမ်းရန် ဖိတ်ခေါ်ထားရာ ကိုယ်တော်ထံမှသင်ယူရန်ဖြစ်သည်။ (မ. ၁၁:၂၉) အဘယ်အရာကို သူတို့ သင်ယူနိုင်ခဲ့သနည်း။ တစ်ခုမှာ ယေရှု၏နူးညံ့သိမ်မွေ့မှုဖြစ်ပြီး ကိုယ်တော်သည် တပည့်များ၌ အမှားများရှိသော်လည်း သူတို့ကို ကိုယ်တော်သည်းခံခဲ့သည်။ ယေရှုမသေဆုံးမီညတွင် တပည့်များ၏ခြေကိုဆေးပေးခဲ့ခြင်းဖြင့် သူတို့ဘယ်တော့မျှမေ့မည်မဟုတ်သည့် “စိတ်နှိမ့်ချ” ခြင်းသင်ခန်းစာကိုသင်ပေးခဲ့သည်။ (ယောဟန် ၁၃:၁၄-၁၇ ကိုဖတ်ပါ။) နောက်ပိုင်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ “စောင့်နေကြ” ရန်ပျက်ကွက်ချိန်တွင် ယေရှုသည် သူတို့၏အားနည်းမှုကို ကြင်နာစွာအသိအမှတ်ပြုခဲ့သည်။ “ရှိမုန်၊ သင်သည် အိပ်ပျော်နေသလော” ဟုမေးကာ “သင်တို့သည် သွေးဆောင်ခြင်းမခံရရန် ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကားအားနည်း၏” ဟုမိန့်တော်မူခဲ့သည်။—မာ. ၁၄:၃၂-၃၈

၄၊ ၅။ အခြားသူတို့၏ချွတ်ယွင်းချက်ကို တော်မှန်စွာတုံ့ပြန်ရန် ယေရှု၏စံနမူနာက မည်သို့အထောက်အကူပြုနိုင်သနည်း။

ယုံကြည်သူချင်းတစ်ဦးသည် ပြိုင်ဆိုင်တတ်သူ၊ အလွယ်တကူစိတ်ဆိုးတတ်သူ၊ အကြီးအကဲများ သို့မဟုတ် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ ထံမှဆုံးမစကားများကို တုံ့ပြန်ရန်နှေးသူဖြစ်ပါက ကျွန်ုပ်တို့ မည်သို့ပြုမူကြသနည်း။ (မ. ၂၄:၄၅-၄၇) ကျွန်ုပ်တို့သည် လောကရှိလူတို့၏ အပြစ်အနာအဆာများကို လက်ခံကာခွင့်လွှတ်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ညီအစ်ကိုတို့၏အပြစ်အနာအဆာများကို ခွင့်လွှတ်ရန် ခက်ခဲပေမည်။ အခြားသူတို့၏ချွတ်ယွင်းချက်များကို ကျွန်ုပ်တို့ အလွယ်တကူစိတ်အနှောင့်အယှက်ဖြစ်ပါက ‘“ခရစ်တော်၏စိတ်သဘောထားမျိုး” ကိုငါဘယ်လိုပိုပြီးထင်ဟပ်ပြနိုင်မလဲ’ ဟုမိမိကိုယ်ကိုမေးဖို့လိုသည်။ တပည့်များသည် “ခရစ်တော်၏စိတ်သဘောထားမျိုး” မတင်ပြကြသည့်အချိန်တွင်ပင် ယေရှုသည် သူတို့ကိုစိတ်မပျက်ခဲ့ကြောင်း စိတ်စွဲမှတ်ထားရန်ကြိုးစားပါ။

တမန်တော်ပေတရု၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ယေရှုက ပေတရုအား လှေထဲကထွက်ကာ မိမိထံ ရေပေါ်မှလမ်းလျှောက်လာရန် ဖိတ်ခေါ်သည့်အခါ ပေတရုသည် တစ်ခဏမျှ ရေပေါ်လမ်းလျှောက်ခဲ့သည်။ ယင်းနောက် ပေတရုသည် လေပြင်းမုန်တိုင်းတိုက်သည်ကိုမြင်ပြီး နစ်မြုပ်စပြုလာသည်။ ယေရှုသည် အမျက်ထွက်ကာ “နစ်တာပဲကောင်းတယ်။ အဲ့ဒါ မင်းအတွက် သင်ခန်းစာပဲ” ဟုပြောခဲ့သလော။ မပြောခဲ့ပါ။ “လက်တော်ကို ချက်ချင်းဆန့်၍ ကိုင်တော်မူလျက် ‘ယုံကြည်ခြင်း အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသံသယစိတ်ဝင်သနည်း’ ဟုမိန့်တော်မူ၏။” (မ. ၁၄:၂၈-၃၁) ယုံကြည်ခြင်းမရှိပုံရသော ညီအစ်ကိုတစ်ဦးနှင့်ရင်ဆိုင်ရလျှင် ကျွန်ုပ်တို့သည် ပုံဆောင်သဘောအရ ကျွန်ုပ်တို့၏လက်ကိုဆန့်ပြီး ထိုသူ ယုံကြည်ခြင်းပိုရှိလာရန် အကူအညီပေးနိုင်ပါသလော။ ဤသည်မှာ ပေတရုအပေါ် ယေရှု၏နူးညံ့သိမ်မွေ့သည့်အပြုအမူမှ ပေါ်လွင်သောသင်ခန်းစာ အမှန်ပင်ဖြစ်သည်။

၆။ ထင်ပေါ်ကျော်ကြားဖို့ရှာကြံခြင်းနှင့်ပတ်သက်၍ တမန်တော်များကို ယေရှု အဘယ်အရာသွန်သင်ခဲ့သနည်း။

မည်သူအကြီးမြတ်ဆုံးဖြစ်သည်နှင့်ပတ်သက်၍ တမန်တော်များငြင်းခုံချိန်တွင် ပေတရုလည်းပါခဲ့သည်။ ယာကုပ်နှင့်ယောဟန်သည် ယေရှု၏နိုင်ငံတော်တွင် ကိုယ်တော်၏လက်ယာဘက်တွင်တစ်ယောက်၊ လက်ဝဲဘက်တွင်တစ်ယောက် ထိုင်လိုခဲ့ကြသည်။ ယင်းအကြောင်းကို ပေတရုနှင့်အခြားတမန်တော်များကြားသောအခါ အမျက်ထွက်ကြသည်။ သူတို့ကြီးပြင်းလာသည့်အသိုင်းအဝိုင်းမှ ယင်းသဘောထားရရှိခဲ့ဖွယ်ရှိသည်ကို ယေရှုသိတော်မူခဲ့သည်။ ထိုသူတို့ကိုခေါ်ကာ ဤသို့မိန့်တော်မူခဲ့၏– “လောကအုပ်စိုးရှင်များသည် နိုင်လိုမင်းထက်ပြုတတ်ကြောင်း၊ ကြီးမြတ်သူတို့သည် အာဏာပြတတ်ကြောင်းကို သင်တို့သိကြ၏။ သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် ကြီးမြတ်လိုသူမည်သူမဆို သင်တို့၏အစေကိုခံရမည်။ သင်တို့တွင် အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း သင်တို့၏ကျွန်ဖြစ်ရမည်။” ထို့နောက် ယေရှုသည် မိမိကိုယ်တိုင်၏စံနမူနာကို ဤသို့ထောက်ပြခဲ့၏– “လူသားသည် သူတစ်ပါးကိုစေစားရန် လာသည်မဟုတ်။ သူတစ်ပါးအစေကိုခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူသည့်နည်းတူဖြစ်ရမည်။”—မ. ၂၀:၂၀-၂၈

၇။ ကျွန်ုပ်တို့တစ်ဦးစီသည် အသင်းတော်စည်းလုံးစေရန် မည်သို့ကူညီပေးနိုင်သနည်း။

ယေရှု၏နှိမ့်ချသောစိတ်သဘောထားကို ဆင်ခြင်သုံးသပ်ခြင်းက ကျွန်ုပ်တို့ညီအစ်ကိုများကြား “အငယ်ဆုံးသောသူကဲ့သို့ကျင့်ကြံ” ရန်ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သည်။ (လု. ၉:၄၆-၄၈) ယင်းသို့ပြုခြင်းက စည်းလုံးမှုကိုဖြစ်စေသည်။ ကြီးမားလှသောမိသားစုကြီး၏ ဖခင်ကဲ့သို့ဖြစ်သော ယေဟောဝါသည် မိမိ၏သားသမီးများကို “စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်” ကြရန် အလိုရှိတော်မူသည်။ (ဆာ. ၁၃၃:၁ကဘ) ယေရှုက စစ်မှန်သောခရစ်ယာန်အားလုံးသည် တစည်းတလုံးတည်းဖြစ်မည်ဟု ခမည်းတော်ထံ ဆုတောင်းခဲ့သည်၊ အကြောင်းမှာ “ကိုယ်တော်သည် ကျွန်ုပ်ကိုစေလွှတ်တော်မူ၍ ကျွန်ုပ်အားချစ်တော်မူသည့်နည်းတူ သူတို့ကိုလည်းချစ်တော်မူကြောင်း ဤလောကသိစေရန်” ဖြစ်သည်။ (ယော. ၁၇:၂၃) ထို့ကြောင့် ကျွန်ုပ်တို့၏စည်းလုံးမှုက ခရစ်တော်၏နောက်လိုက်များဖြစ်ကြောင်း ခွဲခြားသိမြင်စေရန် အထောက်အကူပြုသည်။ ထိုစည်းလုံးမှုတွင်ပျော်မွေ့ရန် ကျွန်ုပ်တို့သည် အခြားသူတို့၏အပြစ်အနာအဆာများကို ခရစ်တော်ကဲ့သို့ရှုမြင်ရမည်။ ယေရှုသည် ခွင့်လွှတ်တတ်သူဖြစ်ပြီး ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့ခွင့်လွှတ်မှုရစေနိုင်သည့် တစ်ခုတည်းသောအရာဖြစ်ကြောင်း သွန်သင်ခဲ့သည်။—မဿဲ ၆:၁၄၊ ၁၅ ကိုဖတ်ပါ။

၈။ ဘုရားသခင်၏ နှစ်ထမ်းကြာကျေးကျွန်များ၏စံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

ခရစ်တော်ကို နှစ်ပေါင်းများစွာတုပခဲ့ကြသူတို့၏ ယုံကြည်ခြင်းကိုတုပခြင်းအားဖြင့်လည်း များစွာသင်ယူနိုင်ပါသည်။ ထိုသူတို့သည်လည်း ယေရှုကဲ့သို့ အခြားသူတို့၏အပြစ်အနာအဆာများကို နားလည်ပေးတတ်ကြသည်။ ခရစ်တော်ကဲ့သို့သော သနားစာနာမှုကိုတင်ပြခြင်းသည် “အားနည်းသောသူတို့၏ အားနည်းခြင်းများကိုသည်းခံ” ရန်အထောက်အကူပြုရုံသာမက စည်းလုံးမှုကိုပါဖြစ်စေကြောင်း သူတို့သိရှိခဲ့ကြသည်။ ထို့ပြင် အသင်းတော်တစ်ခုလုံး ခရစ်တော်၏စိတ်သဘောထားကိုထင်ဟပ်ပြရန် အားပေးရာရောက်သည်။ သူတို့သည် ရောမရှိခရစ်ယာန်များအတွက် တမန်တော်ပေါလု၏ဤစိတ်ဆန္ဒကဲ့သို့ မိမိတို့ညီအစ်ကိုများကို ဖြစ်လိုကြ၏– ‘ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင်ဘုရားသခင်သည် ခရစ်တော်ယေရှု၌ရှိသောစိတ်သဘောထားမျိုး သင်တို့၌လည်း ရှိခွင့်ပေးတော်မူပါစေ။ သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင့်ဂုဏ်အသရေတော်ကို တညီတညွတ်တည်း ချီးမွမ်းမည်အကြောင်းဖြစ်၏။’ (ရော. ၁၅:၁၊ ၅၊ ၆) မှန်ပါသည်၊ ကျွန်ုပ်တို့တစည်းတလုံးဝတ်ပြုကိုးကွယ်ခြင်းက ယေဟောဝါအား ချီးမွမ်းဂုဏ်တင်စေသည်။

၉။ ယေရှု၏စံနမူနာကိုတုပရာတွင် သန့်ရှင်းသောစွမ်းအားတော် အဘယ်ကြောင့်လိုအပ်သနည်း။

ယေရှုသည် “စိတ်နှိမ့်ချသောသဘော” ကို ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးအဝင်ဖြစ်သည့် နူးညံ့သိမ်မွေ့မှုနှင့် ချိတ်ဆက်ထားသည်။ ထို့ကြောင့် ယေရှု၏စံနမူနာကိုလေ့လာပြီး ယင်းစံနမူနာကို ကျွန်ုပ်တို့တော်လျော်စွာတုပနိုင်ရန် ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော် လိုအပ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ပေးရန် ဆုတောင်းသင့်ပြီး ယင်းကြောင့်ဖြစ်ပေါ်သောအရည်အသွေးများဖြစ်သည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့ကို ကြိုးစားမွေးမြူသင့်သည်။ (ဂလ. ၅:၂၂၊ ၂၃) ယေရှုတင်ပြခဲ့သော နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုပုံစံကို လိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကောင်းကင်ခမည်းတော်ယေဟောဝါအား ရွှင်လန်းစေမည်ဖြစ်သည်။

အခြားသူတို့ကို ယေရှုကြင်နာစွာဆက်ဆံ

၁၀။ ကြင်နာမှုကို ယေရှုမည်သို့တင်ပြခဲ့သနည်း။

၁၀ ကြင်နာခြင်းသည်လည်း သန့်ရှင်းသောစွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသည့် အရည်အသွေးတစ်ခုဖြစ်သည်။ ယေရှုသည် အခြားသူတို့ကို အမြဲကြင်နာစွာဆက်ဆံခဲ့သည်။ ယေရှုအားစိတ်ရိုးမှန်ဖြင့်ရှာဖွေသူအားလုံးသည် ကိုယ်တော်၏ “လက်ခံကြိုဆို” မှုကိုရရှိခဲ့ကြသည်။ (လုကာ ၉:၁၁ ကိုဖတ်ပါ။) ယေရှုတင်ပြခဲ့သောကြင်နာမှုမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ကြင်နာတတ်သူတစ်ဦးသည် ဖော်ရွေမှုရှိပြီး နူးညံ့သိမ်မွေ့၏၊ စာနာတတ်ပြီး ယဉ်ကျေးပျူငှာ၏။ ယေရှုသည် ထိုကဲ့သို့သောသူဖြစ်သည်။ ယေရှုသည် လူတို့ကို သနားတော်မူ၏၊ “အကြောင်းမူကား သူတို့သည် အရေဆုတ်ခြင်း၊ ပစ်ထားခြင်းခံရသည့် ထိန်းသူမဲ့သိုးများကဲ့သို့ ဖြစ်ကြ၍တည်း။”—မ. ၉:၃၅၊ ၃၆

၁၁၊ ၁၂။ (က) လုပ်ရပ်အားဖြင့်တင်ပြခဲ့သော ယေရှု၏သနားစာနာမှု ဥပမာတစ်ခုကိုဖော်ပြပါ။ (ခ) ဤတွင်သုံးသပ်ထားသောဥပမာမှ သင်အဘယ်အရာသင်ယူနိုင်သနည်း။

၁၁ ယေရှုသည် လုပ်ရပ်အားဖြင့်လည်း သနားစာနာမှုကို တင်ပြခဲ့သည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အမျိုးသမီးတစ်ဦးသည် ၁၂ နှစ်ပတ်လုံး သွေးသွန်နာခံစားခဲ့ရသည်။ မောရှေပညတ်အရ သူ၏အခြေအနေသည် မိမိကိုယ်တိုင်နှင့် မိမိအားထိသူမည်သူမဆို ထုံးတမ်းအရမသန့်ရှင်းကြောင်း သူသိထားသည်။ (ဝတ်. ၁၅:၂၅-၂၇) သို့တိုင် ယေရှု၏ဂုဏ်သတင်းနှင့် ပြုမူဆက်ဆံပုံတို့ကြောင့် ကိုယ်တော်သည် မိမိအားကုသနိုင်ပြီး ကုသပေးမည်ဖြစ်ကြောင်း သူယုံကြည်စိတ်ချခြင်းဖြစ်ရမည်။ “ငါသည် ဝတ်လုံကိုထိရုံမျှနှင့် ကျန်းမာလိမ့်မည်” ဟုတစ်ကိုယ်တည်းပြောလျက်နေ၏။ သတ္တိမွေးကာ ကိုယ်တော့်ဝတ်လုံကိုတို့လေရာ ထိုခဏချင်းတွင် ရောဂါပျောက်သွားသည်ကို ခံစားခဲ့ရသည်။

၁၂ မိမိအား တစ်စုံတစ်ဦးတို့သည်ကို ယေရှုသိတော်မူရာ မည်သူဖြစ်ကြောင်းသိမြင်ရန် ပတ်လည်ကိုကြည့်ရှုတော်မူ၏။ ပညတ်တရားကိုချိုးဖောက်ခြင်းကြောင့် ပြစ်တင်ခံရတော့မည်ကို ကြောက်ရွံ့နေပုံရသော ထိုအမျိုးသမီးသည် ကိုယ်တော်၏ခြေရင်းတွင်ပျပ်ဝပ်၍ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်းကြားလျှောက်လေ၏။ ဆင်းရဲပြီးဝေဒနာခံစားနေရသော ထိုအမျိုးသမီးကို ယေရှုပြစ်တင်ကြိမ်းမောင်းခဲ့သလော။ မကြိမ်းမောင်းခဲ့ပါ။ “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့” ဟုနှစ်သိမ့်စကားဆိုခဲ့သည်။ (မာ. ၅:၂၅-၃၄) ထိုသို့ကြင်နာသည့်စကားကို ကြားရသည့်အခါ သူအလွန်စိတ်သက်သာရာရခဲ့မည်ဖြစ်သည်။

၁၃။ (က) ယေရှု၏သဘောထားသည် ဖာရိရှဲတို့၏သဘောထားနှင့် မည်သို့ကွာခြားသနည်း။ (ခ) ကလေးများကို ယေရှုမည်သို့ဆက်ဆံခဲ့သနည်း။

၁၃ နှလုံးမာကြောသောဖာရိရှဲတို့နှင့်မတူဘဲ ခရစ်တော်သည် အခြားသူတို့အပေါ် ဝန်ထုပ်များထပ်တင်ရန် မိမိ၏အခွင့်အာဏာကို တစ်ခါမျှအသုံးမပြုခဲ့ပါ။ (မ. ၂၃:၄) ယင်းနှင့်ဆန့်ကျင်လျက် ကိုယ်တော်သည် ယေဟောဝါ၏နည်းလမ်းများကို အခြားသူတို့အား ကြင်နာစွာ၊ စိတ်ရှည်စွာ သင်ပေးခဲ့သည်။ ယေရှုသည် မိမိနောက်လိုက်များအဖို့ ချစ်ခင်ကြင်နာတတ်သောအဖော်ဖြစ်ခဲ့ကာ အမြဲတစေမေတ္တာပါပြီး ကြင်နာမှုရှိသော မိတ်ဆွေစစ်တစ်ဦးဖြစ်ခဲ့သည်။ (သု. ၁၇:၁၇; ယော. ၁၅:၁၁-၁၅) ကလေးများပင် ယေရှုနှင့်ရှိနေရသည်ကို သက်သောင့်သက်သာရှိကြပြီး ကိုယ်တော်လည်း သူတို့နှင့်အတူရှိရသည်မှာ သက်သောင့်သက်သာရှိကြောင်းထင်ရှားသည်။ ကိုယ်တော်သည် ကလေးများနှင့်အချိန်သုံးဖို့ မအားလောက်သည့်အထိ အလုပ်များမနေခဲ့ပါ။ တစ်ခါက ကိုယ်တော့်တပည့်တို့သည် မိမိတို့ဝန်းကျင်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များကဲ့သို့ ကိုယ့်ကိုယ်ကိုအထင်ကြီးသည့်သဘောထား ရှိဆဲဖြစ်ပုံရရာ မိမိတို့၏ကလေးများကိုတို့ထိစေရန် ယေရှုထံခေါ်ဆောင်လာကြသူတို့ကို တားဆီးဖို့ကြိုးစားခဲ့ကြသည်။ တပည့်များ၏ထိုလုပ်ရပ်ကို ယေရှုမနှစ်သက်ခဲ့ပါ။ သူတို့ကို ကိုယ်တော်ဤသို့မိန့်ဆိုခဲ့၏– “ငါ့ထံသို့ ကလေးငယ်များ လာပါလေစေ။ မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။” ထို့နောက် ကလေးများကိုသုံး၍ အရေးပါသောဤသင်ခန်းစာကို တပည့်များအားသင်ပေးခဲ့၏– “ငါအမှန်ဆိုသည်ကား၊ မည်သူမဆို ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံယူလျှင် နိုင်ငံတော်သို့ အလျှင်းမဝင်ရကြ။”—မာ. ၁၀:၁၃-၁၅

၁၄။ ကလေးငယ်တို့သည် အကျိုးဖြစ်စေသောဂရုစိုက်မှုမှ အဘယ်အကျိုးကျေးဇူးများ ရရှိကြသနည်း။

၁၄ နှစ်များစွာကြာသော် ထိုကလေးများထဲမှအချို့တို့သည် အမျိုးသား၊ အမျိုးသမီးများဖြစ်လာချိန်တွင် ယေရှုခရစ် ‘မိမိတို့ကို ချီပိုက်လျက်၊ မိမိတို့အပေါ်မှာ လက်တော်ကိုတင်လျက် ကောင်းချီးပေး’ သည်ကို ပြန်အမှတ်ရကြသောအခါ မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ (မာ. ၁၀:၁၆) ယနေ့ ကလေးများသည်လည်း မိမိတို့အပေါ် အကျိုးဖြစ်စေသော၊ တစ်ကိုယ်ကောင်းမဆန်သောစိတ်ဝင်စားမှု တင်ပြကြသည့် အကြီးအကဲများနှင့် အခြားသူတို့ကို မြတ်မြတ်နိုးနိုး ပြန်အမှတ်ရကြပေမည်။ ပို၍အရေးကြီးသည်မှာ အစောပိုင်းအရွယ်မှစ၍ အသင်းတော်တွင် ထိုကဲ့သို့သောစစ်မှန်သည့်ဂရုစိုက်မှုကို ရရှိကြသည့်ကလေးငယ်များသည် မိမိ၏လူမျိုးအပေါ် ယေဟောဝါ၏စွမ်းအားတော်ရှိကြောင်း သိရှိလာကြသည်။

အကြင်နာမဲ့သောလောကတွင် ကြင်နာမှုတင်ပြပါ

၁၅။ ယနေ့အချိန်တွင် ကြင်နာမှုကင်းမဲ့နေခြင်းကို အဘယ်ကြောင့် မအံ့သြသင့်သနည်း။

၁၅ ယနေ့ များစွာသောသူတို့က အခြားသူတို့အား ကြင်နာမှုတင်ပြရန် အချိန်မရှိဟု ခံစားကြရသည်။ ထို့ကြောင့် ယေဟောဝါ၏လူမျိုးသည် ကျောင်း၊ အလုပ်ခွင်၊ ခရီးသွားစဉ်နှင့် ဓမ္မအမှုတွင် လောက၏စိတ်ထားကို နေ့စဉ်မြင်တွေ့ကြရသည်။ အကြင်နာမဲ့သောစိတ်သဘောထားက ကျွန်ုပ်တို့အား စိတ်ဓာတ်ကျစေပေမည်၊ သို့သော် ယင်းတို့ကို မအံ့သြသင့်ပါ။ ခက်ခဲကျပ်တည်းသော ဤ “နောက်ဆုံးသောနေ့ရက်များ” အတွင်း ခရစ်ယာန်စစ်များသည် “ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ . . . မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ” တို့နှင့်တွေ့ဆုံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုသတိပေးရန် ပေါလုကို ယေဟောဝါမှုတ်သွင်းတော်မူခဲ့သည်။—၂ တိ. ၃:၁-၃

၁၆။ အသင်းတော်တွင် ခရစ်တော်ကဲ့သို့သောကြင်နာမှုကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။

၁၆ အခြားတစ်ဖက်တွင်မူ စစ်မှန်သောခရစ်ယာန်အသင်းတော်အတွင်းအခြေအနေသည် အကြင်နာမဲ့သောလောကနှင့်ခြားနားလျက် လန်းဆန်းမှုဖြစ်စေသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် ယေရှုကိုတုပခြင်းဖြင့် အကျိုးဖြစ်စေသောယင်းဝန်းကျင်ကို ထောက်ကူပေးနိုင်သည်။ ကျွန်ုပ်တို့ မည်သို့ပြုလုပ်နိုင်သနည်း။ ဦးစွာ၊ အသင်းတော်အတွင်းရှိ များစွာသောသူတို့သည် ကျန်းမာရေးပြဿနာများ သို့မဟုတ် အခြားခက်ခဲသောအခြေအနေများကြောင့် ကျွန်ုပ်တို့၏အကူအညီနှင့် အားပေးမှုလိုအပ်ကြသည်။ ဤ “နောက်ဆုံးသောနေ့ရက်များ” တွင် ထိုကဲ့သို့သောပြဿနာများ တိုးများလာပေမည်၊ သို့သော် ယင်းတို့သည် အသစ်အဆန်းမဟုတ်ပါ။ သမ္မာကျမ်းစာခေတ်က ခရစ်ယာန်များသည် အလားတူပြဿနာများ ခံစားခဲ့ရသည်။ သို့ဖြစ်၍ အထောက်အကူဖြစ်သောလုပ်ရပ်များသည် ထိုအချိန်ကအသက်ရှင်ခဲ့သော ခရစ်ယာန်များအတွက် သင့်လျော်ခဲ့သကဲ့သို့ ယနေ့အချိန်တွင်လည်း သင့်လျော်ပါသည်။ ဥပမာ၊ ပေါလုက ခရစ်ယာန်များအား “စိတ်အားငယ်သူတို့ကို နှစ်သိမ့်စကားဆိုလျက် အားနည်းသောသူတို့ကိုထောက်မပြီး ရှိသမျှသောသူတို့ကို စိတ်ရှည်ကြရန်” တိုက်တွန်းနှိုးဆော်ခဲ့သည်။ (၁ သက်. ၅:၁၄) ယင်းတွင် ခရစ်တော်ကဲ့သို့သောကြင်နာမှုကို လုပ်ရပ်ဖြင့်တင်ပြခြင်း ပါဝင်သည်။

၁၇၊ ၁၈။ ယေရှု၏ကြင်နာမှုကို ကျွန်ုပ်တို့တုပနိုင်သည့် နည်းလမ်းအချို့မှာ အဘယ်နည်း။

၁၇ ခရစ်ယာန်များသည် ‘ညီအစ်ကိုများကို လက်ခံကြိုဆို’ ကာ သူတို့ကို ယေရှုဆက်ဆံမည့်နည်းအတိုင်း ကျွန်ုပ်တို့ဆက်ဆံရန်တာဝန်ရှိကြရာ ကျွန်ုပ်တို့နှင့် သိကျွမ်းသည်မှာ နှစ်ပေါင်းများစွာကြာသူကိုရော တစ်ကြိမ်မျှမတွေ့ဖူးသူတို့ကိုပါ စစ်မှန်သည့်ဂရုစိုက်မှုတင်ပြကြသည်။ (၃ ယော. ၅-၈) ယေရှုသည် အစပြုကာ အခြားသူတို့ကို သနားစာနာမှုတင်ပြခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း အခြားသူတို့ကို အမြဲလန်းဆန်းစေခြင်းဖြင့် ထိုသို့ပြုသင့်သည်။—ဟေရှာ. ၃၂:၂; မ. ၁၁:၂၈-၃၀

၁၈ ကျွန်ုပ်တို့တစ်ဦးစီသည် သူတစ်ပါးအကျိုးကို တက်တက်ကြွကြွ စိတ်ဝင်တစားလုပ်ဆောင်ပေးခြင်းဖြင့် ကြင်နာမှုတင်ပြနိုင်သည်။ ယင်းသို့ပြုလုပ်ရန် နည်းလမ်းများ၊ အခွင့်အလမ်းများရှာကြံပါ။ ကြိုးစားကူညီပါ။ ပေါလုက “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်းချစ်ခင်စုံမက်ကြလော့” ဟုတိုက်တွန်းပြီး “အချင်းချင်း ဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့” ဟုထပ်ဆင့်ခဲ့သည်။ (ရော. ၁၂:၁၀) ယင်းက ခရစ်တော်၏စံနမူနာကိုလိုက်လျှောက်ခြင်း၊ အခြားသူတို့ကိုနွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာဆက်ဆံခြင်း၊ “ဟန်ဆောင်မှုကင်းသော ချစ်ခြင်းမေတ္တာ” တင်ပြရန်သင်ယူခြင်းကို ဆိုလိုသည်။ (၂ ကော. ၆:၆) ခရစ်တော်ကဲ့သို့သောထိုမေတ္တာကို ပေါလုဤသို့ဖော်ပြခဲ့၏– “မေတ္တာသည် စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏။ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။” (၁ ကော. ၁၃:၄) ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများကို အငြိုးထားမည့်အစား ဤဆုံးမစကားကို လိုက်နာနိုင်ကြပါစေ– “အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ဧ. ၄:၃၂

၁၉။ ခရစ်တော်ကဲ့သို့သောကြင်နာမှုကို တင်ပြခြင်းမှ အဘယ်ရလဒ်ကောင်းများ ရရှိသနည်း။

၁၉ အချိန်တိုင်း၊ အခြေအနေတိုင်းတွင် ခရစ်တော်ကဲ့သို့သောကြင်နာမှုကို ပြုစုပျိုးထောင်ပြီးတင်ပြရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုသည် အကျိုးကျေးဇူး ကြီးစွာဖြစ်ထွန်းပါသည်။ ယေဟောဝါ၏စွမ်းအားတော်သည် အသင်းတော်တွင် လွတ်လပ်စွာစီးဆင်းနေမည်ဖြစ်ပြီး ယင်းကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများမွေးမြူရန် အထောက်အကူပြုမည်။ ထို့ပြင် ယေရှုချမှတ်ပေးခဲ့သောပုံစံကို ကျွန်ုပ်တို့လိုက်လျှောက်ပြီး ယင်းသို့လိုက်လျှောက်ရန် အခြားသူတို့အား အကူအညီပေးသည့်အခါ ပျော်ရွှင်ပြီးစည်းလုံးသည့်ကျွန်ုပ်တို့၏ဝတ်ပြုမှုသည် ဘုရားသခင်ကိုယ်တော်တိုင်အား စိတ်ရွှင်လန်းစေမည်။ ထို့ကြောင့် အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံသည့်အခါ ယေရှု၏နူးညံ့သိမ်မွေ့မှုနှင့်ကြင်နာမှုကို ထင်ဟပ်ပြရန် မပြတ်ကြိုးစားနေကြစို့။

သင်ရှင်းပြနိုင်သလော

• ယေရှုသည် “နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘော” ရှိကြောင်း မည်သို့တင်ပြခဲ့သနည်း။

• ကြင်နာမှုကို ယေရှုမည်သို့တင်ပြခဲ့သနည်း။

• ဤမစုံလင်သောလောကတွင် ခရစ်တော်ကဲ့သို့သောနူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုကို တင်ပြနိုင်သည့် နည်းလမ်းအချို့မှာ အဘယ်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ညီအစ်ကိုတစ်ဦး၏ယုံကြည်ခြင်း ချည့်နဲ့နေချိန်တွင် ပေတရုအဖြစ်တွင်ကဲ့သို့ ကျွန်ုပ်တို့၏လက်ကိုဆန့်ပြီး အကူအညီပေးမည်လော

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အသင်းတော်သည် ကြင်နာမှုပြည့်လွှမ်းသော စံရိပ်ငြိမ်ဖြစ်ရန် သင်မည်သို့ကူညီနိုင်သနည်း