မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်တာနက် ကမ္ဘာအနှံ့ခရီးဆန့်နိုင်တဲ့ကိရိယာကို ပညာရှိရှိအသုံးပြုပါ

အင်တာနက် ကမ္ဘာအနှံ့ခရီးဆန့်နိုင်တဲ့ကိရိယာကို ပညာရှိရှိအသုံးပြုပါ

အင်တာနက် ကမ္ဘာအနှံ့ခရီးဆန့်နိုင်တဲ့ကိရိယာကို ပညာရှိရှိအသုံးပြုပါ

ယနေ့အချိန်မှာ အင်တာနက်ကြောင့် များပြားလှတဲ့အသိပညာတွေကို နေရာမရွေး၊ အချိန်မရွေး အလွယ်တကူ ရရှိနိုင်ပြီ။ အင်တာနက်ဟာ ကမ္ဘာအနှံ့ကျယ်ပြန့်တဲ့ ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်လာတာ အံ့ဩစရာမဟုတ်ဘူး။

ဆက်သွယ်ပြောဆိုနိုင်စွမ်းက ကျွန်ုပ်တို့ရဲ့ဖန်ဆင်းရှင်ပေးတဲ့ အံ့ဖွယ်ဆုလက်ဆောင်တစ်ခု ဖြစ်တယ်။ ဒီစွမ်းရည်ကြောင့် အတွေးအခေါ်တွေကို ဖလှယ်နိုင်တယ်၊ သတင်းအချက်အလက်တွေကို ဝေမျှနိုင်တယ်။ ယေဟောဝါက လူသားတွေကို အဓိပ္ပာယ်ရှိတဲ့အသက်တာရရှိစေဖို့ ရှင်းလင်းပီပြင်တဲ့ သတင်းအချက်အလက်တွေ ပေးခြင်းအားဖြင့် လူ့မိသားစုနဲ့ ဦးဆုံးဆက်သွယ်ခဲ့သူဖြစ်တယ်။ (က. ၁:၂၈-၃၀) ဒါပေမဲ့ လူ့သမိုင်းအစမှာဖြစ်ပျက်ခဲ့တဲ့အတိုင်း ပြောဆိုဆက်သွယ်ခြင်းဆုလက်ဆောင်ကို တလွဲအသုံးပြုခဲ့ကြတယ်။ စာတန်က ဧဝကို လုံးလုံးလွဲမှားနေတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့တယ်။ ဧဝက ဒါကိုလက်ခံပြီး အာဒံကိုတစ်ဆင့်ပြန်ပြောပြတယ်၊ အာဒံက အဲဒီအတိုင်းလိုက်လုပ်ခြင်းအားဖြင့် လူသားတွေကို ဒုက္ခတွင်းထဲ ကျရောက်စေခဲ့တယ်။—က. ၃:၁-၆; ရော. ၅:၁၂

အင်တာနက် အသုံးပြုခြင်းနဲ့ပတ်သက်လို့ကော ဘာပြောနိုင်သလဲ။ အင်တာနက်ကနေ အဖိုးတန်အချက်အလက်တွေ ရရှိနိုင်တယ်၊ အချိန်ကုန်သက်သာစေတယ်၊ အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်တယ်။ တစ်ချိန်တည်းမှာ လွဲမှားတဲ့အချက်အလက်တွေ ပေးနိုင်၊ အချိန်ကို အလဟဿဖြစ်စေနိုင်ပြီး ကိုယ်ကျင့်တရားကို ပျက်ပြားစေနိုင်တယ်။ ကမ္ဘာအနှံ့ခရီးဆန့်နိုင်တဲ့ ဒီကိရိယာကို အကျိုးရှိရှိ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

သတင်းအချက်အလက်—အမှန်လား၊ အမှားလား

အင်တာနက်ကနေရရှိတဲ့ သတင်းအချက်အလက်အားလုံးကို ကောင်းတဲ့အရာ၊ အကျိုးရှိတဲ့အရာအဖြစ် အမြဲစိတ်ချလို့မရဘူး။ အင်တာနက်မှာ ရှာဖွေလေ့လာတဲ့အခါ ကောင်းတဲ့အရာတွေကို ရနိုင်သလို၊ မကောင်းတာတွေလည်း တွေ့နိုင်တယ်။ ဒါကြောင့် အကောင်းနဲ့အဆိုးကို ပညာရှိရှိ ခွဲခြားသိရှိဖို့လိုတယ်။

၁၉၉၃ ခုနှစ်တုန်းက နာမည်ကြီးမဂ္ဂဇင်းတစ်စောင်မှာပါတဲ့ ကာတွန်းတစ်ခုမှာ ခွေးနှစ်ကောင် ကွန်ပျူတာရှေ့ရပ်နေတဲ့ပုံပါတယ်။ တစ်ကောင်က နောက်တစ်ကောင်ကို ဒီလိုပြောတယ်– “အင်တာနက်မှာဆို မင်းကိုခွေးမှန်း ဘယ်သူမှမသိဘူး။” ကမ္ဘာဦးတုန်းက စာတန်ဟာ သူ့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီး ဧဝက ဘုရားသခင်လိုဖြစ်နိုင်ကြောင်း မြွေကနေတစ်ဆင့် စကားပြောခဲ့တယ်။ ယနေ့ အင်တာနက်အသုံးပြုသူအတော်များများလည်း အဲဒီလိုပဲလုပ်ကြတယ်။ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အသေအချာမသိသူတစ်ယောက်က အင်တာနက်မှာ သူ့နာမည်အမှန်ကိုမဖော်ပြဘဲ သူ့ကိုယ်သူ ပညာရှင်တစ်ယောက်လို ဟန်ဆောင်နိုင်တယ်။ အဲဒီမှာတင်ထားတဲ့ အတွေးအခေါ်အယူအဆတွေ၊ သတင်းအချက်အလက်တွေ၊ ပုံတွေ၊ အကြံပြုချက်တွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းဥပဒေဆိုတာ မရှိဘူး။

အင်တာနက်အသုံးပြုတဲ့အခါ မစဉ်းစားမဆင်ခြင်တဲ့ ဧဝလို အဖြစ်မခံပါနဲ့။ အင်တာနက်မှာတင်ထားတဲ့ အချက်အလက်တွေကို လွယ်လွယ်နဲ့မယုံဘဲ အသေအချာ ဆန်းစစ်ဖို့လိုတယ်။ ဒီလိုမေးခွန်းတွေနဲ့ ဆန်းစစ်နိုင်တယ်– (၁) ဒီအကြောင်းအရာကို ဘယ်သူတင်တာလဲ။ စာရေးသူက တကယ်ယုံကြည်စိတ်ချရသူလား။ (၂) ဒီအကြောင်းအရာကို ဘာကြောင့် ဖြန့်ရတာလဲ။ ဘာကြောင့် ရေးသားတာလဲ။ သူက မျှတတဲ့အမြင်ရှိသူလား ဒါမှမဟုတ် သူ့ကိုယ်ပိုင်အယူအဆတွေကိုပဲ တစ်ဖက်စောင်းနင်း ရေးသားသူလား။ (၃) ဒီသတင်းအချက်အလက်တွေကို စာရေးသူ ဘယ်ကနေရတာလဲ။ မှန်မမှန်စစ်ဆေးနိုင်ဖို့ ဘယ်ကနေကောက်နုတ်ထားတယ်ဆိုတာ ဖော်ပြထားသလား။ (၄) နောက်ဆုံး သတင်းအချက်အလက်တွေလား။ ပထမရာစုအချိန်မှာ တမန်တော်ပေါလုက ဒီနေ့အချိန်ထိသက်ဆိုင်တဲ့ အကြံပြုချက်တစ်ခု တိမောသေကိုပေးခဲ့တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “သင်၌ ယုံကြည်လွှဲအပ်ထားသောအရာကို စောင့်ရှောက်လော့။ သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့် အချည်းနှီးသောစကားများကိုလည်းကောင်း၊ ‘အသိပညာ’ ဟုတလွဲခေါ်သည့် ရှေ့နောက်မညီသော အယူအဆများကိုလည်းကောင်း ရှောင်လော့။”—၁ တိ. ၆:၂၀

အချိန်ကုန်သက်သာသလား၊ အချိန်စားသလား

အင်တာနက်ကို ပညာရှိရှိအသုံးပြုမယ်ဆိုရင် အဖိုးနည်း ဝန်ပါပြီး အချိန်ကုန်သက်သာစေတယ်ဆိုတာ မှန်ပါတယ်။ အိမ်ပြင်မထွက်ဘဲ ပစ္စည်းတွေ ဝယ်နိုင်တယ်။ ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်လို့ရတဲ့အတွက် ငွေကုန်ကြေးကျသက်သာနိုင်တယ်။ အွန်လိုင်းဘဏ်စနစ်က လူများစွာအတွက် ပိုလွယ်ကူစေတယ်။ ငွေရေးကြေးရေးကိစ္စတွေကို အိမ်မှာနေရင်း အချိန်မရွေး ကြိုက်သလို စီမံခန့်ခွဲနိုင်တယ်။ ခရီးထွက်ဖို့ စီစဉ်တော့မယ်ဆိုရင် ငွေကုန်ကြေးကျသက်သာပြီး အဆင်ပြေတဲ့ ခရီးစဉ်တစ်ခုဖြစ်မြောက်ဖို့ စီစဉ်နိုင်သလို ကြိုတင်ဘွတ်ကင်လုပ်ဖို့လည်း အဆင်ပြေစေတယ်။ လူပင်ပန်းစရာမလိုဘဲ ကိုယ်သွားမယ့်ခရီးစဉ်နဲ့ပတ်သက်တဲ့ ဖုန်းနံပါတ်တွေ၊ လိပ်စာတွေ၊ သွားနိုင်တဲ့လမ်းကြောင်းတွေကို ရှာဖွေနိုင်တယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေက အချိန်ကုန်၊ လူသက်သာပြီး ငွေကြေးချွေတာဖို့ ဒီဝန်ဆောင်မှုတွေကို အသုံးပြုတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ထည့်တွက်ရမယ့် အန္တရာယ်တွေရှိတယ်။ အင်တာနက်အသုံးပြုတဲ့ အချိန်ပမာဏကိုလည်း ထည့်စဉ်းစားရမယ်။ တချို့သူတွေအတွက် အင်တာနက်က အသုံးဝင်တဲ့ကိရိယာတစ်ခုထက် စွဲစေတဲ့ကစားစရာတစ်ခု ဖြစ်လာတယ်။ သူတို့တွေက ဂိမ်းကစားဖို့၊ ဈေးဝယ်ဖို့၊ စကားပြောဖို့၊ စာပို့ဖို့၊ ရှာဖွေစူးစမ်းဖို့နဲ့ ရည်ရွယ်ချက်မရှိလျှောက်ကြည့်ဖို့အတွက် အချိန်များစွာအကုန်ခံကြတယ်။ ပိုပြီးအရေးကြီးတဲ့ မိသားစု၊ မိတ်ဆွေနဲ့ အသင်းတော်အရေးကိစ္စတွေကို တဖြည်းဖြည်းနဲ့ စတင်လျစ်လျူရှုလာနိုင်တယ်။ ဒီလိုနဲ့ အင်တာနက်သုံးတာကို စွဲလာနိုင်တယ်။ ဥပမာ၊ ၂၀၁၀ မှာ ထုတ်ပြန်လိုက်တဲ့ ခန့်မှန်းခြေတစ်ခုအရ ကိုရီးယားဆယ်ကျော်သက် ၁၈.၄ ရာခိုင်နှုန်းက အင်တာနက်စွဲခြင်းကြောင့် ဆိုးကျိုးတွေခံစားခဲ့ရတယ်။ ဂျာမန်သုတေသနပြုသူတွေက ဒီလိုဖော်ပြတယ်– “မိမိတို့ရဲ့အဖော်တွေ အင်တာနက်စွဲတဲ့အကြောင်း ညည်းညူပြောဆိုတဲ့ အမျိုးသမီးတွေ များသည်ထက်များလာတယ်။” အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းဟာ အင်တာနက်ကြောင့် လုံးလုံးပြောင်းလဲသွားပြီး သူတို့ရဲ့အိမ်ထောင်ရေးပြိုကွဲတဲ့ အခြေအနေအထိ ရောက်သွားတယ်လို့ ညည်းညူပြောဆိုခဲ့တယ်။

သူ့ကိုယ်သူ အင်တာနက်ရူးလို့ ကင်ပွန်းတပ်တဲ့လူတစ်ဦးရေးတဲ့ စာတစ်စောင်ကို ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတစ်ခုက လက်ခံရရှိခဲ့တယ်။ တစ်ခါတလေ သူက တစ်ရက်မှာ ဆယ်နာရီ အင်တာနက်သုံးတယ်။ “အစပိုင်းမှာတော့ ဘေးကင်းပုံပေါက်တယ်” လို့ပြောပြီး ဒီလိုဆက်ပြောတယ်– “တဖြည်းဖြည်းနဲ့ ကျွန်တော် အစည်းအဝေးတွေ ပျက်ကွက်လာတယ်၊ ဆုလည်းမတောင်းတော့ဘူး။” အစည်းအဝေးသွားတဲ့အခါတွေမှာ ကြိုတင်မပြင်ဆင်တော့ဘူး၊ အိမ်ပြန်ပြီး “ကွန်ပျူတာပြန်ဖွင့်ဖို့ပဲ” စိတ်ရောက်နေတယ်။ ဝမ်းသာစရာက သူ့အခြေအနေ ဘယ်လောက်ထိ ဆိုးနေတယ်ဆိုတာသိလာပြီး ပြုပြင်ပြောင်းလဲခဲ့တယ်။ အင်တာနက်သုံးတာကို စွဲတဲ့အထိ ဘယ်တော့မှ မဖြစ်ပါစေနဲ့။

သတင်းအချက်အလက်များ—အကျိုးရှိသလား၊ အကျိုးယုတ်သလား

၁ သက်သာလောနိတ် ၅:၂၁၊ ၂၂ မှာ “အရာရာကို သေချာအောင် စစ်ဆေးကြလော့။ ကောင်းသောအရာကို စွဲကိုင်ထားကြလော့။ ဆိုးညစ်မှုအမျိုးမျိုးကို ရှောင်ကြလော့” လို့ ဖတ်ရတယ်။ အင်တာနက်ကရရှိတဲ့အချက်အလက်တွေက ဘုရားသခင့်မျက်နှာသာ ရရှိစေသလား၊ မြင့်မားတဲ့စံနှုန်းတွေကို လိုက်မီစေသလားဆိုတာ ဆန်းစစ်ဖို့လိုတယ်။ ကိုယ်ကျင့်တရားကို မထိခိုက်စေတဲ့အရာ၊ ခရစ်ယာန်တစ်ဦးအတွက် သင့်တော်တဲ့အရာ ဖြစ်သင့်တယ်။ အထူးသဖြင့် အင်တာနက်ညစ်ညမ်းရုပ်ပုံစာပေတွေ အရမ်းပျံ့နေတဲ့အတွက် သတိမထားဘူးဆိုရင် ကျွန်ုပ်တို့ အလွယ်တကူ ကြည့်မိနိုင်တယ်။

ကိုယ့်ကိုယ်ကိုယ် ပညာရှိရှိ ဒီလိုမေးပါ– ‘တစ်ခါတလေ ကျွန်တော်ကြည့်နေတဲ့အရာတွေကို အိမ်ထောင်ဖက်၊ မိဘ၊ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေ မမြင်အောင် ချက်ချင်းဝှက်လိုက်သလား။’ ဟုတ်တယ်လို့ ဖြေတယ်ဆိုရင် တခြားသူတွေရှိနေမှသာ အင်တာနက် အသုံးပြုတာက ကောင်းပါတယ်။ အင်တာနက်က လူတွေရဲ့ ပြောဆိုဆက်သွယ်ပုံနဲ့ ဈေးဝယ်ပုံနည်းလမ်းတွေကို တကယ်ပြောင်းလဲစေခဲ့ပြီ။ ဒါ့အပြင် ‘စိတ်နှလုံးထဲမှာ အိမ်ထောင်ရေးဖောက်ပြန်’ စေတဲ့ လမ်းစသစ်ကိုလည်း ဖွင့်ပေးတယ်။—မ. ၅:၂၇၊ ၂၈

သတင်းကို ထပ်ဆင့်ဖြန့်သင့်သလား၊ မဖြန့်သင့်ဘူးလား

အင်တာနက်အသုံးပြုခြင်းက သတင်းအချက်အလက်တွေ ရရှိစေသလို ဖြန့်တာမျိုးလည်း ဖြစ်စေနိုင်တယ်။ အချက်အလက်တွေကို ကျွန်ုပ်တို့ လွတ်လွတ်လပ်လပ်ရယူနိုင်၊ ဖြန့်ဝေနိုင်ခွင့်ရှိပေမဲ့ ဒီသတင်းအချက်အလက်က မှန်ကန်ပြီး ကျင့်ဝတ်နဲ့ညီတယ်ဆိုတာ သေချာစေဖို့ ကျွန်ုပ်တို့မှာ တာဝန်ရှိတယ်။ တခြားသူတွေကို ကျွန်ုပ်တို့ရေးတာတွေ၊ တစ်ဆင့်ပို့ပေးတဲ့အကြောင်းအရာတွေဟာ မှန်ကန်ကြောင်း ကျွန်ုပ်တို့ အာမခံနိုင်သလား။ ကျွန်ုပ်တို့မှာ ဒီသတင်းအချက်အလက်တွေကို ပြန်ဖြန့်ဝေခွင့် ရှိသလား။ * ဒါက အကျိုးပြုပြီး တည်ဆောက်မှုဖြစ်စေသလား။ ကျွန်ုပ်တို့ အဲဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ တခြားသူတွေရဲ့ အထင်ကြီးမှုကို ခံချင်လို့လား။

သင့်တော်စွာအသုံးပြုမယ်ဆိုရင် အီးမေးလ်က အကျိုးရှိတဲ့အရာဖြစ်နိုင်တယ်။ ဒါပေမဲ့ သတင်းအချက်အလက်တွေနဲ့လည်း ပိစေနိုင်တယ်။ အသိအကျွမ်းတွေထံ နောက်ဆုံးရသတင်းတွေ ဒါမှမဟုတ် အရေးမကြီးတဲ့အကြောင်းအရာတွေ ပေးပို့ခြင်းအားဖြင့် သူတို့ရဲ့ အဖိုးတန်အချိန်တွေကို ကုန်ဆုံးစေသလား။ အီးမေးလ်မပို့ခင်မှာ ဘာကြောင့် ဒီမေးလ်ကို ပို့တယ်ဆိုတာ ဆန်းစစ်သင့်တယ်မဟုတ်လား။ အရင်တုန်းကလူတွေဟာ သူတို့ဘဝမှာ ဖြစ်ပျက်တဲ့အကြောင်းအရာတွေကို မိသားစုတွေ၊ မိတ်ဆွေတွေသိအောင် စာရေးကြတယ်။ ကျွန်တော်တို့ပို့တဲ့အီးမေးလ်ရဲ့ အဓိကအကြောင်းကလည်း ဒီအတိုင်းပဲဖြစ်သင့်တယ်။ မှန်မမှန်မသိနိုင်တဲ့အရာတစ်ခုကို တခြားသူတွေထံ ဘာကြောင့်ပို့မလဲ။

ဒါဆိုရင် အင်တာနက်အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ လုံးဝရှောင်ရမလား။ တစ်ခါတလေ အဲဒီလိုလုပ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ အထက်မှာဖော်ပြခဲ့တဲ့ အင်တာနက်ရူးက အဲဒီအတိုင်းလုပ်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ‘သတိနဲ့ထိန်းသိမ်းပြီး ဉာဏ်နဲ့စောင့်ရှောက်’ မယ်ဆိုရင် အင်တာနက်ကို အကျိုးရှိရှိအသုံးပြုနိုင်ပါတယ်။—သု. ၂:၁၀၊ ၁၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ဒါက ဓာတ်ပုံတွေနဲ့လည်း သက်ဆိုင်တယ်။ ကျွန်ုပ်တို့ ကိုယ်ပိုင်အသုံးပြုဖို့ ဒီဓာတ်ပုံတွေကို ရိုက်ထားတာဖြစ်နိုင်တယ်။ ဒါပေမဲ့ အင်တာနက်ပေါ် တင်ပြီးလူတကာကိုပြဖို့ ဒါမှမဟုတ် ဓာတ်ပုံမှာပါတဲ့သူတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာကို ထုတ်ဖော်ပြောဆိုခွင့်မရှိဘူး။

[စာမျက်နှာ ၄ ပါရုပ်ပုံ]

သင်ရထားတဲ့သတင်းအချက်အလက်တွေက အမှန်ဖြစ်တယ်ဆိုတာ ဘယ်လိုသေချာသိနိုင်သလဲ

[စာမျက်နှာ ၅ ပါရုပ်ပုံ]

စာမပို့ခင် ဘယ်အချက်ကို သင် စဉ်းစားသင့်သလဲ