မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်၏မေတ္တာက မေတ္တာတင်ပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်

ခရစ်တော်၏မေတ္တာက မေတ္တာတင်ပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်

ခရစ်တော်၏မေတ္တာက မေတ္တာတင်ပြရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်

‘ယေရှုသည် ဤလောကရှိ မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။’—ယော. ၁၃:၁

၁၊ ၂။ (က) ယေရှု၏မေတ္တာသည် မည်သို့အားဖြင့် ပေါ်လွင်ထင်ရှားသနည်း။ (ခ) ဤဆောင်းပါးတွင် မေတ္တာဆိုင်ရာအဘယ်အချက်များကို သုံးသပ်ကြမည်နည်း။

ယေရှုသည် မေတ္တာတင်ပြရာတွင် စုံလင်သောစံနမူနာချမှတ်ခဲ့သည်။ ကိုယ်တော်၏ပြုမူပြောဆိုပုံ၊ ကိုယ်တော်၏သွန်သင်ချက်၊ ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်၏သေခြင်းစသော ကိုယ်တော်နှင့်ပတ်သက်သမျှအရာအားလုံးတွင် ကိုယ်တော်၏မေတ္တာ ထင်ရှားပေါ်လွင်သည်။ ယေရှု၏မြေကြီးအသက်တာကုန်ခါနီးတွင် ကိုယ်တော်သည် မိမိတွေ့ဆုံရသောသူတို့ကို၊ အထူးသဖြင့် တပည့်များကို မေတ္တာတင်ပြခဲ့သည်။

မေတ္တာနှင့်ပတ်သက်၍ ယေရှု၏ထူးခြားသောစံနမူနာသည် နောက်လိုက်များလိုက်လျှောက်ရန် မြင့်မားသောစံနှုန်းတစ်ခုဖြစ်သည်။ အသင်းတော်ရှိညီအစ်ကိုညီအစ်မများအပြင် အခြားသူအားလုံးကို အလားတူမေတ္တာတင်ပြရန်လည်း ကျွန်ုပ်တို့ကိုလှုံ့ဆော်သည်။ ဤဆောင်းပါးတွင် အသင်းတော်အကြီးအကဲများသည် အမှားကျူးလွန်သူများ၊ ကြီးလေးသောအမှားကျူးလွန်သူများကိုပင် မေတ္တာတင်ပြရာတွင် ယေရှုထံမှ အဘယ်အရာသင်ယူနိုင်သည်ကို သုံးသပ်ကြပါမည်။ အခက်အခဲ၊ ဘေးအန္တရာယ်၊ ဖျားနာမှုတို့နှင့် ရင်ဆိုင်ရချိန်တွင် အပြုသဘောလုပ်ရပ်များလုပ်ဆောင်ရန် ယေရှု၏မေတ္တာက ခရစ်ယာန်များအားလှုံ့ဆော်ပုံကိုလည်း သုံးသပ်ကြပါမည်။

၃။ ပေတရု၏ကြီးလေးသောအပြစ်များကြားမှ သူ့ကို ယေရှုမည်သို့ဆက်ဆံခဲ့သနည်း။

ယေရှုမသေဆုံးမီညတွင် ကိုယ်တော်၏တမန်တော်ပေတရုသည် ကိုယ်တော်ကို သုံးကြိမ်ငြင်းပယ်ခဲ့သည်။ (မာ. ၁၄:၆၆-၇၂) သို့တိုင် ယေရှုကြို၍မိန့်တော်မူခဲ့သည့်အတိုင်း ပေတရုသည် နောင်တယူသောအခါ သူ့ကိုယေရှုခွင့်လွှတ်ခဲ့သည်။ ယေရှုသည် ပေတရုအား ကြီးလေးသောတာဝန်များကို အပ်နှင်းခဲ့သည်။ (လု. ၂၂:၃၂; တ. ၂:၁၄; ၈:၁၄-၁၇; ၁၀:၄၄၊ ၄၅) ကြီးလေးသည့်အပြစ်ပြုခဲ့သူတစ်ဦးအပေါ် ယေရှု၏သဘောထားမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူရရှိသနည်း။

အမှားပြုသူများအပေါ် ခရစ်တော်၏စိတ်သဘောထား တင်ပြပါ

၄။ အထူးသဖြင့် အဘယ်အခြေအနေတွင် ခရစ်တော်၏စိတ်သဘောထား တင်ပြရန်လိုသနည်း။

ခရစ်တော်၏စိတ်သဘောထားမျိုးတင်ပြရန်လိုအပ်သည့် အခြေအနေများစွာထဲမှ အထူးသဖြင့်စိတ်ကြေကွဲနိုင်သည့်အရာတစ်ခုမှာ မိသားစုတွင် သို့မဟုတ် အသင်းတော်တွင် ကြီးလေးသောအမှားပြုခြင်းနှင့်ပတ်သက်သည်။ ဝမ်းနည်းစရာမှာ စာတန့်စနစ်၏နောက်ဆုံးသောနေ့ရက်များ အထွတ်အထိပ်ရောက်လာသည်နှင့်အမျှ လောကစိတ်ဓာတ်သည် ယခင်ကထက်ပို၍ ကိုယ်ကျင့်တရားပျက်စီးစေသည်။ လောက၏ဆိုးညစ်သော သို့မဟုတ် ညံ့ဖျင်းသောကိုယ်ကျင့်တရား သဘောထားများသည် လမ်းကျဉ်းတွင်လျှောက်ရန်ဟူသော လူကြီးလူငယ်မဟူ၏စိတ်ပိုင်းဖြတ်ချက်ကို တိုက်စားသွားနိုင်သည်။ ပထမရာစုတွင် အချို့သူတို့သည် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံခဲ့ရပြီး အခြားသူတို့မှာ ဆုံးမခံခဲ့ရသည်။ ယနေ့တွင်လည်း အလားတူဖြစ်သည်။ (၁ ကော. ၅:၁၁-၁၃; ၁ တိ. ၅:၂၀) သို့သော် ယင်းကိစ္စများကိုကိုင်တွယ်သော အကြီးအကဲများသည် ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြသည့်အခါ အမှားပြုသူအပေါ် ကြီးစွာအကျိုးသက်ရောက်နိုင်သည်။

၅။ အမှားပြုသူများအပေါ်ထားသော ခရစ်တော်၏သဘောထားကို အကြီးအကဲများ မည်သို့တုပသင့်သနည်း။

ယေရှုကဲ့သို့ပင် အကြီးအကဲများသည် ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများကို အချိန်တိုင်းကိုင်စွဲရမည်။ ယင်းသို့ပြုသည့်အခါ သူတို့သည် ယေဟောဝါ၏ နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှုနှင့် မေတ္တာကို ထင်ဟပ်ပြခြင်းဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏အမှားကြောင့် အမှန်နောင်တရပြီး “ကျိုးပဲ့သောစိတ်” နှင့် “နှလုံးကြေကွဲ” သည့်အခါ အကြီးအကဲများသည် “ထိုသို့သောသူကို နူးညံ့သိမ်မွေ့သောစိတ်နှင့်တည့်မတ်ပေး” ရန် အခက်အခဲရှိမည်မဟုတ်ပါ။ (ဆာ. ၃၄:၁၈; ဂလ. ၆:၁) သို့သော် ပြောင်ပြောင်တင်းတင်းဖီဆန်ကာ နောင်တမယူသူတစ်ဦးကို မည်သို့ဆက်ဆံသင့်သနည်း။

၆။ အမှားပြုသူများနှင့် ပြောဆိုဆက်ဆံချိန်တွင် အကြီးအကဲများသည် အဘယ်အရာကိုရှောင်ရမည်နည်း၊ အဘယ်ကြောင့်နည်း။

အမှားပြုသူတစ်ဦးသည် သမ္မာကျမ်းစာဆုံးမစကားကိုငြင်းပယ်ခြင်း သို့မဟုတ် မိမိအမှားကို အခြားသူအပေါ်တင်ခြင်းပြုသည့်အခါ အကြီးအကဲများနှင့် အခြားသူတို့သည် အမျက်ထွက်ကြပေမည်။ ထိုသူဖြစ်ပေါ်စေခဲ့သော ထိခိုက်မှုများကိုသိထားရာ ထိုသူ၏လုပ်ဆောင်မှုများ၊ သဘောထားများနှင့်စပ်လျဉ်း၍ မိမိတို့၏ခံစားချက်များဖွင့်ထုတ်ရန် သွေးဆောင်ခံရနိုင်သည်။ သို့တိုင် အမျက်ဒေါသသည် ထိခိုက်နစ်နာမှုကိုဖြစ်စေပြီး “ခရစ်တော်၏စိတ်သဘောထားမျိုး” ကို ထင်ဟပ်ပြခြင်းမဟုတ်ပါ။ (၁ ကော. ၂:၁၆; ယာကုပ် ၁:၁၉၊ ၂၀ ကိုဖတ်ပါ။) ယေရှုသည် မိမိခေတ်ရှိအချို့သူတို့ကို ရှင်းလင်းပြတ်သားသောအသုံးအနှုန်းများဖြင့် သတိပေးခဲ့သော်လည်း မုန်းတီးစိတ် သို့မဟုတ် နာကျင်သွားစေရန်ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိခဲ့ပါ။ (၁ ပေ. ၂:၂၃) ယင်းအစား အမှားပြုသူများ နောင်တယူပြီး ယေဟောဝါ၏မျက်နှာသာပြန်ရစေရန် လမ်းဖွင့်ပေးခဲ့သည်။ မှန်ပါသည်၊ ဤလောကသို့ ယေရှုကြွလာရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ “အပြစ်ရှိသောသူတို့ကို ကယ်တင်ရန်” ဖြစ်သည်။—၁ တိ. ၁:၁၅

၇၊ ၈။ တရားရေးကိစ္စများတွင် အကြီးအကဲများကို အဘယ်အရာက လမ်းညွှန်သင့်သနည်း။

ဤကိစ္စတွင် ယေရှု၏စံနမူနာက အသင်းတော်၏ဆုံးမပဲ့ပြင်မှုခံရသူတို့အပေါ် ကျွန်ုပ်တို့၏သဘောထားကို မည်သို့သက်ရောက်မှုရှိသင့်သနည်း။ အသင်းတော်အတွင်း တရားရေးကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာအစီအစဉ်သည် သိုးတော်စုကိုကာကွယ်ပေးပြီး ဆုံးမခံရသောအပြစ်ပြုသူကို နောင်တယူရန်လှုံ့ဆော်နိုင်ကြောင်း သတိရပါ။ (၂ ကော. ၂:၆-၈) အချို့သူတို့သည် နောင်တမယူ၍နှင်ထုတ်ခံရသည်ကို တွေ့ရခြင်းသည် ဝမ်းနည်းစရာဖြစ်သော်လည်း ထိုသို့သောသူအများစုသည် နောက်ပိုင်းတွင် ယေဟောဝါနှင့် ကိုယ်တော့်အသင်းတော်ထံ ပြန်လှည့်လာကြကြောင်းသိရခြင်းက နှလုံးနွေးထွေးစေသည်။ အကြီးအကဲများသည် ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြသည့်အခါ ထိုသူသည် နောင်တလမ်းစဉ်ကိုပြန်သုံးသပ်ပြီး နောက်ပိုင်းပြန်လှည့်လာရန် လွယ်ကူစေသည်။ အနာဂတ်တွင် ယခင်ကအမှားပြုခဲ့သူတို့ထဲမှအချို့သည် အကြီးအကဲများပေးသည့် သမ္မာကျမ်းစာဆုံးမစကားအားလုံးကို မှတ်မိမည်မဟုတ်သော်လည်း အကြီးအကဲများသည် မိမိတို့အား လေးစားမှုပြပြီး မေတ္တာနှင့်ဆက်ဆံခဲ့သည်ကို အမှန်ပင်သတိရကြပါလိမ့်မည်။

ထို့ကြောင့် အမှားပြုသူများက သမ္မာကျမ်းစာဆုံးမစကားကို လက်မခံလျှင်ပင် အကြီးအကဲများသည် “စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများ၊” အထူးသဖြင့် ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြကြရမည်။ (ဂလ. ၅:၂၂၊ ၂၃) အမှားပြုသူတစ်ဦးကို ဘယ်တော့မျှ အသင်းတော်မှ အလျင်စလိုမထုတ်ပယ်သင့်ပါ။ အမှားပြုသူတို့ကို ယေဟောဝါထံပြန်လှည့်လာစေလိုကြောင်း တင်ပြရမည်။ ထို့ကြောင့် များစွာသောသူတို့ပြုလုပ်ခဲ့သကဲ့သို့ အပြစ်သားတစ်ဦးသည် နောက်ပိုင်း နောင်တယူသည့်အခါ သူသည် ယေဟောဝါကိုရော မိမိအား အသင်းတော်အတွင်းပြန်လှည့်လာစေရန် လွယ်ကူအောင်ကူညီပေးခဲ့သူ “လူ့အသွင်ဆုများ” ကိုပါ အလွန်ကျေးဇူးတင်ပေမည်။—ဧ. ၄:၈၊ ၁၁၊ ၁၂

နောက်ဆုံးကာလတွင်

ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြခြင်း

၉။ ယေရှုသည် လက်တွေ့ကျသောနည်းဖြင့် မိမိတပည့်များကို မေတ္တာတင်ပြခဲ့သည့် ဥပမာတစ်ခုပေးပါ။

ယေရှု၏လက်တွေ့ကျသောမေတ္တာပြမှုဆိုင်ရာ ထူးခြားသည့်အဖြစ်အပျက်တစ်ခုကို လုကာမှတ်တမ်းတင်ထားသည်။ အချိန်တန်သည့်အခါ ရောမစစ်သားတို့သည် တရားစီရင်ခံရမည့် ဂျေရုဆလင်မြို့ကိုဝိုင်းရံပြီး ထွက်မပြေးနိုင်အောင် ပိတ်ဆို့ကြမည်ဖြစ်ကြောင်း ခရစ်တော်သိရှိသောကြောင့် ယေရှုသည် မိမိတပည့်များအား မေတ္တာဖြင့်ဤသို့သတိပေးခဲ့၏– “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံလျက်ရှိကြောင်း သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုနီးပြီဟု သိမှတ်ကြလော့။” သူတို့ အဘယ်အရာပြုလုပ်သင့်သနည်း။ ယေရှုသည် ရှင်းလင်းပြီးတိကျသော ကြိုတင်ညွှန်ကြားချက်ပေးခဲ့သည်။ “ထိုအခါ ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။ အကြောင်းမူကား ထိုနေ့ရက်ကာလသည် ကျမ်းစာ၌ရေးထားသမျှ ပြည့်စုံရသော အကျိုးအပြစ်ဆပ်ပေးရာနေ့ရက်ကာလ ဖြစ်သောကြောင့်တည်း။” (လု. ၂၁:၂၀-၂၂) ရောမစစ်တပ်သည် စီအီး ၆၆ တွင်ဂျေရုဆလင်ကိုဝိုင်းရံခဲ့ပြီးနောက် နာခံမှုရှိသူတို့သည် ယင်းညွှန်ကြားချက်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။

၁၀၊ ၁၁။ အစောပိုင်းခရစ်ယာန်များ ဂျေရုဆလင်မှထွက်ပြေးခြင်းအကြောင်း သုံးသပ်ခြင်းက ‘ကြီးစွာသောဆင်းရဲခြင်း’ အတွက် ကျွန်ုပ်တို့အသင့်ပြင်ဆင်ရာတွင် မည်သို့အထောက်အကူပြုနိုင်သနည်း။

၁၀ ဂျေရုဆလင်မှထွက်ပြေးနေစဉ် ခရစ်ယာန်များသည် မိမိတို့အား ခရစ်တော်မေတ္တာပြခဲ့သကဲ့သို့ တစ်ဦးနှင့်တစ်ဦး ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြဖို့လိုခဲ့သည်။ မိမိတို့၌ရှိသော မည်သည့်အရာကိုမဆို တစ်ဦးနှင့်တစ်ဦး ဝေမျှခဲ့ရသည်မှာ သေချာသည်။ သို့သော် ယေရှု၏ပရောဖက်ပြုချက်သည် ရှေးမြို့တော်တစ်ခုပျက်စီးခြင်းထက်မက ပို၍အကြီးစားပြည့်စုံရန်ဖြစ်သည်။ ကိုယ်တော်ဤသို့ကြိုဟောခဲ့၏– ‘ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောင်လည်းဖြစ်မည်မဟုတ်သည့် ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ဖြစ်လိမ့်မည်။’ (မ. ၂၄:၁၇၊ ၁၈၊ ၂၁) ကျွန်ုပ်တို့သည်လည်း မကြာမီရောက်လာတော့မည့် ‘ကြီးစွာသောဆင်းရဲခြင်း’ မတိုင်မီနှင့် ယင်းအတောအတွင်း အခက်အခဲများနှင့် ဆင်းရဲချို့ငဲ့မှုများ ကြုံရပေမည်။ ခရစ်တော်၏စိတ်သဘောထားမျိုးရှိခြင်းက ယင်းတို့ကိုခံရပ်ရန် အထောက်အကူပြုမည်။

၁၁ ထိုအချိန်အတွင်း ကျွန်ုပ်တို့သည် ကိုယ်ကျိုးမရှာသောမေတ္တာကိုတင်ပြခြင်းဖြင့် ယေရှု၏စံနမူနာကို လိုက်လျှောက်ဖို့လိုမည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလုဤသို့ညွှန်ကြားခဲ့၏– “ငါတို့ရှိသမျှသည် လူသားချင်း၌ တည်ဆောက်ခြင်းကောင်းကျိုးရှိစေရန် သူ၏အလိုအတိုင်း ပြုကြစို့။ အကြောင်းမူကား ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ။ . . . ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင် ဘုရားသခင်သည် ခရစ်တော်ယေရှု၌ရှိသော စိတ်သဘောထားမျိုး သင်တို့၌လည်း ရှိခွင့်ပေးတော်မူပါစေ။”—ရော. ၁၅:၂၊ ၃၊

၁၂။ ယခုအချိန်တွင် မည်ကဲ့သို့သောမေတ္တာကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ဖို့လိုပြီး အဘယ်ကြောင့်နည်း။

၁၂ ယေရှု၏မေတ္တာကိုရရှိခဲ့သူ ပေတရုသည်လည်း ခရစ်ယာန်များအား “ဟန်ဆောင်မှုမရှိဘဲ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း” ကိုပြုစုပျိုးထောင်ရန်နှင့် “အမှန်တရားကိုနာခံ” ကြောင်းတင်ပြရန် တိုက်တွန်းခဲ့သည်။ သူတို့သည် “အချင်းချင်း စိတ်နှလုံးထဲမှ နက်ရှိုင်းစွာချစ်ကြ” ရန်ဖြစ်သည်။ (၁ ပေ. ၁:၂၂) ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့သော ယင်းအရည်အသွေးများကို ပြုစုပျိုးထောင်ရန် ယခင်ကထက်ယခုပိုလိုအပ်သည်။ ဘုရားသခင့်လူမျိုးကြုံနေရသောဖိအားများသည် အလွန်ပြင်းထန်သည်။ မကြာမီကဖြစ်ခဲ့သော ကမ္ဘာ့ငွေကြေးစနစ်မတည်ငြိမ်မှုက အထင်အရှားဖော်ပြသကဲ့သို့ မည်သူမျှ ဤလောကရှိမည်သည့်အရာကိုမျှ မကိုးစားသင့်ချေ။ (၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။) ယင်းအစား ဤလောကစနစ်အဆုံးနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ပို၍ရင်းနှီးဖို့လိုပြီး အသင်းတော်တွင် စစ်မှန်သောမိတ်ဆွေများဖွဲ့ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးပို၍ရင်းနှီးသင့်သည်။ ပေါလုဤသို့အကြံပေးခဲ့၏– “ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းဖြင့် အချင်းချင်းချစ်ခင်စုံမက်ကြလော့။ အချင်းချင်းဂုဏ်တင်ရာတွင် ဦးဆောင်ကြလော့။” (ရော. ၁၂:၁၀) ထို့ပြင် ပေတရုက ယင်းအချက်ကို ဤသို့ထပ်ဆင့်အလေးပေးဖော်ပြ၏– “ထိုအရာအားလုံးတို့ထက် အချင်းချင်းအားကြီးသောမေတ္တာဖြင့် ချစ်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”—၁ ပေ. ၄:၈

၁၃-၁၅။ ဘေးအန္တရာယ်ကျပြီးနောက်တွင် ညီအစ်ကိုအချို့သည် ခရစ်တော်ကဲ့သို့သောမေတ္တာကို မည်သို့တင်ပြခဲ့ကြသနည်း။

၁၃ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများသည် ခရစ်တော်ကဲ့သို့သောမေတ္တာကို လုပ်ရပ်ဖြင့်ပြခြင်းကြောင့် လူသိများသည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသအများအပြားကို မုန်တိုင်းများ၊ ဟာရီကိန်းများက သိမ်းရုံးဖျက်ဆီးပြီးနောက် လိုအပ်သောအကူအညီပေးရန် စေတနာ့ဝန်ထမ်းခဲ့ကြသော သက်သေခံများကို သုံးသပ်ကြည့်ပါ။ ယေရှု၏စံနမူနာကလှုံ့ဆော်သဖြင့် ၂၀,၀၀၀ ကျော်စေတနာ့ဝန်ထမ်းခဲ့ကြပြီး များစွာသောသူတို့သည် အခက်ကြုံနေသော မိမိတို့၏ညီအစ်ကိုများကိုကူညီရန် သက်သောင့်သက်သာရှိသောအိမ်မှ၊ စိတ်ချရသောအလုပ်မှ ထွက်ခဲ့ကြသည်။

၁၄ ဒေသတစ်ခုတွင် ပေ ၃၀ မြင့်သောရေလှိုင်းများ အရှိန်နှင့်ဝင်ရောက်လာရာ ပင်လယ်ရေသည် ကုန်းတွင်းမိုင် ၅၀ အထိရောက်ရှိခဲ့သည်။ ရေများပြန်ဆုတ်သွားချိန်တွင် ယင်းလမ်းကြောင်းတွင်ရှိသော အိမ်များနှင့် အခြားအဆောက်အအုံသုံးပုံတစ်ပုံ လုံးလုံးပျက်စီးသွားသည်။ နိုင်ငံအတော်များများမှ သက်သေခံစေတနာ့ဝန်ထမ်းများတွင် အချို့သည် လိုအပ်သောအတတ်ပညာကျွမ်းကျင်သူများဖြစ်ပြီး အကူအညီပေးရန် ပစ္စည်းကိရိယာများကိုပါ ယူဆောင်လာကြကာ လိုအပ်သည့်မည်သည့်အလုပ်ကိုမဆိုလုပ်ရန် တလိုတလားရှိကြသည်။ မုဆိုးမများဖြစ်ကြသော သွေးသားရင်းချာညီအစ်မနှစ်ဦးသည် အကူအညီပေးရန် မိမိတို့ပိုင်ဆိုင်ရာများကိုထုပ်ပိုးကာ ထရပ်ကားငယ်ပေါ်တင်ပြီး မိုင် ၂,၀၀၀ ခရီးကားမောင်းလာခဲ့ကြသည်။ ထိုညီအစ်မထဲမှအငယ်ဖြစ်သူသည် ထိုဒေသတွင်ဆက်နေထိုင်ပြီး ဒေသခံကယ်ဆယ်ရေးကော်မတီကို အကူအညီပေးနေဆဲဖြစ်ကာ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။

၁၅ ထိုဒေသရှိသက်သေခံများနှင့် အခြားသူတို့၏အိမ် ၅,၆၀၀ ကျော်ကို ပြန်လည်တည်ဆောက် သို့မဟုတ် ပြုပြင်ပေးခဲ့သည်။ ဒေသခံသက်သေခံများသည် ထူးခြားသောမေတ္တာတင်ပြမှုရရှိကြ၍ မည်သို့ခံစားကြရသနည်း။ အိမ်လုံးဝပျက်စီးသွားသော ညီအစ်မတစ်ဦးသည် အမိုးလည်းမလုံ၊ မီးဖိုလည်းပျက်နေသော နောက်တွဲယာဉ်ငယ်လေးတွင် ပြောင်းနေခဲ့ရသည်။ ညီအစ်ကိုများက ညီအစ်မအဖို့ တော်သင့်ရုံဖြစ်သော်လည်း သက်သောင့်သက်သာရှိသောအိမ်တစ်လုံး ဆောက်ပေးခဲ့သည်။ သပ်သပ်ရပ်ရပ်ရှိသောသူ၏အိမ်သစ်ရှေ့တွင်ရပ်ကာ ယေဟောဝါနှင့် ညီအစ်ကိုများကိုကျေးဇူးတင်သောကြောင့် မျက်ရည်ကျခဲ့သည်။ အချို့အခြေအနေများတွင် အခြားနေရာသို့ရွှေ့ပြောင်းနေထိုင်ရသော ဒေသခံသက်သေခံများသည် မိမိတို့အိမ်များကိုတည်ဆောက်ပြီးနောက်၌ပင် ယာယီနေထိုင်ရာနေရာ၌ တစ်နှစ် သို့မဟုတ် တစ်နှစ်ကျော်နေခဲ့ရသည်။ အဘယ်ကြောင့်နည်း။ မိမိတို့အိမ်သစ်ကို ကယ်ဆယ်ရေးလုပ်သားများ အသုံးပြုနိုင်ရန်အတွက်ဖြစ်သည်။ ခရစ်တော်၏စိတ်သဘောထားမျိုးတင်ပြခြင်းတွင် အလွန်ကောင်းသောပုံသက်သေပင်။

ဖျားနာသူတို့ကို ခရစ်တော်၏သဘောထား တင်ပြခြင်း

၁၆၊ ၁၇။ ဖျားနာသူတို့အပေါ် အဘယ်နည်းများဖြင့် ခရစ်တော်၏စိတ်သဘောထားမျိုး တင်ပြနိုင်သနည်း။

၁၆ နှိုင်းယှဉ်ကြည့်သော် ကျွန်ုပ်တို့ထဲမှ အနည်းငယ်သောသူတို့သာ ကြီးကြီးမားမားသဘာဝဘေးဒဏ်နှင့် ကြုံတွေ့ခဲ့ကြရသည်။ သို့သော် မိမိကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ ယောက်စီယောက်တိုင်းသည် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဖျားနာသူအပေါ် ယေရှု၏စိတ်သဘောထားက ကျွန်ုပ်တို့အတွက် စံနမူနာတစ်ရပ်ဖြစ်သည်။ မေတ္တာ၏လှုံ့ဆော်မှုကြောင့် ကိုယ်တော်သည် ထိုသူတို့ကိုသနားခဲ့သည်။ လူအုပ်သည် ဖျားနာနေသူတို့ကို ကိုယ်တော်ထံခေါ်ဆောင်လာသည့်အခါ “ဝေဒနာပြင်းစွာခံစားနေရသူတို့ကို ကျန်းမာစေတော်မူ၏။”—မ. ၈:၁၆; ၁၄:၁၄

၁၇ ယနေ့ ခရစ်ယာန်များသည် ယေရှုကဲ့သို့ အံ့ဖွယ်ကုသနိုင်စွမ်းမရှိကြသော်လည်း ဖျားနာနေသူတို့အပေါ် ယေရှု၏သနားစာနာသည့်သဘောထားမျိုး တင်ပြကြသည်။ ယင်းကို မည်သို့တင်ပြကြသနည်း။ အထောက်အထားတစ်ခုအနေနှင့် အကြီးအကဲများသည် အသင်းတော်ရှိဖျားနာသူတို့ကိုကူညီရန် အစီအစဉ်များဆွဲပေးပြီး ကြီးကြပ်ပေးခြင်းဖြင့် ခရစ်တော်၏စိတ်သဘောထားမျိုးရှိကြောင်း တင်ပြကြသည်မှာ မဿဲ ၂၅:၃၉၊ ၄၀ တွင်ဖော်ပြထားသည့် လုပ်ဆောင်နည်းမူကို လိုက်လျှောက်ခြင်းဖြစ်သည်။ * (ဖတ်ပါ။)

၁၈။ ညီအစ်မနှစ်ဦးသည် အခြားသူအပေါ် မည်သို့မေတ္တာစစ်တင်ပြခဲ့ကြပြီး အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၈ တစ်စုံတစ်ဦးသည် အခြားသူတို့ကိုကောင်းမှုပြုရန် အကြီးအကဲတစ်ဦးဖြစ်ဖို့မလိုပါ။ ကင်ဆာရောဂါခံစားနေရပြီး ဆယ်ရက်သာခံတော့မည်ဟု အသိပေးခံရသူ အသက် ၄၄ နှစ်အရွယ် ရှယ်လင်း၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ၏လိုအပ်ရာနှင့် သူ့အားကြည့်ရှုစောင့်ရှောက်နေသော ခင်ပွန်းသည်၏ ကာယပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဖိစီးမှုကို သတိပြုမိသော အသင်းတော်မှညီအစ်မနှစ်ဦးဖြစ်သူ ရှာရွန်နှင့် နီကိုးလက်တို့သည် သူ၏နောက်ဆုံးနေ့ရက်များတစ်လျှောက် အချိန်ပြည့်အကူအညီပေးခဲ့ကြသည်။ ထိုနေ့ရက်များသည် ရက်သတ္တပတ်ခြောက်ပတ်အထိ ကြာသွားသော်လည်း ညီအစ်မနှစ်ဦးသည် အဆုံးအထိ မိမိတို့၏မေတ္တာကို ပြခဲ့ကြသည်။ “ပြန်ကောင်းလာမှာမဟုတ်ဘူးဆိုတာ သိထားတော့ တကယ်ခက်တယ်” ဟုရှာရွန်ဆို၏။ “ဒါပေမဲ့ ယေဟောဝါ ကျွန်မတို့ကိုခွန်အားပေးခဲ့တယ်။ ဒီအဖြစ်က ကိုယ်တော်နဲ့ရော၊ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက်ပါ ပိုပြီးရင်းနှီးလာခဲ့တယ်။” ရှယ်လင်း၏ခင်ပွန်း ဤသို့ဆို၏– “ဒီညီအစ်မနှစ်ယောက်ရဲ့ ကြင်နာမှု၊ လက်တွေ့ကျတဲ့ထောက်မမှုကို ကျွန်တော်အမြဲသတိရနေမှာပါ။ သူတို့ရဲ့စိတ်ရင်းမှန်၊ အပြုသဘောထားတွေက ကျွန်တော့်ရဲ့သစ္စာရှိတဲ့ရှယ်လင်းအတွက် ဒီနောက်ဆုံးစမ်းသပ်မှုဟာ လွယ်ကူသွားတယ်၊ ကျွန်တော်တကယ်လိုအပ်တဲ့ ကာယပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းသက်သာမှု ရရှိခဲ့တယ်။ သူတို့ကို အမြဲတမ်း ကျွန်တော်ကျေးဇူးတင်နေမှာပါ။ သူတို့ရဲ့ကိုယ်ကျိုးစွန့်မှုက ယေဟောဝါအပေါ် ကျွန်တော့်ရဲ့ယုံကြည်ခြင်းနဲ့ ညီအစ်ကိုအသင်းအပင်းတစ်ခုလုံးအပေါ် ကျွန်တော့်ရဲ့မေတ္တာကို ခိုင်မြဲစေခဲ့တယ်။”

၁၉၊ ၂၀။ (က) ခရစ်တော်၏ အဘယ်စိတ်သဘောထားငါးမျိုးကို ကျွန်ုပ်တို့သုံးသပ်ခဲ့သနည်း။ (ခ) အဘယ်အရာပြုလုပ်ရန် စိတ်ပိုင်းဖြတ်ထားသနည်း။

၁၉ ဤအခန်းဆက်ဆောင်းပါးသုံးခုတွင် ယေရှု၏စိတ်သဘောထားငါးမျိုးနှင့် ကိုယ်တော်ကဲ့သို့ ကျွန်ုပ်တို့ မည်သို့တွေးတောလုပ်ကိုင်နိုင်ပုံတို့ကို သုံးသပ်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ယေရှုကဲ့သို့ “နူးညံ့သိမ်မွေ့၍ စိတ်နှိမ့်ချသောသဘော” ရှိကြစို့။ (မ. ၁၁:၂၉) မစုံလင်မှုများနှင့် အားနည်းချက်များကို အထင်အရှားမြင်ရလျှင်ပင် အခြားသူတို့ကို ကြင်နာစွာဆက်ဆံဖို့ ကြိုးစားပါလေ။ စုံစမ်းနှောင့်ယှက်မှုများနှင့် ရင်ဆိုင်ရလျှင်ပင် ယေဟောဝါ၏တောင်းဆိုချက်အားလုံးကို ရဲစွမ်းသတ္တိရှိရှိနာခံကြစို့။

၂၀ ခရစ်တော်ကိုယ်တိုင် “အဆုံးတိုင်အောင်” ချစ်တော်မူခဲ့သကဲ့သို့ ကျွန်ုပ်တို့ညီအစ်ကိုအားလုံးအပေါ် ခရစ်တော်ကဲ့သို့သောမေတ္တာကို တင်ပြကြစို့။ ယင်းမေတ္တာက ယေရှု၏နောက်လိုက်စစ်များဖြစ်ကြောင်း ခွဲခြားသိမြင်စေပါသည်။ (ယော. ၁၃:၁၊ ၃၄၊ ၃၅) မှန်ပါသည်၊ “သင်တို့၏ ညီရင်းအစ်ကိုကဲ့သို့ချစ်ခြင်းကို ဆက်တင်ပြကြ” ပါလေ။ (ဟေဗြဲ ၁၃:၁) မတွန့်ဆုတ်ပါနှင့်။ ယေဟောဝါကိုချီးမွမ်းရန်နှင့် အခြားသူတို့ကိုကူညီရန် သင်၏အသက်တာကို အသုံးပြုပါ။ ယေဟောဝါသည် သင်၏စိတ်ရိုးမှန်ဖြင့်ကြိုးစားမှုများကို ကောင်းချီးပေးပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 အောက်တိုဘာ ၁၅၊ ၁၉၈၇ ကင်းမျှော်စင်ပါ “‘နွေးကြလော့၊ ဝကြလော့’ ဟုပြောဆိုသည်ထက် ပြုလုပ်ပါလေ” ဆောင်းပါးကိုရှု။

သင်ရှင်းပြနိုင်သလော

• အကြီးအကဲများသည် အမှားပြုသူများအပေါ် ခရစ်တော်၏စိတ်သဘောထားမျိုး မည်သို့တင်ပြနိုင်သနည်း။

• ဤနောက်ဆုံးသောကာလတွင် ခရစ်တော်၏မေတ္တာကိုတုပခြင်းသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။

• ဖျားနာသူတို့အပေါ် ခရစ်တော်၏စိတ်သဘောထားမျိုး မည်သို့ထင်ဟပ်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အကြီးအကဲများသည် အမှားပြုသူကို ယေဟောဝါထံပြန်လှည့်လာစေလိုကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဂျေရုဆလင်မှထွက်ပြေးသောခရစ်ယာန်များသည် ခရစ်တော်၏ စိတ်သဘောထားမျိုးကို မည်သို့ထင်ဟပ်ပြခဲ့ကြသနည်း

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေတို့သည် ခရစ်တော်ကဲ့သို့သောမေတ္တာကို လုပ်ရပ်ဖြင့်တင်ပြခြင်းကြောင့် လူသိများ