မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်ပါ

ယေဟောဝါရဲ့ ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်ပါ

“ကိုယ်တော့်နာမည်ကို ထာဝစဉ် ဂုဏ်တင်ပါ့မယ်။” —ဆာ. ၈၆:၁၂၊ ကဘ။

၁၊ ၂။ ခရစ်ယာန်ဘောင်ချာ့ခ်ျတွေနဲ့မတူဘဲ ယေဟောဝါသက်သေတွေဟာ ဘုရားသခင့်နာမည်ကို ဘယ်လိုရှုမြင်သလဲ။

ခရစ်ယာန်ဘောင်ချာ့ခ်ျတွေဟာ အများအားဖြင့် သူတို့ကိုသူတို့ ဘုရားသခင့်နာမည်နဲ့ အလှမ်းဝေးအောင်လုပ်ကြတယ်။ ဥပမာ၊ ဘာသာပြန်ကျမ်းတစ်ခု (Revised Standard Version) ရဲ့ အဖွင့်နိဒါန်းမှာ ဒီလိုဖော်ပြထားတယ်– “တစ်ဆူတည်းသော ဘုရားသခင်၏နာမည်ကို သုံးခြင်းသည် . . . ကမ္ဘာတစ်ဝန်း ခရစ်ယာန်အသင်း၏ ယုံကြည်ချက်နှင့် လုံးဝမအပ်စပ်ချေ။”

ဒါပေမဲ့ ယေဟောဝါသက်သေတွေကတော့ ဘုရားသခင့်နာမည်နဲ့ အခေါ်ခံရတာကို ဂုဏ်ယူပြီး အဲဒီနာမည်ကို ဂုဏ်တင်ကြတယ်။ (ဆာလံ ၈၆:၁၂ နဲ့ ဟေရှာယ ၄၃:၁၀ တို့ကိုဖတ်ပါ။) ဒါ့အပြင် ကျွန်ုပ်တို့ဟာ ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်ကိုသိရတာ၊ စကြဝဠာအရေးကိစ္စနဲ့ အဲဒီနာမည်သန့်ရှင်းမြင့်မြတ်ရေး ဆက်နွှယ်နေတယ်ဆိုတာ သိရတာကို အခွင့်ထူးတစ်ခုအဖြစ် ယူမှတ်ကြတယ်။ (မ. ၆:၉) ဒါပေမဲ့ အဲဒီအခွင့်ထူးကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ အဲဒီလို ပေါ့ပေါ့တန်တန် သဘောမထားမိဖို့ အရေးကြီးတဲ့မေးခွန်းသုံးခုကို ဆွေးနွေးသုံးသပ်ကြည့်ကြစို့– ဘုရားသခင့်နာမည်ကို သိရှိခြင်းက သင့်အတွက် ဘာအဓိပ္ပာယ်လဲ။ ယေဟောဝါဟာ မိမိရဲ့ကြီးမြတ်တဲ့နာမည်နဲ့အညီ ဘယ်လို လုပ်ဆောင်ခဲ့သလဲ။ ယေဟောဝါရဲ့နာမည်နဲ့အညီ ကျွန်ုပ်တို့ ဘယ်လိုအသက်ရှင်နိုင်သလဲ။

ဘုရားသခင့်နာမည်ကိုသိရှိခြင်းက ဘာအဓိပ္ပာယ်လဲ

၃။ ဘုရားသခင့်နာမည်ကို သိရှိခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဘုရားသခင့်နာမည်ကို သိရှိခြင်းဆိုတာ “ယေဟောဝါ” ဆိုတဲ့စကားလုံးကို သိရှိခြင်းထက်မက ပိုအဓိပ္ပာယ်ရှိတယ်။ အဲဒါက ယေဟောဝါဟာ ဘယ်လို ဘုရားမျိုးဖြစ်တယ်ဆိုတာ သိခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒီအထဲမှာ ယေဟောဝါရဲ့ အရည်အသွေးတွေ၊ ရည်ရွယ်ချက်နဲ့ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ကိုယ်တော့်လုပ်ဆောင်မှုတွေ၊ ကိုယ်တော့်ကျေးကျွန်တွေနဲ့ ဆက်ဆံပုံတွေ ပါဝင်တယ်။ ယေဟောဝါက အဲဒါတွေကို မိမိရဲ့ရည်ရွယ်ချက်နဲ့အညီ တဖြည်းဖြည်းချင်း ဖော်ပြပေးတယ်။ (သု. ၄:၁၈) ယေဟောဝါက မိမိရဲ့နာမည်ကို ပထမလူသားမောင်နှံကို ဖော်ပြခဲ့တယ်၊ ဒါကြောင့် ကာဣနကိုမွေးတဲ့အခါမှာ ဧဝက အဲဒီနာမည်ကို သုံးခဲ့တယ်။ (က. ၄:၁ကဘ) ရှေးခေတ်သစ္စာရှိကျေးကျွန်တွေဖြစ်တဲ့ နောဧ၊ အာဗြဟံ၊ ဣဇာက်နဲ့ ယာကုပ်တို့လည်း ဘုရားသခင့်နာမည်ကို သိခဲ့တယ်။ ဒါ့အပြင် ယေဟောဝါက သူတို့ကို ကောင်းချီးပေးတဲ့အခါ၊ ဂရုစိုက်ကြည့်ရှုတဲ့အခါ၊ မိမိရဲ့ရည်ရွယ်ချက်တွေကို ဖော်ပြတဲ့အခါတွေမှာ သူတို့တွေဟာ အဲဒီနာမည်ကို လေးမြတ်စိတ် ပိုတိုးပွားလာတယ်။ မောရှေဆိုရင် ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်ကို ပိုပြီးသိရှိခွင့်ရခဲ့တယ်။

ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်ကို မောရှေသိခဲ့တယ်၊ အဲဒါက သူ့ရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့

၄။ မောရှေ ဘာကြောင့် ဘုရားသခင့်နာမည် မေးတာလဲ၊ မောရှေ အဲဒီလိုသိချင်တာက ဘာကြောင့်သဘာဝကျသလဲ။

ထွက်မြောက်ရာ ၃:၁၀-၁၅ ကိုဖတ်ပါ။ မောရှေအသက် ၈၀ ရှိတဲ့အခါမှာ ဘုရားသခင်က သူ့ကို “ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်” ပါဆိုတဲ့ အရေးကြီးတဲ့အမိန့်တစ်ခု ပေးခဲ့တယ်။ အဲဒီအခါမှာ မောရှေက ‘ကိုယ်တော့်နာမည်က ဘာလဲ’ ဆိုတဲ့ အလွန်အဓိပ္ပာယ်ရှိတဲ့မေးခွန်းတစ်ခုကို လေးလေးစားစား ပြန်မေးခဲ့တယ်။ ဘုရားသခင့်နာမည်ကို သိထားတာ ကြာနေပြီဖြစ်ပါလျက်နဲ့ မောရှေ ဘာကြောင့် ဒီမေးခွန်းကို မေးခဲ့တာလဲ။ အဲဒီနာမည်ကို ခံယူထားတဲ့ပုဂ္ဂိုလ်အကြောင်း မောရှေ ပိုသိချင်လို့ပဲ။ အစ္စရေးလူတွေကို ဘုရားသခင် တကယ်ကယ်တင်မယ်ဆိုတာ သူတို့ကို မောရှေ ယုံကြည်စေချင်တယ်။ မောရှေ အဲဒီလိုယုံကြည်စေချင်တာ သဘာဝကျပါတယ်၊ ဘာကြောင့်လဲဆိုတော့ အစ္စရေးလူတွေ ကျွန်ဘဝရောက်နေတာ အတော်ကြာနေပြီ။ ဘိုးဘေးတွေရဲ့ဘုရားက တကယ် ကယ်တင်နိုင်မလားဆိုတာ သူတို့ သံသယရှိနေနိုင်တယ်။ တချို့အစ္စရေးလူတွေဆိုရင် အီဂျစ်ဘုရားတွေကိုတောင် ဝတ်ပြုကိုးကွယ်နေကြပြီ။—ယေဇ. ၂၀:၇၊ ၈

၅။ ယေဟောဝါက မိမိနာမည်ရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး မောရှေကို ဘယ်လိုဖော်ပြခဲ့သလဲ။

မောရှေရဲ့မေးခွန်းကို ယေဟောဝါ ဘယ်လိုပြန်ဖြေခဲ့သလဲ။ ယေဟောဝါက “‘ငါဖြစ်သည် ဟု အမည်ရှိသောသူသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ’ ဟု ဣသရေလအမျိုးသားတို့အား ပြန်ပြောလော့” လို့ မောရှေကို ပြောခဲ့တယ်။ * ပြီးတဲ့နောက် “သင်တို့ဘိုးဘေးတွေရဲ့ ဘုရားသခင် . . . ယေဟောဝါက ငါ့ကို သင်တို့ဆီစေလွှတ်လိုက်တယ်” လို့ဆက်ပြောခိုင်းတယ်။ ဘုရားသခင်ဟာ မိမိနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အရာတစ်ခုကို ဒီစကားမှာ ဖော်ပြခဲ့တယ်။ ဘုရားသခင်ဟာ မိမိရည်ရွယ်ချက်တွေကို ပြည့်စုံစေဖို့၊ မိမိရဲ့စကားတွေကို အမြဲပဲပြည့်စုံစေဖို့ မိမိဖြစ်စေလိုတဲ့အရာမှန်သမျှ ဖြစ်လာမယ်ဆိုတာကို ဖော်ပြတယ်။ ဒါကြောင့် အခန်းငယ် ၁၅ (ကဘ) မှာ “ဒီနာမည်က ထာဝစဉ် ငါ့နာမည်ဖြစ်တယ်။ လူမျိုးတစ်ဆက်ပြီးတစ်ဆက် ငါ့ကို ဒီနာမည်နဲ့သတိရကြမယ်” လို့ ဖတ်ရတယ်။ ဒီစကားတွေက မောရှေရဲ့စိတ်ကို တကယ်ထိမိပြီး သူ့ရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေမှာဖြစ်တယ်။

မိမိနာမည်နဲ့အညီ ယေဟောဝါလုပ်ဆောင်

၆၊ ၇။ ယေဟောဝါဟာ မိမိရဲ့နာမည်နဲ့အညီ ဘယ်လို လုပ်ဆောင်ခဲ့သလဲ။

မောရှေကို တာဝန်ပေးပြီး သိပ်မကြာခင်မှာ ယေဟောဝါဟာ အစ္စရေးလူတွေကို ကယ်နုတ်ခြင်းအားဖြင့် မိမိနာမည်နဲ့အညီ လုပ်ဆောင်ခဲ့တယ်။ အီဂျစ်ပြည်ကို ကပ်ဘေးဆယ်ခုနဲ့ ဒဏ်ခတ်ခဲ့တယ်၊ တစ်ချိန်တည်းမှာ ဖာရောအပါအဝင် အီဂျစ်ဘုရားတွေမှာ ဘာတန်ခိုးမှမရှိဘူးဆိုတာ ဖော်ထုတ်ခဲ့တယ်။ (ထွ. ၁၂:၁၂) အဲဒီနောက် ယေဟောဝါဟာ ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး အစ္စရေးလူမျိုးကို အဲဒီထဲကနေ ခေါ်ထုတ်ခဲ့တယ်၊ ဖာရောနဲ့ သူရဲ့စစ်တပ်ကို ပင်လယ်ထဲမှာ နှစ်မြှုပ်ခဲ့တယ်။ (ဆာ. ၁၃၆:၁၃-၁၅) ကြောက်မက်ဖွယ်တောကန္တာရကြီးမှာ ယေဟောဝါဟာ သန်းနဲ့ချီတဲ့ မိမိလူမျိုးကို အစာနဲ့ရေ ထောက်ပံ့ပေးခြင်းအားဖြင့် အသက်ကယ်တင်သူဖြစ်ကြောင်း သက်သေပြခဲ့တယ်။ သူတို့ရဲ့အဝတ်အစားတွေနဲ့ ဖိနပ်တွေတောင် မဟောင်းနွမ်းခဲ့ဘူး။ (တရား. ၁:၁၉; ၂၉:၅) ပြိုင်ဘက်ကင်းတဲ့ မိမိနာမည်နဲ့အညီ ယေဟောဝါလုပ်ဆောင်တာကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးဆိုတာ အမှန်ပါပဲ။ နောက်ပိုင်းမှာ ယေဟောဝါက ဟေရှာယကို “ငါဟာ ယေဟောဝါဖြစ်တယ်။ ငါကလွဲလို့ တခြား ကယ်တင်ရှင်မရှိဘူး” လို့ ပြောခဲ့တယ်။—ဟေရှာ. ၄၃:၁၁ကဘ။

မောရှေကိုဆက်ခံတဲ့ ယောရှုလည်း အီဂျစ်ပြည်နဲ့ တောကန္တာရမှာ ယေဟောဝါလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အမှုတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့တယ်။ ဒါကြောင့် သူသေဆုံးခါနီးမှာ အစ္စရေးလူတွေကို ဒီလို အခိုင်အမာ ယုံကြည်စိတ်ချမှုနဲ့ ပြောနိုင်ခဲ့တယ်– “သင်တို့ရဲ့ဘုရားသခင် ယေဟောဝါပြောခဲ့တဲ့ ကောင်းမွန်တဲ့ကတိအားလုံး တစ်ခုမှမပြည့်စုံဘဲ မနေဘူးဆိုတာ သင်တို့ကောင်းကောင်း သိပါတယ်။ အဲဒီကတိအားလုံး သင်တို့အတွက် ပြည့်စုံလာတယ်။ စကားတစ်ခွန်းမှ မပြည့်စုံဘဲမနေဘူး။” (ယောရှု ၂၃:၁၄ကဘ) မှန်ပါတယ်၊ ယေဟောဝါဟာ ကတိပေးထားတဲ့အတိုင်း အတိအကျပြည့်စုံစေခဲ့တယ်။

၈။ ယေဟောဝါဟာ ယနေ့အချိန်မှာ မိမိနာမည်နဲ့အညီ ဘယ်လိုလုပ်ဆောင်နေသလဲ။

ယနေ့လည်း အလားတူပဲ ယေဟောဝါဟာ မိမိကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နေပါတယ်။ နောက်ဆုံးကာလမှာ နိုင်ငံတော်သတင်းကို “လူနေရာမြေတစ်ပြင်လုံး” မှာ ဟောပြောရလိမ့်မယ်လို့ မိမိရဲ့သားတော်အားဖြင့် ယေဟောဝါ ကြိုဟောခဲ့တယ်။ (မ. ၂၄:၁၄) ယေဟောဝါတစ်ပါးတည်းသာ ဒီလုပ်ငန်းအကြောင်း ကြိုဟောနိုင်ပြီး လုပ်ငန်းပြီးမြောက်အောင် လုပ်ဆောင်နိုင်တဲ့တန်ခိုးရှိတယ်။ ဒါ့အပြင် ကိုယ်တော်ဟာ ဒီလုပ်ငန်းမှာ သာမန်လူများစွာကို အသုံးပြုခဲ့တယ်။ (တ. ၄:၁၃) ဒါကြောင့် ကျွန်ုပ်တို့ ဒီလုပ်ငန်းမှာပါဝင်နေတာက သမ္မာကျမ်းစာပရောဖက်ပြုချက် ပြည့်စုံရေးမှာ ပါဝင်နေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ဖခင်ကို ဂုဏ်တင်ကြောင်း၊ “ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေ။ နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်အတိုင်း တကယ်လုပ်ဆောင်နေကြောင်း ဖော်ပြကြတယ်။—မ. ၆:၉၊ ၁၀

ကိုယ်တော့်နာမည်က ကြီးမြတ်

ဖာရောက ယေဟောဝါကို ဘုရားအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့

၉၊ ၁၀။ အစ္စရေးလူမျိုးနဲ့ ယေဟောဝါဆက်ဆံပုံကနေ ကိုယ်တော့်အကြောင်း ဘာတွေ ထပ်သိရသလဲ။

အစ္စရေးလူမျိုး အီဂျစ်ပြည်က ထွက်လာပြီး မကြာခင်မှာ ယေဟောဝါဟာ မိမိရဲ့လူမျိုးအတွက် နောက်အသွင်သစ်တစ်မျိုးနဲ့ လုပ်ဆောင်ပြန်တယ်။ ကိုယ်တော်ဟာ ပညတ်ပဋိညာဉ်အားဖြင့် သူတို့ကို “ပိုင်ဆိုင်တဲ့ လင်ယောက်ျား” ဖြစ်လာပြီး လင်ယောက်ျားနဲ့ဆိုင်တဲ့တာဝန်အားလုံးကို ကိုယ်တော် လိုလိုလားလား လက်ခံခဲ့တယ်။ (ယေ. ၃:၁၄ကဘ) အပြန်အလှန်အနေနဲ့ အစ္စရေးလူမျိုးကလည်း ဘုရားသခင်ရဲ့ ပုံဆောင်ဇနီးဖြစ်ခဲ့တယ်။ သူတို့ဟာ ကိုယ်တော့်နာမည်နဲ့ အခေါ်ခံရတဲ့ လူမျိုးဖြစ်ခဲ့တယ်။ (ဟေရှာ. ၅၄:၅၊ ၆) အစ္စရေးလူမျိုးက ကိုယ်တော့်ကို လိုလိုလားလား လက်အောက်ခံပြီး ကိုယ်တော့်ပညတ်တော်တွေကို လိုက်နာတယ်ဆိုရင် ကိုယ်တော်က သူတို့အတွက် အကောင်းဆုံး “လင်ယောက်ျား” ဖြစ်ပါလိမ့်မယ်။ ကိုယ်တော် သူတို့ကို ကောင်းချီးပေးမယ်၊ ကြည့်ရှုစောင့်ရှောက်မယ်၊ ငြိမ်သက်ခြင်းရှိစေမယ်။ (တော. ၆:၂၂-၂၇) ယေဟောဝါရဲ့ကြီးမြတ်တဲ့နာမည်ဟာ လူမျိုးအလယ်မှာ ဂုဏ်တင်ခံရမှာဖြစ်တယ်။ (တရားဟောရာ ၄:၅-၈ နဲ့ ဆာလံ ၈၆:၇-၁၀ တို့ကိုဖတ်ပါ။) အစ္စရေးလူတွေ ဘုရားသခင့်လူမျိုးဖြစ်ခဲ့ချိန်အတွင်းမှာ လူမျိုးခြားများစွာဟာ စစ်မှန်တဲ့ဝတ်ပြုရေးဘက် ကူးပြောင်းလာကြတယ်။ “အမေ့လူမျိုးက ကျွန်မလူမျိုး၊ အမေ့ဘုရားက ကျွန်မဘုရားပါပဲ” လို့ မောဘအမျိုးသမီးရုသက နောမိကို ပြောခဲ့တဲ့အတိုင်း သူတို့ လုပ်ဆောင်ခဲ့ကြတယ်။—ရု. ၁:၁၆ကဘ။

၁၀ နှစ်ပေါင်း ၁,၅၀၀ အတွင်းမှာ ယေဟောဝါဟာ အစ္စရေးလူမျိုးနဲ့ဆက်ဆံရာမှာ မိမိရဲ့ နောက်ထပ်အရည်အသွေးတွေကို ဖော်ပြခဲ့တယ်။ အစ္စရေးလူမျိုး ထင်ရာစိုင်းတဲ့ကြားက ယေဟောဝါဟာ “ကရုဏာရှိပြီး သနားစာနာတတ်တဲ့ဘုရားသခင်၊” “ဒေါသထွက်နှေး” တဲ့ဘုရားသခင်ဖြစ်ကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့တယ်။ ကိုယ်တော်ဟာ ထူးထူးခြားခြား စိတ်ရှည် သည်းခံတဲ့ဘုရားဖြစ်တယ်။ (ထွ. ၃၄:၅-၇ကဘ) ဒါပေမဲ့ ယေဟောဝါရဲ့စိတ်ရှည်သည်းခံခြင်းက အကန့်အသတ်မဲ့တော့ မဟုတ်ဘူး။ ဂျူးတွေ မိမိရဲ့သားတော်ကို ငြင်းပယ်ပြီး သတ်လိုက်တဲ့အခါ ကိုယ်တော့် စိတ်ရှည်သည်းခံခြင်း ကုန်ဆုံးသွားတယ်။ (မ. ၂၃:၃၇၊ ၃၈) အစ္စရေးလူမျိုးဟာ ဘုရားသခင့်နာမည်ခံယူတဲ့လူမျိုးအဖြစ်ကနေ ရပ်စဲသွားတယ်။ ယေဟောဝါအတွက်ကတော့ သူတို့ဟာ ခြောက်သွေ့တဲ့အပင်လိုပဲ သေဆုံးသွားကြပြီ။ (လု. ၂၃:၃၁) နောက်ပိုင်းမှာ အစ္စရေးလူမျိုးဟာ ဘုရားသခင့်နာမည်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားခဲ့ကြသလဲ။

၁၁။ ဘုရားသခင့်နာမည်ကို ဂျူးတွေ ဘာကြောင့် မသုံးတော့တာလဲ။

၁၁ နောက်ပိုင်းမှာ ဂျူးတွေဟာ ဘုရားသခင့်နာမည်နဲ့ပတ်သက်လို့ အယူသီးလာကြပြီး အဲဒီနာမည်ကို လူတွေ အသံထွက်မခေါ်သင့်ဘူးလို့ ယူဆလာကြတယ်။ (ထွ. ၂၀:၇) ဒါကြောင့် ဂျူးတွေဟာ ဘုရားသခင့်နာမည်ကို တဖြည်းဖြည်းနဲ့ အသုံးမပြုကြတော့ဘူး။ မိမိရဲ့နာမည်ကို မလေးမစားလုပ်တာကို ယေဟောဝါမြင်တဲ့အခါ စိတ်ထိခိုက်မှာသေချာတယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒါပေမဲ့ “အကြွင်းမဲ့ဆည်းကပ်မြှုပ်နှံခြင်း” ကို တောင်းဆိုတဲ့ဘုရားသခင်ဟာ ကိုယ်တော့်ကို ငြင်းပယ်သူ၊ ကိုယ်တော် ငြင်းပယ်လိုက်သူတွေကို ထာဝစဉ်တွယ်တာနေမှာမဟုတ်ဘူး။ (ထွ. ၃၄:၁၄ကဘ) ဒီအချက်က ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်နာမည်ကို အထွတ်အမြတ်ထား လေးစားဖို့ အရေးကြီးတယ်ဆိုတာ သိရှိစေသင့်တယ်။

ဘုရားသခင့်နာမည်နဲ့ခေါ်ခံရတဲ့ လူမျိုးသစ်

၁၂။ ဘယ်သူတွေက ဘုရားသခင့်နာမည်နဲ့ ခေါ်ခံရတဲ့လူမျိုး ဖြစ်လာသလဲ။

၁၂ ယေဟောဝါဟာ လူမျိုးသစ်တစ်မျိုးနဲ့ “ပဋိညာဉ်အသစ်” တစ်ခုဖွဲ့မယ့်အကြောင် ယေရမိကတစ်ဆင့် ဖော်ပြခဲ့တယ်။ သူတို့ထဲက “အနိမ့်ကျဆုံးသူကနေ အကြီးမြတ်ဆုံးသူအထိ လူအားလုံးက” “ယေဟောဝါကိုသိကျွမ်းကြ” မယ်လို့ ယေရမိကြိုဟောခဲ့တယ်။ (ယေ. ၃၁:၃၁၊ ၃၃၊ ၃၄ကဘ) ဒီပရောဖက်ပြုချက်ဟာ အေဒီ ၃၃ မှာ စတင်ပြည့်စုံခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားသခင် ပဋိညာဉ်အသစ်တစ်ခု ဖွဲ့ခဲ့တယ်။ လူမျိုးသစ်ဖြစ်တဲ့ “ဘုရားသခင်၏အစ္စရေးလူမျိုး” မှာ ဂျူးတွေရော၊ ဂျူးမဟုတ်သူတွေပါ ပါတယ်။ သူတို့က “[ဘုရားသခင်] ၏နာမတော်အတွက်” လူမျိုး ဒါမှမဟုတ် ယေဟောဝါ ပြောတဲ့ “ငါ၏နာမဖြင့်သမုတ်သောလူမျိုး” ဖြစ်လာတယ်။—ဂလ. ၆:၁၆; တမန်တော် ၁၅:၁၄-၁၇ ကိုဖတ်ပါ; မ. ၂၁:၄၃

၁၃။ (က) ပထမရာစုခရစ်ယာန်တွေ ဘုရားသခင့်နာမည်ကို သုံးခဲ့သလား။ ရှင်းပြပါ။ (ခ) အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါရဲ့နာမည် အသုံးပြုရတာကို သင်ဘယ်လို ခံစားရသလဲ။

၁၃ လူမျိုးသစ်မှာပါဝင်တဲ့ ပထမရာစု ခရစ်ယာန်တွေဟာ ဘုရားသခင့်နာမည်ကို အသုံးပြုခဲ့ကြတယ်။ ဥပမာ၊ ဟေဗြဲကျမ်းစောင်တွေကို သူတို့ကိုးကားတဲ့အခါတွေမှာ ကိုယ်တော့်နာမည်ကို သုံးခဲ့ကြတယ်။ * အေဒီ ၃၃ မှာ တမန်တော်ပေတရုက အရပ်ရပ်ကလာတဲ့ ဂျူးတွေ၊ ဂျူးဘာသာဝင်တွေကို ဟောပြောတဲ့အခါ ဘုရားသခင့်နာမည်ကို အကြိမ်ကြိမ် အသုံးပြုခဲ့တယ်။ (တ. ၂:၁၄၊ ၂၀၊ ၂၁၊ ၂၅၊ ၃၄) ပထမရာစုခရစ်ယာန်တွေ ယေဟောဝါကို ဂုဏ်တင်ခဲ့ကြလို့ သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ကိုယ်တော် ကောင်းချီးပေးခဲ့တယ်။ ယနေ့လည်း အလားတူပဲ ကျွန်ုပ်တို့က ဘုရားသခင့်နာမည်ကို ဂုဏ်ယူစွာ ကြေညာပြီး လူတွေကို သူတို့ရဲ့ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ပြတဲ့အခါ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးတယ်။ ကျွန်ုပ်တို့ဟာ ဒီနည်းနဲ့ လူတွေကို စစ်မှန်တဲ့ဘုရား ယေဟောဝါကို စသိရှိစေကြတယ်။ သူတို့အတွက်ရော၊ ကျွန်ုပ်တို့အတွက်ပါ ဘယ်လောက်အခွင့်ထူးလိုက်သလဲ။ ဘုရားသခင့်နာမည်ကို အဲဒီလို စသိရှိရာကနေ တချို့သူတွေဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း စရှိလာနိုင်တယ်၊ အဲဒီဆက်ဆံရေးက တဖြည်းဖြည်း ပိုခိုင်မြဲလာပြီး ထာဝစဉ်တည်မြဲသွားမယ်။

၁၄၊ ၁၅။ အယူဖောက်ပြန်မှုတွေ ပျံ့နှံ့နေပေမဲ့ မိမိရဲ့နာမည်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာလုပ်ဆောင်ခဲ့သလဲ။

၁၄ နောက်ပိုင်းမှာ၊ အထူးသဖြင့် တမန်တော်တွေ သေဆုံးပြီးနောက်ပိုင်းမှာ ပေါ်လာတဲ့ အယူဖောက်ပြန်မှုဟာ အစောပိုင်းခရစ်ယာန်အသင်းတော်ကို စတင်ထိခိုက်ခဲ့တယ်။ (၂ သက်. ၂:၃-၇) ဆရာအတုအယောင်တွေဟာ ဘုရားသခင့်နာမည်ကို အသုံးမပြုတဲ့ ဂျူးထုံးတမ်းစဉ်လာကိုတောင် လက်ခံလာကြတယ်။ မိမိရဲ့နာမည် ပျောက်ကွယ်သွားဖို့ ယေဟောဝါ ခွင့်ပြုပါ့မလား။ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီနာမည်ရဲ့ အသံထွက်အတိအကျကို မသိတော့တာမှန်ပေမဲ့ နာမည်ကတော့ ဆက်တည်ရှိခဲ့တယ်။ ကျမ်းပညာရှင်တွေရဲ့ စာပေတွေအပါအဝင် ဘာသာပြန်ကျမ်းအမျိုးမျိုးမှာ ဘုရားသခင်နာမည်ဟာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တယ်။ ဥပမာ၊ ၁၇၅၇ ခုနှစ်မှာ ချားလ်စ် ပီတာက ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်က တခြား ဘယ်ဘွဲ့တွေထက်မဆို ပိုအဓိပ္ပာယ်ပြည့်ဝတယ်လို့ ရေးခဲ့တယ်။ ၁၇၉၇ ခုနှစ်တုန်းက ဘုရားသခင်ကိုဝတ်ပြုခြင်းအကြောင်းစာအုပ်ရဲ့ အခန်း ၇ မှာ ဟော့ပ်တန် ဟေးနက်စ်က ဒီလိုရေးခဲ့တယ်– “ယေဟောဝါဆိုသည်မှာ ဂျူးများအသုံးပြုခဲ့သော ဘုရားသခင်၏အမည်ဖြစ်သည်။ ခရစ်တော်နှင့် တမန်တော်များကဲ့သို့ပင် ဂျူးများလည်း ထိုဘုရားတစ်ဆူတည်းကိုပင် ကိုးကွယ်ဝတ်ပြုခဲ့ကြသည်။” ဟင်နရီ ဂရူး (၁၇၈၁-၁၈၆၂) ဟာ ဘုရားသခင့်နာမည်ကို အသုံးပြုခဲ့ရုံသာမက အဲဒီနာမည်က ရှုတ်ချခံနေရလို့ သန့်ရှင်းမြင့်မြတ်စေရမယ်ဆိုတာကိုလည်း သိခဲ့တယ်။ အလားတူ၊ ချားလ်စ် တီ ရပ်စယ်နဲ့ အနီးကပ်ပေါင်းသင်းခဲ့တဲ့ ဂျော့စတောစ် (၁၇၉၆-၁၈၇၉) ကလည်း ရပ်စယ်လိုပဲ ဘုရားသခင့်နာမည်ကို အသုံးပြုခဲ့တယ်။

၁၅ ၁၉၃၁ ခုနှစ်ကတော့ တကယ်ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်ခဲ့တယ်၊ အကြောင်းကတော့ အဲဒီတုန်းက အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားတွေလို့ ခေါ်တဲ့ ဘုရားသခင့်လူမျိုးဟာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ခံယူခဲ့လို့ပဲ။ (ဟေရှာ. ၄၃:၁၀-၁၂) သူတို့ဟာ စစ်မှန်တဲ့တစ်ဆူတည်းသောဘုရားသခင်ရဲ့ ကျေးကျွန်တွေဖြစ်ရတာကို ဂုဏ်ယူကြောင်း၊ ဘုရားသခင့်နာမည်ကို ချီးမွမ်းဖို့ ကိုယ်တော့် “နာမတော်အတွက် လူမျိုး” ဖြစ်ကြောင်း ကမ္ဘာသိအောင် ကြေညာခဲ့ကြတယ်။ (တ. ၁၅:၁၄) အဲဒါက မာလခိ ၁:၁၁ (ကဘ) မှာတွေ့ရတဲ့ “နေထွက်ရာအရပ်ကနေ နေဝင်ရာအရပ်အထိ လူမျိုးတွေအလယ်မှ ငါ့နာမည်က ကြီးမြတ်လိမ့်မယ်” ဆိုတဲ့ ယေဟောဝါရဲ့စကားကို သတိရစေတယ်။

ယေဟောဝါရဲ့နာမည်နဲ့အညီ အသက်ရှင်ပါ

၁၆။ ယေဟောဝါသက်သေတွေလို့ အခေါ်ခံရတာကို ကျွန်ုပ်တို့ ဘယ်လို သဘောထားသင့်သလဲ။

၁၆ ပရောဖက်မိက္ခာ ဒီလိုရေးခဲ့တယ်– “လူအားလုံးက သူတို့ဘုရားရဲ့နာမည်နဲ့အညီ အသက်ရှင်ကြပေမဲ့ ငါတို့ကတော့ ငါတို့ဘုရားသခင် ယေဟောဝါရဲ့နာမည်နဲ့အညီ ကာလအစဉ်အဆက်၊ ထာဝစဉ် အသက်ရှင်ကြမယ်။” (မိ. ၄:၅ကဘ) ကျမ်းစာကျောင်းသားတွေကို ယေဟောဝါရဲ့နာမည်ခံယူစေတာက သူတို့ကို ဂုဏ်တင်တာလောက်ပဲ မဟုတ်ဘူး။ ဘုရားသခင့်မျက်နှာသာကို သူတို့ ရရှိထားတယ်ဆိုတာကိုလည်း ဖော်ပြတာဖြစ်တယ်။ (မာလခိ ၃:၁၆-၁၈ ကိုဖတ်ပါ။) သင်ကော ဘယ်လိုလဲ။ ‘ယေဟောဝါရဲ့နာမည်နဲ့အညီ အသက်ရှင်’ ဖို့ အစွမ်းကုန်ကြိုးစားသလား။

၁၇။ ဘုရားသခင့်နာမည်နဲ့အညီ အသက်ရှင်ခြင်းမှာ ဘာပါဝင်သလဲ။

၁၇ ဘုရားသခင့်နာမည်နဲ့အညီ အသက်ရှင်ခြင်းမှာ အနည်းဆုံး အချက်သုံးချက်ပါဝင်တယ်။ ပထမဆုံးအချက်က ‘ယေဟောဝါဘုရားရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်း’ တဲ့သူတွေသာ ကယ်တင်ခံရမှာဖြစ်လို့ အဲဒီနာမည်ကို တခြားသူတွေသိအောင် ပြောပြရမှာဖြစ်တယ်။ (ရော. ၁၀:၁၃) ဒုတိယအချက်က ကျွန်ုပ်တို့မှာ ယေဟောဝါရဲ့အရည်အသွေးတွေ၊ အထူးသဖြင့် မေတ္တာအရည်အသွေး ရှိရမှာဖြစ်တယ်။ တတိယအချက်ကတော့ ဘုရားသခင့်ပညတ်တွေကို လိုလိုလားလား နာခံရမှာဖြစ်တယ်၊ ဒီနည်းနဲ့ ကျွန်ုပ်တို့ဖခင်ရဲ့နာမည်ကို ဂုဏ်တင်မှာဖြစ်တယ်။ (၁ ယော. ၄:၈; ၅:၃) “ယေဟောဝါရဲ့နာမည်နဲ့အညီ ကာလအစဉ်အဆက်” အသက်ရှင်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလား။

၁၈။ ယေဟောဝါရဲ့ကြီးမြတ်တဲ့နာမည်ကို ဂုဏ်တင်တဲ့သူအားလုံး ဘာကြောင့် အနာဂတ်ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်နိုင်သလဲ။

၁၈ ယေဟောဝါကို လျစ်လျူရှုသူတွေ၊ ပုန်ကန်သူတွေဟာ မကြာခင်မှာ ကိုယ်တော့်ကို မဖြစ်မနေ အသိအမှတ်ပြုရပါတော့မယ်။ (ယေဇ. ၃၈:၂၃) အဲဒီထဲမှာ ‘ယေဟောဝါက ဘယ်သူလဲ။ ယေဟောဝါကိုငါမသိ’ လို့ပြောတဲ့ ဖာရောလို လူတွေလည်း ပါတယ်။ ဖာရောကတော့ ယေဟောဝါ ဘယ်လောက်ကြီးမြတ်တယ်ဆိုတာ မသိချင်ဘဲ သိလိုက်ရတယ်။ (ထွ. ၅:၁၊ ၂; ၉:၁၆; ၁၂:၂၉) ဒါပေမဲ့ ကျွန်ုပ်တို့ကတော့ ယေဟောဝါကို သိချင်ကြတယ်။ ကျွန်ုပ်တို့က ကိုယ်တော့်နာမည်ကို ခံယူပြီး ကိုယ်တော့်ရဲ့နာခံတဲ့လူမျိုးဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဆာလံ ၉:၁၀ (ကဘ) မှာပါတဲ့ ကတိတော်ကို ယုံကြည်စိတ်ချပြီး အနာဂတ်ကို စောင့်မျှော်နေကြတယ်– “အို၊ ယေဟောဝါ၊ ကိုယ်တော့်နာမည်ကိုသိတဲ့သူတွေက ကိုယ်တော့်ကို ယုံကြည်ကိုးစားကြလိမ့်မယ်။ ကိုယ်တော့်ကိုရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူး။”

^ စာပိုဒ်၊ 5 ဘုရားသခင်နာမည်က ဟေဗြဲလို “ဖြစ်လာစေသည်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် “ယေဟောဝါ” ဆိုတာက “ကိုယ်တော်ဖြစ်လာစေသည်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။

^ စာပိုဒ်၊ 13 ဟေဗြဲကျမ်းစောင်မှာပါတဲ့ ယေဟောဝါရဲ့နာမည်ကို ပထမရာစုခရစ်ယာန်တွေ အသုံးပြုခဲ့ကြတယ်။ အစောပိုင်းခရစ်ယာန်တွေသုံးတဲ့ ဟေဗြဲကျမ်းစာမှာ တက်တြာဂရမ်မီတန်ပါတယ်။ ဟေဗြဲကျမ်းစောင်တွေကို ဂရိလို ဘာသာပြန်ထားတဲ့ စက်ပ်တွားဂျင့်ကျမ်း ရဲ့ ရှေးကျတဲ့မိတ္တူတွေမှာ ယေဟောဝါနာမည်ပါတယ်လို့ အထောက်အထားတွေအရ ကောက်ချက်ချနိုင်တယ်။