မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသင့်ရှိနေကြလော့

အသင့်ရှိနေကြလော့

အသင့်ရှိနေကြလော့

“သင်တို့သည်လည်း အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သောအချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်။”—မ. ၂၄:၄၄

၁၊ ၂။ (က) ကျမ်းစာမှာကြိုတင်ဖော်ပြထားတဲ့ ဘယ်အဖြစ်အပျက်တွေကို ကျားတစ်ကောင်ရဲ့တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်နိုင်သလဲ။ (ခ) ရောက်လာတော့မယ့်တိုက်ခိုက်မှုမှာ ကယ်နုတ်ခံရဖို့ ကျွန်ုပ်တို့ ဘာလုပ်ဖို့လိုသလဲ။

ထင်ရှားကျော်ကြားတဲ့ ဖျော်ဖြေတင်ဆက်သူတစ်ဦးဟာ သူလေ့ကျင့်ထားတဲ့ ဘင်္ဂလားကျားတွေနဲ့ လူတွေကို နှစ်ပေါင်းများစွာ ဖျော်ဖြေခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “တိရစ္ဆာန်တစ်ကောင်က ယဉ်ပါးလာပြီး သင့်အပေါ်သစ္စာရှိမယ်ဆိုရင် သင်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလက်ဆောင်ရထားတယ်လို့ ခံစားရနိုင်တယ်။” ဒါပေမဲ့ ၂၀၀၃၊ အောက်တိုဘာ ၃ ရက်မှာ ဒီသစ္စာရှိမှုက အဆုံးသတ်သွားတယ်။ အကြောင်းမည်မည်ရရမရှိဘဲ အလေးချိန်ပေါင် ၃၈၀ ရှိတဲ့ သူ့ရဲ့ကျားဖြူတစ်ကောင်က သူ့ကို ရန်မူတိုက်ခိုက်ခဲ့တယ်။ ဒီလိုရန်မူတိုက်ခိုက်မယ်လို့ လုံးဝမထင်ထားလို့ အကာအကွယ်အတွက် ကြိုတင်မပြင်ဆင်ထားခဲ့ဘူး။

စိတ်ဝင်စားစရာက သမ္မာကျမ်းစာမှာလည်း “သားရဲ” တစ်ကောင်ရဲ့တိုက်ခိုက်မှုအကြောင်းနဲ့ ကျွန်ုပ်တို့အသင့်ပြင်ထားဖို့လိုကြောင်း ကြိုပြောထားတယ်။ (ဗျာ. ၁၇:၁၅-၁၈ ကိုဖတ်ပါ။) ဒီသားရဲက ဘယ်သူလဲ၊ ဘယ်သူ့ကို တိုက်ခိုက်မှာလဲ။ သားရဲက ယူအဲန်နဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရအားလုံးကို တင်စားတယ်။ သားရဲက အယူမှားဝတ်ပြုရေးအားလုံးဖြစ်တဲ့ မဟာဗာဗုလုန်ကိုတိုက်ခိုက်ပြီး ရစရာမရှိအောင် ကိုက်ဖဲ့ဖျက်ဆီးလိမ့်မယ်။ ဒီတိုက်ခိုက်မှုက လူအများအတွက် အံ့ဩစရာဖြစ်လိမ့်မယ်၊ အကြောင်းကတော့ သားရဲနဲ့ မဟာဗာဗုလုန်က ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြလို့ပဲ။ သူတို့အားလုံးက စာတန့်လောကရဲ့အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီတိုက်ခိုက်မှုက ဘယ်အချိန်မှာ ဖြစ်ပျက်မှာလဲ။ နေ့ရက်အချိန်နာရီကို ကျွန်ုပ်တို့ မသိရဘူး။ (မ. ၂၄:၃၆) ကျွန်ုပ်တို့ မမျှော်လင့်တဲ့အချိန်မှာ တိုက်ခိုက်လာမှာဖြစ်ကြောင်း၊ အချိန်အနည်းငယ်သာကျန်တော့ကြောင်းကိုတော့ သိကြတယ်။ (မ. ၂၄:၄၄; ၁ ကော. ၇:၂၉) ဒါကြောင့် ကျွန်ုပ်တို့က အသင့်ရှိနေရမှာဖြစ်တယ်၊ ဒါမှ တိုက်ခိုက်မှုစတင်တဲ့အခါ၊ တရားစီရင်သူအဖြစ် ခရစ်တော်ကြွလာတဲ့အခါ ကျွန်ုပ်တို့ ကယ်နုတ်ခံရမှာဖြစ်တယ်။ (လု. ၂၁:၂၈) ကျွန်ုပ်တို့ အသင့်ဖြစ်နိုင်ဖို့အတွက် ဘုရားသခင့်ကတိတော်တွေပြည့်စုံတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး အသင့်ရှိခဲ့ကြတဲ့ ဘုရားသခင့် သစ္စာရှိကျေးကျွန်တွေအကြောင်း သုံးသပ်နိုင်ပါတယ်။ ဒီဖြစ်ရပ်မှန်တွေကို နှလုံးသွင်းကြမလား။

နောဧကဲ့သို့ အသင့်ရှိပါ

၃။ ဘယ်အခြေအနေတွေက ဘုရားသခင်ကို သစ္စာရှိရှိအမှုဆောင်ဖို့ နောဧအတွက် ခက်ခဲစေသလဲ။

နောဧအသက်ရှင်တဲ့အချိန်တုန်းက ဒီလောကရဲ့ အခြေအနေက ယိုယွင်းဖောက်ပြန်နေပေမဲ့ ဘုရားသခင့်ကတိတော်ပြည့်စုံတာကို တွေ့မြင်ဖို့ သူအသင့်ရှိခဲ့တယ်။ ဆွဲဆောင်မှုရှိတဲ့လူ့သမီးတွေနဲ့စုံဖက်ဖို့ လူယောင်ဖန်ဆင်းထားတဲ့ ပုန်ကန်တဲ့ကောင်းကင်တမန်တွေအလယ်မှာ နောဧနေထိုင်ခဲ့ရတဲ့အတွက် သူရင်ဆိုင်ခဲ့တဲ့အခက်အခဲတွေကို မြင်ယောင်ကြည့်ပါ။ ဒီသဘာဝနဲ့ဆန့်ကျင်တဲ့ပေါင်းဖက်မှုကြောင့် “အားကြီး” တဲ့သားတွေမွေးဖွားလာပြီး သူတို့တွေက ဗလအားကိုးနဲ့ လူတွေကို အနိုင်ကျင့်ကြတယ်။ (က. ၆:၄) ဒီလူ့ဘီလူးကြီးတွေရှိတဲ့နေရာတိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်နေတာကို စဉ်းစားကြည့်ပါ။ ဆိုးသွမ်းမှုတွေ ပျံ့နှံ့လာပြီး လူတွေရဲ့အတွေးအခေါ်၊ အပြုအမူတွေက ယုတ်ညံ့ဖောက်ပြန်လာကြတယ်။ ဒါကြောင့် ဒီလူဆိုးတွေကို ဖျက်ဆီးမယ့်အချိန်ကို ယေဟောဝါ သတ်မှတ်လိုက်တယ်။—ကမ္ဘာဦး ၆:၃၊ ၅၊ ၁၁၊ ၁၂ ကိုဖတ်ပါ။ *

၄၊ ၅။ ကျွန်ုပ်တို့ခေတ်အခြေအနေက နောဧခေတ်နဲ့ ဘယ်လိုဆင်တူသလဲ။

ကျွန်ုပ်တို့ခေတ်ရဲ့အခြေအနေက နောဧခေတ်နဲ့ဆင်တူလိမ့်မယ်လို့ ယေရှု ပရောဖက်ပြုခဲ့တယ်။ (မ. ၂၄:၃၇) ဥပမာပြရရင် နာမ်ဝိညာဉ်ဆိုးတွေရဲ့လွှမ်းမိုးမှုကို ကျွန်ုပ်တို့မြင်တွေ့နေရတယ်။ (ဗျာ. ၁၂:၇-၉၊ ၁၂) ဒီနာမ်ဝိညာဉ်ဆိုးတွေက နောဧခေတ်မှာ လူယောင်ဖန်ဆင်းခဲ့ကြတဲ့ ကောင်းကင်တမန်တွေဖြစ်တယ်။ သူတို့တွေက အခုအချိန်မှာတော့ လူယောင်ဖန်ဆင်းလို့မရတော့ပေမဲ့ လူတွေကို ကြိုးကိုင်ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ လူတွေမသိပေမဲ့ သူတို့က ယုတ်ညံ့တဲ့လိင်အကျင့်ပျက်မှုတွေကို လိုက်စားဖို့ လူတွေကို လှုံ့ဆော်ပေးပြီး သူတို့က ဒါတွေကိုကြည့်ပြီး အရသာခံကြတယ်။—ဧ. ၆:၁၁၊ ၁၂

သမ္မာကျမ်းစာက စာတန်ကို “လူ့အသက်ကိုသတ်သောသူ၊” “သေခြင်းတရားကို ဖြစ်ပေါ်စေသူ” အဖြစ် ဖော်ပြထားတယ်။ (ယော. ၈:၄၄; ဟေဗြဲ ၂:၁၄) ဒါပေမဲ့ သူသတ်ချင်တဲ့သူတိုင်းကို ကိုယ်ထိလက်ရောက်သတ်ဖို့တော့ ဘုရားသခင် သူ့ကိုခွင့်မပြုဘူး။ ဒါကြောင့် ဒီဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါက လူတွေကို ကိုယ်ကိုယ်တိုင်ကိုလည်းထိခိုက်စေဖို့နဲ့ အခြားသူတွေကို မုန်းတီး၊ သတ်ဖြတ်လိုစိတ်ပေါက်လာအောင် သွေးထိုးလှုံ့ဆော်ပေးတယ်။ အကြောင်းမဲ့ရမ်းကားမှုတွေ တိုးများလာတာကိုကြည့်ခြင်းအားဖြင့် နောဧခေတ်မှာ ဆိုးသွမ်းမှုတွေကို ဘုရားသခင်သတိပြုမိပြီး တရားစီရင်ခဲ့သလို အခုခေတ်မှာလည်း ယေဟောဝါသတိပြုမိပြီး တရားစီရင်မယ်ဆိုတာ သေချာပါတယ်။

၆၊ ၇။ နောဧနဲ့ သူ့မိသားစုက ယုံကြည်ခြင်းရှိကြောင်း၊ ဘုရားသခင်ကိုကြောက်ရွံ့ကြောင်း ဘယ်လိုတင်ပြခဲ့သလဲ။

နောက်ပိုင်းမှာ သတ္တဝါတွေကို ရေလွှမ်းမိုးဘေးနဲ့ တရားစီရင်မယ့် ဘုရားသခင့်ဆုံးဖြတ်ချက်ကို နောဧသိရှိခဲ့တယ်။ (က. ၆:၁၃၊ ၁၇) ယေဟောဝါက နောဧကို ဧရာမသေတ္တာကြီးတစ်လုံးနဲ့တူတဲ့ သင်္ဘောတစ်စင်းဆောက်လုပ်ဖို့ ညွှန်ကြားခဲ့တယ်။ နောဧနဲ့ သူ့မိသားစုက သင်္ဘောကြီးကို စတင်ဆောက်လုပ်ခဲ့တယ်။ နာခံမှုတင်ပြဖို့နဲ့ ဘုရားသခင်တရားစီရင်တဲ့အခါ အသင့်ရှိနေဖို့ ဘာက သူတို့ကို ကူညီပေးခဲ့သလဲ။

အခိုင်အမာယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းက နောဧနဲ့ သူ့မိသားစုကို ဘုရားသခင့်အမိန့်တော်အတိုင်းလိုက်နာဖို့ ကူညီပေးခဲ့တယ်။ (က. ၆:၂၂; ဟေဗြဲ ၁၁:၇) နောဧဟာ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်ထိန်းထားပြီး ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့အကျင့်ဆိုးတွေအတိုင်း လိုက်မလုပ်ခဲ့ဘူး။ (က. ၆:၉) လူတွေရဲ့အကြမ်းဖက်လုပ်ရပ်နဲ့ ပုန်ကန်ဖီဆန်တဲ့သဘောထားတွေ သူ့မိသားစုထံ မကူးစက်လာစေဖို့ ကာကွယ်ရမယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ပဲ လုံးပန်းမနေဖို့လည်း အရေးကြီးတယ်ဆိုတာ နောဧသိခဲ့တယ်။ ဘုရားသခင်က သူတို့ကို အလုပ်ပေးထားပြီး သူတို့မိသားစုတစ်ခုလုံး ဒီအလုပ်ကိုပဲ အာရုံစိုက်လုပ်ကိုင်ရမှာဖြစ်တယ်။—ကမ္ဘာဦး ၆:၁၄၊ ၁၈ ကိုဖတ်ပါ။

နောဧနဲ့သူ့မိသားစု အသင့်ရှိခဲ့ကြ

၈။ နောဧမိသားစုက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေဖြစ်ကြောင်း ဘာကဖော်ပြသလဲ။

သမ္မာကျမ်းစာက အိမ်ထောင်ဦးစီးဖြစ်တဲ့ နောဧအကြောင်းကို အဓိကဖော်ပြပေမဲ့ နောဧမိန်းမ၊ သူ့သားနဲ့ ချွေးမတို့ဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူတွေဖြစ်ကြတယ်။ ပရောဖက်ယေဇကျေလက ဒီအချက်ကို ထောက်ခံခဲ့တယ်။ နောဧသာ သူ့ခေတ်မှာအသက်ရှင်ခဲ့မယ်ဆိုရင် သူ့ကလေးတွေက နောဧရဲ့ဖြောင့်မတ်မှုကြောင့် ကယ်နုတ်ခံရမှာမဟုတ်ဘူးလို့ သူပြောခဲ့တယ်။ သူတို့က နာခံမယ်၊ မနာခံဘူးဆိုတာ တင်ပြနိုင်တဲ့ အရွယ်ရောက်ပြီးသူတွေဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်နဲ့ ကိုယ်တော့်နည်းလမ်းတွေကို နှစ်သက်မြတ်နိုးကြောင်း ကိုယ်တိုင်ကိုယ်ကျ တင်ပြခဲ့ကြရမှာဖြစ်တယ်။ (ယေဇ. ၁၄:၁၉၊ ၂၀) နောဧမိသားစုက နောဧရဲ့ညွှန်ကြားချက်ကိုလိုက်နာပြီး သူ့လိုပဲ ယုံကြည်ခြင်းတင်ပြခဲ့ကြတယ်၊ တခြားသူတွေရဲ့သြဇာလွှမ်းမိုးမှုကြောင့် ဘုရားသခင် ပေးအပ်ထားတဲ့တာဝန်ကို ထိခိုက်မခံခဲ့ဘူး။

၉။ ယနေ့ ဘယ်သူတွေက နောဧလိုယုံကြည်ခြင်း တင်ပြနေကြသလဲ။

ကျွန်ုပ်တို့ရဲ့ကမ္ဘာချီအသင်းအပင်းမှာ နောဧကိုတုပဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတွေကို မြင်တွေ့ရတာ အားရှိစရာပါပဲ။ မိသားစုရဲ့စားဝတ်နေရေးနဲ့ ပညာရေးအတွက် ရှာဖွေပေးရုံနဲ့မလုံလောက်ဘူး၊ မိသားစုရဲ့ဝတ်ပြုရေးကိုလည်း ဂရုစိုက်ကြည့်ရှုပေးရမှာဖြစ်တယ်ဆိုတာ သူတို့သိကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ယေဟောဝါနေ့ကြီးရောက်လာတဲ့အခါ အသင့်ရှိနေမှာဖြစ်တယ်။

၁၀၊ ၁၁။ (က) သင်္ဘောထဲမှာရှိနေစဉ် နောဧနဲ့ သူ့မိသားစု ဘယ်လို မလွဲမသွေခံစားခဲ့ရမလဲ။ (ခ) မိမိကိုယ်ကို ဘယ်မေးခွန်းမေးသင့်သလဲ။

၁၀ နောဧ၊ နောဧမိန်းမ၊ သူ့သားနဲ့ ချွေးမတို့က သင်္ဘောဆောက်တဲ့အလုပ်ကို နှစ်ပေါင်း ၅၀ နီးပါး လုပ်ခဲ့ရဖွယ်ရှိတယ်။ သင်္ဘောဆောက်နေချိန်မှာ သင်္ဘောထဲကို အကြိမ်ပေါင်းများစွာ ဝင်ထွက်ခဲ့ရမှာဖြစ်တယ်။ သင်္ဘောကို ရေလုံအောင် သစ်စေးတွေသုတ်ခဲ့ရတယ်၊ အစားအစာတွေ သိုလှောင်ခဲ့ရတယ်၊ တိရစ္ဆာန်တွေကို သင်္ဘောထဲ သွင်းခဲ့ကြရတယ်။ ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ နောက်ဆုံးတော့ တကယ့်နေ့ကြီး ရောက်လာပါပြီ။ ဘီစီအီး ၂၃၇၀၊ ဒုတိယလ ၁၇ ရက်နေ့မှာ သူတို့အားလုံး သင်္ဘောထဲဝင်သွားကြတယ်။ ယေဟောဝါက သင်္ဘောတံခါးကို ပိတ်လိုက်တယ်၊ အဲဒီနောက် မိုးစရွာလာတယ်။ ဒါက နေရာကွက်ပြီး မိုးကြီးတာမဟုတ်ဘူး။ မိုးကောင်းကင်က ရေလွှာထုကြီးတစ်ခုလုံးပြိုကျလာသလို တစ်ကမ္ဘာလုံးမှာ မိုးသည်းထန်ခဲ့ပြီး မိုးရေတွေဟာ သင်္ဘောပေါ်ကိုလည်း တရစပ်ရွာကျနေတယ်။ (က. ၇:၁၁၊ ၁၆) သင်္ဘောအပြင်မှာရှိတဲ့လူတွေ သေဆုံးသွားကြပေမဲ့ သင်္ဘောထဲကလူတွေတော့ အသက်ရှင်နေတယ်။ နောဧမိသားစု ဘယ်လိုခံစားကြရမလဲ။ ဘုရားသခင်ကို အမှန်ပဲ ကျေးဇူးတင်ကြမှာဖြစ်တယ်။ ဒါပေမဲ့ သူတို့ဒီလို မလွဲမသွေစဉ်းစားမိမှာပဲ၊ ‘ငါတို့က စစ်မှန်တဲ့ဘုရားသခင်နဲ့အတူ လျှောက်လှမ်းပြီး အသင့်ရှိခဲ့ကြတဲ့အတွက် ဘယ်လောက်တောင် ဝမ်းသာဖို့ကောင်းသလဲ။’ (က. ၆:၉) သင်ဟာ အာမဂေဒုန်ကို ကပ်ကျော်ပြီး အဲဒီအတိုင်းခံစားနေရတယ်လို့ မြင်ယောင်ကြည့်နိုင်မလား။

၁၁ ဒီစာတန့်စနစ်ကို ဖျက်ဆီးမယ်ဆိုတဲ့ ကိုယ်တော့်ကတိတော် မပြည့်စုံအောင် ဘယ်အရာကမှ အတိုင်းအဆမဲ့တန်ခိုးရှင်ကို မတားဆီးနိုင်ဘူး။ မိမိကိုယ်ကို ဒီလိုမေးပါ– ‘ကိုယ်တော့်ကတိတော်တွေဟာ ကိုယ်တော်သတ်မှတ်ထားချိန်မှာ အသေးစိတ်ကစ ပြည့်စုံလာမယ်ဆိုတာ သင်အကြွင်းမဲ့ ယုံကြည်စိတ်ချသလား။’ ယုံကြည်စိတ်ချတယ်ဆိုရင် အလျင်အမြန်ချဉ်းကပ်လာနေတဲ့ ‘ယေဟောဝါ၏နေ့’ ကို စိတ်စွဲလမ်းခြင်းအားဖြင့် အသင့်ရှိနေပါ။—၂ ပေ. ၃:၁၂

မောရှေ နိုးနိုးကြားကြားရှိခဲ့

၁၂။ ဘယ်အရာတွေက မောရှေရဲ့အာရုံကို ထွေပြားသွားစေနိုင်သလဲ။

၁၂ နောက်ပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ကြစို့။ လူ့ရှုထောင့်ကကြည့်ရင် မောရှေဟာ အီဂျစ်နိုင်ငံရဲ့ တကယ့်ကိုထူးမြတ်တဲ့အခြေအနေမှာ ရှိခဲ့တယ်။ ဖာရောသမီးရဲ့ မွေးစားသားအနေနဲ့ မောရှေဟာ ဂုဏ်အသရေရှိပြီး အကောင်းဆုံးအစားအစာ၊ အဖိုးအတန်ဆုံးအဝတ်အစားနဲ့ ဇိမ်အကျဆုံးဘဝမှာ နေထိုင်ခဲ့ရဖွယ်ရှိတယ်။ သူဟာ အတတ်ပညာအမျိုးမျိုးကို ဆည်းပူးခဲ့ရတယ်။ (တမန်တော် ၇:၂၀-၂၂ ကိုဖတ်ပါ။) အမွေအနှစ်များစွာကို ပိုင်ဆိုင်ဖို့အခွင့်အလမ်းတွေလည်း သူ့မှာ ရှိခဲ့မှာပဲ။

၁၃။ ဘုရားသခင့်ကတိတော်ကို မောရှေ ဘယ်လိုအာရုံစိုက်ခဲ့သလဲ။

၁၃ မောရှေငယ်ငယ်တုန်းက သူ့ရဲ့မိဘတွေက အီဂျစ်တွေရဲ့နတ်ဘုရားကိုးကွယ်မှုဟာ အချည်းနှီးဖြစ်တယ်ဆိုတာ သင်ပေးခဲ့ဖွယ်ရှိတယ်။ (ထွ. ၃၂:၈) အီဂျစ်ပြည်ရဲ့ပညာရေးနဲ့ နန်းတော်ရဲ့ ခမ်းနားထည်ဝါတဲ့စည်းစိမ်တွေကြောင့် စစ်မှန်တဲ့ဝတ်ပြုရေးကို မောရှေမစွန့်ပယ်ခဲ့ဘူး။ မောရှေက ဘိုးဘေးတွေကိုပေးခဲ့တဲ့ ဘုရားသခင့်ကတိတော်တွေကို အသေအချာတွေးတောဆင်ခြင်ခဲ့ပြီး ဘုရားသခင့်အလိုတော်ကိုဆောင်ဖို့ အမြဲအသင့်ရှိခဲ့တယ်။ အဲဒီအချက်ကို အစ္စရေးလူတွေကိုပြောခဲ့တဲ့ မောရှေရဲ့ဒီစကားမှာ တွေ့နိုင်တယ်– ‘အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ဘုရားသခင်၊ ယာကုပ်၏ဘုရားသခင် တည်းဟူသော ယေဟောဝါသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ။’—ထွက်မြောက်ရာ ၃:၁၅-၁၇ ကိုဖတ်ပါ။

၁၄။ မောရှေရဲ့ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ဘယ်လိုစမ်းသပ်ခံခဲ့ရသလဲ။

၁၄ သက်မဲ့အီဂျစ်နတ်ဘုရားတွေနဲ့မတူဘဲ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါက မောရှေအတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ သူဟာ “မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့” အသက်ရှင်နေထိုင်ခဲ့တယ်။ ဘုရားသခင့်လူမျိုး လွတ်မြောက်မယ်ဆိုတာကို မောရှေယုံကြည်ခဲ့ပေမဲ့ ဘယ်အချိန်မှာ လွတ်မြောက်မယ်ဆိုတာကိုတော့ သူမသိခဲ့ဘူး။ (ဟေဗြဲ ၁၁:၂၄၊ ၂၅၊ ၂၇) ဟေဗြဲလူတွေကို ကျွန်ဘဝကနေလွတ်မြောက်စေလိုတဲ့ သူ့ရဲ့ ပြင်းပြတဲ့ဆန္ဒကို အနိုင်ကျင့်ခံရတဲ့အစ္စရေးကျွန်တစ်ယောက်ကို ကာကွယ်ပေးချိန်မှာ အထင်အရှားမြင်တွေ့ရတယ်။ (ထွ. ၂:၁၁၊ ၁၂) ဒါပေမဲ့ ယေဟောဝါသတ်မှတ်ထားတဲ့အချိန် မရောက်သေးတဲ့အတွက် မောရှေဟာ ဝရမ်းပြေးဘဝနဲ့ တစ်ပြည်တစ်ရွာမှာ နေထိုင်ခဲ့ရတယ်။ အီဂျစ်ရွှေနန်းတော်မှာ လိုတရဘဝနဲ့ ဇိမ်ကျကျနေခဲ့ပြီးမှ ကြမ်းတမ်းတဲ့တောကန္တာရမှာ နေရတဲ့ဘဝရောက်သွားလို့ မောရှေအတွက် ခက်ခဲမယ်ဆိုတာ သေချာတယ်။ ဒါတောင် မောရှေက ယေဟောဝါပေးတဲ့ ညွှန်ကြားချက်ကိုလက်ခံဖို့ နိုးနိုးကြားကြားရှိခြင်းအားဖြင့် အသင့်ရှိကြောင်း တင်ပြခဲ့တယ်။ ဒါကြောင့် မိဒျန်ပြည်မှာ နှစ် ၄၀ နေပြီးတဲ့နောက် သူ့အမျိုးသားချင်းတွေကို ကယ်နုတ်ဖို့ ဘုရားသခင် သူ့ကို အသုံးပြုနိုင်ခဲ့တယ်။ ဘုရားသခင့်ညွှန်ကြားချက်နဲ့ မောရှေ အီဂျစ်ပြည်ကို ပြန်လာခဲ့တယ်။ ဘုရားသခင်ပေးအပ်တဲ့တာဝန်ကို ဘုရားသခင့်နည်းလမ်းအတိုင်းလုပ်ဆောင်ဖို့ အချိန်ကျရောက်လာပြီ။ (ထွ. ၃:၂၊ ၇၊ ၈၊ ၁၀) “မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” တဲ့မောရှေက အီဂျစ်ပြည်ကိုပြန်ပြီး ဖာရောရှေ့အခစားဝင်ဖို့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိလိုတယ်။ (တော. ၁၂:၃) ဖာရောရှေ့ နောက်ထပ်ဘယ်နှစ်ကြိမ် ထပ်ဝင်ရဦးမလဲဆိုတာ မသိရဘဲ ကပ်ဘေးတစ်ခုပြီးတိုင်း ပြီးတိုင်း မောရှေဟာ ဖာရောရှေ့ ခစားဝင်ခဲ့ရတယ်။

၁၅။ အခက်အခဲတွေကြားကနေ ကောင်းကင်ခမည်းတော်ကို ဂုဏ်တင်နိုင်တဲ့ အခွင့်အရေးရှာဖို့ မောရှေကို ဘာကလှုံ့ဆော်ပေးခဲ့သလဲ။

၁၅ မောရှေဟာ ဘီစီအီး ၁၅၁၃ ကနေ ဘီစီအီး ၁၄၇၃ အထိ အနှစ် ၄၀ ကျော်အတွင်း စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူက ယေဟောဝါကိုဂုဏ်တင်ဖို့ အခွင့်အရေးရှာခဲ့ပြီး အစ္စရေးအမျိုးသားချင်းတွေကိုလည်း အဲဒီအတိုင်းလုပ်ဆောင်ဖို့ စိတ်ရင်းမှန်နဲ့ အားပေးတိုက်တွန်းခဲ့တယ်။ (တရား. ၃၁:၁-၈) အကြောင်းကတော့ မောရှေဟာ သူ့နာမည်ထက် ယေဟောဝါရဲ့နာမနဲ့ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ပိုအလေးထားခဲ့တဲ့အတွက်ဖြစ်တယ်။ (ထွ. ၃၂:၁၀-၁၃; တော. ၁၄:၁၁-၁၆) ကျွန်ုပ်တို့မှာလည်း စိတ်ပျက်စရာတွေ၊ အတားအဆီးတွေရှိပေမဲ့ ကိုယ်တော့်နည်းလမ်းတွေက ပိုပညာရှိတယ်၊ ပိုဖြောင့်မတ်တယ်၊ တခြားဘယ်အရာထက်မဆို ပိုကောင်းမြတ်တယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဘုရားသခင့်အုပ်ချုပ်မှုကို ဆက်ထောက်ခံသွားရမယ်။ (ဟေရှာ. ၅၅:၈-၁၁; ယေ. ၁၀:၂၃) သင်ကော အဲဒီလိုခံစားရသလား။

နိုးကြားလျက်နေပါ

၁၆၊ ၁၇။ မာကု ၁၃:၃၅-၃၇ က သင့်အတွက် ဘာကြောင့် အထူးအဓိပ္ပာယ်ရှိသလဲ။

၁၆ “ထိုအချိန်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့၊ နိုးကြားလျက်နေကြလော့။” (မာ. ၁၃:၃၃) ဆိုးညစ်တဲ့ဒီအစီအစဉ်စနစ်ရဲ့ဆုံးခန်းကာလကို မှတ်သားဖော်ပြတဲ့ နိမိတ်တွေအကြောင်းပြောတဲ့အခါ အထက်ပါအတိုင်း ယေရှု သတိပေးခဲ့တယ်။ မာကုမှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ကျော်ကြားတဲ့ပရောဖက်ပြုချက်ရဲ့ နိဂုံးချုပ်စကားတွေကို သုံးသပ်ကြည့်ပါ– “အိမ်ရှင်သည် ညဦးယံအချိန်၊ သန်းခေါင်ယံအချိန်၊ ကြက်ဦးတွန်ချိန်၊ မိုးသောက်ယံအချိန်တို့တွင် အဘယ်အချိန်၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ်လျှင် ရုတ်တရက် အိမ်ရှင်ရောက်လာသော် သင်တို့အိပ်ပျော်နေသည်ကို တွေ့လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါဆို၏။”​—မာ. ၁၃:၃၅-၃၇

၁၇ ယေရှုရဲ့တိုက်တွန်းချက်က တကယ့်ကိုစဉ်းစားစရာပါပဲ။ ကိုယ်တော်က ညကင်းစောင့်ချိန် အပိုင်းအခြားလေးခုကို ရည်ညွှန်းပြောဆိုခဲ့တယ်။ နောက်ဆုံးကင်းချိန်က နံနက် ၃ နာရီကနေ နေထွက်ချိန်အထိဖြစ်ပြီး ဒီအချိန်က နိုးနိုးကြားကြားရှိဖို့ အရမ်းခက်တယ်။ ဒီအချိန်ဟာ ရန်သူတွေ “အိပ်ပျော်” နေနိုင်တဲ့အချိန်ဖြစ်လို့ တိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တယ်လို့ စစ်ဗျူဟာကျွမ်းကျင်သူတွေက ယူဆကြတယ်။ အလားတူပဲ အခုအချိန်မှာ လူအများစုက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လျစ်လျူရှုကြတဲ့အတွက် ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေဖို့ အခက်တွေ့နိုင်တယ်။ ကြိုဟောထားတဲ့ဆုံးခန်းချိန်နဲ့ ကျွန်ုပ်တို့ကို ကယ်လွှတ်မယ့်အချိန်ကို “စောင့်နေကြ” ဖို့၊ “နိုးကြားလျက်နေကြ” ဖို့လိုတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ သံသယဝင်နေသလား။

၁၈။ ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်ုပ်တို့မှာ ဘယ်အခွင့်ထူးကြီး ရရှိထားသလဲ။

၁၈ အစပိုင်းမှာဖော်ပြခဲ့တဲ့ တိရစ္ဆာန်တွေကိုလေ့ကျင့်ပေးတဲ့လူကတော့ ဘင်္ဂလားကျားရဲ့ရန်မူတိုက်ခိုက်ခြင်း ခံရပေမဲ့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ အယူမှားဝတ်ပြုရေးနဲ့ ဆိုးညစ်တဲ့ဒီအစီအစဉ်စနစ်ကတော့ အလျင်အမြန်ချဉ်းကပ်လာနေတဲ့ ဘုရားသခင့်နေ့ကြီးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူးဆိုပြီး သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (ဗျာ. ၁၈:၄-၈) နောဧနဲ့သူ့မိသားစုလို ယေဟောဝါရဲ့နေ့အတွက် အသင့်ရှိနေကြောင်းတင်ပြဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ဘုရားသခင့်ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့အားလုံး သိမြင်နိုင်ကြပါစေ။ ဖန်ဆင်းရှင်ကိုစော်ကားပြောဆိုတဲ့ မှောက်မှားတဲ့ဝတ်ပြုရေးခေါင်းဆောင်တွေ၊ မသိဝါဒီတွေ၊ ဘာသာတရားမဲ့သူတွေရှိနေတဲ့ ဘုရားသခင်ကို ရှုတ်ချဂုဏ်ဖျက်တဲ့လောကမှာ ကျွန်ုပ်တို့ နေထိုင်ကြရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က သူတို့ရဲ့လွှမ်းမိုးမှုကို မခံကြဘူး။ ကျွန်ုပ်တို့သုံးသပ်သွားတဲ့ ပုံနမူနာနှစ်ခုကို နှလုံးသွင်းပြီး ယေဟောဝါဟာ ‘ဘုရားသခင်တို့၏ဘုရားသခင်၊’ ‘ကြီးမြတ်သောဘုရားသခင်၊ တန်ခိုးနှင့်ပြည့်စုံ၍ ကြောက်မက်ဖွယ်သောဘုရားသခင်’ ဖြစ်ကြောင်း ခုခံပြောဆိုဖို့၊ ကိုယ်တော့်ကိုဂုဏ်တင်ဖို့ အခွင့်အရေးရှာကြပါစို့။—တရား. ၁၀:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ကမ္ဘာဦး ၆:၃ မှာ ဖော်ပြထားတဲ့ “အနှစ်တစ်ရာ့နှစ်ဆယ်” နဲ့ပတ်သက်ပြီး ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၀ စာမျက်နှာ ၃၀ ကိုကြည့်ပါ။

သင် မှတ်မိသလား

• မိသားစုရဲ့ဝတ်ပြုရေးကို နောဧ ဘာကြောင့် ဦးစားပေးလုပ်ဆောင်ဖို့ လိုသလဲ။

• နောဧခေတ်နဲ့ ကျွန်ုပ်တို့ခေတ်က ဘယ်လိုနည်းနဲ့ ဆင်တူသလဲ။

• အခက်အခဲတွေရှိပေမဲ့ ယေဟောဝါရဲ့ကတိတော်တွေကို မောရှေ ဘာကြောင့် ဆက်အာရုံစိုက်ခဲ့သလဲ။

• ဘယ်ကျမ်းစာပရောဖက်ပြုချက်တွေက သင့်ကို နိုးနိုးကြားကြားရှိဖို့ ကူညီပေးသလဲ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

နောဧနဲ့ သူ့မိသားစုက ယေဟောဝါစေခိုင်းထားတဲ့အလုပ်ကို အာရုံစိုက်လုပ်ဆောင်ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သေချာတဲ့ ဘုရားသခင့်ကတိတော်တွေက မောရှေကို နိုးနိုးကြားကြားရှိဖို့ ကူညီပေးခဲ့