မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် မက်ဆီဒိုးနီးယားသို့ ကူးလာနိုင်မည်လော

သင်သည် မက်ဆီဒိုးနီးယားသို့ ကူးလာနိုင်မည်လော

သင်သည် မက်ဆီဒိုးနီးယားသို့ ကူးလာနိုင်မည်လော

အာရှနယ်ရှိ တရောဆိပ်ကမ်းမြို့တွင် တမန်တော်ပေါလု အဆင်းအာရုံတစ်ခုရခဲ့သည်။ မက်ဆီဒိုးနီးယားအမျိုးသားတစ်ဦးက သူ့ကို “မက်ဆီဒိုးနီးယားပြည်သို့ကူးလာ၍ ငါတို့ကို ကူညီပါ” ဟုတောင်းပန်ခဲ့သည်။ ပေါလု အဆင်းအာရုံမြင်ပြီးနောက် ချက်ချင်းပင် သူနှင့် သူ့နယ်လှည့်အဖော်တို့သည် မက်ဆီဒိုးနီးယားပြည်သားတို့ကို “သတင်းကောင်းဟောပြောရန် ငါတို့အား ဘုရားသခင်ဆင့်ခေါ်သည်ဟု ကောက်ချက်ချ” ခဲ့ကြ၏။ အဘယ်ရလဒ်ရရှိခဲ့သနည်း။ မက်ဆီဒိုးနီးယားပြည်၏မြို့တော် ဖိလိပ္ပိသို့ရောက်သောအခါ လုဒိနှင့် သူ၏အိမ်သူအိမ်သားတို့သည် ယုံကြည်သူများဖြစ်လာကြ၏။ နောက်ပိုင်းတွင် ရောမလက်အောက်ခံဖြစ်သော မက်ဆီဒိုးနီးယားပြည်ရှိ အခြားသူတို့သည်လည်း ယုံကြည်သူများဖြစ်လာခဲ့ကြသည်။—တ. ၁၆:၉-၁၅

အလားတူဇွဲမျိုးကို ယနေ့ယေဟောဝါသက်သေများအလယ်တွင် မြင်တွေ့နိုင်သည်။ များစွာသောသူတို့သည် မိမိတို့ကိုယ်ပိုင်စရိတ်ဖြင့် သတင်းကောင်းဟောပြောသူများ သာ၍လိုအပ်သောဒေသသို့ တလိုတလား ပြောင်းရွှေ့ကြသည်။ ဥပမာ၊ လီစာသည် သူ၏အသက်တာတွင် ခရစ်ယာန်ဓမ္မအမှုကို ပိုအာရုံစိုက်လုပ်ဆောင်လို၍ ကနေဒါမှ ကင်ညာသို့ ပြောင်းရွှေ့သွားသည်။ ကနေဒါလူမျိုးများဖြစ်သော ထရေဗာနှင့် အီမလီတို့သည်လည်း သူတို့၏ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့မည်ဟူသော ရည်ရွယ်ချက်ဖြင့် မာလာဝီသို့ပြောင်းရွှေ့ခဲ့သည်။ အင်္ဂလန်မှ ပေါလ်နှင့် မဂ္ဂီတို့သည် မိမိတို့အငြိမ်းစားယူသည်ကို အခွင့်ထူးအဖြစ်ယူမှတ်ကာ ယေဟောဝါ၏အမှုတော်တွင် ပို၍ပါဝင်နိုင်ရန် အရှေ့အာဖရိကသို့ ထွက်ခွာခဲ့သည်။ သင်၌ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိပါသလော။ အလားတူပြောင်းရွှေ့မှုမျိုးပြုလုပ်ရန် စဉ်းစားသုံးသပ်နိုင်သလော။ ပြုလုပ်နိုင်သည်ဆိုလျှင် အောင်မြင်မှုရရန် အဘယ်ကျမ်းစာမူများနှင့် လက်တွေ့ကျ အကြံပြုချက်များက သင့်အား ကူညီပေးမည်နည်း။

သင့်ကိုယ်သင် ဆန်းစစ်ပါ

သုံးသပ်ရမည့်အချက်တစ်ချက်မှာ သင်ပြောင်းရွှေ့ရသည့် ရည်ရွယ်ချက်ဖြစ်သည်။ အကြီးမြတ်ဆုံးပညတ်နှင့်ပတ်သက်၍ ယေရှုဤသို့ပြောခဲ့သည်– “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့။” ထို့ကြောင့် တိုင်းတစ်ပါးတွင် အမှုဆောင်ရသည့်အကြောင်းရင်းများမှာ ယေဟောဝါကိုချစ်သောကြောင့်နှင့် တပည့်ဖြစ်စေခြင်းတာဝန်ကို လုပ်ဆောင်လိုသောဆန္ဒကြောင့် ဖြစ်သင့်သည်။ ယေရှု ဤသို့ဆက်ပြောသည်– “ဤပညတ်နှင့်ဆင်တူသည့် ဒုတိယပညတ်ကား ‘လူသားချင်းကို ကိုယ်နှင့်အမျှချစ်လော့။”’ လူတို့ကို စိတ်ရင်းမှန်ဖြင့် ကူညီပေးလိုခြင်းက လူသားချင်းကိုချစ်ကြောင်း ဖော်ပြရာရောက်သည်။ (မ. ၂၂:၃၆-၃၉; ၂၈:၁၉၊ ၂၀) တိုင်းတစ်ပါးတွင် အမှုဆောင်ခြင်းသည် စွန့်စားခန်းတစ်ရပ်မျှသာမဟုတ်ဘဲ အလွန်ကြိုးစားလုပ်ဆောင်ရပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြရန် လိုအပ်လေ့ရှိရာ မေတ္တာ၏လှုံ့ဆော်မှု လိုအပ်သည်။ ယခု နမီးဘီးယားတွင် အမှုဆောင်နေသော နယ်သာလန်မှ ရမ်ကိုနှင့် စူဇန်နာက “ကျွန်တော်တို့ကို ဒီမှာဆက်ရှိနေစေတဲ့အရာကတော့ မေတ္တာပါပဲ” ဟု အတိုချုပ်ပြောပြသည်။

နမီးဘီးယားမှ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးဖြစ်သူ ဝီလီက ဤသို့ကောက်ချက်ချသည်– “တိုင်းတစ်ပါးလယ်ကွင်းမှာရှိတဲ့သူတွေက သူတို့ကို ဒေသခံညီအစ်ကိုတွေ ကြည့်ရှုစောင့်ရှောက်ပေးဖို့ မမျှော်လင့်ကြဘူး။ ဒေသခံညီအစ်ကိုတွေနဲ့အတူ အမှုဆောင်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ကို ကူညီမယ်ဆိုတဲ့စိတ်ကူးနဲ့ ရောက်လာကြတာဖြစ်တယ်။”

သင်ပြောင်းရွှေ့ရသည့် ရည်ရွယ်ချက်ကို ဆန်းစစ်ပြီးနောက် သင့်ကိုသင် ဤသို့မေးပါ– ‘တိုင်းတစ်ပါးလယ်ကွင်းမှာ အသုံးတည့်မယ့် ဘယ်လိုအတွေ့အကြုံမျိုး ငါ့မှာရှိသလဲ။ ငါဟာ ထိရောက်တဲ့အမှုဆောင်တစ်ဦး ဖြစ်နိုင်သလား။ ဘယ်ဘာသာစကားတွေကို ငါပြောတတ်သလဲ။ ငါ ဘာသာစကားအသစ် သင်ယူလိုစိတ်ရှိသလား။’ ဤအချက်များကို သင့်မိသားစုနှင့် အလေးအနက်ဆွေးနွေးပါ။ သင့်အသင်းတော်မှ အကြီးအကဲများနှင့် တိုင်ပင်ပါ။ ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါထံ အသေအချာဆုတောင်းပါ။ ဤသို့ မိမိကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်ခြင်းက တိုင်းတစ်ပါးတွင် အမှုဆောင်နိုင်သည့် စွမ်းရည်နှင့် စိတ်ပိုင်းဖြတ်ချက် အမှန်ရှိမရှိ သိမြင်ရန် အထောက်အကူဖြစ်စေနိုင်သည်။— “သင့်ကိုသင်သိပါ” ဟူသော လေးထောင့်ကွက်ကို ကြည့်ပါ။

မည်သည့်ဒေသတွင် အမှုဆောင်မည်နည်း

ပေါလုသည် အဆင်းအာရုံတစ်ခုတွင် မက်ဆီဒိုးနီးယားသို့ ဖိတ်ခေါ်ခံခဲ့ရသည်။ ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့ကို သဘာ၀လွန်နည်းလမ်းများဖြင့် လမ်းမညွှန်ပါ။ သို့သော် အကူအညီလိုအပ်သော ဒေသများကိုသိရှိစေရန် ဤမဂ္ဂဇင်းနှင့် အခြားစာပေများမှတစ်ဆင့် ဖော်ပြသည်။ ထို့ကြောင့် ယင်းနေရာဒေသများကို စာရင်းပြုစုပါ။ သင်သည် ဘာသာစကားအသစ်သင်ယူရန် အသင့်မဖြစ်သေးလျှင် သို့မဟုတ် တိုင်းတစ်ပါးတွင် ကြာရှည်မနေထိုင်နိုင်သေးလျှင် သင်တတ်ကျွမ်းသောဘာသာစကားကို အဓိကပြောဆိုသည့်နိုင်ငံတွင် အမှုဆောင်ရန် စဉ်းစားပါ။ ထို့နောက် ပြည်ဝင်ခွင့်ရရန် တောင်းဆိုချက်များ၊ ပို့ဆောင်ရေး၊ လုံခြုံရေး၊ အထွေထွေနေထိုင်မှုစရိတ်နှင့် ရာသီဥတု စသည့်အကြောင်းအရာများကို စုံစမ်းပါ။ ယင်းသို့ပြောင်းရွှေ့ခဲ့ပြီးသူများနှင့် စကားပြောဆိုခြင်းက အထောက်အကူရရှိနိုင်သည်။ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ရန် ဆုတောင်းပါ။ ပေါလုနှင့် သူ၏အဖော်တို့အား “အာရှနယ်၌ တရားစကားတော်ကို မဟောပြောရန် သန့်ရှင်းသော စွမ်းအားတော်သည် တားမြစ်” ကြောင်း သတိရပါ။ သူတို့သည် ဗိသုနိပြည်သို့ သွားမည်ပြုကြသော်လည်း “ယေရှုသည် စွမ်းအားတော်အားဖြင့် ခွင့်ပြုတော်မမူချေ။” အလားတူပင် သင်အမှန်တကယ် အကူအညီပေးနိုင်သည့်နေရာကို သိနိုင်ရန် အချိန်အတော်အတန်လိုပေမည်။—တ. ၁၆:၆-၁၀

ယခုအချိန်တွင် သင်သည် ပြောင်းရွှေ့နိုင်မည့်နေရာအချို့ကို ရွေးချယ်ပြီးဖြစ်ပေမည်။ သင်သည် တိုင်းတစ်ပါးတွင်အမှုဆောင်ရန် စဉ်းစားထားသည်ဆိုလျှင် သင်စိတ်ကူးထားသည့်နိုင်ငံများရှိ ယေဟောဝါသက်သေဌာနခွဲရုံးများသို့ စာရေးပါ။ သင်၏သီအိုကရက်တစ်နောက်ခံအခြေအနေ အကြမ်းဖျင်းဖော်ပြချက်အပြင် နေထိုင်မှုစရိတ်၊ သင်နေထိုင်နိုင်မည့် နေရာထိုင်ခင်းအမျိုးအစား၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများစသည့် သင်သိလိုသော သတ်သတ်မှတ်မှတ်အချက်များကို မေးပါ။ ထို့နောက် သင်၏စာ သို့မဟုတ် စာများကို သင့်အသင်းတော် လုပ်ငန်းတော်ကော်မတီကိုပေးပါ။ သူတို့သည် သင်၏စာတွင် သူတို့၏ထောက်ခံစာကိုထည့်ကာ သင်လိပ်မူထားသော ဌာနခွဲရုံးများသို့ ပို့ပေးပါလိမ့်မည်။ အကြောင်းပြန်စာများက သင်အထိရောက်ဆုံး အမှုဆောင်နိုင်သည့်နေရာကို ဆုံးဖြတ်ရန် အထောက်အကူပြုပါလိမ့်မည်။

အစပိုင်းတွင်ဖော်ပြခဲ့သော ဝီလီက ဤသို့ပြော၏– “အဆင်ပြေပြေလုပ်ဆောင်နေကြတဲ့သူတွေကတော့ အရင်ဆုံး နိုင်ငံကိုလာလည်ပတ်ကြပြီး သူတို့ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နိုင်မယ့်နေရာတွေကို လေ့လာကြတယ်။ မောင်နှံတစ်စုံကတော့ ဝေးခေါင်တဲ့ဒေသတွေမှာနေမယ်ဆိုရင် သူတို့အတွက်ခက်မယ်ဆိုတာကို တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့် လိုအပ်တဲ့ဒေသလည်းဖြစ်၊ သူတို့လက်ခံနိုင်တဲ့ လူနေမှုအဆင့်အတန်းရှိတဲ့နေရာလည်းဖြစ်တဲ့ မြို့ငယ်လေးတစ်မြို့မှာ အခြေချခဲ့ကြတယ်။”

စိန်ခေါ်ချက်အသစ်များကို ရင်ဆိုင်ခြင်း

နေသားကျနေသောနေရာမှ လုံးလုံးအကျွမ်းတဝင်မရှိသော ဝန်းကျင်သစ်သို့ ပြောင်းရွှေ့ခြင်းသည် သင့်အတွက် စိန်ခေါ်ချက်အချို့ရှိမည်မှာ သေချာသည်။ “အထီးကျန်တဲ့ခံစားချက်က တော်တော်လေးခံရခက်နိုင်တယ်” ဟုအစပိုင်းတွင်ဖော်ပြခဲ့သော လီစာကပြောပြသည်။ သူ့ကို အဘယ်အရာက ထောက်ကူခဲ့သနည်း။ ဒေသသစ်ရှိ ဒေသခံအသင်းတော်နှင့် ရင်းရင်းနှီးနှီးနေခဲ့သည်။ ယောက်စီယောက်တိုင်း၏အမည်ကို သိရှိရန် သူပန်းတိုင်ထားခဲ့သည်။ ယင်းသို့ပြုလုပ်ရန် သူသည် ညီအစ်ကို၊ ညီအစ်မများနှင့် စကားပြောဆိုနိုင်ဖို့ အစည်းအဝေးသို့ စောစောသွားပြီး အစည်းအဝေးပြီးနောက် အတန်ကြာဆက်နေသည်။ လီစာသည် ခရစ်ယာန်ဓမ္မအမှုတွင် အခြားသူများနှင့်အတူ တွဲလုပ်ဆောင်ပြီး များစွာသောသူတို့ကို မိမိအိမ်သို့ဖိတ်ခေါ်ကာ မိတ်ဆွေသစ်များဖွဲ့ခဲ့သည်။ သူဤသို့ပြောသည်– “စွန့်လွှတ်ခဲ့ရတာတွေအတွက် ကျွန်မဝမ်းမနည်းဘူး။ ယေဟောဝါ ကျွန်မကို တကယ်ပဲ ကောင်းချီးပေးခဲ့တယ်။”

ပေါလ်နှင့်မဂ္ဂီသည် သားသမီးများကို အရွယ်ရောက်သည်အထိ ပြုစုစောင့်ရှောက်ပြီးနောက် အနှစ် ၃၀ ကြာနေထိုင်ခဲ့သော မိမိတို့အိမ်မှ ပြောင်းရွှေ့ခဲ့ကြသည်။ ပေါလ်ဤသို့ပြောပြ၏– “ပိုင်ဆိုင်ရာတွေကို ထားခဲ့ဖို့ဆိုတာ တကယ့်ကိုမလွယ်ဘူး။ မိသားစုကို ထားခဲ့ဖို့ဆိုတာ ကျွန်တော်တို့မျှော်လင့်ထားတာထက် ပိုတောင်ခက်သေးတယ်။ လေယာဉ်ပေါ်မှာ ကျွန်တော်တို့ တရှုံ့ ရှုံ့ငိုနေတော့တယ်။ ‘ဒီအလုပ်ကို ငါတို့ လုပ်နိုင်မှာမဟုတ်ဘူး’ လို့လွယ်လွယ်နဲ့အတွေးဝင်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ယေဟောဝါကို အားကိုးခဲ့ကြတယ်။ မိတ်ဆွေသစ်တွေဖွဲ့တာက ဆက်လုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပိုခိုင်မာစေတယ်။”

ဂရက်နှင့်ခရစ္စတဲလ်သည် ကနေဒါမှ နမီးဘီးယားသို့ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ကြသည်။ အကြောင်းမှာ ထိုနိုင်ငံ၏ရုံးသုံးဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဒေသခံဘာသာစကားကို သင်ယူခြင်းက ပို၍အသုံးဝင်ကြောင်း သူတို့တွေ့ရှိခဲ့ကြ၏။ “ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒေသခံဘာသာစကားကို သင်ယူပြီးနောက်မှပဲ သူတို့ရဲ့ယဉ်ကျေးမှုကို နားလည်လာတယ်။ ဒေသခံညီအစ်ကိုတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းခြင်းက ဝန်းကျင်အသစ်မှာ နေသားကျဖို့ အကူအညီဖြစ်စေတယ်။”

ထိုသို့သော  နှိမ့်ချမှုနှင့်  တလိုတလားဆောင်ရွက်လိုစိတ်က ဒေသခံညီအစ်ကိုများပေါ်တွင်လည်း  ကောင်းသောသြဇာသက်ရောက်နိုင်သည်။ ဂျဲန်နီသည် သူကြီးပြင်းလာရာနိုင်ငံဖြစ်သော အိုင်ယာလန်သို့ ပြောင်းရွှေ့လာကြသည့်မိသားစုများကို ကောင်းစွာမှတ်မိနေသေးသည်။ သူဤသို့ပြော၏– “သူတို့က လှိုက်လှဲဖော်ရွေတဲ့သူတွေဖြစ်ပြီး စေခိုင်းဖို့မဟုတ်ဘဲ အစေခံဖို့ ရောက်လာကြတာဖြစ်တယ်။ သူတို့တွေက အရမ်းထက်သန်ပြီး ပျော်ရွှင်တဲ့သူတွေဖြစ်လို့ ကျွန်မလည်း သူတို့လိုဖြစ်ချင်လာတယ်။” ယခု ဂျဲန်နီသည် သူ၏ခင်ပွန်းနှင့်အတူ ဂမ်ဘီယာနိုင်ငံတွင် ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အမှုဆောင်နေသည်။

ယေဟောဝါ၏ကောင်းချီးသည် “စည်းစိမ်ကိုဖြစ်စေ”

ပေါလုသည် မက်ဆီဒိုးနီးယားပြည်တွင် နှစ်လို့ဖွယ်ကောင်းသော အတွေ့အကြုံကို ရရှိခဲ့သည်။ ဆယ်နှစ်ခန့်ကြာပြီးနောက်တွင် ဖိလိပ္ပိမြို့ရှိညီအစ်ကိုများကို ဤသို့ရေးခဲ့၏– “ငါသည် သင်တို့ကို သတိရသည့်အခါတိုင်း ငါ၏ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ပါ၏။”—ဖိ. ၁:၃

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတက်ရန် ဖိတ်ခေါ်မခံရမီက မာလာဝီနိုင်ငံတွင်အမှုဆောင်ခဲ့သော ထရေဗာနှင့် အီမလီတို့လည်း အလားတူခံစားခဲ့ရသည်။ “ကျွန်တော်တို့လုပ်တာတွေက မှန်ရဲ့လားလို့ တစ်ခါတလေ စဉ်းစားမိတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြတယ်။ ကျွန်တော်တို့အချင်းချင်း ပိုရင်းနှီးလာပြီး ယေဟောဝါရဲ့ကောင်းချီး ခံစားရတယ်။” အထက်တွင်ဖော်ပြခဲ့သော ဂရက်နှင့်ခရစ္စတဲလ် ဤသို့ပြောသည်– “ဒီထက်ကောင်းတဲ့အလုပ် မရှိနိုင်တော့ဘူး။”

သို့သော် လူတိုင်း တိုင်းတစ်ပါးတွင် အမှုဆောင်နိုင်ကြမည်မဟုတ်ပါ။ အချို့သည် မိမိတို့နိုင်ငံအတွင်းရှိ သာ၍လိုအပ်သည့်နေရာသို့ ပြောင်းရွှေ့ခြင်းဖြင့် ပို၍ကောင်းအောင်လုပ်ဆောင်ကြသည်။ အခြားသူများသည် မိမိတို့နေအိမ်အနီးရှိ အခြားအသင်းတော်များတွင် အမှုဆောင်မည်ဟူသော ပန်းတိုင်ကို တက်လှမ်းနိုင်ကြသည်။ အရေးကြီးသည်မှာ ယေဟောဝါ၏အမှုတော်ဆောင်ရန် သင်အတတ်နိုင်ဆုံး လုပ်ဆောင်ခြင်းဖြစ်သည်။ (ကော. ၃:၂၃) ထို့ကြောင့် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့်ရေးသော ဤစကားများသည် သင့်အတွက် မှန်ကန်ပါလိမ့်မည်– ‘ယေဟောဝါ၏ကောင်းချီးသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။’—သု. ၁၀:၂၂

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

 သင့်ကိုသင် သိပါ

တိုင်းတစ်ပါးတွင် သင်အမှုဆောင်နိုင်မနိုင်သိရှိရန် အောက်ပါမေးခွန်းများကို သုံးသပ်ပြီး ထိုသို့ပြောင်းရွှေ့ခြင်းသည် သင့်အတွက် လက်တွေ့ကျမကျ ဆုတောင်းသုံးသပ်ကာ ရိုးသားစွာ ဆန်းစစ်ပါ။ ယခင်ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များသည် သင့်အတွက် အထောက်အကူဖြစ်နိုင်၏။

ငါက ခရစ်ယာန်အရည်အသွေးရှိသူတစ်ဦးလား။—“ပျော်ရွှင်မှုသို့ဦးတည်သည့်ခြေလှမ်း” (အောက်တိုဘာ ၁၅၊ ၁၉၉၇၊ စာမျက်နှာ ၆)

ငါက ထိရောက်တဲ့ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးလား။—“ရှေ့ဆောင်ခြင်းလုပ်ငန်း၌ မည်သို့အောင်မြင်နိုင်” (မေ ၁၅၊ ၁၉၉၀၊ စာမျက်နှာ ၂၆)

မိသားစုနဲ့ မိတ်ဆွေတွေနဲ့ဝေးရာမှာ ငါ နေနိုင်မလား။—“ဘုရားသခင်၏လုပ်ငန်းတော်၌ အိမ်ကို လွမ်းခြင်းအား ရင်ဆိုင်ဖြေရှင်းခြင်း” (မေ ၁၅၊ ၁၉၉၄၊ စာမျက်နှာ ၂၈)

ဘာသာစကားအသစ်တစ်မျိုးကို ငါသင်ယူနိုင်မလား။—“ဘာသာခြားစကားပြော အသင်းတော်တွင် အမှုဆောင်ခြင်း” (မတ် ၁၅၊ ၂၀၀၆၊ စာမျက်နှာ ၁၇)

ပြောင်းရွှေ့စရိတ်အတွက် ငါတတ်နိုင်ရဲ့လား။—“တိုင်းတစ်ပါးလယ်ကွင်းတွင် သင်အမှုဆောင်နိုင်မည်လော” (အောက်တိုဘာ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၂၃)

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

နှိမ့်ချမှုနဲ့ တလိုတလားဆောင်ရွက်လိုစိတ်က ဒေသခံညီအစ်ကိုတွေအပေါ်မှာလည်း ကောင်းတဲ့သြဇာသက်ရောက်နိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အစေခံဖို့ရောက်လာကြသူတွေက အောင်မြင်သူတွေဖြစ်